Saturday, January 31, 2009

ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်




ကျနော့်မိတ်ဆွေတစ်ယောက်အတွက် မွေးနေ့လက်ဆောက်အဖြစ်ကျနော်ဖန်တီးခဲ့တဲ့ ကျနော်ရဲ့ ရင်နှစ်သည်းခြာ အနုပညာဖြစ်သလိုတစ်ချိန်တည်းမှာပဲကျနော်ရဲ့ သမ္မာကျမ်းစာ၊ကျနော့်ရဲ့ ကိုရမ်ကျမ်းစာလည်းဖြစ်ပါတယ်။E-Journal မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခု ချစ်သော ညီငယ်၊ ညီမငယ်များ နှင့် လူငယ်များအားလုံးအတွက် ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းပါတယ်။
ပုတုညှက်၊ဝေမှူးသွင် နှင့် ကိုဖိုးချိုတို့ ကျေနပ်နှစ်သက်နိုင်ကြပါစေ။
..................................................................................

ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်


နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး။
အမြောက်ကျည်ဆန်ဟာ
ပန်းအိုးအဖြစ်နဲ့ပဲ
အရိုးထုတ်တော့မယ်တဲ့။
ဘ၀ရဲ့ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။
လိပ်ပြာလှလှနဲ့
အိပ်ရာထခဲ့ကြပါကွဲ့။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့်ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။
သီအိုရီအသေတစ်ခုနဲ့
လူ့မြေကို မပေကျံပါစေနဲ့ကွဲ့။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ-
ဘ၀ကို ရင်ခုန်သလိုအရင်းအတိုင်းနေပါ။
ဣတ္ထိယကို မှီဝဲပါ။
အာရုံကို ဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့။
စိတ်ရဲ့သိပ်သည်းမှုကို
သိပ္ပံပညာအန်မတုနိုင်ပါဘူးကွဲ့။
သီချင်းဆိုကြ မောင်တို့ရဲ့!
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ
ဥစ္စာဓနတွေနဲ့
ဘ၀ကိုမပုပ်သိုးပါစေနဲ့ကွယ်…
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး။
အမြတ်ဆုံးတရားများ
ကပ်သုံးပါးကျော်ရုံတင်မဟုတ်။
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျည်းကျလို့။
တို့တွေဟာ
ဒိုင်ယာရီထဲ နေထိုင်ကြတယ်။
အဲသည်လိုနဲ့
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။
အထူးထူးအပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန်သိခဲ့ပြီ။
ရန်အပေါင်းကြောင့်
ဉာဏ်ပိုကောင်းခဲ့ပြီ။
လူ့ဘ၀ကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။

နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်နဲ့ငါ
လာရောင်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။
သင်ကဗျာလည်းစပ်တတ်ရဲ့မဟုတ်လား။
ဘယ်လိုလဲဆိုတော့ကာ
အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသမျိုးလေ
ကဗျာတွေက သူ့ကိုယ်ပေါ်မှာ
သူငယ်ချင်းတို့ရေ! E-Journal ရေ !
ကျနော်တော့
တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။……….။

မာရေးသျှင်

Kind of Art : Collage
Material : ရထားကဗျာစာအုပ်(မောင်ချောနွယ်) ဒုတိယအကြိမ်

4 comments:

Welcome said...

နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။
အားပေးလျက်ပါ။

ဝင်းဇော်

ဝါခေါင်မိုး said...

နောက်မဆုတ်နဲ့ မာရေးရှင်ရေ...
အားပေးလျှက်ပါ။

တားမြစ် ထားသော... said...

အရင်ကလည်းကြိုက်တယ်။ ထပ်ဝေမျှပေးတော့လည်း ကြိုက်တယ်။ ကောင်းတဲ့ ကဗျာပါ။

**********

ကိုမာရေးသျှင်ရေ မောင်ချောနွယ်ကဗျာစာအုပ်တွေ ဖတ်ချင်တယ်။ ဖြစ်နိုင်ရင် ဝေမျှပါ။ ဆိုင်တွေမှာမေးတာ မရလို့ပါ။

သုခမိန်(E-Journal)

ကိုရင်နော်ခင်လေးငယ် said...

အကို မာရေးသျှင်ရေ..

ကောင်းလိုက်တဲ့ ကဗျာ..
ဒီနေရာလေး အရမ်းထိတယ်..

((အာရုံကို ဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့။
စိတ်ရဲ့သိပ်သည်းမှုကို
သိပ္ပံပညာအန်မတုနိုင်ပါဘူးကွဲ့။))

စိတ်.. အဲ့ဒီ စိတ်တွေနဲ့ ပါဘဲ အကိုရာ...
ဟူးးးးးးး....