Sunday, May 31, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၆)


နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကားကို ဆိုတတ်သူဖြစ်ဖို့ လိုတယ်။ ပြောပုံဆိုပုံ အသံနေအသံထားကအစ လှပအောင် လေ့လာသင့်တယ်။



အမူအရာလှပတာလည်း ရှိတယ်။ ပြောပုံဆိုပုံလှတာလည်း ရှိတယ်။ ပြောပုံဆိုပုံ အသံနေအသံထားကအစ လှပအောင် လေ့လာသင့်တယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးလှပမှုဟာ တန်ဖိုးထားရမယ့်အရာ ဖြစ်တယ်။

အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာရှိတဲ့သူဟာ ချစ်သူခင်သူ ပိုများတယ်။
ကိုယ်အမူအရာ နှုတ်အမူအရာ ကြမ်းတမ်းတာဟာ မလှပတဲ့အမူအရာဖြစ်တယ်။ မောက်မောက်မာမာ ပြောဆိုတာဟာ မလှတဲ့ အမူအရာဖြစ်တယ်။ အမူအရာမလှတဲ့သူကို မဆက်ဆံချင်ဘူး။ ဆက်ဆံရရင်လည်း စိတ်မချမ်းသာဘူး။
စကားအပြောအဆို ကြမ်းတမ်းတာလည်း ယုတ်ယင်းမှု၊ ကြမ်းတမ်းမှုဖြစ်တယ်။

”ဖရုသဝါစာ“ ကြမ်တမ်းသောစကားကို မပြောရဘူး။ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သူပြောတဲ့စကား၊ သူသုံးတဲ့ စကားလုံးကို ကြည့်ပြီး မှန်းလို့ရတယ်။ ကြမ်းတမ်းတဲ့စကားကို ဂုဏ်ယူပြီးပြောလာရင် အဲဒီလူဟာ စိတ်ဓာတ်ပါ ကြမ်းတမ်းလာမယ်။ ကိုယ်ပြောတဲ့စကားဟာ ကိုယ့်စိတ်ဓာတ်ကို အများဆုံး လွှမ်းမိုးတယ်။

စကားကို အသံကျယ်ကျယ်နဲ့ ပြောတာလည်း ယဉ်ကျေးမှု နိမ့်တဲ့သဘောဖြစ်ပါတယ်။ လိုတာထက် ပိုပြီး အသံကျယ်နေရင် မကောင်းဘူး။ တကယ်လေးနက်တဲ့ စကားကို ပြောချင်ရင် မတိုးမကျယ်ပြောမှ လေးနက်တယ်။

* (အလှတရားမှ အမှန်တရားသို့ - ဆရာတော်ဦးဇောတိက) မှ ထုတ်နုတ်ပါသည်။

စကားပြောပုံဟာလည်း လူ့ရဲ့ကိုယ်ရည်ကိုယ်သွေးထဲမှာပါပြန်တယ်။ စကားလုံးအသုံးအနှုန်းက စရိုက်သဘာဝကို ထင်ဟပ်ပြတယ်။ စကားလုံးရိုးရိုးသုံးတဲ့လူရဲ့ စိတ်အခြေအနေနဲ့ ခေတ်စကားများများသုံးတဲ့လူရဲ့ စိတ်အခြေအနေချင်း မတူဘူး။ ဘဝကို လေးလေးနက်နက် သဘောထားပုံချင်း မတူဘူး။ ကိုယ့်ကိုယ်ကို လေးစားမှု၊ သူတစ်ပါးကို လေးစားမှုချင်းလည်း မတူဘူး။ ဒီနှစ်ဦးဟာ ဘယ်အရာကိုမဆို လေးလေးနက်နက် သဘောထားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘယ်အရာကိုမဆို ပေါ့ပေါ့တန်တန် အပေါ်ယံလေး သဘောထားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတယ်။

* (ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် - ဆရာတော်ဦးဇောတိက) မှ ထုတ်နုတ်ပါသည်။


နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကား၏ အင်္ဂါ(၇)မျိုး …

(၁) “နဠ” - အပြစ်ကင်း၏။
(၂) “ကဏ္ဍသုခ” - နားချမ်းသာ၏။
(၃) “ပေမနီယ” - နှစ်သက် မြတ်နိုးဖွယ် ရှိ၏။
(၄) “ဟဒယင်္ဂမ” - မထိခိုက်ဘဲ ချမ်းသာစွာ စိတ်နှလုံးသို့ သက်ဝင်၏။
(၅) “ပေါရီ” - နေပြည်တော်သူ မြို့ကြီးသားတို့ ပြောဆိုတဲ့ စကားလို ယဉ်ကျေး၏။
(၆) “ဗဟုဇနကန္တ” - ကြားရသူ အများနှစ်သက်၏။
(၇) “ဗဟုဇနမနာပ” - လူအများ စိတ်ကို နှစ်သက် မြတ်နိုးသည်၏ အဖြစ်ဖြင့် တိုးပွားစေ၏။

နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကားကို ဆိုတတ်သူဖြစ်ကြောင်း ကိုယ်ရည်ကိုယ်သွေး “သာခလျ”သဘော(၃)ရပ် …

၁။ “သဏှဝါစတာ” - ပြေပြစ်သော စကားရှိသူ၏ အဖြစ်။
၂။ “အဖရုဿဝါစတာ” - နူးညံ့သိမ်မွေ့သာ စကားရှိသူ၏ အဖြစ်။
၃။ “သခိလဝါစတာ” - မကြမ်းတမ်းသော စကားရှိသူ၏ အဖြစ်။


နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကား၏ ဆန့်ကျင်ဘက်အကြောင်းတရား(၆)မျိုး …

(၁) “ကဏ္ဍက”
မပြေမပြစ် အဖုအထစ်ရှိ၏။ အဆစ်၊အထုံး ရှိသလို၊ မချောဘူး၊ မပြေဘူး၊ ကြားရသူ စိတ်ထဲမှာ စိတ်ခုစရာ၊ မနှစ်သက်စရာ၊ အောင့်သက်သက်နှင့် ဘဝင်မကျစရာ စိတ်ထဲခလုတ်တိုက်တာမျိုး ဖြစ်ရတဲ့ ခံစားချက်သဘော။ သူတစ်ပါးကို ထိခိုက်စေတဲ့ အပြောအဆိုမျိုး၊ နာရသူရဲ့စိတ်ထဲမှာ နာကျင်တဲ့ ခံစားမှုကို ခံစားရစေသည်။

(၂) “ပရကဏ္ဍက”
သူတစ်ပါးနား၌ ခါးစပ်သည်။သူတစ်ပါးကို စပ်ပူစေတတ်၏။ ကြားရနာရသူ စိတ်ထဲမှာ ဒေါသကို ဖြစ်စေတတ်၏။

(၃) “ကက္ကသ”
နားမချမ်းသာဖွယ်ဖြစ်၏။ ဆွေးမြည့်၏။ ကြမ်းတမ်းခက်မာသည်။ သူတစ်ပါး မခံသာအောင် ပြောတဲ့စကားဟာ ကြားရသူရဲ့ နားထဲမှာ မချမ်းသာမှုကို ခံစားရစေသည်။

(၄) “ပရာဘိသဇ္ဇနီ”
သွားလိုရာသို့ သွားခွင့်မပေးဘဲ ဆူးခက်ကဲ့သို့ အလွန်ငြိတွယ်တတ်၏။ သူတစ်ပါးစိတ်ကို ထိခိုက်အောင် လုပ်တတ်တဲ့ သဘော။ စကားပြောရင်း အနှောင့်မလွတ်၊ အသွားမလွတ်အောင် စောင်းချိတ်ပြောတဲ့ သဘော။သူတစ်ပါးကို သူလုပ်ချင်သလို လွတ်လွတ်လပ်လပ် လုပ်ခွင့် မရအောင်၊ ဆူးခက်နဲ့ ငြိနေသလို နာလိုခံခက်ဖြစ်အောင်လုပ်တဲ့ သဘော။ သူများရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို တားဆီးဆွဲငင်တဲ့ သဘောနဲ့ စကားနာထိုးတာမျိုး၊ စောင်းပြောတာမျိုး။ သူတစ်ပါးစိတ်ကို ချုပ်ချယ်လိုတဲ့ သဘော၊ ဒါပေမဲ့ တည့်တည့်မပြောဘူး။ ကြားရသူစိတ်ထဲမှာ ထိခိုက်အောင်၊ ဒုက္ခဝေဒနာ ခံစားရအောင် ဒေါမနဿ ဖြစ်အောင် စောင်းချိတ် ပြောတာမျိုး။

(၅) “ကောဓသာမန္တာ”
သူတစ်ပါးကို စိတ်ဆိုးအောင်၊ အမျက်ဒေါသထွက်အောင် ပြောသည်။

(၆) “အသမာဟိသံဝတ္တနိက”
တည်ကြည်မှု သမာဓိကို မဖြစ်စေသောတရား။

* ဆရာဦးဆန်းလွင်၏ “မြတ်ဗုဒ္ဓ၏ ကိုယ်ရည်ကိုသွေး မြင့်မားရေးတရား (ပထမအကြိမ်) ၊ စာ(၁၃၇-၁၄၂)” - မှ ထုတ်နုတ်ကူးယူပါသည်။

5 comments:

မြစ်ကျိုးအင်း said...

ဒီစာလေးကိုဖတ်ရတော့ မြင်မိတာက စေတနာရယ် စာဖတ်အားရယ်...ပါပဲ...ရွေးချယ်ဖတ်ရှုတဲ့ စာအမျိုး အစားကိုလည်း မြင်မိပါတယ်...။အကျိုးရှိစေပါတယ်..။
သတိထားပြီး ဆင်ခြင်ပါမယ်။ကျေးဇူးပါဗျာ...။
ထပ်ပြီးမျှဝေအုံးမယ်လို့ မျှော်လင့်ပါတယ်..။

မသက်ဇင် said...

အမူအရာလှပတာလည်း ရှိတယ်။ ပြောပုံဆိုပုံလှတာလည်း ရှိတယ်။ ပြောပုံဆိုပုံ အသံနေအသံထားကအစ လှပအောင် လေ့လာသင့်တယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးလှပမှုဟာ တန်ဖိုးထားရမယ့်အရာ ဖြစ်တယ်။

တန်ဘိုးကြီးသောစာများဖေါ်ပြပေးလို့
ကျေးဇူးတင်လိုက်တာ
ခင်မင်လျက်

တားမြစ် ထားသော... said...

ကိုမာရေးသျှင်ရေ.. Labelမှာပေးထားတဲ့ ခေါင်းစဉ်နဲ့ အလွန်လိုက်ဖက်လှပါတယ်။ ကောင်းတဲ့စုစည်းမှုပါပဲ။ စာဖတ်သူတို့အကျိုးများစေတာ ညာမရတဲ့ ရလာဒ်တစ်ခုပါ။

သုခမိန်

Anonymous said...

မှတ်သားသွားပါတယ်ဗျာ..။ တန်ဖိုးရှိတဲ့ စာတပုးပါပဲ။

Ðaywalker[Soul] said...

အဲ... ကျွန်တော်တို့ကတော့ အများကြီးလိုသေးတာပဲ...။ :P