Monday, August 16, 2010

သုံးဆယ်မို့ ပြုံးရယ်ဖို့ အနော်မာသို့ ခြေလှမ်းများ (၃)


ကျေးတောလက်မှာ သီတင်းသုံးတော်မူကြတဲ့ ရဟန်းတော် ၃-ကျိပ်တို့ဟာ ဘုရားဖူးရအောင် သာဝတ္ထိမြို့ကို လာကြပါတယ်။ နောက်တစ်နေ့မှာ သာဝတ္ထိမြို့တွင်းကို ဆွမ်းခံဝင်ကြပါတယ်။ ထောင်နားကို ရောက်သွားတဲ့အခါ ထောင်ထဲမှာ ချုပ်ထားတဲ့ ခိုးသားတွေကို တွေ့လာကြရပါတယ်။ ညနေချိန်မှာ ဘုရားဆီ ဆည်းကပ်ပြီး -

“ရှင်တော်မြတ်ဘုရား၊ ဒီနေ့ ဆွမ်းခံသွားရင်း ထောင်ထဲမှာ ထိတ်တုံးတွေ၊ ကြိုးတွေ၊ သံခြေကျင်းတွေနဲ့ ချည်နှောင်ချုပ်ထားတဲ့ ခိုးသားတွေကို တွေ့လာကြရပါတယ်။ သူတို့တစ်တွေဟာ အင်မတန် ဆင်းရဲဒုက္ခ ရောက်နေကြပါတယ်။ အဲဒီ အချုပ်အနှောင်တွေကို ဖြတ်ပြီး မပြေးနိုင်ကြတော့ပါဘူး။ ဒါထက် ခိုင်မြဲတဲ့ အခြားအနှောင်အဖွဲ့များ ရှိပါသေးသလား”။

ဒီလို လျှောက်ထားကြပါတယ်။ အဲဒီစကားကို ကြားရတော့ ဘုရားရှင်က -
“ရဟန်းတို့ ၊ ဒီအနှောင်အဖွဲ့မျိုးဟာ ပြောပလောက်တဲ့ အနှောင်အဖွဲ့မျိုး မဟုတ်ပါဘူး။ ဥစ္စာ၊ စပါး၊ သား၊ မယားစတဲ့ဟာတွေကို တပ်မက်တတ်တဲ့ “တဏှာ” ဆိုတဲ့ အနှောင်အဖွဲ့ဟာ အဲဒီထိတ်တုံးတွေ၊ ကြိုးတွေ၊ သံခြေကျင်းတွေထက် အဆအရာ၊ အဆအထောင်၊ အဆအသိန်းမကအောင် ခိုင်မြဲလှပါတယ်”။
ဒီလို ဘုရားရှင် မိန့်တော်မူလိုက်ပါတယ်။


အရှင်ကုမာရ ၏ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း” ၊ ပဉ္စမအကြိမ်၊ ၁၉၉၈ မတ်လ၊ စာ ၃၃၈-၃၃၉ မှ ထုတ်နုတ်ပါသည်။

No comments: