Thursday, November 6, 2008

thought from some words (1)



အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၁)

ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။



26-April-08 - ဂျာနယ်တစ်ခုရဲ့ အသက်ဟာ စာဖတ်သူဆိုပေမဲ့ ကိုယ်ကပဲ စာဖတ်သူကိုရွေးချယ်၊ သူကရွေးချယ်တာမှာ မပျော်မွေ့လေနဲ့။ ( e-journal )
ဒီဘလော့ဂ်လေးကို စလုပ်ကတည်းက စိတ်မှာခံစားမိတဲ့ အတွေးလေးပါ။ ကျွန်တော်ကိုယ်တိုင် တင်ခဲ့တာပါပဲ။ ပထမဆုံး စာစုလေးလည်း ဖြစ်နေပါတယ်။ အမှန်ကိုပြောရရင်တော့ ဒီစာစုလေးကို တင်ရင်ကောင်းမလား မကောင်းဘူးလား အတွေးဗျာများလိုက်ပါသေးတယ်။ ဘာလို့လည်းဆိုတော့ နည်းနည်း အတွေးရှုပ်သွားစေသလို ခံစားရလို့ပါပဲ။
တစ်ကယ်တမ်း ပြောချင်တာလေးကို စာဖတ်သူတို့ မဖမ်းမိမှာ စိုးရိမ်လို့ပါ။ ကျွန်တော်ပြောချင်တာက ဒီနေရာမှာ ဒီလိုစာတွေပဲရေးမယ်။ ပရိတ်သတ်အကြိုက် လိုက်ကပြနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခင်းပြချင်တာလေးတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ဥပမာ တစ်ခုဆောင်ချင်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝက ဖတ်ရတဲ့ မဂ္ဂဇင်းတစ်အုပ်ရှိပါတယ်။ သင့်ဘဝ မဂ္ဂဇင်းပါ။ သူတို့က သူတို့စာဖတ်သူကို ရွေးချယ်ပြီးမှ ချပြကြတာပါ။ တစ်ခြား မဂ္ဂဇင်းတွေလို စုံစုံလင်လင် ဟုတ်ချင်မှတော့ ဟုတ်ပါမယ်။ ဒါပေမဲ့ တန်ဖိုးကြီးတာတွေ အများကြီးနဲ့ပါ။ ကျွန်တော်က အားကျပါတယ်။ ခုချိန်မှာတော့ သင့်ဘဝ မဂ္ဂဇင်းလည်း ဆက်လက် မလည်ပတ်နိုင်တော့ပါဘူး။
ကျွန်တော်က ဒီဘလော့ဂ်လေးကိုလည်း အုပ်တစ်ချပ် သဲတစ်ပွင့်လို စာလာဖတ်သူတွေအတွက် ဖြစ်စေချင်တာပါ။ စာဖတ်သူကလည်း ရွေးချယ်မှာပါပဲ။ စိတ်ဝင်စားစရာရှိရင်၊ တစ်ခုခု သူတို့အတွက် ပေးနိုင်နေရင် ဖတ်နေမှာပါ။ သူတို့ပိုင်တဲ့ အဖိုးတန်အချိန်လေးမှာ ဘာမှမဟုတ်တာ တစ်ခုအတွက်တော့ စာဖတ်သူကလည်း အချိန်ဖြုန်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခံယူချက်လေးဖြစ်သလို၊ စာဖတ်သူကို တောင်းပန်စာလည်း မည်ပါတယ်။ အကြိုက်ခြင်းမတူလို့ အချိန်အလကားဖြစ်သွားရင် ကျွန်တော်တို့ကို မရွေးချယ်ဖို့ပါပဲ။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်လေးတွေကိုက
“ Our World Wide Web Community – thought: Knowledge: literature: ” ပါပဲ။ ကမ္ဘာ့ပင့်ကူအိမ် ကွန်ယက်ကြီးထဲက ပတ်ဝန်းကျင်လေးတစ်ခုပါ။ အတွေးအမြင်တွေ၊ အသိပညာတွေနဲ့ စာပေအကြောင်းကို စိတ်ဝင်စားသူတို့ ရှိနေတဲ့ အဝန်းအဝိုင်းလေးပေါ့ဗျာ။ ဒါပေမဲ့ စာဖတ်သူတို့က ကျွန်တော်တို့ ဆက်လက်ချီတက်ဖို့အတွက် အသက်ပါပဲ။

29-April-08 - သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုရဲ့ ရေသောက်မြစ်ကတော့ တခြားမဟုတ်ပါဘူး။ လောဘပဲ ဖြစ်ပါတယ်။ (တွိုင်ဘီ-အီကေဒါ ဆွေးနွေးခန်း)
ကျွန်တော်ကိုယ်တိုင် ဝေမျှခဲ့တဲ့ စာစုလေးပါပဲ။ ဆရာမြသန်းတင့်နဲ့ ဆရာမောင်သာမညတို့ နှစ်ဦးပေါင်းပြီး ဘာသာပြန်ထားတဲ့ စာအုပ်လေးထဲကပါ။ မဖတ်ရသေးရင်လည်း ဖတ်ကြည့်စေချင်တယ်။ ဒီနေရာမှာ အဲဒီစာအုပ်လေးထဲက အကြောင်းအရာလေးတစ်ခုကိုလည်း ဖော်ပြထားသေးတယ်။
ဒီစာစုလေးကို ခံစားမိတာကတော့ ကောင်းလိုက်တဲ့အတွေးပဲလို့ပါ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ တဖြည်းဖြည်းနဲ့ လူသားတွေအတွက် “ကိုယ်လုပ်တဲ့ဒဏ် ကိုသာခံ”ဆိုသလို ပြန်လည် ခြိမ်းခြောက်လာတာကတော့ သဘာဝပတ်ဝန်းကျင်ပါပဲ။ ညစ်ညမ်းလာတဲ့ သဘာဝကြီးကို သေသေချာချာ လေ့လာပြီး ပြန်ဆန်းစစ်မယ်ဆိုရင် လောဘတစ်ကြီးနဲ့ ကျွန်တော်တို့တစ်တွေ ပြုမူခဲ့ကြလို့ပါပဲ။ သစ်ပင်တွေခုတ်မယ်။ တောင်တွေဖြိုမယ်။ မြို့သစ်တွေတည်မယ်။ ရေနံတွေတူးမယ်။ စက်မှုထွန်းကားတယ်ဆိုတဲ့ စက်ရုံတွေက မီးခိုးတွေနဲ့ အဆင့်မြင့်လာတယ်ဆိုတဲ့ လူနေမှုဘဝရဲ့ မော်တော်ကားတွေက မီးခိုးငွေ့တွေ။ အစုံပါပဲ။ သဘာဝကို ဝိုင်းဝန်းလို့ လောဘတစ်ကြီး စားသုံးကြတာ ခုတော့ သူ့ခမျာ နလန်မထူနိုင်အောင်ပါပဲ။ တစ်ခုဆိုးသွားတာက (ဒါမှမဟုတ် ကျွန်တော်တို့တစ်တွေ မျက်ခြေပြတ်သွားတာက) ကျွန်တော်တို့ကိုယ်တိုင် သဘာဝတရားကို မှီခိုနေရတာပါပဲ။
အဲဒီတော့ ညစ်ညမ်းနေပြီဆိုတဲ့ သဘာဝတရားကို ပြုပြင်ကြရာမှာ အခြေခံအကျဆုံးအချက်က ကျွန်တော်တို့တစ်တွေရဲ့ လောဘပဲမဟုတ်လားဗျာ။ ကိုယ်တိုင်မှီခိုနေရတဲ့ သဘာဝတရားကြီးကို ကိုယ့်လောဘနဲ့ကိုယ်ပဲ ဖျက်ဆီးမိနေတာပါ။ ဆင်ခြင်စရာတစ်ခု မဟုတ်ပါလားဗျာ။

ကဲ၊ ဒီတစ်ခါတော့ ဒီလောက်ပါပဲ။ အစောပိုင်းတွေမှာက ကျွန်တော်ပဲ စာစုလေးတွေ တင်တာများလို့ ကျွန်တော့် အတွေးတွေနဲ့ ကျွန်တော့်အမြင်တွေပဲ ဖြစ်နေတာကိုတော့ နားလည်ပေးစေချင်ပါတယ်။ ဆက်ရန်ပေါ့ခင်ဗျာ။
သုခမိန်။…..။

6 comments:

တားမြစ် ထားသော... said...

ကျွန်တော် အတွေးအမြင်ကဏ္ဍလေးကို နှစ်သက်သဘောကျပါတယ်၊ ဖတ်မိတိုင်း စဉ်းစားမိသလို ကိုယ့်အတွေးသူ့အတွေး ကိုက်မကိုက်၊ ညီမညီ အမြဲတမ်း သုံးသပ်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ကဏ္ဍလေး ဖြစ်တာမို့ ဆက်လက်အားပေးလျှက်ပါခင်ဗျာ ...။

ခင်မင်လေးစားစွာဖြင့်

အိမ်မက်ရှင်

***********
ကိုအိမ်မက်ရှင်ရေ မေးလ်မှာက ကွန်မန့်ရောက်နေတယ်။ ကိုယ်စားပဲ ကွန်မန့်ကို တင်ပေးလိုက်ပါတယ်။

Unknown said...

အခု post ရော Link ပေးထားတဲ့post ရော..တော်တော်ကောင်းပါတယ်...အခုခေတ်ရဲ့အခြေအနေမှာ..environmental and personal situation တွေမှာ physically and mentallyအရဖြစ်ပျက်နေတာတွေတော်တော်ဆိုးနေပါပြီ...အခုအဓိကထိန်းစေချင်တာ...တို့မြန်မာနိုင်ငံမှာ...ကိုယ့်တိုင်းပြည်..ကိုယ့်လူမျိုး....ကိုယ့်ယဉ်ကျေးမှု..ကိုယ့်ဘာသာ..ကိုယ့်သိက္ခာ....
အင်းးးးးးးးဘယ်လိုလုပ်ကြမလဲ...

ရွက်ဝါ said...

ကိုသုခမိန်တို့ကတော့ အတွေးကောင်းပါ့ဗျာ။ သတိမထားမိခဲ့ဘူး။ ခုလိုပြန်ဖော်ပြမှ သေခြာသတိထားမိတော့တယ်။ နောက် နံပါတ်စဉ်တွေ စောင့်နေတယ်။ :)

မသက်ဇင် said...

ကိုသုခမိန်ရေ---
အတွေးအမြင်ကဏ္ဍလေးကို နှစ်သက်သဘောကျပါတယ်----
ကိုယ်တိုင်မှီခိုနေရတဲ့ သဘာဝတရားကြီးကို ကိုယ့်လောဘနဲ့ကိုယ်ပဲ ဖျက်ဆီးမိနေတာပါ။
စာပိုဒ်လေးကလည်းမှန်တာပေါ့ရှင်----
အတွေးအမြင်အတွက်--အတွေးတွေရှင်သန်
နေမိပါတယ်--ဆက်ရေးပါရှင်---အဆက်ကို မျှော်
နေပါ့တယ်---

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

၂၊ ၃၊ ၄၊ ၅ . . . . လာပါဗျို့။

Anonymous said...

တွေးတောစရာတွေပေးပါ့ဗျာ