Sunday, November 16, 2008

Quotable Quotes


အခု ကျနော့်စာအုပ်ကလေးထဲမှာ မှတ်ထားတဲ့ အဆိုအမိန့်တချို့ကို ပြန်ရေးပြချင်ပါတယ်။ ဘယ်သူရေးသလဲဆိုတာကိုတော့ အသေအချာ မသိပါဘူး။ ဖတ်ဖူးသူတွေလည်း ရှိမှာပါ။ ဖတ်ဖူးတယ်ဆိုတော့လည်း အပျင်းပြေ နောက်တခေါက် ဖတ်သွားကြပေါ့ဗျာ။ သူတို့ရေးထားတာတွေအပြင် ဆိုင်ဆိုင်မဆိုင်ဆိုင် ကျနော်ထပ်ပွားထားတာတွေပါ ဖတ်လို့ရတာပေါ့။



If there were no one to watch them drive by, how many people would buy a Mercedes?
လိုက်ငေးပြီးကြည့်သူမရှိရင် ဘယ်သူတွေကများ မာစီးဒီကိုဝယ်မှာလဲ။

- ကိုင်း ဘယ်နှယ့်ရှိစ။
လူတစ်ယောက်က လူ့သဘော လူ့မနောအရ ကြွားချင်ဝါချင်တာရယ်၊ လူအများက သူ့ကို အထင်တကြီးရှိတာကို သဘောကျကြောင်းကို ပေါ်လွင်စေတဲ့ စာကြောင်းလေးပါပဲ။
ကားကိုမစီးဘဲ နာမည်ကို စီးကျသလို၊ ဆေးလိပ်ကို မသောက်ဘဲ နာမည်ကို သောက်ကြသလိုပေါ့။ အခြားဘက်ကကြည့်တော့လည်း ပစ္စည်းတခုရဲ့ နာမည်ကိုသာ ယုံကြည့်လိုက်ရင် အရည်အသွေးဆိုတာကလည်း အလိုလို စိတ်ချပြီးသား ဖြစ်သွားတာပါပဲ။ နာမည်ကိုယုံပြီး ပုံအောချလို့လည်း မှားတဲ့အခါတွေလည်း ရှိမပေါ့။ ထားတော့ လိုရင်းကနေ ဝေးသွားတော့မယ်။

Our character is what we do when we think no one is looking.
လူတစ်ယောက်ရဲ့ အမူအကျင့်ဆိုတာက သူ့ကို ဘယ်သူမှ ကြည့်မနေတဲ့အချိန်မှာ သူဘာလုပ်နေသလဲ ဆိုတာပါပဲ။

- ဗုဒ္ဓမြတ်စွာဘုရားက မကောင်းမှုကို ဆိတ်ကွယ်ရာမှာတောင် မပြူပါဘူး။
ကျနော်တို့ သာမန်ပုထုဇဉ်လူသားတွေလည်း လူအများရှေ့မှာရော နောက်ကွယ်မှာပါ မကောင်းမှုတွေကို မပြုမိအောင် မိမိကိုယ်ကိုထိန်းသိမ်းသင့်ပါတယ်။ ကျနော်ကြားဖူးတဲ့ အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်အကြောင်းကို ပြန်ဖောက်သည်ချပါဦးမယ်။ ပညာရှင်ရဲ့ နာမည်ကိုတော့ မေ့နေပါပြီ။ လက္ခဏာဆရာ တစ်ယောက်က (အကြားအမြင် ဆရာတစ်ယောက်လည်း ဖြစ်နိုင်တယ်) ပညာရှိကြီးကို အလွန်ကို တဏှာရာဂစိတ်ပြင်းပြတယ်လို့ ပြောပါသတဲ့။ တပည့်တပန်းတွေက သူတို့ဆရာက မကောင်းတာတခုမှ မလုပ်တဲ့အကြောင်း၊ ဒီလိုကိစ္စအရှုပ်အရှင်းလည်း မရှိကြောင်းပြောပြီး၊ ဒေါသတွေဖြစ်ကာ ဟောတဲ့သူကို တခုခုလုပ်မယ်လုပ်တော့ ပညာရှိကြီးကတားပါသတဲ့၊ သူပြောသလို မူရင်းအမှန်က တဏှာစိတ်ပြင်းပြတာမှန်တဲ့အကြောင်း၊ သူကိုယ်သူ ထိန်းသိမ်းလို့သာ ဒီလို အစွန်းအထင်းတွေ မရှိတာဖြစ်ကြောင်းပြောပြရပါသတဲ့။ မကောင်းဘူး၊ ကောင်းတယ်ကို ခွဲခြားသိတယ်ဆိုရင် တတ်နိုင်သမျှ သတိကပ်ပြီး ကျွန်တော်တို့လည်း မပြုလုပ်သင့်တာတွေကို မလုပ်ဖြစ်အောင် ဆင်ခြင်သင့်ကြောင်းပါ။

No one is guaranteed happiness. Life just gives each person time and space. It's up to us to fill it with joy.
ဘယ်သူ့ကိုမှ ပျော်ရွှင်ရမယ်လို့ အာမမခံပါဘူး။ လူတိုင်းကို အချိန်ရယ် နေရာရယ်ပဲ ပေးတာပါ။ ပျော်ရွှင်တာတွေနဲ့ ဖြည့်ဆည်းရမှာကတော့ ကျနော်တို့ တာဝန်ပါ။

- အင်း ကျနော်တို့တွေ အသက်အရွယ်တွေကြီးလာတော့ အချိန်အခါရယ် နေရာဒေသရယ်ကြောင်း ပျော်ရွှင်စရာတွေ အတော်ခေါင်းပါးတာကို တွေ့နေရပါတယ်။ (အရမ်းကို ပျော်နေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။) ကျနော်တို့တတွေ စိတ်ဆင်းရဲခြင်း သပ်သပ်နဲ့ ဘဝမှာ အချိန်ကုန်လွန်သွားရင်တော့ မဟုတ်သေးပါဘူး။ ရတဲ့အချိန်ရယ် နေရာဒေသရယ်ပေါ်မှာ ရသလောက်နဲ့ ကိုယ့်အတွက် ကျန်အောင် (ကိုယ့်စိတ်ကျေနပ်မှုရအောင်) တခုခုလုပ်သင့်ပါတယ်။ နေနေတဲ့အချိန်လေးမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ တခုမဟုတ် တခုရအောင် ကြံစည်ပြီး နေကြည့်ကြရအောင်ဗျာ။

Luck is what happens when preparation meets opportunity.
အခွင့်အလမ်းနဲ့ ကြိုတင်ပြင်ဆင်ထားတာ ထိပ်တိုက်တွေ့တဲ့အခါ ကံကောင်းတယ်ဖြစ်လာတယ်။

- ကိုယ့်ကိုယ်ကို ကံမကောင်းပါလား တွေးမိနေတဲ့ ဘော်ဒါတို့ရေ - အားတင်းကြတာပေါ့ဗျာ။ တတ်နိုင်သလောက် ပြင်ဆင်ထားမယ်၊ အခွင့်အလမ်းတွေအတွက် မျက်စိ၊ နားဖွင့်ထားမယ်။
(အခွင့်အလမ်းနဲ့ ပြင်ဆင်ထားတာက တသက်လုံးလည်း မတွေ့ဘဲ ဖြစ်သွားနိုင်တာကိုလည်း သတိရပါလေ။)

If you're headed in the wrong direction, God allows U-turns.
လမ်းမှားနေရင် ဘုရားသခင်က ဂ-ကွေ့ကွေ့ခွင့်ပေးသတဲ့။

- လူ့ဘဝမှာ ဆုံးဖြတ်ချက်အမှားတွေချတဲ့အခါချ၊ လမ်းအမှားတွေရွေးတဲ့အခါ ရွေး၊ ဒီလိုပဲ မှားတဲ့အခါမှာလည်း မှားပေမပေါ့ဗျာ။ အင်း မှားမှန်းသိတဲ့အခါမှာတော့ ပြန်ပြင်ဖို့ လိုတာပေါ့။ ပြန်လည်း ပြင်ဆင်ဖို့ရာက အချိန်တွေကြာရင်လည်း ကြာနေနိုင်ပါတယ်။
(ဘုရားသခင်က ခွင့်ပြုပေမယ့် တကယ့်တကယ်က ဂ-ကွေ့ ကွေ့လို့ မလွယ်တဲ့ လမ်းတွေလည်း ရှိပါတယ်လို့ ဘုရားသခင်ကိုတောင် ပြန်ပြောလိုက်ချင်သေး ဟဲ ဟဲ)

A person who is always telling you how honest he is probably has his own suspicions.
ကိုယ့်ကိုယ်ကို သိပ်ရိုးသားပါတယ်လို့ ပြောလွန်းသူတစ်ယောက်က သူ့ရိုးသားမှုကိုလည်း သံသယရှိပုံရပါတယ်။

- စိတ်မလုံတော့ ပါးစပ်က တတွတ်တွတ်ထွက်တာမျိုး၊ စာလုံးမဲကြီးတွေနဲ့ ရေးတာမျိုးတွေ ဖြစ်မယ်ထင်တယ်။ ဆင်ခြင်ကြကုန်။

ပြောမှားဆိုမှား ရေးမှားရှိရင်လည်း ပြင်ဆင်ပေးကြပါလေ…


8 comments:

မယ် said...

ဝေမျှထားတဲ့အဆိုအမိန့် တွေအတွက်ကျေးဇူးပါရှင်...
မယ်

အလင်းစေတမန် said...

တတ်နိုင်သမျှ သတိကပ်ပြီး နေနိုင်အောင်ကြိုးစားပါ့မယ်

တားမြစ် ထားသော... said...

အဆိုအမိန့်လေးတွေက အားလုံးပဲ သဘောကျစရာပါ။ တစ်ခုခြင်းစီကို ကောင်းနေပါတယ်။ ပြောပြထားတာလေးတွေကိုလည်း သဘောကျသဗျ။ ဒါနဲ့ သားလည်း တစ်ခါတစ်လေဆို စာလုံးတွေကို Bold တင်တတ်တယ်ဗျ။ ဒါပေမဲ့ ကျွန်တော့် ရိုးသားမှုအတွက် သံသယမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တကယ် မရိုးသားနိုင်တာကို သိနေတယ်ကိုး။ တစ်ချို့လူတွေလည်း ဒီလိုပဲနေမှာပါ။ ဆင်ခြင်ကြကုန်။း)

***********

ကိုကေဇက် အလုပ်တွေ၊ စာတွေနဲ့ မအားတဲ့ကြားက အခုလိုပါဝင် ဆင်နွှဲပေးတာ ကျေးဇူးတင်သဗျာ။ အရင်လိုပါပဲ။ တစ်ခုဆိုတစ်ခု ဖတ်စရာ အကောင်းစားလေးပါပဲ။

ပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ။

သုခမိန်(E-Journal)

pandora said...

ဒါလေးတွေက လူကို ပြန်သတိပေးစေတယ်။
ဝေမျှပေးတာ ကျေးဇူးပါ။

Anonymous said...

ဆက်တွေးဖို့ သိပ်ကောင်းတဲ့ အတွေးလေးတွေကို ဒီအတွေးအခေါ်လေးတွေက ပေးသွားပါတယ် ကိုကေဇတ်။

ခင်မင်လေးစားစွာဖြင့်

ဝါခေါင်မိုး said...

ခုလို အဆိုအမိန့်တွေ တင်ထားပေးတာ ကျေးဇူးတင်ပါတယ်။
E-journal ကိုလာလည်တာ
အဖိုးတန်စာတွေ အများကြီးဖတ်ခွင့်ရတာမို့
နေ့တိုင်းလာလည်တယ်နော်။

Welcome said...

အဖိုးတန်တဲ့ အဆိုအမိန့်တွေအတွက် ကျေးဇူး တင်ရှိစွာ ဖတ်ပြီး၊ ယူသွားသင့်တာ ယူသွားပါတယ်၊ ဆက်လက်မျှဝေပေးနိုင်ပါစေ ခင်ဗျာ
လေးစားလျက်
http://winzaw-mdy.blogspot.com

Han Thit Nyeim said...

ကောင်းတယ်ဗျာ...။ အခုလို မျှဝေပေးတာ ကျေးဇူးပဲဗျို့။