Wednesday, November 21, 2007

မြန်မာ့ အငြိမ့်နှင့်ဟာသ။

ဒီရက်ပိုင်း ကျွန်တော်တို့ အလုပ်နားက ထိုင်နေကျ လ္ဘက်ရည်ဆိုင်လေးမှာ တီဗွီတစ်လုံးရောက်လာတယ်။ ရောင်းကောင်းတယ် ထင်ပါတယ်။ စဖွင့်ခါစတုန်းကဆို လ္ဘက်ရည်ဆိုင် ခေါ်သာရုံလေးပါ။နောက်တော့ ဒီဗွီဒီစက်ဝယ်တယ်။ သီချင်းတွေဖွင့်တယ်။ တစ်ခါတလေ အဲဒီဆိုင်မှာထိုင်ပြီး သီချင်းတွေနားထောင်၊ သူငယ်ချင်းတွေနဲ့ လေကန်လိုက် ဝေဖန်လိုက်ပေါ့။ ဟောအခုတော့ တီဗွီတစ်လုံးပါ ထပ်ရောက်လာပြန်ပြီ။ ဆိုင်လေးမှာထိုင်ရတာ အပျင်းပိုပြေလာတယ် ပေါ့ဗျာ။

ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ဆိုင်လေးက ခပ်ကျဉ်းကျဉ်းရယ်။ တစ်ဆိုင်လုံးမှ စားပွဲက ခြောက်လုံးလောက်ရှိတာ။ စားပွဲတစ်ခုနဲ့ တစ်ခုကလဲ ရုတ်တရက်ထလို့မရဘူး။ ဟိုဘက်ဝိုင်းဒီဘက်ဝိုင်းက မလွတ်မလပ်လေ။ ဆိုင်ရှင်မိသားစုကလဲ ကြိုက်လိုက်တဲ့ တီဗွီ။ တစ်ချိန်လုံး ဒါပဲ ကလိနေတာ။ ရုပ်ရှင်၊ ပြဇာတ်၊ အငြိမ့်၊ သီချင်းမျိုးစုံ၊ အိုဗျာ… စုံလို့ပဲပြောပါတော့။ ကျွန်တော်တို့ အလုပ်နားမှာကလဲ သူတို့တစ်ဆိုင်တည်းရယ်။ တစ်ခုတော့ရှိတယ် ဒီနားမှာကလဲ ကျွန်တော်တို့ အလုပ်တစ်ခုတည်းလေ။ ကိုင်းကျွန်းမှီ - ကျွန်းကိုင်းမှီ ပေါ့ဗျာ။ အော်.. အရေးကြီးတာတစ်ခု ပြောအုံးမယ်၊ ကျွန်တော်တို့ အလုပ်မှာက မိန်းကလေးများတယ်။ အဲဒီတော့ ဆိုင်မှာက မိန်းကလေး တစ်ယောက်နှစ်ယောက်တော့ ရှိနေတတ်တာပဲ။ ပြဿနာက အဲဒီမှာစတာ။
ရုပ်ရှင်ကြည့်တယ် ပျော်စရာဟာသကားလေးလား၊ ဘဝသရုပ်ဖော်လား၊ စုံထောက်ကားလား၊ ဒါမှမဟုတ် လူ့ဘဝအကြောင်း (အလွန်အကြူး) ဖွဲ့ဆိုထားတတ်တဲ့ ဦးကျော်ဟိန်း ရိုက်တတ်တဲ့ ဇာတ်လမ်းမျိုးလား၊ ဒါမှမဟုတ်လဲ ဟိုတချိန်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းကြပုံတွေလား။ ဘယ်လို ရုပ်ရှင်ဖြစ်ဖြစ်ပါ။ ရုပ်ရှင်တစ်ခုကို ကြည့်ရင် ဇာတ်လမ်းရှိမယ်။ သရုပ်ဆောင်ကြပုံတွေ၊ စကားလုံးတွေကနေ ရသတွေပေးမယ်။ တစ်ကွက်နှစ်ကွက် မကောင်းရင်၊ ရိုင်းပြသွားရင် ဇာတ်လမ်းကြီးတစ်ခုလုံးခြုံပြီး မေ့ပေးလို့ရနိုင်ကောင်းတယ်။ ကျွန်တော်က အဲဒီလိုလဲထင်တယ်။ အဲ.. ခက်တာက အငြိမ့်ဗျ။ သေသေချာချာတော့ မြန်မာ့အငြိမ့်ကို နားမလည်ပါဘူး။ အဆို၊ အက၊ တင်ဆက်ပုံတွေ ကောင်းလား မကောင်းဘူးလား ပြောရအောင်ကို အခြေခံမရှိတာ။ ဒါပေမဲ့ဗျာ၊ ကျွန်တော်တို့က ပရိတ်သတ်လေ။ အားလုံးနားလည်နေစရာ လိုမှမလိုပဲ။ တစ်ခုပဲ၊ ပရိတ်သတ်ကို ရသတစ်ခုခုနဲ့ ပျော်ရွှင်မှုတော့ ပေးနိုင်ရမယ်။ မြန်မာ့အငြိမ့်ကို အဲဒီလိုနားလည်တယ်။ မြေဝိုင်းအဆင့်ကနေ အခုလိုစင်မြင့်အခြေအနေ၊ စင်မြင့်အခြေအနေမှာလဲ ဒီနေ့ခေတ် တခြားနိုင်ငံတွေက ပြဇာတ်တွေလို မသားနားတာ အပြစ်မှမဟုတ်တာ။ ဖြစ်အောင်လုပ်နေရတယ်ဟ ရှိတာလေးနဲ့။ အဲဒီလို နားလည်ပေးလို့ရတယ်။ ပြောချင်တာက နားလည်မပေးနိုင်တာ ရှိနေလို့ဗျ။ ဘယ်လိုမှလဲ ခွဲခြားထားလို့မရတဲ့ အငြိမ့်နဲ့ဟာသ၊ မြန်မာ့အငြိမ့်နဲ့ မြန်မာ့ဟာသလေ။
ဟာသဆိုတာကလဲ လူတွေအတွက်က သဲခြေကြိုက်။ မကြိုက်တဲ့လူဆိုတာကလဲ အင်း.. ခပ်ရှားရှားကိုး။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အငြိမ့်ကြည့်သွားရမယ်ဆို ပျော်တာဗျ။ ရယ်ရတာကိုး။ လူရွှင်တော်ကြီးတွေကို ကြည့်ရတာကိုက ပြုံးချင်စရာဖြစ်နေပြီ။ အဲ မင်းသမီးများကပြီဆိုရင် အိပ်ချင်တော့တာ။ ငယ်ငယ်တုန်းကလို့သာပြောရတာ။ မတိုးတက်ပုံများ အခုထိအဲဒီလိုပဲ။ မင်းသမီးလေးက လှရင်တော့ နည်နည်းကြည့်မိသား။ နောက်ရှိသေးတယ် ဘယ်ကနေဘယ်လိုကြားဘူးတဲ့ သီချင်းစာသားလဲ မသိဘူး၊ မှတ်မိနေတာရှိသေးတယ်။ “မြန်မာဆိုတာ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ”တဲ့။ ခက်လိုက်တဲ့ ခံစားချက်ဗျာ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းစာသားတစ်ခုလို “ရှက်တတ်ရင်လဲသေဖို့ကောင်းတယ်” လို့ပဲပြောရမလား။ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျွန်တော်တို့မြန်မာတွေရဲ့၊ ဖျော်ဖြေမှု အနုပညာတစ်ခုကဟာသတွေမှာ ညစ်ညမ်းစကားလုံးတွေ လွှမ်းမိုးနေလေရဲ့။ သတိထားမိသလောက် မျိုးဆက်သစ် လူရွှင်တော်ဆိုတာလဲ ခပ်ရှားရှားပဲ။ ဝါရင့် သဘာရင့်တွေဗျ။ သူတို့အတွက် ပြက်လုံးမရှားပါဘူး။ ခွင်ကျကျလေးဆိုရင် သိပြီးသားပြက်လုံးတောင် ရယ်ရပါတယ်။ အခုဟာက အသစ်လဲရှား၊ ပျက်လိုက်ရင်လဲ မောင်နှမသားချင်းမှ အတူပြုံးရ ရယ်ရလို့မသင့်တော်။ ကျွန်တော်တို့တွေကရော အဲဒါတွေနဲ့မှ ရယ်တတ်ကြတာလား။ မဟုတ်ဘူး၊ မဟုတ်ဘူးထင်တယ်ဗျ။ ဟာသတစ်ခုဟာ ညစ်ညမ်းဖို့မှ မလိုအပ်ပဲ။ သူ့ရဲ့အဓိကအချက်က လူတွေကို ပြုံးပျော်ဖို့၊ ကြည်နူးသွားစေဖို့လေ။ အခုတော့ဗျာ ဆိုးပလို့ပဲပြောရတော့မယ်။နောက်ရှိသေးတယ် ဆရာတော်တစ်ပါးရဲ့ မွေးနေ့မှာ ကပြတဲ့အငြိမ့်ဆိုပဲ။ တော်သေးရဲ့ ရိုးရိုးလူတစ်ယောက်အတွက် ပွဲသာဆို ဘယ်လိုပျက်လုံးတွေလာမလဲမသိဘူး။ အဆဲအဆိုတွေတောင် ပါရဲ့ဗျာ။ အစတုန်းက ဒီပို့စ်မှာ ဟာသတွေကိုပါ ချရေးရင်ကောင်းမလား စဉ်းစားသေးတယ်။ နောက်တော့ စာရိုက်ရတာပျင်းတာနဲ့ မလုပ်ဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်ဘာပြောချင်လဲ နားလည်ကြမယ်ထင်ပ။ အဲဒီလိုဟာသတွေနဲ့ အငြိမ့်တစ်ခုကို လ္ဘက်ရည်ဆိုင် သေးသေးလေးတစ်ခုမှာ မိန်းကလေးတွေ ရှိနေတုန်း ဘယ်မျက်နှာထားပြီး အားပေးရမလဲ။ ကျွန်တော်ကိုယ်တိုင် အဲဒီပွဲထဲမှာဆိုရင်ရော ဘေးဘီကိုကြည့်ပြီးမှ ပြုံးရမဲ့ဟာသတွေလား။ ဒါမှမဟုတ် မြန်မာ့အငြိမ့်ဆိုတာ နောက်ဆိုရင် တစ်ယောက်တည်းကြည့်ရတဲ့ တိပ်ခွေ၊ စီဒီအဆင့်မှာ ရောက်နေမှာလား။ လွတ်လပ်ယဉ်ကျေးစွာ၊ ဟာသတွေနဲ့ ကြည်နူးရရင် ပိုမကောင်းပေဘူးလားဗျာ။ ဘယ်လိုပဲပြောပြော အဲဒီဆိုင်မှာ အငြိမ့်ကြည့်ရင်း ပြုံးခဲ့ဘူးတယ်။


သုခမိန်

**ဒီပို့စ်ကို ရေးချင်နေတာ၊ စိတ်ထဲမှာ ရေးထားတာကြာပေါ့။ ပီစီကအဆင်မပြေတာရယ် (သုံးရတဲ့ အချိန်ကနည်းတာရယ်)၊ အွန်လိုင်းသုံးရတာ အချိန်နည်းနည်းမှာ လုပ်ချင်တာတွေများနေတော့ အသစ်မတင်ပဲ ဟိုဖတ်ဒီဖတ်လုပ်နေတာ ပိုများတယ်။ ဒီနေ့တော့ ကိုရွက်ဝါဆီမှာ ကျွန်တော်ချစ်သော အငြိမ့်သဘင် ဆိုတာကို ဖတ်လိုက်ရမှ၊ အင်း… ပြီးပြတ်အောင် ရေးအုံးမှပါ ဆိုပြီးချရေးဖြစ်တာပါ။

2 comments:

ရွက်ဝါ said...

သံချောင်းခေါက်သွားတဲ့ သူငယ်ချင်းရေ...

ကျွန်တော်လည်း ညစ်ညမ်း ပျက်လုံးတွေဆို တော်တော်လေးကို မကြိုက်တာ။
လူရွင်တောတွေ ဘက်ကလည်း ဘယ်လိုမျိုး အကြောင်းပြချက်တွေ ပေးစရာရှိနေမလဲဆိုတာကိုတော့ ကျွန်တော်တို့ သေသေချာချာ မသိနိုင်ဘူးထင်တယ်။
ကျွန်တော့်ပို့ထဲမှာက အနုပညာနဲ့ စီးပွားရေးဆန်မှု ကိုအဓိကထားပြီးပြောထားခဲ့တယ်။
တကယ်တော့ ပြည့်စုံအောင်ပြောဖို့ဆိုရင် တော်တော်မလွယ်တဲ့ ကိစ္စဖြစ်မယ်ထင်တယ်။

ညစ်ညမ်း ပျက်လုံးတွေ အများကြီး ထွန်းကားလာရတဲ့ အကြောင်းကို ပြောမယ်ဆိုရင် လွတ်လပ်မှု မရှိတဲ့ ကိစ္စက တော်တော်ကြီးတဲ့ အနှောက်အယှက်ဖြစ်နေမယ်ထင်တယ်။
ဒီနေ့ခေတ် အခြေအနေကို ထင်ဟပ်စေတဲ့ ပျက်လုံးတွေ မှထုတ်ခွင့်မရရင် လူရွင်တော်တွေ အတွက်ကလည်း ပျက်လုံးရှားသွားမယ်ထင်တယ်။
TP သင်္ကြန်ပွဲ အငြိမ့် ကြည့်ဖူးလားတော့မသိဘူး။ အဲဒီထဲမှာလည်း ညစ်ညမ်းပျက်လုံးတွေ ပါတော့ပါ၊ ပါတယ်။
ဒါပေမယ့် ပြည်တွင်းကနေ ဆင်စာကတဆင့် ထွက်လာတဲ့ အငြိမ့်တွေ စာရင် ပျက်လုံးတွေက ပိုကောင်းတယ်လို့ထင်တယ်။
တကယ်တော့ သူတို့က ကျောင်သားတွေပါ။ professional လုပ်စားနေတဲ့ လူတွေထက်သာတဲ့ ပျက်လုံးတွေ ထွက်လာတယ်ဆိုတာ။ လွတ်လပ်မှုကြောင့် လို့ထင်တာပဲ။

ညစ်ညမ်းပျက်လုံးတွေ ပြီးရင် မကြိုက်တဲ့ နော်ထပ်ပျက်လုံးတစ်မျိုးက သမ၀ါယမကို ထိခိုက်ပြောဆိုတဲ့ ပျက်လုံးတွေပါ။
သမ၀ါယမကို ထိလို့နာတာ မဟုတ်ဘူး။ ခေတ်မ မှီတော့ဘူးထင်လို့ပါ။
သမ၀ါယမက မရှိတော့တာ ကြာပါပြီ။ ဆန်ကြမ်းကြမ်းတွေ ပေးခဲ့လိမ္မယ်။ သမ၀န်ထမ်းတွေ ခိုးတာတွေ ရှိခဲ့ကြလိမ္မယ်။
ဒါပေမယ့် အဲဒါတွေက ပြည်သူတွေ ဒီနေ့ခေတ် နေ့စဉ်ခံစားနေရတဲ့ ပြဿနာတွေနဲ့က ဝေးလှပြီ။ သမဆိုတာ လည်းမရှိတော့တာ ကြာပါပြီ။

ပျက်လုံးတွေက ကောင်းလို့ ပေါက်လာပြီ ဆိုရင် ပြောတတ်ကြတယ်။ နိုင်ငံရေးတွေ ပါတယ်၊ နိုင်ငံရေးတွေ ပါတယ်.. လို့။
နိုင်ငံရေးက ဘာလဲလို့ မေးစရာဖြစ်လာပြီ။
ကောင်းတယ်၊ လူကြိုက်များတယ် ဆိုတဲ့ ပျက်လုံးတွေကို နားထောင်ကြည့်ရင်၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ ထောက်ခံတာ၊ ရှုံ့ချတာမျိုးတွေ မပါတတ်ကြပါဘူး။
မီးပျက်လို့ပျက်တယ် ပြောတာ နိုင်ငံရေးလား။
ကျောင်းပိတ်လို့ ပိတ်တယ်ပြောတာ နိုင်ငံရေးလား။
ဆေးရုံတွေ ဆေးမရှိလို့၊ ဆရာဝန်မရှိလို့ မရှိဘူးပြောတာ နိုင်ငံရေးလား။
စာရေးနေရင်း နဲနဲလေး စိတ်ပါသွားတယ်။ ဆော်တီးပါဗျာ။
ညစ်ညမ်း ပျက်လုံးတွေ ထွန်းကားလာတာ နဲ့ပတ်သက်လို့ လွတ်လပ်မှုနဲတဲ့ အပေါ်မှာ ဆင်ချေပေး ဆွေးနွေးကြည့်တာပါ။ လွတ်လပ်မှုဆိုတာ အပြင် တခြားအကြောင်းတွေလည်း ရှိနိုင်ပါတယ်။
လူရွင်တော်တွေ အများစု အလုပ်ကို အလုပ်နဲ့ တူအောင်မလုပ်တာ လည်းပါရင်ပါမှာပေါ့။ ကျွန်တော် စိတ်ဝင်စားတဲ့ ခေါင်းစဉ်ကို ရေးပေးတဲ့ အတွက်ရော၊ လာဖိတ်တဲ့ အတွက်ပါ ကျေးဇူးတင်ပါတယ်။ နောက်လည်း အသစ်အသစ်တွေ ရေးပါဦး။ အားပေးနေပါတယ်။

တားမြစ် ထားသော... said...

ဒီလို စိတ်ဝင်တစား ဆွေးနွေးသွားတာ ကျေးဇူးဗျာ။ လွတ်လပ်မှုဆိုတာကတော့ နေရာတိုင်းမှာ အခြေခံလိုအပ်ချက်လေ။ TP သင်္ကြန်ကို ကြည့်ဘူးပါတယ်၊ ပြက်လုံးတွေက ရယ်ရဆိုတာကလဲ.... အဲ ရယ်ရတယ်ပေါ့ဗျာ။ လူရွှင်တော်ကြီးတွေက ဘာပြောချင်ကြမလဲ မသိဘူးနော်။ အငြိမ့်တွေကို စိတ်ပျက်နေတာတော့ အမှန်ဗျာ။