လွန်ခဲ့တဲ့ (၁၀)နှစ်တိတိက သြဂတ်လ (၂၂)ရက်နေ့မှာ
ကျနော့်ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အခန်းဖော်၊ ကျေးဇူးရှင် ဦးလေးတစ်ယောက်ရဲ့ (၄၂)နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ရေးပေးခဲ့တဲ့ ကဗျာလေးပါ။ ကျနော့်ဘဝရဲ့ တစ်ခန်းတစ်ဏ္ဍမှာ ထိုဦးလေးဟာ အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသက ပါဝင်ပေးခဲ့သူပါ။ အခုတော့ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ ကျနော်တို့ အဆက်အသွယ်ပြတ်တောက်နေတာ နှစ်ပေါင်းအတော်ကြာပါပြီ။
ဒီနေ့ ထိုဦးလေးရဲ့ (၅၂)နှစ်ပြည့်မွေးနေ့မင်္ဂလာမှာ သူ့ရဲ့ ကျေးဇူးတရားတွေကို ဦးထိပ်ထားပြီး ကံသုံးပါးတို့နဲ့ ပြစ်မှားကျူးလွန်မိခဲ့သည်များရှိရင် ခွင့်လွှတ်ပါလို့ ရည်စူးတောင်းပန်ရင်း အဲဒီကဗျာလေးကိုပဲ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် မျှဝေပါရစေ။ ဒီကဗျာလေးကို တခုတ်တရ သိမ်းထားပြီး တကူးတက ပြန်ပို့ပေးတဲ့သူကတော့ ထုံးစံအတိုင်း ကျနော်၏ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမေပါပဲ။
၄၂ စစ်တမ်း
၄၀ ကျော် ၅၀ တွင်း
ချဉ်းနင်းဝင်ရောက်
တည်ဆောက်ခဲ့သမိုင်း
ယဉ်သလား ...
ရိုင်းသလား ...
ထား ... ။
ခွဲခြားပိုင်းစစ်
လေးဆယ့်နှစ်မှာ
ဥစ္စာ
ပညာ
ဘာဝနာ
ဘယ်ဟာတွေ သင် ရခဲ့ပြီလဲ၊
ဘယ်ဟာတွေ သင် ရဦးမှာလဲ၊
ဘယ်ဟာတွေ သင့် နောက်ပါမလဲ၊
လဲ ...............
လဲ ..........
လဲ .....။
လဲ ပေါင်းများစွာ
မေးစစ်ခါဖြင့်
မကြာသေတွင်း
မသက်ဆင်းခင်
မှန်ခြင်းတရားကျင့်အပ်ပေ။...........။
ကျန်ကြွင်းမထားမြင့်မြတ်စေ။...........။
မာရေးသျှင်
22-AUG-1999(SUN)
Saturday, August 22, 2009
၄၂ စစ်တမ်း
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 7:29 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Thursday, August 20, 2009
ယန္တရား
ချစ်သော E-Journal ကို မြင်သာမြင် မကြင်ရတာ ကြာပြီ။
ကျနော့်ဘဝ၏ တကယ်ပင် မအားလပ်သော ကာလများပါပေ။
ဤသို့သောကာလများတွင် ခွန်အားဖြည့်သံဝေဂ ဂါထာပမာ ကျနော့်စိတ်မှာ ရစ်ဝဲလာလေ့ရှိသော အမေ၏ကဗျာလေးကို ကွမ်းစားဆေးသောက်ချိန်လေးမှာ အပြေးအလွှားလာကာ ဝေမျှသွားပါရစေ။
ယန္တရား
အရုဏ်မိုးချုပ်
လက်တိုင်းလှုပ်မှ …..
နေ့ညမနား
မြဲလှုပ်ရှားမှ …..
ဝမ်းဝကြည်လင်
လူပီပြင်လိမ့်။………။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 11:20 PM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Sunday, August 16, 2009
အုံ့ပုန်း (၂)
အုန်းအုန်းကျက်ကျက်
လှိုက်တက်ဆို့နင့်
မပွင့်အံခဲ
ရင်ထဲမျိုသိပ်
ကြိတ်မှိတ်အောင့်အည်း
ဆိုညည်းပွင့်အန်
ခေါ်ရန်မရဲ
ရင်ကွဲပွင့်နိုး
“စိတ်” စိုးမရ
တသသဖြင့်။..........။
မာရေးသျှင်
25-2-1997(TUE)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 3:38 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Saturday, August 8, 2009
စိတ်ဝင်စားစရာဦးနှောက်များ
လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။
“လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။)”
ဟဲ ဟဲ ကျနော်လည်း မှန်မကြည့်ဖြစ်တာကြာတော့ ကိုယ့်ကိုယ်ကို မမြင်ရဘူးဗျ။
ဒီနေ့ ကျနော့်တို့နိုင်ငံမှာ တာဝန်အရှိဆုံးသူတွေဟာ ဘယ်သူတွေလဲလို့ မေးရင် ဒီကနေ့ကျနော်တို့လူငယ်တွေပါပဲ။ ကျနော်တို့နိုင်ငံ ကောင်းတယ်ဆိုရင် ဒါ ကျနော်တို့တော်လို့ပါပဲ။ ကျနော်တို့နိုင်ငံ မကောင်းဘူးဆိုရင် ကျနော်တို့ညံ့လို့ပါပဲ။ တစ်ခြား ဘယ်သူတွေကြောင့်မှ မဟုတ်ပါဘူး။
“ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။”
အလေ့အထဆိုတာ ပြုစုယူလို့ ရတာပါ။ ကဲ လာဗျာ ကျနော့်တို့ စကြရအောင်။ ပညာတတ်တွေ မဟုတ်သော်ငြား၊ သာမန်ညောင်ညတွေမျှသာဖြစ်သော်ငြား … ကျနော်၊ ခင်များ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြရအောင်ဗျာ။
ခင်များကိုယ်တိုင်အဝင်အပါ ခင်များမိသားစုဝင်တွေဟာ ခင်များနိုင်ငံသားတွေပါ။
(ပြည်တွင်းမှာပဲဆိုရင်) ခင်များသူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ အခန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးနားချင်းတွေ သူတို့သူတို့ တစ်တွေဟာ ခင်များနိုင်ငံသားတွေပါ။
သူတို့တစ်တွေကို စောင့်ရှောက်ခြင်းသည်ပင်လျှင်၊ သူတို့ တစ်ဦးတိုင်း တစ်ယောက်တိုင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကို ရေရှည်ကြိုတွေးပြီး နူးညံ့စွာပြုပြင်ခြင်းသည်ပင်လျှင် ခင်များလူမျိုး၊ ခင်များနိုင်ငံကို စောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းပါပဲ။
နှမ်းတစ်လုံးတည်းနဲ့ဆီမဖြစ်သော်ငြား နှမ်းစေ့လေးတွေများပြားလာတဲ့အခါ ဆီဖြစ်လာမှာပါ။ တစ်စက်ကျများ ပြည့်သော်လားသို့ပေါ့ဗျာ။ အပင်မပေါက်သေးသော်ငြား အစေ့ထဲကအပင်တွေကို ကျနော်တို့မြင်အောင်ကြည့်ကာ မူးပဲအစနဲ့ ထူးကဲဘဝတွေ တည်ဆောက်ကြတာပေါ့ဗျာ။
ဒီတော့ လာဗျာ.. စာဖတ်ကြရအောင်။ ကိုယ့်အိမ်သားတွေ အဝင်အပါ သူများတွေ စာဖတ်တတ်လာအောင် စည်းရုံးသွေးဆောင်ကြရအောင်။ သူတစ်ပါးကို စည်းရုံးသွေးဆောင် ပြုစုပြိုးထောင်တယ်ဆိုတာ သွယ်ဝိုက်ခေါင်းဆောင်မှုက ပိုမိုထိရောက်တာ။ ဥပမာ “ဒီစာအုပ်လေးဖတ်ကွ”လို့ တိုက်ရိုက်ပြောတာမျိုးထက် အဲဒီစာအုပ်လေးကို သူဖတ်ချင်လာအောင် သူမြင်သာတဲ့နေရာမှာ မသိမသာချထားတာမျိုးပေါ့။ သူပြုပြင်ပြောင်းလဲလာသော်ငြား ခင်များရှိနေတာတောင် သူသိချင်မှသိမှာ။ တစ်ခါတစ်ခါ တိုက်ရိုက်ခေါင်းဆောင်မှုလိုတဲ့အခါတွေမတော့ တိုက်ရိုက်ခေါင်းဆောင်ကြတာပေါ့ခင်ဗျာ။
လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။ လက်ဖက်ရည်ဆိုင်ကလူငယ်တွေဟာ၊ အရက်ဆိုင်က လူငယ်တွေဟာ၊ ဂိမ်းဆိုင်က လူငယ်တွေဟာ၊ လယ်ကွင်းထဲက လူငယ်တွေဟာ စာသင်ခန်းထဲက လူငယ်တွေပမာ နိုင်ငံတော်ရဲ့ အနာဂတ်တွေပါ။
မှတ်ချက်အတွက်မှတ်ချက်။..........။ ဆရာသုရဲ့ပို့စ်ကို ဖတ်ပြီး ရေးတဲ့ မှတ်ချက်ပါ။ ဟဲ ဟဲ နည်းနည်းရှည်သွားလို့ဖြစ်မည် ..မိတ်ဆွေက ပို့စ်အဖြစ်တင်ဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။ ပို့စ်အဖြစ်ရည်ရွယ်ပြီးရေးခြင်းမဟုတ်ဘဲ အလွတ်သဘော မှတ်ချက်အဖြစ် လက်တန်းရေးထားခြင်းမျှသာဖြစ်ပါတယ်။
(Comment on The man who wanna talk HRD! ကို ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 9:30 AM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .
Thursday, August 6, 2009
အဖေ့မွေးနေ့
ဒီနေ့ဟာ ကျနော်၏ချစ်ခင်မြတ်နိုးလေးစားကြည်ညိုရပါသော အနန္တကျေးဇူးရှင် အဖေရဲ့ (၆၂)နှစ်ပြည့် မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ အဖေ့မွေးနေ့မှာ အထိမ်းအမှတ် ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ် ကျနော်ရေးဖွဲ့ချင်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာ စကားလုံးများစွာ ပြွတ်သိပ်လာတဲ့အခါ တစ်လုံးမျှထွက်မလာတော့ပါ။ အခုတလော E-Journal မှာ ၁၉၉၇ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ကဗျာတော်တော်များကို ပြန်လည်ဝေမျှနေမိရာ ထိုနှစ်က အဖေ့ရဲ့မွေးနေ့မှာ ရေးဖြစ်ခဲ့တဲ့ကဗျာလေးကိုပဲ အမှတ်တရဖော်ပြဖို့ စိတ်ကူးရလာပါတယ်။ အဖေကတော့ ထုံးစံအတိုင်း ကျေနပ်ပျော်ရွှင်နေမှာ အသေအချာ။ သံသရာရှည်လျက် အဆုံခက်သည့် အမြတ်ဘာသာ သာသနာတွက် နှင်းဆက်အင်အား သားကြိုးစား၍ သား၏ကိုယ်စား သားညီဘွားကို အင်အားဖေ့တွက် သားနှင်းဆက်သည် သာသနာထွန်းတောက် ဖေဝမ်းမြောက်စေ။………..။ .
မာရေးသျှင် 7-8-1997(THU) 6:15am
(၇)ရက်၊ သြဂတ်လ၊ ၂၀၀၉ (သောကြာနေ့)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 11:29 PM 3 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Tuesday, August 4, 2009
သိမ်းထားတဲ့ကဗျာ (၂)
ကျနော့်မိတ်ဆွေ အစာအိမ်အူအတက်ပေါက်လို့ ခွဲထားရတယ်ဆိုတာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က သိခွင့်ရပါတယ်။ ကျနော်စိတ်မကောင်းပါ။ အဲဒီအခါ ဟိုး..... လွန်ခဲ့တဲ့ (၁၂)နှစ်ကျော်က သူ အစာအိမ်ရောဂါစဖြစ်စဉ်မှာ သူစိတ်သက်သာရာသက်သာကြောင်း သူ့ကိုရေးပေးခဲ့ဖူးတဲ့ကဗျာလေးကို သတိရလာပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်စုနှစ်တစ်ခုစာ မမေ့မပျောက်ရှိနေသေးတဲ့ ကဗျာလေးကို E-Journalမှာ သိမ်းထားဖို့ စိတ်ကူးရလာကာ အခု အကောင်အထည်ဖော်လိုက်တာပါ။ နောင် ရာစုနှစ်တစ်ခုစာ အဓွန့်ရှည်ကြာသော် ရှည်ကြာငြား ..... ကျနော့်မိတ်ဆွေအား အမှတ်တရအဖြစ်ပေါ့ခင်မျာ။
ထိုစဉ်က ခေါင်းစဉ်မပေးခဲ့သော ကဗျာကို ယခုအခါလည်း အမည်မတပ်ဘဲ ဆက်လက်သိမ်းထားခွင့်ပြုပါ။
စာအိမ်ရောဂါ
မာရေးသျှင်
14.1.1997(TUE)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 4:02 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Saturday, July 25, 2009
Three people - same work different thinking
လူသုံးယောက်က အုတ်ခဲတွေကို စီချနေကြတယ်တုန်း အနီးက ဖြတ်သွားဖြတ်လာတစ်ယောက်က “ဘာတွေလုပ်နေကြသလဲ” ဆိုပြီးမေးတယ်။
ပထမတယောက်က - “ဝမ်းရေးအတွက် အလုပ်လုပ်နေတာ မမြင်ဘူးလားကွ” လို့ ပြန်ဖြေလိုက်တယ်။
ဒုတိယတယောက်က - “အုတ်ခဲတွေ စီချနေတာ မမြင်ဘူးလားလို့” ပြန်ပြောတယ်။
တတိယတယောက်က - “ငါက အလွန်လှတဲ့ အဆောက်အဦးတခုကို ဆောက်နေတာကွ” လို့ ပြန်ဖြေလိုက်တယ်။
သုံးယောက်လုံးကတော့ အလုပ်တမျိုးတည်းကို လုပ်နေတာပါပဲ ဒါပေမယ့် ပြန်ပေးတဲ့ အဖြေတွေကတော့ မတူပါဘူး။
မေးစရာရှိတာက - သူတို့တွေရဲ့ အလုပ်အပေါ် သဘောထားတွေ ကွဲပြားကြသလား။ အဲဒီသဘောထားတွေကရော အလုပ်လုပ်ကိုင်တဲ့ စွမ်းရည်ကို အကျိုးသက်ရောက်ပါသလား။
အဖြေကတော့ ရှင်းရှင်းလေးပါပဲ “Yes” ပါတဲ့။
Three people - same work different thinking
Three people were laying bricks and a passerby asked them what they were doing.
The first one replied, "Don't you see I am making a living?" The second one said, "Don't you see I am laying bricks?" The third one said, "I am building a beautiful monument." Three people doing the same thing gave totally different replies. The question is : did they have different attitudes? And would their attitude affect their performance? The answer is a clear yes.
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 9:51 PM 3 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
E-Journal လက်ရှိအခြေအနေ :-)
သုခမိန် : ကိုမာရေးသျှင်ရေ နေကောင်းကျန်းမာပါရဲ့လားဗျ
Monday, July 20, 2009
The day I passed.
တစ်နေ့တာကို ပြန်မှတ်မိခြင်း။
မနေ့က။
ရုတ်တရက် အိပ်ရာကနိုးတော့ နံရံကနာရီကိုလှမ်းကြည့်မိတယ်။ မမြင်ရဘူး။ ဒါဆို အလင်းနည်းသေးလို့နေမယ်။ ဆက်အိပ်လိုက်တယ်။ ဘယ်လောက်ကြာလည်းမသိဘူး။ ဟိုဘက်အခန်းက သူငယ်ချင်းထလာပြီး မျက်နှာသစ်တဲ့ကန်မှာ သလိပ်ဟပ်တော့ တစ်ခါနိုးပြန်တယ်။ မထချင်ပါဘူး။ ဒီနေ့က အလုပ်သွားစရာလည်းမလိုဘူး။ နောက်ပြီး ညတုန်းကအသူရာဒဏ်လေးကလည်း ကျန်တယ်ထင်ပါ့။ တစ်ခုသတိရသွားပြီ။ ရေဒီယို။ ဟုတ်တယ် ရေဒီယိုနားထောင်ရမယ်။ မနက်အစောတော့ မမှီတော့ဘူး။ (၈)နာရီစတဲ့အစီအစဉ်ကိုပဲ နားထောင်ရတော့မယ်။ ဘယ်လိုဖြစ်ဖြစ် စိတ်ဝင်စားစရာတွေပါမယ်။
မကောင်းဘူး။ ဗိုက်ကလည်းဆာလာတယ်။ ညကိုအသူရာသောက်ထားရင် မနက်ကို အစားများများစားပေးရမယ်တဲ့။ အစား စားပေးဖို့ကို ဘယ်သူကများပြောခဲ့လည်းတော့မသိဘူး၊ သောက်ထားမိတယ်ဆိုရင် မနက်ကိုဆာတာတော့ အမှန်ပဲ။ ဟိုကောင်ကလည်း မကောင်းဘူး။ အခန်းပြတင်းမှာတင်ဖွင့်တော့လည်း အသံမကောင်းဘူး။ ငါ့ကောင်ကိုက ညံ့တယ်ထင်ပါတယ်။ သူများတွေဒီဈေးနဲ့ဝယ်တာတွေကျလည်း ကောင်းနေပ။ မီးဖိုမှာ မနက်စာပြင်ရင်းနဲ့ နားထောင်တာ ပိုကောင်းမယ်။ မနက်စာအတွက် ချက်ပြုတ်နေတုန်းကို နားထောင်နေရတာ စိတ်ပါတိုလာတယ်။ ကိုယ်နားထောင်ချင်တာက ဘာပြောနေမှန်းမသိဘူး။ ဘယ်လိုဘာသာစကားမှန်းမသိတာတွေက ကြည်လင်ပြတ်သားလို့။ အဲဒါတွေညစ်တာ။
အညစ်ထဲမှာအကောင်းကတော့ ဒီနေ့အမှတ်တရ မိန့်ခွန်းလေးကြားလိုက်ရတယ်။ နောက်ပြီး ကိုယ်တွေသိပ်မသိတော့တဲ့ အရင်ကနားယဉ်ခဲ့ဖူးတဲ့ သီချင်းလေးတွေကိုလည်း တစ်ပိုင်းတစ်စကြားရတယ်။ ဒါပေမဲ့ နားထောင်ရတာ အဆင်မပြေဘူး။ အဝတ်လျှော်ဖို့ကရှိသေးတယ်။ ပိတ်ရက်မှ မလျှော်ထားရင် ဖြစ်မယ်မထင်ဘူး။ ညနေမှပဲ နားထောင်တာကောင်းမယ်။ ပိတ်လိုက်တယ်။ မီးဖိုကိုလည်း လက်စသတ်တယ်။
ထမင်းစားပြီး တစ်နေကုန် အဝတ်လျှော်လိုက်။ နားလိုက်နဲ့ပါပဲ။ နေ့လည်စာ စားချိန်လောက်က မိုးတစ်ချက်ကျသွားသေးတယ်။ ဒီနေ့လေးမှာ အဲဒီလိုပဲ မိုးလေးတွေကျတတ်တာကတော့ မပြောင်းသေးဘူးပေါ့။ အဝတ်အားလုံးလည်း လျှော်ပြီးရော အောက်ထပ် သူငယ်ချင်းဆီ စကားသွားပြောရင်း ထမင်းစားတယ်။ ထမင်းစားနေတုန်း မီးပျက်သွားတော့ အခန်းပြန်လည်း ပျင်းစရာဆိုပြီး စကားတွေပဲ ထိုင်ပြောနေတာ။ မီးပြန်လာတော့ အခန်းပြန်။ ကွန်ပျူတာနဲ့ ဟိုကစားဒီကစားလုပ်နေရင်း ညနေရောက်သွားတယ်။ မဖြစ်သေးပါဘူး။ နောက်ရက်ထမင်းချိုင့်အတွက် ဈေးဝယ်ထွက်ရမယ်ဆိုပြီး စဉ်းစားမိတော့မှ အမြန်သွားဖို့ဖြစ်လာတယ်။ ညနေသတင်းချိန်ကနီးပြီကိုး။
ဈေးပြေးပြီးပြန်လာတော့၊ ညနေစာရယ် နောက်နေ့စာရယ်ချက်ရင်း နားထောင်မိတယ်။ တစ်ခုပြီးတစ်ခု နားထောင်မယ် စိတ်ကူးထားတာ။ သတိရကြပါတယ်။ ဘာတွေညာတွေတော့ လုပ်ဖြစ်ကြပါတယ်။ နောက်ပိုင်းသူတွေ သိပ်မသိတော့ဘူး။ ဖျောက်ပစ်ဖို့ ကြိုးစားတယ်။ ဖန်တရာတေနေပါတယ်။ ဘာမှမထူးလာတော့၊ ကဲ-နေတော့ကွယ်ဆိုပြီး။ ရေမိုးချိုး။ ညစာစားပြီး အိပ်လိုက်တယ်။
မနေ့ကတစ်နေ့ကို ပြန်သတိရကြည့်တာ ဒါပဲရသလား။ စဉ်းစားကြည့်ရတာတောင် မပျော်ပါဘူး။ စိတ်မှာ ဖြစ်စေချင်တာလေးတွေတော့ ရှိသပေါ့လေ။ ကိုယ်တတ်နိုင်တဲ့ဘက်ကပဲ လုပ်ကြည့်တာပေါ့ဆိုပြီး၊ ကမ္ဘာအပြားနဲ့ဝေးတဲ့ ကလေးလူကြီးတွေကို အမှတ်တရ သတိတရတွေ ပြောဖြစ်တယ်။ တစ်ယောက်ကပြန်ပြောတယ်။ ဟိုနားက အလံဆို မနေ့ကတစ်ဝက်တောင် မချဘူးတဲ့။ ကဲ-ကောင်းရော။
သုခမိန်
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 10:01 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အရောင်စုံ အတွေးများ . . . . .
Friday, July 17, 2009
What do you want, Good or Evil ?
ဟေ့ - အကောင်းကြိုက်တတ်သလား။ မကြိုက်တတ်ဘူးလား။
ကျွန်တော့်ကို အကောင်းကြိုက်လား၊ မကောင်းတာကြိုက်လားမေးရင်တော့ ဖြေမိမှာပါ။ အကောင်းကြိုက်တယ်။ ဆရာဆန်းလွင်ရဲ့ ဆောင်းပါးတွေ စုပြီးထုတ်ထားတဲ့ စာတစ်အုပ်တွေ့တာနဲ့ ခဏငှားဖတ်နေတာပါ။ ရက်လည်းအတော်ကြာနေပါပြီ။ ပြန်မပေးဖြစ်သေးဘူး။ ကုန်အောင်လည်း မဖတ်ဖြစ်သေးဘူး။ ဆရာ့စာတွေကို ကောင်းတယ်လို့ ညွှန်းနေရင် ကျွန်တော် နားမလည်တတ်သေးသလိုများ ဖြစ်သွားမလားတော့ စဉ်းစားပါတယ်။ ကောင်းတယ်ဆိုတာထက် ပိုကောင်းနေတတ်လို့ပါပဲ။ ဒီတစ်ပုဒ်ကလည်း ဆရာ့ဆောင်းပါးလေးတွေထဲမှာ လူတွေကို သရော်သလိုလိုနဲ့ အကောင်းမကြိုက်တတ်ကြပါဘူးလို့ စကားပြောပုံစံလေးနဲ့ ရေးထားတာပါ။ ဖတ်ရတာလည်း ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမဲ့ ထိချက်ကတော့ တန်းလို့။
အကောင်းကြိုက်တတ်တယ်လို့ဖြေမဲ့ ကျွန်တော့်လို စိတ်ကူးထားတဲ့သူတော့ ကွက်တိမိတာပါပဲ။ ဒီစာလေးကိုဖတ်ပြီး အော်- ဟုတ်သားပဲ။ ငါလည်း အကောင်းမကြိုက်တတ်သေးပါလားလို့ စဉ်းစားမိသလို၊ အကောင်းမကြိုက်တတ်သေးသူတွေကို အဖော်ညှိချင်တော့တာပါပဲ။ ကဲပါလေ၊ ဖတ်ကြည့်လိုက်ပါအုံး။ ကျွန်တော့်လို ပုထုဇဉ်တစ်ယောက် ဘာလို့များ အကောင်းမကြိုက်တတ်သေးတာလည်း တွေးမိတယ်ဆိုတာ။
အကောင်းမကြိုက်တဲ့ ပုထုဇဉ်
အလကားပြောတာ။
လူတွေဟာ ကောင်းတာဆိုကြိုက်တယ်။ တရားတာမှ နှစ်သက်တယ်၊ မှန်တာ မြတ်တာမှကြည်ညိုတယ်။ ယုတ်တာ၊ ညံ့တာ၊ မတရားတာ၊ မကောင်းတာဆို မကြိုက်ဘူးလို့ ထင်နေကြတယ်။ တကယ်တော့ အဲဒါ လုံးလုံးမဟုတ်ပါဘူး။
ပုထုဇဉ်ဆိုတဲ့ အဆင်းလမ်းသွား လူသားတိုင်းဟာ ကောင်းတာကို မကြိုက်ဘူး၊ မြတ်တာကို မကြိုက်ဘူး၊ တရားတာကို မကြိုက်ဘူး၊ မျှတတာကို မကြိုက်ဘူး။ ဒါဖြင့်ဘာကိုကြိုက်သလဲ၊ မကောင်းတာအားလုံးကို ကြိုက်တယ်။ တစ်ကိုယ်ကောင်း၊ တယောက်ကောင်းကို ကြိုက်တယ်။ အများကောင်းစားရေးကို မကြိုက်ဘူး။ ကိုယ့်ကို အနိုင်ကျင့်တာကို မကြိုက်ဘူး။ သူတစ်ပါးကို ကိုယ်က အနိုင်ကျင့်ရတာကိုကျတော့ အလွန်ကြိုက်တယ်။ ကိုယ့်အပေါ် မတရားခြယ်လှယ်တာကို ဘယ်သူမှ မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ်ကကျတော့ ခြယ်လှယ်ချင်တယ်။ ကျော်ချင်တယ်။ သာချင်တယ်။ ပခုံးချင်းယှဉ်လိုက်ရင် ကိုယ်က ခေါင်းတစ်လုံး သာချင်တာပဲ။
လူကိုမဆိုထားပါနဲ့၊ တိရစ္ဆာန်တွေတောင်မှ သူတို့ကို ချုပ်ချယ်ထားရင် မကြိုက်ဘူး။ ရုန်းကန်ကြတယ်။ ချုပ်ချယ်မှုက လွတ်ဖို့အတွက် ရုန်းကြကန်ကြရင်းတောင် အသေခံသွားကြတယ်။ ဒါဟာ သတ္တဝါတွေမှာရှိတဲ့ လွတ်လပ်ခြင်းကို ကြိုက်တဲ့ဗီဇသဘောပါ။ သို့သော်လည်း ကိုယ်က သူတစ်ပါးကို နိုင့်ထက်စီးနင်း ချုပ်ချယ်နိုင်တဲ့လူရင်တော့ သိပ်ဖြစ်ချင်တာပဲ။
တချို့မိဘများက သားသမီးကို လိမ္မာစေချင်လို့ ချုပ်ချယ်ကြတယ်။ သူတို့စိတ်ထဲမှာတော့ သားသမီးကို လိမ္မာစေချင်လို့ဆိုတဲ့ စေတနာကြောင့်လို့ တစ်လွဲထင်နေကြတယ်။ ဒီလိုချုပ်ချယ်လို့ ကောင်းစားသွားတဲ့ သားသမီးတွေ မတွေ့ဖူးပါဘူး။ ခြံခုန်ထွက်ပြိး ပျက်ဆီးသွားတဲ့ သားသမီးတွေကိုသာ အများအားဖြင့် တွေ့ကြရပါတယ်။ လူ့စိတ်သဘာဝရဲ့ မှားယွင်းတဲ့ လက်ခံထားမှုတစ်ခုပါပဲ။ ဒါတွေအားလုံးဟာ စာရင်းချုပ်ကြည့်လိုက်တဲ့အခါကျတော့ အခြေခံက မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ပပဉ္စတရားတွေကို ပုထုဇဉ်တွေ ကျင့်သုံးနေကြလို့ပါပဲ။
“ပပဉ္စတရား”ဆိုတာ သံသရာကို အကျယ်ချဲ့တတ်တဲ့တရားပါ။ ဒါက ဘာတွေလည်းဆိုတော့ တဏှာရယ်၊ မာနရယ်၊ ဒိဋ္ဌိရယ်ပါပဲ။
တဏှာဆိုတာကတော့ လောကီအာရုံ ကာမဂုဏ်တရားများ sensual pleawure ကို အလွန်အထင်ကြီးတာ၊ အလွန်တပ်မက်တာ၊ အလွန်စွဲလမ်းတာပါပဲ။
မာနဆိုတာက ထောင်လွှားချင်တဲ့စိတ်၊ တက်ကြွတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုသာ အမြတ်ထားလိုတဲ့စိတ်၊ သူများထက် ကိုယ်က ခေါင်းတစ်လုံးသာချင်တဲ့ အမြဲနှိုင်းနေ၊ တိုင်းနေတဲ့စိတ်ပဲ။
ဒိဋ္ဌိဆိုတာကတော့ သက္ကာယဒိဋ္ဌိကိုပြောတာ၊ လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ တရားတွေကို အမှန်အတိုင်း မမြင်တဲ့အတွက် မှောက်မှောက်မှားမှား ထင်မြင်စွဲလမ်း ယုံကြည်နေတာတွေအားလုံးဟာ သက္ကာယဒိဋ္ဌိတွေချည်းပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားကတော့ ဒိဋ္ဌိမျိုး ခြောက်ဆယ့်နှစ်ပါးတောင် ရှိတယ်လို့ ဗြဟ္မာ့ဇာလသုတ်မှာ ဟောထားပါတယ်။ ကျယ်လွန်းမှာမို့ မပြောတော့ပါဘူး။
ဒီမှာ ပြောချင်တာကတော့ လူ(ပုထုဇဉ်)ရဲ့စိတ်ဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာရှည်စေတဲ့ တရားဆိုးတွေနဲ့ ထုံထားတယ်။ ဒါကြောင့် လူ့စိတ်ဟာ ဘယ်တော့မှ ကောင်းတာ၊ မြတ်တာ၊ သံသရာက လွတ်မြောက်နိုင်တာမျိုးကို မကြိုက်ချင်ဘူး။ ဒီနေရာမှာ တချို့က “ကျုပ်တို့ကတော့ သံသရာက လွတ်မြောက်ချင်တယ်။ ယုတ်တာတွေ၊ ညံ့တာတွေကို မကြိုက်ဘူး။ အကုသိုလ်ကိုလည်း နည်းအောင်နေတယ်။ ကုသိုလ်စိတ်ကိုလည်း ပွားတယ်။ စိတ်ကိုလည်း စင်ကြယ်အောင်ထားတာယ်။”လို့ ပြောချင်ကြလိမ့်မယ်။ အကျွန်ုပ်ဆိုပြောနေတဲ့အထဲမှာ အဲဒီပုဂ္ဂိုလ်တွေ မပါပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ ပုထုဇဉ်စာရင်းက ပယ်ပြီးသူတွေဖြစ်ပါတယ်။ အရိယာအစစ်ကြီး မဖြစ်ကြသေးရင်တောင် ကလျာဏပုထုဇဉ်၊ ဘုံစဉ်စံအရိယာ (စူဠသောတာပန်) မျိုးစေ့ရပြီးသူတွေလို့ အကျွန်ုပ် သဘောထား နားလည်ပါတယ်။
ခုပြောတာက ပုထုဇဉ်အရိုင်း (မြန်မာစကားမှာ နလပိန်းတုံးဆိုသူ) တွေကို ရည်ညွှန်းပြီးပြောတာပါ။ ပုထုဇဉ်အရိုင်းကို အန္ဓပုထုဇဉ်လို့လည်း ခေါ်ပါတယ်။ “အန္ဓ”ဆိုတဲ့ ပါဠိစကား မျက်ကန်း၊ နားပင်းတဲ့သဘောကို ပြောတာ။ အန္ဓဂတ ဆိုတာ ကန်းခြင်းသို့ရောက်သည်လို့ ပဒတ္တပဉ္စူသာ ပါဠိအဘိဓာန်မှာ ပြထားပါတယ်။ မြန်မာစကား ရိုးရိုးနဲ့ပြောရင် အန္ဓပုထုဇဉ်ဆိုတာ သူတော်ကောင်းတရား အရိယာကျင့်စဉ်နဲ့ တစ်သီးတစ်ခြားဖြစ်ပြီး အသိကန်း ဉာဏ်ကန်းပုထုဇဉ်အန္ဓတွေဟာ အကောင်းတရား၊ အမြတ်တရားတွေကို မကြိုက်တတ်ဘူး။ အယုတ်တရားတွေ၊ အမိုက်တရားတွေကိုသာ ကြိုက်ကြတယ်လို့ ပြောခြင်းဖြစ်တယ်။
ဒီအချက်ကို လယ်တီဆရာတော်ဘုရားကလည်း ဗောဓိပက္ခိယ ဒီပနီမှာ ဘယ်လိုပြထားသလဲဆိုတော့ “ပါပသ္မိံရမတေမနော” (ဓမ္မပဒပါဠိတော်)၊ မနော၊ စိတ်သည်။ ပါပသ္မိံ၊ မကောင်းရာ၌သာလျှင်။ ရမတေ၊ မွေ့လျော်၏။
ရေမည်သည် အလွတ်ထားခဲ့လျှင် နိမ့်ရာသို့ စီးမြဲဓမ္မတာဖြစ်သကဲ့သို့ သတ္တဝါတို့၏ စိတ်မည်သည် လွှတ်၍ထားခဲ့လျှင် မကောင်းရာသို့သာ တွင်တွင်သွားမြဲဓမ္မတာဖြစ်၍ မကောင်းရာ၍သာ မွေ့လျော်၏ဟူလိုသည်။
အရိယာမျိုးစေ့မပါတဲ့ အန္ဓပုထုဇဉ်တွေနဲ့ တိရစ္ဆာန်သတ္တဝါတွေရဲ့ စိတ်သဘောကို မြတ်စွာဘုရားက အထက်ပါ ပါဠိဂါထာကလေးနဲ့ ဓမ္မပဒပါဠိတော်မှာ ဟောထားချက်ကို လယ်တီဆရာတော်က ထုတ်ဆောင်ပြတာပါ။
အကျွန်ုပ်ပြောလိုတဲ့အချက်ကို သဘောကျအောင် ဒဿနပညာနည်းကျ Philosophically ပြောချင်ပါတယ်။ ဒဿနနည်းကျ ပြောမယ်ဆိုရင် အောက်ပါအတိုင်း ပြောရမယ်။
ပုထုဇဉ် အကောင်းမကြိုက်ဆိုရင် ပထမ “အကောင်း”ဆိုတာ ဘာလဲ။ What is good? ဆိုတာကို ပြောနိုင်ရမယ်။ အနောက်တိုင်း ဒဿနပညာရှင်တော်တော်များများဟာ လောကမှာ “ကောင်းတယ်” the good ဆိုတဲ့ သဘောတရားဟာ ဘာလဲဆိုတာသိချင်လို့ ရှည်းလျားလှတဲ့ သမိုင်းစဉ်တစ်လျှောက်မှာ ရှာခဲ့ကြတယ်။ သူတို့ရခဲ့တဲ့ အဖြေတစ်ချို့ကို တင်ပြပါ့မယ်။
What is pleasurable is good
ချမ်းသာသုခကို ဖြစ်စေတဲ့အရာဟာ ကောင်းတာပဲ။ ဒီအမြင်ပေါ်ခဲ့တယ်။ ဒီအမြင်ကို လက်ခံပြီး ဟောပြောခဲ့ကြသူတွေကတော့ ဗုဒ္ဓက “ကာမသုခလ္လိကာနုယောဂ”လို့ ခေါ်တဲ့ ခေတ်သစ် Hedonitsတွေပါပဲ။ နောက်တိုင်းမှာ ဂျေ၊ဘင်သင် (J.Bentham – 1748~1832)၊ ဂျေ၊အက်(စ)မီးလ် (J.S.Mill – 1806~73) စတဲ့ အတွေးအခေါ်ပညာရှင်တွေက ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာမှု သုခပေးတဲ့အရာ၊ သုခကိုဖြစ်စေတဲ့ကိစ္စ၊ ဆောင်ရွက်မှုအားလုံးဟာ ကောင်းမြတ်တယ်လို့ အဓိပ္ပါယ်ဖွင့်ခဲ့ကြတယ်။
သူတို့အမြင်အရ လူတွေအတွက် သုခချမ်းသာကို ပေးတဲ့အရာမှန်သမျှဟာ ကောင်းတယ်လို့ဆိုတော့ ဒါဆိုရင် ဘယ်အရာတွေက လူတွေကို ချမ်းသာသုခပေးသလဲလို့ မေးစရာဖြစ်လာတယ်။ ဒီလူတွေဟာ ပညာရှိယောင်ဆောင်ထားကြတဲ့ ပုထုဇဉ်တွေပဲ။ သူတို့ထင်တာက လူတွေကို အကြိုက်ပေးနေရင် လိုဘတွေဖြည့်ပေးနေရင် ကုန်ပစ္စည်းတွေ လိုသလောက် ထုတ်ပေးနိုင်ရင် လောကီအာရုံ ကာမဂုဏ်တွေကို ပေးနေရင် သုခချမ်းသာ ရလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ လူ့အကြိုက်ကို လိုက်လို့မရဘူး။ လူ့အလိုကို နတ်မလိုက်နိုင်ဘူး။ လူတွေဟာ အကြိုက်ချင်းလည်းမတူဘူး။ သူတို့ဟာ ကြိုက်တာကို အတင်းကြိုက်ခိုင်းလို့လည်း မရဘူးဆိုတဲ့ လူ့သဘော၊ လူ့သဘာဝတွေကို မတွေးမမြင်ခဲ့ကြဘူး။ နောက် ပညာရှင် အမည်ခံသူများကလည်း
What is customary is good
ဓလေ့ထုံးစံလိုဖြစ်နေတာတွေဟာ ကောင်းတယ်လို့ ဆိုကြပြန်တယ်။ သူတို့အယူကတော့ လောကမှာ ဓလေ့ထုံးစံတွေဟာ လူ့အတွေ့အကြုံအရ ခေတ်အဆက်ဆက် ကောင်းကျိုးပေးလို့သာ လူတွေက လက်ခံထားခဲ့ကြတာလို့ ယူဆပြီး ပြောတာ။ ပထမ အယူအဆကိုတော့ စိတ်ပညာအခြေခံသဘောတရားလို့ ခေါ်တယ်။ ဒုတိယ အယူအဆကိုတော့ လူမှုရေးအခြေခံသဘောတရားလို့ ခေါ်ကြတယ်။ ဒါပေမဲ့ ဒီသဘောတရားရဲ့ အားနည်းချက်ကို နောက်လူတွေက ထုတ်ပြခဲ့တယ်။
လောကမှာ ထုံးစံချင်းမတူဘူး၊ တချို့လူ့အဖွဲ့အစည်းမှာ မိန်းမလေးယောက်ယူတာကို ကောင်းတဲ့အိမ်ထောင်စုစနစ်လို့ လက်ခံတယ်။ အဲဒီစနစ်ကို တစ်လင်တမယားစနစ် လက်ခံကျင်းသုံးတဲ့လူမျိုးတွေ မကောင်းဘူးလို့ ယူတယ်။ တစ်ချို့ဒေသမှာ တစ်မယားလေးလင်စနစ်တောင် ရှိသေးတယ်။ သူ့ဒေသ သူ့ဘဝနဲ့တော့ ကိုက်လို့ လက်ခံထားကြတာပဲ။
သို့သော်လည်း ဒီလို “ကောင်းမှု” သဘောအပေါ်မှာ အမြင်မတူကြတာတွေကို လက်ခံနေတာဟာ မှန်ကန်တဲ့ “သစ္စာ”တရား မဟုတ်နိုင်ဘူးလို့လည်း ပညာရှိများက မြင်လာကြတယ်။ စနစ်ကြိုက်လို့သာ ကောင်းရင်၊ အရင်းရှင်ကောင်းတာနဲ့ ဆိုရှယ်လစ်ကောင်းတာ မူမတူနိုင်ဘူးလို့လည်း ပြောလာကြတယ်။ အဲဒီအခါ အရင်းရှင်ကလည်း အရင်းရှင်ကြိုက် အရင်းရှင်ကောင်းကို ပြောလာတယ်။ ဆိုရှယ်လစ်ကလည်း ဆိုရှယ်လစ်ကြိုက် ဆိုရှယ်လစ်ကောင်းကို ပြောလာကြတယ်။ နောက်ဆုံးဘာဖြစ်သလဲ၊ သူကောင်းတာက တစ်မျိုး၊ ကိုယ်ကောင်းတာက တစ်ဖုံဖြစ်ပြီး ရန်သူလို မြင်လာကြတာပေါ့။ ဒါဘာ့ကြောင့်လဲ၊ မကောင်းဘဲနဲ့ အကောင်းမှတ်ပြီး ပုထုဇဉ်ကြိုက်ပြောကြလို့ပါပဲ။
ဒီလို ကိုယ်ကျိုး၊ ကိုယ့်စီးပွား၊ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို ဗန်းပြပြီး ကောင်းမှုမဟုတ်တာတွေကို ကောင်းမှုလို့ ထင်ကြတဲ့ အမြင်အားလုံးကို မြတ်စွာဘုရားကတော့ “ကာမသုခလ္လိက ဝါဒတွေ”လို့ သမုတ်ပြီး သူ့ရဲ့ဓမ္မကို စဟောချင်း ပယ်ပစ်လိုက်တယ်။ နောက်တစ်ဖန် တချို့ကျတော့ အစွန်းတစ်ဖက်ကို ထွက်သွားကြတယ်။ လောကီအာရုံ ကာမဂုဏ်တွေကို လုပ်မနေပါနဲ့၊ အဲဒါတွေကို အားလုံးစွန့်၊ ကိုယ့်ကိုယ်ကို ညှဉ်းဆဲပြီးနေမှသာ ချမ်းသာတယ်လို့ ဆိုလာကြပြန်တယ်။
အဲဒီလို လောကီတိုးတက်ရေး လုံးလုံးပိတ်ပင်တဲ့ သဘောတရားကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက စစချင်းပယ်တယ်။ အဲဒါက တခြားမဟုတ်ဘူး။ အတ္တကိလေမထာနုယောဂခေါ်တဲ့ ဘဝပိတ်ပင်ရေးတရားပဲ။ ပြီးမှ မြတ်စွာ ဘုရားက သူ့ရဲ့ အလယ်လမ်းစဉ်၊ မဇ္ဈိမပဋိပဒါကို ဟောတာ။
ခု ဒီမှာ ကောင်းတယ်ဆိုတဲ့ တရားဟာ ဘာလဲ။ ဒါကို အဖြေပေးရမယ်။ ဗုဒ္ဓဘာသာမှာတော့ ကောင်းမှုနဲ့ မကောင်းမှုကို ခွဲခြားပြတဲ့ ဝေါဟာရရှိတယ်။
ကုသိုလ်ဆိုတာ ကောင်းမှု the good
အကုသိုလ်ဆိုတာ မကောင်းမှု the evil ပဲ။ ဒါဖြင့် ဘယ်ဟာကောင်းသလဲ။ ချမ်းမြေ့ဆရာတော်က ဆင်းရဲငြိမ်းအေးချမ်းသာရေး တရားမှာ အပြစ်မရှိတာဟာ ကောင်းမှုလို့ အဓိပ္ပါယ်ပေးတယ်။ ဒီတော့ အပြစ်ရှိတာဟာ မကောင်းမှုပေါ့။ ရှင်းပါတယ်။ ခုသိဖို့လိုတာက တစ်ခုတည်းပဲ။ အပြစ်ဆိုတာဘာလဲ။ အပြစ်ဆိုတာ ထိခိုက်တာ (မိမိကိုယ်ဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ထိခိုက်နစ်နာစေတာ) မှန်သမျှဟာ အပြစ်ပဲ။ ဒီလိုဆိုရင် မိမိ သူတစ်ပါး နှစ်ဦးသားကို မထိခိုက်တာဟာ (အပြစ်မရှိတဲ့အတွက်) ကောင်းမှုလို့ သတ်မှတ်နိုင်ပါပြီ။
မြတ်စွာဘုရားက ကုသလာအနဝမ္ပသုခဝါပါကလက္ခဏာ။ အကုသလာသာဝဇ္ဇဒုက္ခဝိပါကလက္ခဏာလို့ ဟောပါတယ်။ တစ်ဆက်တည်းမှာပဲ -
သူတစ်ပါးအသက်ကို သတ်တာ (အကြမ်းဖက်တာ)ဟာ အပြစ်ရှိသလား၊ မရှိဘူးလား။
သူတစ်ပါးအိမ်ရာကို ပြစ်မှားတာဟာ အပြစ်ရှိသလား၊ မရှိဘူးလား။
အရက်သောက်တာ အပြစ်ရှိလား၊ မရှိဘူးလား။
မုသားပြောတာ (လိမ်လည်တာ)ဟာ အပြစ်ရှိသလား၊ မရှိဘူးလား။
သူ့ပစ္စည်းကို မပေးပဲ ယူတာ အပြစ်ရှိသလား၊ မရှိဘူးလား။
အဖြေက လွယ်လွယ်လေး။ မိမိကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ထိခိုက်နစ်နာအောင် လုပ်တာမှန်သမျှ အပြစ်ရှိတယ်။ အကုသိုလ်ချည်းပဲ။
ဒါဆိုရင် လောကမှာ အကြမ်းဖက်နေတယ်။ မုသာဝါဒတွေ တွင်တွင်ကျယ်ကျယ် ပြောပြီး လူတွေကိုလှည့်ဖြားနေကြတယ်။ မူးယစ်ဆေးတွေ ရောင်းဝယ်နေကြတယ်။ အိမ်ထောင်ရေးဘဝတွေကို ပျက်စီးအောင် လုပ်ကြတယ်။ သူတစ်ပါးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ပျက်စီးအောင် လုယက်နည်းမျိုးစုံနဲ့ လုယက်ဖျက်ဆီးနေကြတယ်။ နယ်မြေတွေကအစ လုယက်ယူနေကြတယ်။ မျက်မှောက်ကမ္ဘာမှာ လောကကြီးတစ်ခုလုံး ဆူပွက်နေပါတယ်။ အဲဒါ ဘာဖြစ်လို့ ဖြစ်ရတာလဲ။ အကျွန်ုပ် အတွေးအမြင်ကိုပြောပါ့မယ်။ အဲဒါ ပုထုဇဉ် အကောင်းမကြိုက်လို့ပါပဲ။
။…..။ဆရာဆန်းလွင် - သေခြင်းဒဿန (အတွေးအမြင်ဆောင်းပါးများ) ၊ စာမျက်နှာ ၁၉၄~၁၉၈
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 11:30 AM 8 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ , သုခမိန်, အရောင်စုံ အတွေးများ . . . . .