Thursday, July 8, 2010

ဝမ်းနည်းမိသည် သခင်.....

အိုလောကသားတို့ .....
သမိုင်းထဲကွယ်ပျောက်ခဲ့သည့် ညီနောင် နှစ်ဦးအကြောင်း ပြောပြပါရစေ...
-သူတို့ ညီနောင်သည် သခင်ဘယ်သွားသွား ဖဝါးနဲ့ ထပ်ကြပ်မကွာ လိုက်ပါခဲ့သည်။
-သူတို့ ညီနောင်သည် သခင်အတွက်အရိပ်ပမာ ကိုယ်ရံတော်ဖြစ်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့် အတူ ဥတုရာသီ ဘယ်လောက်ကြမ်းကြမ်း မငြီးမညူ
ဖြစ်ကျော်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် အားကိုးရာ အဖော်ကောင်းဖြစ်ခဲ့သည်။
-သူတို့ ညီနောင်သည် သခင်နှင့် အတူ သမိုင်းတွင်သည့်တိုက်ပွဲတွေဆင်နွဲခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် အသက်စွန့် ပြီးလုံခြုံမှုပေးခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ လောကဓံရဲ့လှည့်ကွက်ထဲ အကြိမ်ကြိမ်သက်
ဆင်းခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် အကြိမ်ကြိမ်လမ်းပြပေးသူဖြစ်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ လောက ရဲ့ထိုးနှက်မှု့ ကို ခါးစီးခံခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် ကြိတ်ပြီး မျက်ရည်ကျခဲ့ဖူးသည်။
အို.....လောကသားတို့ ........
-သူတို့ ညီနောင်သည် သခင်နှင့်အတူ လှပသည့်နန်းတော်ထဲ လျှောက်လည်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ ခမ်းနားသည့် ညစာ စားပွဲတက်ရောက်ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ ကမ္ဘာအနှံ့ ခြေဆန့် ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်ပျော်ရင်ကျေနပ်၏။ သခင်ဝမ်းနည်းလျင်မျက်ရည်စို့ ၏။
သခင်ဒေါသ ထွက်လျင်ဖြေလျော့ပေးချင်၏။ သခင် စိတ်ဓါတ်ကျလျင် အားပေးစကား
ပြောချင်၏။
အို......လောကသားတို့ ........
လောကသည် ပြောင်းလဲခဲ့ပြီလား.......ယခု သူတို့ ၏သခင်သည် သူတို့ ညီနောင်အား
လှပသည့်နန်းတော်ထဲ လည်ပတ်ဖို့ မခေါ်တော့....ခမ်းနားသည့် ညစာ စားပွဲတက်ရောက်
ဖို့ မခေါ်တော့....ပြီ....သခင်သည် သူတို့ ညီနောင်ကို လျစ်လျူရှုထားခဲ့ပြီလား....
သခင်သည် ညီနောင် နှစ်ဦးကို မှောင်မှဲတိတ်ဆိတ်သည့်အခန်းငယ်လေး တစ်ခုအတွင်း
မှာအကျဉ်းချထားခဲ့ပြီလား...ဒါမှမဟုတ် မေ့လျော့နေတာများလား....မေးခွန်းပေါင်းများစွာ
နဲ့ သူတို့ ညီနောင်သည် အရွယ်အိုမင်းခဲ့ပြီ။ အရင်က သန်စွမ်းကြံ့ခိုင်သည့်ခန္ဒာလည်း
ပွန်းပဲ့ ချည့်နှဲ့ ခဲ့ပြီ..သခင်သည်ကား သူရည်မှန်းခဲ့သည့်နေရာတစ်ခုသို့ ရောက်ရှိခဲ့ပြီမဟုတ်
ပါလား......
" ဤညီနောင်ကား ငါတန်ဖိုးထားသည့် အရာများထဲက အဖိုးတန်ဆုံးတည်း....
သူတို့ ညီနောင်သည် ငါ့ဘဝ၏ အဖော်ကောင်းဖြစ်သလို ငါမရှိသည့်နောက်
ငါ့၏ ကိုယ်စား အတွေ့ အကြုံများကို ပြောပြနေမည့် သမိုင်းဝင်သက်သေတည်း....."
ဟူသည့် သခင်ရဲ့ချီးမြောက်စကားကြားချင်ခဲ့ပေမဲ့ သခင်ထားရာနေ သခင်စေရာသွား
သခင်ရဲ့စကား မြေဝယ်မကျနားထောင်ရင်း ပြောချင်သည့်စကား ပြန်မပြောနိုင်သည့်
ဖိနပ်အိုတစ်ရံ ဖြစ်နေခဲ့ပြီမဟုတ်ပါလား...ကွယ်.......
...... အဖေ မစီးတော့သည့် ဖိနပ် တစ်ရံအကြောင်း ခံစားမိ၍
ရေးသားမိပါသည်..


2 comments:

ဂျစ်တူး ( မုံရွာ ) said...

ဝမ်းနည်းမိသည် သခင်.....
ဆိုတဲ့ ပိုစ်ကလေးကိုဖတ်ပြီး
တကယ်ကိုဝမ်းနည်းပက်လက်ဖြစ်မိပါတယ်။
အဖေမရှိတော့တဲ့ ဘဝကလေးဖြစ်နေလို့လားမသိပါဘူး
ဗျာ-ရေးဖွဲ့ တတ်လိုက်တာ-သိပ့်ကိုကြိုက်နှစ်သက်မိပါတယ်ဗျာ-

Anonymous said...

မြန်မာစာပေအကြောင်း ကောင်းကောင်းသိလို့တော့ မဟုတ်ပါ။ သို့သော် ကျနော်ဖတ်ဖူးသလောက် မြန်မာစာပေမှာ ဒီလိုအတွေး ဒီလိုအရေးဟာ တော်တော်ရှားပါတယ်။ အားလည်းအားရ အားလည်းအားကျမိပါတယ်။ တောက်မယ့်မီးခဲ တရဲရဲမို့ ပြာတွေမဖုံး တဟုန်းဟုန်းဖြစ်စေကြောင်း အထောက်အပံ့ကောင်းတို့ ရှိပါစေ။......။