Thursday, July 10, 2008

Globalization and My Village!


ကျုပ်တို့ရွာနဲ့ ဂလိုဘယ်(လ်)လိုက်ဇေးရှင်း

“Globalization” ဆိုတဲ့ စကားလုံး ကို ဒီဘက်ခတ်မှာ တော်တော်လေး လူသုံးများလာတာ တွေရပါတယ်။ အဲဒီမှာ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ရဲ အကြောင်းကို ဃဃဏဏ သိလို့ သုံးနေတဲ့သူတွေလဲ ရှိသလို..တော်ရိရော်ရိ သူများသုံးလို့ လိုက်သုံးနေသူတွေက ပိုများမယ်ထင်ပါတယ်.။မင်းကော ဘယ်အထဲကလဲ လို့မေးရင်တော့ ယောင်တောင်တောင် ထဲကပါပဲ..။ဘာပဲ ဖြစ်ဖြစ် ယနေ့ ကမ္ဘာမှာ သတင်းနဲ့ နည်းပညာ ကဏ္ဍ အရမ်းတိုးတက် တော့ နေ့စဉ် အချိန်နဲ့ အမျှ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံ တွေ ကို ကမ္ဘာ့နေရာတိုင်းလိုလိုက မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းသိနိုင်တယ်လို့ ဆိုကြသမို့လား။ ဒါကြောင့်လဲ ဒီ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ဆိုတာကြီးကို တပြောတည်း ပြောနေကြတယ် လေ..။

ကျုပ်လဲ အားကျမခံ ကျုပ်တို့ရွာ နဲ့ ဒီဂလိုဘယ်(လ်)လိုက်ဇေးရှင်းကြီး ဘယ်လိုများ ပတ်သတ်နေလဲလို့ မဆီမဆိုင် တွေးနေမိတယ်.။ ဒီလိုပါ…ကျုပ်တို့ ရွာမှာရော ဘာသာရေး ကစ၊ သာရေးနာရေး၊ ရပ်ရေးရွာရေး၊ ဟိုအကြောင်းဒီအကြောင်း၊ ထွေလီကာလီ များမြောင်လှတဲ့ လူဘဝဇတ်ခုံ အဖုံဖုံ ဘယ်လိုတွေ များ အခန်းဆက်နေကြသလဲ ပေါ့…။ အို… စေ့စေ့ တွေးမှရေးရေးပေါ်ဆိုသလိုပဲ…ဗျို့..။ ယနေ့ များတကာတွေ သြချနေရတဲ့ “ကမ္ဘာရွာ”ဆိုတဲ့ခေတ်ကြီးလိုပဲ ပေါ့။ ကျုပ်တိုရွာမှာလဲ သတင်းယူတာ၊ သတင်းပို့တာ၊ သတင်းဖြန့်ဝေတာ၊ ဆိုတဲ့ စနစ်က သူ့ရပ်နဲ့ သူ့ဇတ်ကတော့ ဟုတ်နေတာပဲ ဗျို့..။



အိုင်တီ နည်းပညာမှာတော့ hacker လို့ ခေါ်မလားမသိဘူး။ ဒီလိုပြောလိုက်တော့ ခင်ဗျားတို့ အတော်များများက ကွင်းခနဲ ကွက်ခနဲ မြင်လိုက်မယ်။ တဒေါက် ဒေါက်နဲ့ လက်သွက်တဲ့၊ သတင်းနိုက်တတ်တဲ့ ပညာရှင်တွေကို။ ကျုပ်တို့ ရွာမှာတော့ ကြက်သရေဆောင်၊ သတင်းကင်းထောက်တွေ ဘယ်လောက်ထိကောင်းလဲ သိချင်ရင်တော့ ကျုပ်တို့ မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေကိုသာ မေးပေတော့လို့ ပြောပါရစေ။ အကြောင်းကဒီလိုပါ….. မိတ်ဆွေတို့ သိတဲ့ အတိုင်း.. ကျုပ်တို့ ၇ွာက မြို့နဲ့ ကပ်လျက် ရွာဆိုတဲ့ အကြောင်းလေ..။ အဲဒီတော့ မြို့နဲ့ ပတ်သက်တဲ့ ကောင်ကျိုး၊ဆိုးကျိုးဟူသမျှလဲ ကျုပ်တို့ ရွာနဲ့ သက်ဆိုင်တယ်ပေါ့ဗျာ။ ကျုပ် မှတ်မိသလောက်တော့ ဗျာ..ကောင်းကျိုး၊ဆိုးကျိုးလို့သာ ဆိုရတယ်… ကျုပ်တို့ ရွာက ဆိုးကျိုးသာပို ခံစားရတယ်ထင်ပါတယ်။ ဥပမာဗျာ.. လုပ်အားပေးဆိုပါတော့ (ငယ်ငယ်တုံးက) မြို့ထဲက အိမ်တွေ က လူပဲ လိုက်ရတာ များတယ်၊ ကျုပ်တို့ ရွာကတော့ လူတင်မကဘူး တခါတလေ လှည်းရောနွားရောပါ လိုက်ရတာဗျ.။ ထားပါ..ဒါတွေ က။

စောစောကပြောသလို ပေါ့ ….မြို့နဲ ပတ်သက်တဲ့ မီးသတ်ရန်ပုံငွေကစ၊ ဘာကြေးညာကြေး ဆို.. ကျုပ်တို့ ရွာလဲ ပေးရတာပေါ့…။အဲဒီလိုပဲ နွေရာသီရောက်ပြီဆိုရင် မီးသတ်တပ်ဖွဲဝင်တွေ က ကျုပ်တို့ ရွာ အပါ အဝင်၊ မြို့ပေါ်က ရပ်ကွက်ပေါင်းစုံ ကို အလှည့်ကျ မီးလိုက်စစ်လေ့ ရှိပါ တယ်..။ သူတို့ စစ်တာကလဲ တခြားမဟုတ်ပါဘူး. မီးချိတ်၊ မီးကပ်၊ ရေတဘက်၊ မီးသတ်သဲနဲ့ မီးသတ်ရေ စုံမစုံပေါ့ဗျာ။ အထူးသဖြင့် မီးကြွင်းမီးကျန် ရှိမရှိပေါ့..။ အဲ.. ပစ်မှုတစ်ခုတွေ့ရင်တော့ ပစ်မှုပေါ် မူတည်ပြီး ဒါဏ်တပ် တယ်လေ..။မီးသတ်ရေ ဖြည့် မထားရင် ဘယ်လောက်..၊ မီးကြွင်း မီးကျန်ဆိုရင် ဘယ်လောက်.. အစသဖြင့် ပေါလေ။ ကျုပ်တို့ ရွာကအိမ်ထောင်စု အားလုံးက တောသူတောင်သားတွေ ဆိုတော့ …မီးချိတ်၊ မီးကပ်၊ ရေတဘက်ဆိုတာကတော့ အထူး လုပ်နေစရာ မလိုပါဘူး။ သစ်တို့ ဝါးတို့ ပေါတာကိုး။ မီးသတ်ရေအိုး ကတော့ နွားသောက်၊ ဝက်သောက်နဲ့ ဆိုတော့ ကုန်နေတာက များပါတယ်၊ မီးကြွင်းမီးကျန်ကလဲ ကျေးရွာဓလေ့ဆိုတော့ လူကြီးတွေက ရေနွေးကြမ်းက အပြတ်မခံကြဘူးလေ..။ အမြဲတမ်း မီးဖိုနဲ့ ရေနွေးအိုးဖင် ခွာရတယ် မရှိဘူး။ အဲဒီတော့ အထူးသဖြင့် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့လာပြီဆိုရင် အဓိက လုပ်ရတာက မီးသတ်ရေအိုး ရေဖြည့်ပို့ရယ်နဲ့ မီးကြွင်းမီးကျန်သတ်ဖို့ ပါပဲ။ အဲပြောရအုံးမယ်.. မီးသတ်ရေအိုးက ရေတစ်ဂါလံ ကျော်ကျော်လောက်ဆံ့မယ်ထင်တယ် ၅လုံး..၊ မီးသတ်သဲကလဲ တစ်တင်း ထန်းခေါက်လောက်တောင်း အစုပ်တစ်ခုနဲ့ ထည့် ထားရတယ်ဗျ။

ကျုပ်မှတ်မိသလောက်ပြောရရင် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့ ဒါဏ်ရိုက်ခံရတယ် ဆိုတာ ရွာထိပ်က တစ်အိမ်နှစ်အိမ်နဲ့ ရွာနောက်ပိုင်း အစွန်က တစ်အိမ်နှစ်အိမ်ပဲ ကြားဖူးတယ်။ ဒါတောင် တစ်နှစ်လုံးနေမှ တစ်ခါလောက်ပါ။ တော်တော်လေးရှားပါတယ်။ ရွာလည်က အိမ်တွေ ဆိုတာကတော့ ပြောမနေနဲ့ တော့ ..။ တစ်ခါမှ အဖမ်းမခံရဖူး ဘူးလေ။ ဘာကြောင့် လဲ မေးရင်တော့ ကျုပ်တို့ ရွာကို ဝင်ဖို့ လယ်ကွင်းလျှို လေးကို ဖြတ်ရတာ က တစ်ကြောင်း၊ ကျုပ်တို့ ရွာရဲ hackers တွေ က လဲ နေရာတိုင်းမှာ ရှိနေတာက တစ်ကြောင်းလေ။ မီးသတ်ရဲဘော်တွေ လယ်ကွင်းကို ဖြတ်နေပြီဆိုတာနဲ့ သတင်းက ကျုပ်တို့ တစ်ရွာလုံး နှံ့ နေပြီ။ အဲဒီလို အချိန်ဆို ဆော့ နေတဲ့ ကလေး အားလုံးရပ် ပြီး “မီးသတ်ဗျို့ …….မီးသတ်ဗျို့….။” ရွာထဲ က လမ်းဟူသမျှ လူစုခွဲပြီးအော် ကြတာလေ..။ တစ်မျိုးပျော်စရာတောင် ကောင်းသေးဗျ။ လူကြီးတွေ ကလဲ ချက်ချင်းပဲ မီးသတ်ရေအိုးရေဖြည့်တယ်…၊ မီးကြွင်းမီးကျန်သတ်တယ်၊ ဟော့.. မီးသတ်ရဲဘော်တွေလဲ ရွာထဲ ရောက်ရော့ အားလုံး အဆင်သင့်ပဲ ။ မီးသတ်ရဲဘော်ကြီးတွေ ကြိုက်သလောက် ခြေတိုအောင် စစ်ပေတော့ ကျုပ်တို့ ရွာမှာ ဒါဏ်တတ်ခံရတယ်ဆိုတာမရှိဘူး။ အဲဒီလောက်ကောင်းတာ သတင်းကပို့တာ ဖြန့်ဝေတာက။ အဲ တစ်ခါတစ်လေ ရွာရှေ့ပေါက်က ဝင်ရင် အဆင်မပြေလို့ ရွာနောက်ပေါက်ကဝင်ဖမ်းလဲ မထူးပါဘူး။ ထိပ်ပိုင်းက တစ်အိမ်စ နှစ်အိမ်စတော့ တစ်ခါတစ်လေ အဖမ်းခံရတတ်ပါတယ်။ ဒါကလဲ ရှားပါတယ်။ သူတို့ ကလဲ ကျုပ်တို့ ရွာအကြောင်းသိထားတော့ တစ်အိမ်နှစ်အိမ်လောက် စစ်ပြီးရင် ဆက်မစစ်တော့ ပါဘူး။ တွေ့တဲ့ အိမ်ဝင်ထိုင်ပြီး အဲ့ဒီအိမ်က တိုက်တဲ့ ရေနွေးကြမ်းလေး သောက်လိုက်၊ ကြွေးတဲ့ လက်ဖက်ကလေး စားရင်း တောင်ပြော၊ မြောက်ပြောနဲ့ ပြန်သွားရတာများပါတယ်။

အဲဒါက မီးသတ်ကိစ္စပါ..။ နောက်ရှိသေးတယ် Google Search Engine တွေမှာ သုံးတဲ့ News ဆိုတဲ့ link လိုမျိုး ကျုပ်တို့ ရွာရဲ့ ပင်တိုင်စံ ရွာဆော် ကိုစိန်အောင်ပါ။ သတင်းစုံသိချင်ရင် သူ့သာမေးပေတော့။ သူကတော့ တကယ့် အစိုးရရဲ့ အခွန်အတုတ် ကိစ္စတွေ၊ ရပ်ရွာ သာရေး၊နာရေး ကိစ္စတွေနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ဆော်သြပေးရသူလေ။ အကြောင်းတစ်စုံ တစ်ရာ ထူးတာနဲ့ သူကရွာရိုးကိုးပေါက် ခြေပေါက်အောင် လှည့်ပြီးဟစ်နေရတာမို့လား။ ပြောရအုံးမယ် ကိုစိန်အောင်က ရွာဆော်လုပ်နေလို့ သာဗျ ၊ သူ့အသံက ကောင်းမှကောင်းပဲ။ တစ်ခါတစ်လေ “ဘာဗျို့ ….ညာဗျို့…..” အော်ပြီး ပြီဆိုရင် အလင်္ကာကျော်စွာရဲ အသံနဲ့ တစ်ပုဒ်လောက် ဟဲလိုက်သေးတယ်..ဗျို့။ ကျုပ်တို့ဆို သူတစ်ခုခုအော်ပြီးတာနဲ့ ဘာသီချင်းများ ဆိုမလဲ ဆိုပြီး နားစွန့်ရတာ အမောသားပဲ။

ဒါတင်ဘယ်ကမလဲ pop-up တွေလို သတင်းအချက်အလက်တွေ မဟုတ်တာတွေရော၊ ဟုတ်တာတွေရော၊ ရောပြွန်းသပြွန်း တစ်အိမ်တက်ဆင်း လိုက်ပြီး သတင် ဖလှယ်ရေး ကို အဓိကထားလုပ်နေတဲ့ မိန်းမတွေ က ရှိသေးတယ်လေ။ ဒီကနေ့ ဘယ်သူ့အိမ်က ဘာဟင်းချက်စားတယ်……ကစ၊ ဘယ်သူကတော့ ဒီနှစ်သီးနှံတွေ ဘယ်လောက်ရတယ်တော့.. ဆိုတာထိ။ ပြောမဆုံးပေါင် တောသုံးတောင် ဆိုတာတွေလေ။ တစ်ခါတစ်လေ “ဟယ်… ရွာလယ်ခေါင်က ခင်စန်းလေး ကလေးသုံးမွှာပူးမွေးလို့ တဲ့ တော့..။ အယ်… ဟုတ်လား။ နှစ်ယောက်က ချက်ချင်းသေသွားတာတဲ့ ။ အော်…။ ကျန်တာလေးက ယောက်ျားလေးတဲ့..။ ဟုတ်သလား….ဒါဆို"မောင်ကျန်”လေးပေါ့။” နောက်တစ်ခါ… “ဟို မြောက်ချောင်(ပိုင်း) က မြင့်ဆွေ မိန်းမလေး ကိုယ်ဝန် အရင့် အမာကြီးနဲ့ ဝက်စာအိုးကျိုတာလေ အဲ့ဒီ မီးဖိုနားလေးတင် ကလေးမွေးတာတဲ့ တော့ သနားပါတယ်။ ဟယ်..။ အယ်…ဟုတ်သလား၊ ဒုက္ခပါပဲနော်..။” “ဘာလေးတဲ့လဲ..” “ယောက်ျားလေး ဆိုလား ဟဲ့” အဲ့ဒီကလေးလဲ ချက်ချင်းပဲ အရပ်က ရေတစ်ခွက် မတိုက်ရပဲ နာမည်ပါ ကင်မွန်းတပ်ပေးလိုက်တယ် လေ… “ပြာလူး” တဲ့။ မြို့တွေမှာလို နာမည်တစ်လုံးပေးပို့ အရေး ဝိထာရ ချဲ့မနေပါဘူး..။ မိဘတွေ ကလဲ အရပ်က သဘောကျလို့ ပေးထားတဲ့ နာမည် တစ်လုံး ကြေကြေနပ်နပ်ပါပဲ..။ ဘယ်လောက် မြန်လဲ ကျုပ်တို့ ရွာက သတင်းကဏ္ဍမှာ..။

ဟော….. အခုဆိုရင် “ပြာလူး” တို့ ဆိုတာ ကျုပ်တို့ရွာရဲ့ ကြက်သရေဆောင် hacker တောင်ဖြစ်နေပြီလေ..။ ကျုပ်တို့ ရွာမှာ သဘောကျတာ တစ်ခု ရှိသေးတယ်၊ ရွာထဲ ကို သူခိုးဝင်တယ်ဆိုပါတော့..။ တစ်ရွာလုံး ရှိရှိသမျှလူ အကုန်ထွက်ပြီး လိုက်တာပဲ။ များသောအားဖြင့် မိတာပါပဲ။ မြို့တွေ မှာလို ကိုယ်ပစ္စည်းကို ဖင်ခုထိုင်ပြီး ကျီးကြည့် ကြောင်ကြည့် လုပ်မနေပါဘူး။ အဲ သူခိုးမိပြီဆိုရင်လဲ ကျုပ်တို့ရွာက ဘယ်တော့ မှ သူခိုးကို ရဲစခန်း မအပ်ဘူး။ နောက်တစ်ခါ ကျုပ်တို့ ရွာထဲ မလာရဲအောင် ကောင်းကောင်းဆုံးမ လွတ်တာပဲ။ ရွာထဲ ရှိရှိသမျှ လူငယ်ဟူသမျှကို… ပညာလဲပေးရင်း၊ ဝင်ပြီးရိုက် ခိုင်းတာလေ။ လူငယ်တွေကိုလဲ လူကြီးတွေက ခိုးစားတဲ့ “သူခိုး” ဆိုတာ ဒီလိုပဲ လို့ ခေါ်ပြတာလေ။ အခုနောက်ပိုင်းဆိုရင် ကျုပ်တို့ရွာကို သူခိုး ခိုးသံမကြားရသလောက်ပါပဲ..။

ကဲ ဘယ်လိုလဲ ကမ္ဘာရွာကြီးရေ.. ကျုပ်တို့ရွာကတော့ အဲ့ဒီလိုရပ်တည်လာတာ နှစ်တွေတောင်ဆွေးနေပြီ….။ ခင်များရော… ဘယ်လို ရှေ့ဆက်မလဲ ဆိုတာတော့ …..။ စာရှုသူအပေါင်းကို…… ပြာလူးတို့ ရွာက သတင်းနဲ့နည်းပညာတွေ လေ့လာရအောင် ဖိတ်ခေါ်ပါတယ်ဗျာ..။ ကြုံရင်ဝင်ခဲ့ကြပါအုံး။

စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

အိမ်လွမ်းသူ (မှန်နီကုန်း)

6 comments:

တားမြစ် ထားသော... said...

ဂလိုဘယ်လိုက်ဇေးရှင်းကတော့ ဒီလိုပဲဗျ။ သူ့နေရာနဲ့သူ ရပ်တည်နေတာ။

ဒါနဲ့ စကားမစပ်၊ မိန်းမခိုးတာ မိရင်လည်း ဒီလိုကြီးပဲလားဟင်။

ဇနိ said...

စာရှုသူမဇနိကတော့ ပြာလူးတို့ရွာက hacker တွေကို စပ်စုချင်လို့ အလည်လာအုံးမယ်ဗျို့။

ကိုရင်ညိန်း said...

အစ်ကိုရေ ဃဃဏဏ ဆိုတာက “ ဂဃနဏ” လို့ထင်ပါတယ် ။ အဆင်ပြေပါစေဗျာ ။

အိမ်လွမ်းသူ(မှန်နီကုန်း) said...

လာရောက် ဖတ်ရှု့ကြသော မိတ်ဆွေ အပေါင်းကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ..။
အမှားလေးတွေ ကိုပြုပြင်ပေးသော ကိုရင်ညိမ်းကိုလဲ အထူးကျေးဇူးတင်ပါ၏..။
နောက်လဲ ပြုပြင်ပေးပါအုံးဗျာ..။တကယ်ကို မသိတာပါ..။ နောက်ပြီး ကျနော် ဒီပိုစ့်(တ်)ကို
IT ဆိုင်ရာ စကားလုံးတွေ ကူရှာပေးရင်း အစစအရာရာ အကူအညီပေးသော ကိုတာမြစ်ထားသောကိုလဲ ကျေးဇူးတင်ပါတယ်။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုအိမ်လွမ်းသူရေ . . . ဖိတ်ထားသော်လည်း ခုမှပဲ ပြာလူးတို့ရွာဘက်ရောက်တော့တယ်။ ကျနော်နဲ့ နာမည်က ကာရံတူနေတော့လည်း မှတ်မှတ်ထင်ထင်ရှိသားပေါ့ဗျာ။ အိုင်တီတွေ အသာထားဗျာ ။ ကာလသားခေါင်း က ဘယ်သူတုံးဗျ။ ရွာက ကွမ်းထောင်ကိုင်လေးကို ပိုးချင် ပန်းချင်လွန်းလို့ ကူညီပါဦးဗျာ။ တရွာသားပေမယ့် မလွမ်းစေရအောင် ရွာမှာ လိုက်နေပေးပါ့မယ် ။ :D

အခြား said...

YGN မှာတုန်းက ခဏ တွေ့လိုက်တယ်။ Ball ပွဲတွေကြည့်ရင်း။ အပြင်မှာလိုပဲ စာရေးရာမှာ ပွင့်လင်းတယ်။ အခုလိုပဲ များများရေးနိုင်ပါစေ။

The other.