Monday, September 27, 2010

သုံးဆယ်မို့ ပြုံးရယ်ဖို့ အနော်မာသို့ ခြေလှမ်းများ

(အနော်မာစစ်တမ်း)

အယူမှားလို့များ
အပူများခဲ့လေသလား
လူသားဖြစ်ရတဲ့ ဒီဘဝ။

အေးအေးလူလူ
အချိန်ယူပြီး
ပူပူပင်ပင်ဖြစ်ခဲ့ဖူးသလား။

သင်လည်း လူသား
အတ္တများနဲ့ ဖြစ်ပျက်ကောင် …
ငါလည်း လူသား
မောဟများနဲ့ ဖြစ်ပျက်ကောင် …

ဥပေက္ခာတရားက
ဥပေက္ခာထားနေသမျှ
ကိလေသာနဲ့နေသားကျခဲ့ကြ။

ကိလေသာရယ်
ရှိနေတာသိလျက် အနှင်ခက်
စဉ်ဆက်မကွာ ဒီတစ်သံသရာလုံး
အခု ငါတို့မုန်းသင့်ပြီ။

တကယ်တော့
ဘဝဆိုတာ
သံဇကာကြားမှာ
မတော်တဆညပ်နေတဲ့
သစ်ရွှက်အကြွေတွေလိုပါပဲ။
ညာခြေထောက်ပေါ်ကဘဝ
ဘယ်ခြေထောက်ပေါ်မှ ကျပါ့ဦးမလား …
ဘဝကား အနိစ္စ။
ဒီလိုပဲ
ကိုယ့်လှေနံ ကိုယ်ဓားထစ်
ကိုယ့်တရားစစ်နဲ့ ကိုယ်ပျော်ခဲ့။

အင်္ကျီအဖြူ
ဘောင်းဘီအဖြူ
စိတ်ကိုဖြူအောင် ဘယ်လိုလုပ်ရပါ့။
အသားကပ်စွပ်ကျယ်တစ်ထည်လို
ငါ့စိတ်ကို ငါ စွဲချွတ်လို့ရမလား။

အရှိအမှန်သဘာဝကို အသိညဏ်ဗလာကျ
သင်္ခါရတွေက မမြဲဘူး
အစွဲတွေကြောင့်မြဲခဲ့တယ်။
ငါ့ကိုငါမမြင်၍
ငါ့ကို “ငါ”ထင်ခဲ့တာလား။
ငါ့ကို “ငါ”ထင်လို့
ငါ့ကိုငါမမြင်ခဲ့တာလား။

စိတ်သွားတိုင်းကိုယ်ပါဖို့သာ ဆုတောင်းနေကြ
ကိုယ်သွားတိုင်းစိတ်ပါဖို့ဆိုတာ ဆုတောင်းလို့မှမရတာ။

(ဟေ့! တော်
ကဗျာမှော်အရှုပ်
ငါ ကလော်တုတ်လိုက်ရမလား။)

ဖြစ်၊တည်၊ပျက်နဲ့
စစ်ချီထွက်လာတဲ့အခါ …
အဲဒီပစ္စုပ္ပန်
ငါ့တို့ကိုတည့်တည့်မှန်အောင်
မရှောင်မှဖြစ်မယ်။
ငါတို့တွေရှောင်ရှောင်နေလို့သာ
ကတွတ်ပီ အမဲရရနေတာ။

မယိမ်းမယိုင်
ခိုင်မာတဲ့စိတ်ထားဆိုတာ
ပေါ့ပေါ့ပါးပါး ညင်ညင်သာသာထားရတယ်။

အယူမမှားတဲ့
လူသား
ဘုရားဖြစ်ခဲ့တယ်။………။


မာရေးသျှင်

ယောဂီငြိမ်း (ငြိမ်းဧရာ) သို့ မွေးနေ့လက်ဆောင်ကဗျာ
(တော်သလင်းလဆန်း - ၁၄ ရက်၊ ၁၃၇၂)
အနော်မာသောင်ကမ်း (သို့) ပင်လယ်အတုထဲကကျွန်း

No comments: