Tuesday, July 22, 2008

The Leader of Myanmar




"...နေသောင်းထောင် အရောင်မညိုးသလိုပ
ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့
ရွှေဒေါင်းတောင် ကလောင်တစ်မျိုးရယ်နှင့်......"


“၁၉ဇူလိုင်ပြီးလျှင်…..”



ဒီ ဇူလိုင် နှင့် ကျနော်တို့ မြန်မာ့သမိုင်းက မစိမ်းခဲ့ပါဘူး။ လွန်ခဲ့သော ၁၉ဇူလိုင်ပြီးလျှင် ယခု ၂၃ဇူလိုင်ပါ။ ဒါပေမဲ့ ဒီ၂၃ဇူလိုင် ကိုတော့ သိတဲ့သူနဲပါတယ်။ ဒီ၂၃ဇူလိုင်နှင့် ပတ်သတ်နေသော ပုဂ္ဂိုလ်ကတော့ ‘ဆရာကြီးသခင်ကိုယ်တော်မှိုင်း’ ပါ။ ကျနော်တို့ မြန်မာ့ သမိုင်းမှာ သူ့အကြောင်းသာ မပါခဲ့လျှင် မြန်မာ့ သမိုင်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်မှာပါ..။ဘာကြောင့် ပြောနိုင်သလဲ ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ “လွတ်လပ်ရေးရဲ့ ဖခင်ကြီး” “အမျိုးသား ခေါင်းဆောင်ကြီး” “တပ်မတော်ရဲ့ ဖခင်ကြီး” လို့ အမြဲတမ်း ဂုဏ်ပုဒ်တွေ အတတ်ခံရသော အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တောင် နိုင်ငံရေး အတွေးအခေါ်တွေနဲ့ ပတ်သတ်လာလျှင် ဆရာကြီးရဲ့ အရှိန်အဝါ အောက်က မလွတ်ခဲ့ပါဘူး။ စာဖတ်သူတို့ လဲ သိတဲ့အတိုင်း ဆရာကြီး ဟာ မြန်မာ့ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အင်မတန် ကျော်ကြားခဲ့ပါတယ်။ ဆရာကြီးနဲ့ ပက်သတ်လာလျှင် “အမျိုးသားစာဆို ဆရာကြီးသခင် ကိုယ်တော်မှိုင်း” “ခေတ်ပေါ်ကဗျာ ခေါင်းဆောင်ကြီး” “အမျိုးသားညီညွတ်ရေး ဗိသုကာ” “လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်” “ငြိမ်းချမ်းရေးဖခင်ကြီး” “တက္ကသိုလ်ရဲ့ ဖွားဘက်တော်” အစသဖြင့် အမျိုးမျိုးသော ဂုဏ်ပုဒ်တွေ ကလဲ တပ်လို့ မကုန်နိုင်ပါဘူး..။ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကို ၁၈၇၆ မတ်လ ၂၃ရက်(ကြာသပတေး)နေ့ တွင် အဖဦးစံထွန်း၊အမိဒေါ်အုန်းတို့က ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ဝါးလည်ရွာတွင် မွေးဖွားခဲ့ပြီး၊ ၁၉၆၄ ဇူလိုင်လ ၂၃ရက်(ကြာသပတေး)နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။ ယခုဆိုလျှင် ဆရာကြီး ဆုံးသွားတာ ၄၄နှစ်ပြည့်သွားပါပြီ…။ ဆရာကြီး ကိုလွမ်းဆွတ် သတိရသောအားဖြင့်…. ဆရာဇော်ဂျီ ရေးသားသော ရသစာပေ နိဒါန်း စာအုပ်မှ… အပိုင်းအစလေး ကို ဖော်ပြပါရစေ..။
နိုင်ငံရေးသမားတို့သည် ဆရာကြီးကို မည်ကဲ့သို့ မြင်ကြမည်ကို မခန့်မှန်းတတ်ပါ။ ကျွန်တော်တို့ စာပေသမားများကမူ ဆရာကြီးကို လူပဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် သီလသမာဓိပညာနှင့် ပြည့်စုံ၍ု ပြည်သူလူထုအပေါ်၌ မေတ္တာအထားဆုံးဖြစ်သော စာဆိုဟူ၍ လည်းကောင်း၊ စာရေးဆရာတစ်ဦးအဖြစ်ဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ရေး ရရာရကြောင်းအတွက် ကျေးဇူးအပြုဆုံးဖြစ်သော စာဆိုဟူ၍ လည်ကောင်း တန်ဖိုးထားချင် ပါသည်။ကျွန်တော်တို့ ခေတ်တွင်သာမက နောင်လာမည့် ခေတ်အဆက်ဆက် တိုင် တန်ဖိုးထားကြလိမ့်မည်လို့ ဆိုရဲပါသည်။
၁၉၁၈ခုနှစ်လောက်ကစပြီး ၁၉၅၃လောက်အထိ အနှစ်နှစ်ဆယ်နီးပါး ကဗျာဆိုခဲ့သော ဆရာကြီးသည် အာရှတိုက်၌ ယခုတိုင်သတင်းမွှေးနေသော အိန္ဒိယစာဆို တဂိုးနှင့် လည်းကောင်း၊ တရုတ်ဝတ္ထုရေးဆရာ လူရွှန်းနှင့်လည်းကောင်း တူပါသည်ဟု ယူချင်ပါသည်..။တူပုံမှာ တဂိုး၏ကဗျာများသည် အိန္ဒိယ ပြည်သူလူထု မျက်စေ့ ပွင့်ရေးအတွက် လည်းကောင်း၊လူရွှန်း၏ ဝတ္ထုများသည် တရုတ်ပြည်သူလူထုအတွက် မျက်စေ့ ပွင့်ရေးအတွက်လည်းကောင်း၊ အခြေခံဖြစ်ခဲ့ကြသကဲ့သို့ ၊ ဆရာကြီး၏ ကဗျာများသည်လည်း မြန်မာတိုင်းရင်းသား ပြည်သူလူထု မျက်စေ့ပွင့်ရေးအတွက် အခြေခံ ဖြစ်ခဲ့သည်ဟု ယူပါသည်.။ ထိုခေတ်ထိုအခါက အိန္ဒိယသည် ဗြိတိသျှ နယ်ချဲ့၏ စိုးမိုးမူ့ကိုခံနေရသည် ဖြစ်ရာအိန္ဒိယတို့၏ ဇာတိမာန်သည် ကျဆုံးလျှက်ရှိ၏။ ထိုသို့ ဖြစ်ရသည်မှာ အိန္ဒိယ၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှုတို့ကို အထင်သေးနေခြင်းတည်းဟူသော အပြစ်ကြောင့် ဖြစ်သည်ဟု တဂိုးက မြင်သည်။ ထိုအပြစ်ရှိနေသမျှ ကာလပတ်လုံး ဇာတိမာန်မရှိနိုင်၊ ဇာတိမာန်မရှိလျှင် အိန္ဒိယလွတ်လပ်ရေး အတွက် ကြိုးပမ်းချင်စိတ်မရှိနိုင်ဟုလည်း တဂိုးကမြင်သည်။ ထို့ကြောင့် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို အခြေခံပြုလျှက် ဂီတဉ္စလီ စသော ကဗျာတို့ကို ရေးသားခြင်းအားဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကို နှိုးဆော်ပေးခဲ့သည်။
တဖန် တရုတ်ပြည်သည် လွတ်လပ်သောနိုင်ငံဖြစ်နေသော်လည်း၊စီးပွးရေးအားဖြင့် သော်လည်းကောင်း၊ လူမှုရေးအားဖြင့် သော်လည်းကောင်း၊ ဥရောပ နယ်ချဲ့နှင့် ပြည်တွင်း ဧကရာဇ်၊ ပဒေသရာဇ်တို့၏ ဒဏ်ကိုခေါင်းငုံ့၍ ခံနေရသည်။ ထိုသို့ဖြစ်ရသည်မှာ အထက်တန်းလွှာတို့၌ စည်းစိမ်ယစ်မူးနေကြခြင်း အပြစ်ကြောင့် လည်းကောင်း၊ ၊ပြည်သူလူထု၌ အကြိုးမပြု ခေတ်မမှီတော့သော အစဉ်အလာ အယူအဆအချို့ကို မပြောင်းလဲ ချင်ကြသောကြောင့်လည်းကောင်း ဖြစ်သည်ဟု လူရွှန်းမြင်သည်။ ထိုအပြစ်တို့ ရှိနေသမျှ ကာလပတ်လုံး တရုတ်ပြည်သည် ဥရောပနယ်ချဲ့ ၊ ပြည်တွင်း ဧကရာဇ် ပဒေသရာဇ် တို့၏ ဒဏ်ကို တွန်းလှန်ခြင်းမပြုနိုင်။ တွန်းလှန်ခြင်းမပြုနိုင်လျှင် တိုးတက်ခြင်းမရှိနိုင်ဟုလည်း လူရွှန်းမြင်သည်။ ထို့ကြောင့် လူရွှန်းသည် ထို အပြစ်တို့ကို ပြည်သူလူထုက မြင်လာ၍ ရှုတ်ချချင်ကြအောင် ၊ စွန့်ချင်ကြအောင်၊ ထိုအပြစ်တို့ကို ရှုတ်ချ၍လည်းကောင်း၊ သရော်၍လည်းကောင်း၊ ဝတ္ထုတစ်မျိုး၊ ဆောင်းပါးတစ်ဖုံရေးကာ ပြည်သူလူထု၏ မျက်စိဖွင့်ကိုပေးခဲ့သည်..။
မြန်မာပြည်သည်လည်း ထိုခေတ် ထိုအခါကသော် အိန္ဒိယနှင့် တလှေတည်း စီး တစ်ခရီးတည်း သွားနေသော တိုင်းပြည်ပင်ဖြစ်ရာ အိန္ဒိယမှာကဲ့သို့ပင် မြန်မာ့ဇာတိမာန် သည် ကျဆုံးခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ မြန်မာပြည်၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှု၊ တို့ကို အထင်သေးနေကြခြင်းကြောင့် တည်းဟူသော အပြစ် ကြောင့် ဖြစ်ရသည်ဟု အိန္ဒိယ၌ တဂိုးမြင်သလို မြန်မာပြည်၌လည်း ဆရာကြီး ပြတ်ပြတ်သားသား မြင်ခဲ့သည်။ ထိုအပြစ်ကို ပွဲဦးထွက် လုပ်ငန်းတစ်ရပ် အဖြစ်ဖြင့် ချေဖျက်နိုင်မှသာ မြန်မာပြည်၏ လွတ်လပ်ရေးလမ်းစဉ် ဖြောင့်ဖြူးမည်ဟု လည်း ဆရာကြီး ကောင်းစွာသဘောပေါက် ခဲ့သည်။ အိန္ဒိယတွင် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ခံကတုတ်ပြုကာ အိန္ဒိယဇာတိမာန် ကျဆုံးမှုကို တိုက်ဖျက်ခဲ့သည်.။ မြန်မာပြည်၌ကား ဆရာကြီးသည် အတိတ်မြန်မာ့ ရာဇဝင်မှ မြန်မာ့ ဂုဏ်ရည် အစိတ်အပိုင်းကို ပဓာနအားဖြင့် ခံကတုတ်ပြုကာ မြန်မာ့ဇာတိမာန် ကျဆုံးမှု ကို တိုက်ဖျက်ခဲ့သည်။ ၁၉၁၃ ခုနှစ်၊ ဗိုလ်ဋီကာ ဆောင်းပါးများကို ရေးသည်မှ အစပြု့၍ မှာတော်ပုံဝတ္ထု၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ မျောက်ဂဏ္ဍိ၊ ခွေးဋီကာ၊ သခင်ဋီကာတို့ကို ဆက်တိုက် ရေးကာ ရာဇဝင်နီတိ ဆောင်းပါးများ ကိုရေးသည်အထိ ယုံယုံ ကြည်ကြည် တိုက်ပွဲဝင်၍ မြန်မာတိုင်းရင်းသား ပြည်သူတို့ ၏ မျက်စိကို ဖွင့်ပေးခဲ့ သည်.။
သူ့စာတွင် ‘ ဘမရာပလ္လင် သောင်းမြေ့ပဟိုရ်နှင့် ကြငှန်းဆီက၊ သမ္ဘာမထင် ဒေါင်းငွေ့ညိုသနဲ့ သန်းပေမဲ့၊ ရာဇဝင် ကောင်းပေ့ဆိုတဲ့ အခန်းတွေနှင့် သိမ်ဦးရွာတောင် မှာ စိန်ခြူးကြာညောင်နဲ့ လွမ်းချိန်မို့ ၊ ဆရာအရှင်မှာ ရာဇဝင်နဲ့ ထမ်းရပေမပေါ့’ ဟု ဆရာကြီး ကိုယ်တိုင် အတိအလင်း ကြွေးကြော်ခဲ့ သည်ကို ထောက်ခြင်းအားဖြင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ၌ အတိတ်ကမြန်မာရာဇဝင် မှ မြန်မာ့ဂုဏ်ရည် ခံကတုတ်ကို ဆရာကြီး အသုံးပြုမည်ဖြစ်ကြောင်း ဆရာကြီး သန္နိဋ္ဌာန်ချခဲ့ကြောင်းကို သိနိုင်သည်။
ထိုခေတ်အခါ က တေးကဗျာတို့၏ စကားအသိမ်အမွေ့ ၊ အယဉ်အကျေး အနုအနွဲ့ ပလီပလာ တီတီတာတာ သက်သက်တို့ ၌သာ မိန်းမောနေကြသော အခြားကဗျာ ဆရာအချို့ သည်လည်းကောင်း ကျမ်းဂန်စာပေများထဲ ၌သာ ပါပြီးသားဖြစ်သော အသိပေးစကား သက်သက်တို့ ကိုသာ ချွတ်စွပ် ဖောက်သည်ချကာ ခံညားထည်ဝါနေကြသော စာရေးဆရာ အချို့သည် လည်းကောင်း၊ ဆရာကြီး၏ ကဗျာများကို ပေါ့ပေါ့ တန်တန်မျှထင်မှတ်ခဲ့ ကြသည်။ အချို့သည် အကာကိုပင် အနှစ်ထင်နေ၍ အပြစ်တင်လွဲခဲ့ကြသေးသည်.။ ဥပမာ- ဆရာကြီး သည် မိမိရေးလေ့ရှိ သော မန်ကျည်းရွက်သတ် နဘေထပ်လေးချိုးရှည်များကို မဟာကဗျာ လေးချိုးကြီး ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုသို့ သော လေးချိုးအစပ်များသည် ထိုအခါ ကသော် ဇတ်ပွဲ၊ ရုပ်သေးပွဲတို့၌ ငိုချင်းအတွက် သုံးစွဲသော အစပ်မျိုး ဖြစ်သည်.။ ထိုအခါ ထိုအချိုးထဲကမှ ‘တေးမျိုး အပြီး မသာမယာကို လေးချိုးကြီး မဟာကဗျာ ရယ်လို့ ခေါ်ရက်လေခြင်းဟု’ ကဲ့ရဲ့ သူများပေါ်ခဲ့သည်..။ထိုသူတိုသည် ဆရာကြီး၏ ကဗျာဥာဏ် တန်ဖိုးအစစ်အမှန်ကို မမြင်ခဲ့ပေ။ နာမ ပညတ်လောက်ကိုသာ ရေးကြီးခွင့်ကျယ် မြင်ခဲ့ကြသည်ဟု ထင်မိသည်။ အနုပ်မက်၍ အခွက်ပျက်ရသော သဘောမျိုး နှင့်တူသည်။
ထိုခေတ်ထိုအခါက ထိုသို့ မြင်တတ်ကြ၍ ထိုသို့ ပေါ့ပေါ့ တန်တန် မှတ်ထင်ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ယခုခေတ် ယခုအခါ၌ပင် ဆရာကြီး၏ ကဗျာဥာဏ်တန်ဖိုးကို မြင်တတ်အောင် အားမထုတ်လိုကြသော စာသင်ဆရာ ပညာရှိ အခေါ်ခံသူ အချို့ အစိတ်အပိုင်း၌ ဆိုခဲ့သော အယူအဆမျိုးနှင့် အမှတ်အထင်တို့ ရှိနေကြသေးသည်ကို တွေ့နေလျှက် ဖြစ်သည်။ သို့ရာတွင် ဆရာကြီးသည် ထိုခေတ်ထိုအခါကပင် သူ့စိတ်ကိုသူ သိပြီးဖြစ်သဖြင့် မသိသူ၊ တန်ဖိုးမဖြတ်တတ်သောသူတို့၏ အဆိုအမိန့် အသေးအဖွဲတို့ကို သူ့စကား အစစ်ဖြင့် ၊နှစ်သက်ဖွယ်ဖြစ်အောင် မမှိတ်မသုန် ရေးချယ်ခဲ့သည်။ ထိုသို့ ရေးခဲသောကြောင့် မြန်မာပြည်သူလူထုသည် ဆရာကြီး၏ ကဗျာတို့ မှာတဆင့် အတိတ်မြန်မာ ရာဇဝင် အဖြစ်အပျက်များတွင် ချီးကျူးသင့်သည်ကို ချီးကျူးလာတတ်သော ပညာကိုလည်းကောင်း၊ ကရုဏာဖြစ်သင့်သည်ကို ဂရုဏာဖြစ်လာတတ်သော ပညာကိုလည်းကောင်း၊ အားတတ်သင့်သည်ကို အားတတ်လာသော ပညာကိုလည်းကောင်း၊ နှမြောသင့်သည်ကို နှမြောတတ်လာတတ်သော ပညာကိုလည်းကောင်း၊ တတ်မြောက်လာကြ၍ မီးခဲပြာဖုံး၊ ဇာတိမာန်စိတ်ဓါတ်ကို ပြန်လည်ရရှိလာသည်ဟု ယူပါသည်.။ ပုဂံခေတ်ဘွဲ့၊ အင်းဝခေတ်ဘွဲ့၊ တပင်ရွှေထီးဘွဲ့၊ တောင်ငူရာဇာဘွဲ့၊ အလောင်းမင်းတရားဘွဲ့၊ မင်းတုန်းမင်းဘွဲ့၊ ဗိုလ်လရောင်ဘွဲ့၊ ဆရာတော် ဦးဥတ္တမဘွဲ့၊ စသည်တို့သည် ဇာတိမာန် စိတ်ဓါတ်အတွက် မရိုးနိုင်သော စာများဖြစ်သည်..။
အိန္ဒိယ လွတ်လပ်ရေးကို နေရူးသည် လောလောဆယ် ယူပေးခဲ့သည်မှာမှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို တဂိုးက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ်ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏၊ သိုရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ် အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင်ခဲ့သောကြေင့် ဖြစ်သည်..ဟု ယူဆပါသတည်း။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ..ကွယ်လွန်ခြင်း ၄၄နှစ်ပြည့်ကို လွမ်းဆွတ်တမ်းတ သောအားဖြင့်……..မျှဝေလိုက် ရပါသည်..။


အိမ်လွမ်းသူ


8 comments:

ဇနိ said...

ဝေမျှတာ ကျေးဇူးဗျာ...မသိသေးတာတွေ ဖတ်သွားရပါတယ်..

တားမြစ် ထားသော... said...

အိမ်လွမ်းသူ။
တန်ဖိုးရှိတဲ့ စာတွေပါ။ ကြည့်စမ်းပါအုံး...

“မြန်မာနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ် အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်..ဟု ယူဆပါသတည်း။”
မှတ်သားလောက်တဲ့ အယူအဆတွေပါပဲ။ ဘာလို့များ ဇူလိုင်မှာ တိုက်တိုက်ဆိုင်ဆိုင်၊ တန်ဖိုးကြီးတဲ့ ဆုံးရှုံးမှုတွေ ရှိနေပါလိမ့်။
ဝေမျှတာကျေးဇူးပါ။

Anonymous said...

တယ်လည်းကောင်းတဲ့မျှဝေးခြင်းပဲဗျာ.. တန်ဖိုးရှိပါပေမယ်.. E-Journal ကစာပေတွေဖတ်ရရင် ရင်ထဲမှာ အသိတွေတိုးတိုးလာတယ်

RePublic said...

တကယ်နှစ်သက်မိပါတယ် ၊၊အမှတ်လည်းရစေပါတယ် ၊၊
ကျေးဇူးပါ ၊၊

RePublic said...

တကယ်နှစ်သက်မိပါတယ် ၊၊အမှတ်လည်းရစေပါတယ် ၊၊
ကျေးဇူးပါ ၊၊

Anonymous said...

ဆ-ဆရာလွမ်း…
မှိုင်းရဲ့လမ်းကို
ဆက်လက် ချီလှမ်းကြပါစို့။……….။

ကိုရင်နော်ခင်လေးငယ် said...

ဝေမျှပေးတာ ကျေးဇူးပါ..
မှတ်သားသွားပါတယ်..

ရွှန်းမီ said...

ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် .. ကိုတာတူး။