Sunday, May 10, 2009

The man who got depression with love.



မိမိကိုယ်ကို အသဲခွဲသူတစ်ယောက်အကြောင်း


ကျွန်တော်တို့တွေရဲ့ ငယ်ဘဝလေးတွေနောက်ပိုင်းကတည်းက သူနဲ့ကျွန်တော်က ဆုံဖြစ်လိုက် မဆုံဖြစ်လိုက်ကနေ ခုဆို ရေခြားမြေခြားတွေပေါ့။ မဆုံဖြစ်ချိန်တွေများခဲ့တဲ့တစ်လျှောက်မှာ သူလည်းအတော်ပြောင်းလဲခဲ့တယ်။ ဘာတွေပြောင်းလဲတာလည်းဆိုရင်တော့ ပြောစရာများမယ်။ ခုတော့ တစ်ခုပဲ သေချာပြောချင်တယ်။ သူဟာ သူ့ကိုယ်သူ အသဲခွဲလိုက်သူဖြစ်သွားကြောင်းကိုပေါ့။ စကားလုံးများ ရှုပ်သွားမလား။ သူ့ကိုယ်သူ အသဲခွဲလိုက်တယ်ဆိုလို့လေ။ ဟုတ်တယ် တစ်ကယ်ပဲ ဒီလိုဖြစ်ခဲ့တယ်။



သူ့ကို ငါစတွေ့တယ်ဆိုတာထက် ငါသတိထားမိလိုက်တဲ့ တစ်နေ့က သူ့မွေးနေ့ဖြစ်နေတယ်။ ပိုမှတ်မိစေတာက မွေးနေ့ကို ငါနောက်ကျပြီးရောက်ခဲ့တာလေ။ အမှတ်တမဲ့များစွာအတွက် အမှတ်တရဖြစ်စေခဲ့တာလေးတစ်ခု အဲဒီ့ပွဲမှာစခဲ့ပါသတဲ့။ ဟိုအရင်ကတည်းက သူမြင်ဖူးနေတဲ့ သူမကို ဒီတစ်နေ့ကျမှပဲ အတော်လှတဲ့အပြုံးပိုင်ရှင်မှန်း သတိထားမိခဲ့တာပါတဲ့။ အဲဒီ့နောက်တော့ ကျောင်းကို အတန်းမှန်မှန်တက်ဖြစ်ခဲ့တဲ့အပြင် သူမနာမည်နဲ့ သူမရဲ့အဆောင်ကို ကဗျာလေးတွေ ပုံမှန်ရောက်နေခဲ့တာပါပဲ။

သူ့ရဲ့ကဗျာမှာ သူမနေရာယူသွားခဲ့သလို၊ သူမဆီမှာလည်း သူ့ရဲ့ကဗျာလေးတွေဟာ တစ်နေရာရနေခဲ့မယ်လို့ သူထင်နေခဲ့တာပါ။ ချစ်ခြင်းကို အရှည်သဖြင့်ပဲတွေးတတ်သလို တိတ်ဆိတ်ငြိမ်သက်မှုနဲ့ သက်သေပြတတ်တဲ့သူ့အကျင့်ကို သူမ သတိထားမိစေတာကတော့ ကျောင်းသွားကျောင်းပြန်တိုင်းရဲ့ လမ်းထိပ်တစ်နေရာက မျက်ဝန်းတွေပဲရှိခဲ့တာပါ။ ဒီလိုနဲ့ ချစ်သူများနေ့ဆိုတာလေးတစ်ခုကိုအရောက် သူမအတွက် ပန်းစည်းပို့ဖို့ကြိုးစားရင်း သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ကဗျာလေးတွေရဲ့ပိုင်ရှင်ဟာ သူပဲလို့ အတည်အလင်း သူမသိသွားခဲ့ပါတယ်။

မျှော်လင့်ထားတာတွေထက် မမျှော်လင့်တာတွေသာ အဖြစ်များတတ်တဲ့လောကကို သူစတွေ့ရတော့တာပါပဲ။ သူမရဲ့ မျက်ဝန်းစိမ်းစိမ်းဟာ သူ့အတွက်လက်ဆောင်ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့တစ်နေ့တာအစတိုင်းကို သူမနဲ့စမိနေတာ သူ့အမှားလားလို့ မေးလိုက်တော့ ဒါဟာ ဖြစ်သင့်တဲ့ စိတ်ခံစားချက်ပဲလို့ ကျွန်တော်ဖြေခဲ့ပါတယ်။ သူချစ်တဲ့(သူ့ကိုမချစ်တဲ့)သူနဲ့အဝေးမှာ ဘဝဆိုတာမြင့်တက်လာရေးကိုကြိုးစားရင်း တစ်ခါတစ်လေ ရင်ဖွင့်တတ်တဲ့အကြောင်းများစွာထဲက အကြောင်းတစ်ခုပေါ့။ သူ့ရဲ့သူငယ်ချင်းများစွာကလည်း နားမလည်နိုင်အောင်ဖြစ်ရသလို သူချစ်ရတဲ့ သူမရဲ့အပေါင်းအသင်းတွေကလည်း နားမလည်နိုင်လောက်အောင် သူကတော့ စွဲလမ်းနေဆဲပါပဲ။ အဝေးတစ်မြေကို မသွားခင်ထိ သူမရဲ့အပြုသဘောဆန်တဲ့ စကားလေးတစ်ခွန်း၊ အပြုအမူလေးတစ်ခုကို သူမျှော်လင့်ခဲ့တာပါပဲ။ ဒါပေမဲ့ သူရရှိခဲ့တာ သူရရှိနေတာကတော့ သူမရဲ့ပစ်ပယ်မှုတွေပေါ့။

သူ့ရဲ့ တိတ်တခိုးချစ်ခြင်းတွေကို သူမသိပြီးနောက်ပိုင်းမှာတော့ သူငယ်ချင်းတွေက စကြနောက်ကြရင်း အလိုလို သူမနဲ့ စိမ်းနေရတာ။ အဲဒီနောက် စာတန်းတွေအတွက် အလုပ်လုပ်ကြတော့ တက်ကြွစွာလုပ်တတ်တဲ့သူ့အကျင့်ကြောင့် သူမကို အကူအညီတွေပေးနိုင်ခဲ့သလို ရင်းနှီးမှုတစ်ချို့လည်းရရှိခဲ့ပါတယ်။ ဒီအချိန်တွေဟာ သူနဲ့သူမအကြားမှာ အရင်းနှီးဆုံးနဲ့ သူ့အတွက်တော့ ပျော်စရာအကောင်းဆုံးနေ့တွေ ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ခပ်တင်းတင်း သူမမျက်နှာအတွက် သူ့အချစ်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြဖြစ်ပါဘူး။ တစ်နေ့တော့ သူကိုယ်တိုင်ဖွင့်ပြော ဖြစ်လိုက်ပါတယ်။

မနည်းတဲ့ ခုနှစ်တစ်ချို့ကိုဖြတ်သန်းအပြီးမှာတော့ သူမကို သူ့ရဲ့ချစ်ခြင်းတွေအကြောင်း သေချာပြောမယ်လို့ ဆုံးဖြတ်မိပါတော့တယ်။ ဒါပေမဲ့ အဲဒီ့အချိန်မှာသူမက ရေခြားမြေခြားမှာပါ။ လုပ်မယ်ဆို ဖြစ်အောင်ထလုပ်တတ်တဲ့ သူ့အကျင့်အတိုင်း ဖုံးလှမ်းခေါ်ခဲ့ပါတယ်။ အများကြီး ပုံဖော်ပြနေစရာမလိုပေမဲ့ ရင်နှင့်အမျှချစ်ခြင်းတွေကို တိတ်ဆိတ်စွာ သူမနားထောင်ပြီးတော့ ပြန်ပြောခဲ့တာက မဖြစ်နိုင်ပါဘူးဆိုတဲ့ စကားတစ်ခွန်းပါပဲ။ စကားတစ်ခွန်း အတွက်နဲ့ သူမစိုးရိမ်ခဲ့ပါဘူး။ သူမပြန်လာချိန်ကို စိတ်ရှည်စွာစောင့်စားရင်း အားတင်းထားခဲ့ပါသေးတယ်။

ဒါပေမဲ့ ဖုံးတစ်ခါပြောအပြီးမှာ တစ်ဆစ်ချိုးသွားတဲ့ သူ့ကံကြမ္မာဟာ ပြန်ပြင်လို့မရခဲ့ပါဘူး။ မဖြစ်နိုင်ဘူးဆိုတဲ့ စကားတစ်ခွန်းအတွက် ကျဆင်းတဲ့စိတ်ဓါတ်တွေကို သူ့ဘဝမြင့်တက်ဖို့ကြိုးစားရင်း အားပြန်တင်းခဲ့ပါတော့တယ်။ ဟုတ်ပါတယ်။ ငါပြန်လာခဲ့အုံးမယ် ဆိုတဲ့စကားတစ်ခွန်းနဲ့ ရေခြားမြေခြားကို သူထွက်သွားတော့တာပါပဲ။ အဲဒီနောက်တော့ သူမနဲ့ အဆက်အသွယ် လုံးဝမရတော့အောင် အဆက်ပြတ်သွားတော့တာပါပဲ။ သူကတော့ ခုချိန်ထိ နေ့သစ်တိုင်းကို သတိရခြင်းတွေနဲ့ စနေပါတယ်။ သူမနဲ့သူ့အတွက် တစ်နေ့ဆိုတာကိုလည်း မျှော်လင့်နေတုန်းပါပဲ။

ချစ်ခြင်းနဲ့ မသင့်မြတ်ကြသူများကို ကျွန်တော်တွေ့ဖူးတာပေါ့။ ကျွန်တော်တို့အားလုံးဟာ တစ်ကွေ့မဟုတ်တစ်ကွေ့မှာတော့ ချစ်ခြင်းနဲ့မသင့်မြတ်ပဲ ဒုက္ခများဖူးကြသူတွေပါ။ ဒါပေမဲ့ ချစ်ခြင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေပြီး ဒီချစ်ခြင်းအတွက်နဲ့ပဲ ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လုပ်ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ကိုကိုယ်အသဲခွဲမိခြင်းတစ်ရပ်လို့ပဲ ပြောစမှတ်ပြုကြရအောင်လားဗျာ။


သုခမိန်

8 comments:

Anonymous said...

အမှန်အတိုင်း ပြောရရင် အချစ်နဲ့ ပတ်သက်ပြီး ဒီလောက်ထိ ခံနိုင်ရည် ရှိမယ် မထင်ဘူး ခင်ဗျာ။ ခုချိန်မှာတော့ ကိုယ့်ကိုကိုယ် ဒဏ်ရာတွေ ပေးနေမိတုန်းပဲ။ ရင့်ကျက်မှု လိုသေးတယ်ဗျာ။ ဒီပို့စ်လေး ဖတ်ပြီး ဘယ်လို ရှေ့ဆက်သင့်တယ် ဆိုတာလေး မြင်သွားတယ်။ ကျေးဇူးပါ ခင်ဗျာ။ လေးစားလျက်..။

ရဲဝင့်သူ said...

အကိုရေ ရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုအသည်းခွဲတာလည်း
အသည်းကွဲတာပါပဲလေ။ အသည်းကွဲတဲ့ရောဂါကတော့
အရသာအစုံပဲနော။ အနာမြန်မြန်ကျပ်ပါစေလို့။

ကဗျာဦး said...

ဆရာသုခမိန်
အရမ်းကောင်းပါတယ်
ကိုယ့်ကိုကိုယ်အသဲခွဲမိခြင်း
ဖြစ်နိုင်ပါတယ်

မသက်ဇင် said...

ကိုသုရေ
အလွန်အလုပ်များနေလို့မရောက်တာကြာလှပေါ့
ဖတ်သွားတယ် အေးဆေးထပ်လာပါအုံးမယ်
E - Journal စာပေအဖွဲ့လေး စာပေတာဝန်များ
ဆက်လက်ထမ်းဆောင်နိုင်ပါစေ

Anonymous said...

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတယ်လို့ ကြားဖူးတာပဲ..။
ဒါပေမဲ့ သူဆိုသောသူ့အတွက် ရေလိုက်ငါးလိုက်
များလွဲနေပြီလားလို့ ထင်မိတယ်ဗျာ

Ðaywalker[Soul] said...

အသဲလေးတွေ ခဏခဏပဲ အကြိမ်အခါပေါင်း မနည်းဘူး ကွဲတယ်.......... ဟဲ ဟဲ...၊ အသဲကွဲတာကလေ.... နှလုံးသားကို အညောင်းအညာပြေစေတယ်တဲ့။ ဟုတ်လားမသိ...

Anonymous said...

သူ့ကို ငါစတွေ့တယ်ဆိုတာထက် ငါသတိထားမိလိုက်တဲ့ တစ်နေ့က သူ့မွေးနေ့ဖြစ်နေတယ်။ ပိုမှတ်မိစေတာက မွေးနေ့ကို ငါနောက်ကျပြီးရောက်ခဲ့တာလေ။ ဟိုအရင်ကတည်းက သူမြင်ဖူးနေတဲ့ သူမကို ဒီတစ်နေ့ကျမှပဲ အတော်လှတဲ့အပြုံးပိုင်ရှင်မှန်း သတိထားမိခဲ့တာပါတဲ့။
သူ့ရဲ့တစ်နေ့တာအစတိုင်းကို သူမနဲ့စမိနေတာ သူ့အမှားလားလို့ မေးလိုက်တော့ ဒါဟာ ဖြစ်သင့်တဲ့ စိတ်ခံစားချက်ပဲလို့ ကျွန်တော် ဖြေခဲ့ပါတယ်။
သူချစ်တဲ့(သူ့ကိုမချစ်တဲ့)သူနဲ့အဝေးမှာ……
ချစ်သော“ဆရာသု”ရေ.. နံစားတွေများ တော်တော်ရှုပ်နေသလားလို့ ခံစားရတယ်ဗျာ။

တားမြစ် ထားသော... said...

အမှန်ပါပဲ ကိုမောရေးရေ။ ရေးကြည့်ချင်တဲ့သဘောပါပဲ။ စာဖတ်သူကို အနှောင့်အယှက်ဖြစ်စေမယ်တော့ ထင်သားဗျ။
ပြောပြတာ ကျေးဇူးပါ။

သုခမိန်