Friday, May 1, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၅)


”အသိတေ ပိတေ သာယိတေ ခါယိတေ သမ္ပဇာန ကာရီဟောတိ“
”စားတုန်း၊ သောက်တုန်း၊ ခဲတုန်း၊ လျက်တုန်းမှာ သတိလေးနဲ့ယှဉ်ပြီးတော့ ပြုပါ။“




ဘုရားဟောထဲမှာတော့ ရဟန်းတွေအတွက် အသေးစိတ်ဟောထားခဲ့တယ်။ ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဆွမ်းလုတ်ကို လုံးလုံးညီညီလေး လုပ်ရမယ်၊ လုပ်ပြီးတော့ သပ်သပ်ရပ်ရပ်ကလေး ပါးစပ်ထဲ ထည့်ရမယ်၊ ပွကြဲပြီး အောက်ကို ပြန်မကျရဘူး။

ကိုယ့်ဟာကိုယ် ထမင်းစားတဲ့အခါလည်း လက်နဲ့ဖြစ်စေ၊ ဇွန်းခက်ရင်းနဲ့ဖြစ်စေ စားတဲ့အခါ စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင်ထားပြီးတော့ ထမင်းကို သပ်သပ်ရပ်ရပ်ကလေး ဖြစ်အောင်၊ ဇွန်းသံ၊ ပန်းကန်သံလည်း မကြားအောင်၊ ဘေးကိုလည်း မကျအောင်လုပ်ပြီးမှ ပါးစပ်ထဲကို ရောက်အောင် ထည့်ရမယ်၊ တစ်လုံးမှ ကျမသွားအောင် ပြန်ထုတ်ယူရမယ်။

ဟင်းချိုသောက်တဲ့အခါမှာ ရဟန်းတော်များအတွက် ဘုရားဟောထားတာ ရှိပါတယ်။ ”ရဟန်းတော်များ ဟင်းချိုသောက်တဲ့အခါမှာ ရှရူး ရှရူး အသံမမြည်စေနဲ့“ တဲ့။

(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် - ဆရာတော်ဦးဇောတိက) မှ



အစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား (ဘောဇနမတ္တညုတ)ကို ဘယ်လို ဟောသလဲဆိုတော့ မြတ်စွာဘုရားက သူ့သာသနာထဲက သားတပည့်တွေ ရဟန်းသံဃာတော်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးကို ဦးတည်ပြီးဟောခဲ့တာ၊ ဒါပေမယ့် အဆင့်မြင့်လူသား ဖြစ်ချင်သူတိုင်းအတွက် ဒီဟောကြားချက်တွေဟာ အလွန်တန်ဖိုးရှိတယ်။

အစားအသောက်စားတဲ့အခါ ဉာဏ်အဆင်အခြင်မပါဘဲ မစားရဘူး။ ဉာဏ်နဲ့ ဆင်ခြင်ပြီး သင့်လျော်သောအားဖြင့် စားရမယ်တဲ့။

အစားအစာကို စားတဲ့အခါ
(က) ကချေသည်၊ ကျွမ်းသမားတို့လို မြူးထူးပျော်ပါးခြင်းငှာ မစားရဘူးတဲ့။
(ခ) မင်းစားသလို၊ မှူးမတ်တွေ စားသလို မာန်ယစ်ခြင်းငှာလည်း မစားရဘူးတဲ့။
(ဂ) ပြည့်တန်ဆာမတွေ နန်းတွင်းသူတွေလို ခန္ဓာကိုယ်လှပခြင်းငှာ၊ ခန္ဓာကိုယ်တန်ဆာဆင်ခြင်းငှာ မစားရဘူးတဲ့။
(ဃ) လက်ဝှေ့သည်၊ လက်ပန်းသည်၊ နပန်းသမားတွေလို အသားအရေကို ပြည့်ဖြိုးခြင်း၊ တိုးပွားခြင်းငှာလည်း မစားရဘူးတဲ့။


မြတ်စွာဘုရားက အစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြထားတယ်။
(က) ဤကိုယ် တည်တံ့ရန်
(ခ) မျှတရန်
(ဂ) ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်
(ဃ) ဆာလောင်မွတ်သိပ်ခြင်း ငြိမ်းရန်
(င) မြတ်သောအကျင့်ကို ချီးမြောက်ရန် အကျိုးငှာသာလျှင် အစာအာဟာရကို စားသောက်ရမယ်တဲ့၊ ဒီနေရာမှာ မြတ်စွာဘုရားက အစာအာဟာရကို စားသောက်ခြင်းကြောင့် ခံစားမှု ဝေဒနာအဟောင်း၊ ဒါက အစာမစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာကို ပယ်ဖျောက်ဖို့ ရည်ရွယ်ပြီး စားရမယ်။ ခံစားမှု ဝေဒနာသစ်ဆိုတာက အလွန်စားခြင်းကြောင့် ဖြစ်တတ်တဲ့ ဝေဒနာမျိုးလည်း မဖြစ်စေရအောင် ဆင်ခြင်တိုင်းထွာပြီး စားရမယ်။ ဘယ်လိုဆင်ခြင်တိုင်းထွာရမလဲဆိုတော့ ငါ့အား မျှတခြင်းသည် လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဆိုသော ရည်ရွယ်ချက်ထား၍သာ အစာအာဟာရကို စားရမယ်တဲ့။

စားဖွယ်(ဘောဇဉ်)၌
(၁) ရောင့်ရဲသူ၏အဖြစ် ”သန္တုဋ္ဌိတာ“ရှိရမယ်။
(၂) အတိုင်းအရှည်ကို သိသူ၏အဖြစ် ”မတ္တညုတာ“ရှိရတယ်။
(၃) စားဖွယ်ဘောဇဉ်ကိုဆင်ခြင်သူ၏အဖြစ် ”ပဋိသင်္ခါဘောဇဉ်“ရှိသူ ဖြစ်ရမယ်။
လို့လည်း ဟောတော်မူတယ်။

ဆရာဦးဆန်းလွင်၏ “မြတ်ဗုဒ္ဓ၏ ကိုယ်ရည်ကိုသွေး မြင့်မားရေးတရား (ပထမအကြိမ်) ၊ စာ(၁၅၇-၁၅၈)” - မှ ထုတ်နှုတ်ကူးယူပါသည်။

5 comments:

မြစ်ကျိုးအင်း said...

ပြန်လည်မျှဝေသူရဲ့ စေတနာကို မြင်ရပါတယ်ဗျာ
ဒီလိုစာစုလေးတွေ ဖတ်ရင်းနဲ့ ကျွန်တော်တို့လည်း
ဗုဒ္ဓတရား တော်တွေကို တစတစနဲ့ မှတ်သားဖြစ်ပါတယ်
နောက်ထပ် မျှဝေပေးမယ့် စာစုလေးတွေကိုလည်း မျှော်နေပါတယ်ခင်ဗျာ..
....ခင်မင်သောအားဖြင့်...

ကဗျာဦး said...

စာတွေလာဖတ်ပါတယ်ရှင်
အကျိုးများပါတယ်

တားမြစ် ထားသော... said...

ဖတ်တယ်ကိုမာရေးသျှင်။ နောက်တစ်ခါ ဘာတွေလာမှာပါလိမ့်လို့ မျှော်နေတယ်။

သုခမိန်

Anonymous said...

ဖတ်ရှု မှတ်သားသွားပါတယ်။ အသိတိုးစေတဲ့ ပို့စ်လေးတွေအတွက် ကျေးဇူးပါ ခင်ဗျာ။ ဆက်လက်စောင့်မျှော်ရင်း..။ နှလုံးလှအောင် သတိလေး ယှဉ်နေမိပါတယ်။ လေးစားလျက်..။

Anonymous said...

မှတ်သားသွားပါတယ်ဗျာ