Wednesday, February 3, 2010

ရင်ကိုထိရှ ခံစားရသည် ..... “မချစ်ကြပါနဲ့”

“အချစ်အမုန်း ၊ အရှုံးအမြတ်
မသုံးမသပ် ၊ မဆုံးမဖြတ်
အဝေးဆုံးကပ် ရပ်နေသူ။” (မာရေးသျှင်)


“.......... လူတစ်ယောက်က အခြားတစ်ယောက်ကို ချစ်တယ်လို့ ပြောလိုက်တာဟာ ပြောလိုက်တဲ့လူရဲ့ ရိုးသားတဲ့ ဝန်ခံမှုတစ်ရပ်ပဲ။ ဥပမာ နင့်ကို ငါက ချစ်တယ်လို့ ပြောခဲ့ရင် အဲဒါဟာ ငါရဲ့ ရိုးသားတဲ့ ဝန်ခံချက်တစ်ရပ်။ ရိုးသားတဲ့ ဖော်ထုတ်ချက်တစ်ရပ် ... ပဲ .....

နင့်ကို ငါချစ်တယ်လို့ ပြောတဲ့အတွက် နင့်အနေနဲ့ ငါ့အပေါ်မှာ နင့်စိတ် နင့်သဘောနဲ့ ကြိုက်သလို တုံ့ပြန်နိုင်တယ်။ သဘောတူလက်ခံနိုင်တယ်။ ဆန့်ကျင် ငြင်းဆိုနိုင်တယ်။ ဒီလိုမှ မဟုတ်ရင် အသိအမှတ်ပြုရုံကလေး ပြုနိုင်တယ်။”



“တကယ်လို့ နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်ဆိုရင် နင်ဟာ ငါ့ရဲ့အဆိုကို အတည်ပြု လက်ခံတဲ့ သဘောပဲ။ ဒါပေမဲ့ နင့်ရဲ့ အတည်ပြုလက်ခံမှုဟာ ငါ့ကို ပိုင်းခြားကန့်သတ်လို့ မရဘူး။ ငါက နင့်ကို ချစ်တယ်လို့ ပြောတဲ့ စကားက နင်ဟာ တခြားလူကို မချစ်ရတော့ဘူးလို့ မတားနိုင်သလို နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်လို့ ဆိုတာဟာ နင်က ငါဟာ တခြားလူကို မချစ်ရတော့ဘူးလို့ အမိန့်ထုတ်တာ၊ ကန့်သတ်တာ မဟုတ်ဘူး။ လူတစ်ယောက်က တခြားလူတစ်ယောက်ရဲ့ အသိပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို မတားနိုင်ဘူး။ ထိန်းချုပ်ကန့်သတ် မပစ်နိုင်ဘူး။............”

.......... အဲဒီတုန်းမှာပဲ သူက ပြောတယ်။
“နင်ပြောသလို ဆိုရင်တော့ ချစ်တယ်ဆိုတဲ့စကားဟာ သိပ်အရေးမပါသလိုပဲပေါ့။ ငါက နင့်ကို ချစ်ပါတယ်လို့ ပြောပေတဲ့ နင့်ဘာသာ ချစ်ချင်ရာတွေ လျှောက်ချစ်လို့ ရနေသေးတာပဲ။ ဘာအဓိပ္ပာယ် ရှိတော့လို့လဲ။”...........

“.......... ချစ်ချင်ရာ လျှောက်ချစ်နိုင်တယ်ဆိုတာတော့ ဟုတ်တာတော့ဟုတ်တယ်။ ချစ်ပုံချင်းက တူမှာမဟုတ်ဘူး..........။ ငါ့ကို ချစ်တယ်ဆိုတာဟာ နင့်ဒယ်ဒီကို နင်ချစ်တာ၊ နင့်အမေကို နင်ချစ်တာ၊ နင်တို့အိမ်ရှေ့က ပိတောက်ပင်ကြီးကို နင်ချစ်တာ ချစ်တော့ ချစ်တာပဲ။ ချစ်ပုံချင်း ချစ်တဲ့ဒီဂရီ အတိုင်းအတာချင်းတော့ မတူနိုင်ကြဘူး။ တို့လူမျိုးမှာ အမြဲတမ်းမှားနေတဲ့ဟာ တစ်ခု ရှိတယ်။ ၁၅၀၀ ကို ၅၂၈ နဲ့ ရောပစ်တာ။ ပိဿာကို ပေါင်ချိန်နဲ့ ရောပစ်လိုက်တာမျိုးပဲ ရောပစ်လို့ မရနိုင်ဘူး။ ငါ နင့်ကို ချစ်တာဟာ တခြားသူတွေ၊ တခြားဟာတွေကို ချစ်တာနဲ့ မတူနိုင်ဘူး။”

“ပိုဆိုးတာတစ်ခုက ချစ်တယ်လို့ ပြောတာ။ တချို့ကျတော့လည်း သိတ္တိမရှိလို့ ရည်းစားစာရေးပြီး အသိပေးတာ။ ဘယ်လိုလုပ်လုပ် ဘာသာစကားဘောင်ထဲမှာတော့ သာမန်အဆိုတစ်ခုပဲ။ ချစ်တယ်ဆိုတာကို ပြောစကား၊ အရေးစကားနဲ့မှ မဟုတ်ဘူး။ ဘာသာစကားမပါပဲလည်း အမျိုးမျိုး ဖော်ထုတ်ပြနိုင်တယ်။ အသိအမှတ်ပြု လက်ခံနိုင်တယ်။”

“ဒါပေတဲ့ လူတွေက ချစ်ခြင်းဆိုတာကို အလွယ်တကူ သုံးပစ်လိုက်ကြတယ်။ လူတွေဟာ ချစ်ခြင်းရဲ့ နောက်ဆက်တွဲတွေကို ကြိုတွေးပြီး ချစ်တယ်လို့ ပြောတတ်ကြတာ။ နောက်ဆက်တွဲဆိုတာက ပိုင်ဆိုင်လိုတာ။ ကိုယ်ကာယချင်း နှီးနှောချင်တာ စတာတွေ အပုံကြီးပဲ။ နင် ခုနပြောတဲ့ လော့(ဒ)ဘိုင်ရွန်ပြောတဲ့ “ထိုထိုသော ချစ်ခြင်းတို့သည် အပြစ်ကင်း၏” ဆိုတာက နောက်ဆက်တွဲမပါတဲ့ ချစ်ခြင်းပဲ။ ရိုးသားတဲ့ ချစ်ခြင်းပဲ...........”


(“မချစ်ကြပါနဲ့” ၊ မြင့်သန်း၊ ချင်းတွင်း မဂ္ဂဇင်း အမှတ် (၄၆) ၊ ဇန်နဝါရီလ ၊ ၂၀၁၀ - မှ ထုတ်နုတ်ပါသည်။)

2 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုမာရေးသျှင်ရေ....

မရောက်ဖြစ်တာ အတော်ကိုကြာနေခဲ့တာပါ..
အကိုတော်တွေ အားလုံးကျန်းမာကြမယ်လို့
မျှော်လင့်ထားပါတယ်...

ဆရာမြင့်သန်းရဲ့စာလေးကို ရှယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်မိပါတယ်...း)

ကိုသုခမိန်... ကိုတာတူး... နဲ့ မယ့်... ကိုရော
ကျန်အဖွဲ့သား အားလုံးကိုပါ သတိရစွာ နှုတ်ခွန်းဆက်သခဲ့တယ်နော်..
ပျော်ရွှင်ငြိမ်းချမ်း သာယာနေကြပါစေ..

ထာဝရ ခင်မင်လေးစား ချစ်ခြင်းများဖြင့်..
ကိုရင်နော်ခင်လေးငယ်

ဝါခေါင်မိုး said...

သဘောကျတယ်။
ရှာဖွေ မျှဝေပေးတာ ကျေးဇူးပါနော်။