Sunday, July 20, 2008

“ ပေးဆပ်သူတို့ နှလုံးသား ”


အချိန်အားဖြင့် အရှေ့ကောင်းကင်ပြင်မှာ လင်းအာရုဏ်၏ ရှေ့တော်ပြေး ရောင်နီဦးဟာ နုရာမှသည် ရင့်ရာသို့ တဖြေးဖြေး ပြောင်းလဲလျှက်ရှိနေပါတယ်…..။ ညလုပ်သား ညဉ့်ငှက်တွေက လည်း အိပ်တန်းဆီကို ခြေဦးလှည့်ဖို့ကြိုးစားနေကြတဲ့ အချိန်ပေါ့ ။ လင်းကြက်တို့ရဲ့ တွန်သံသည်လဲ စဲစပြုနေပြီလေ..။ နောက်ပြီး မိုးရိပ် မိုးငွေ့လေးတွေ ဆွတ်ဖျန်းထားတဲ့ နံနက်အာရုဏ်၏ လေပြေညှင်းလေးကလည်း အေးမြခြင်း၊ နုညံ့ခြင်း၊ သာယာခြင်းတွေကို ဆောင်ကျဉ်းလျှက် ပတ်ဝန်းကျင်တစ်ခုလုံးအား တိုးတိတ်ညင်သာစွာ တိုးဝှေ့ရင်း လူးလွန့်တိုက်ခက်လျှက် ရှိနေပြန်တယ် ..။ အဲ့ဒီလို ပတ်ဝန်းကျင်တစ်ခုလုံးမှာ အသံဆိုလို့…. “တောကျောင်း” က တုံးခေါက်သံနှင့် အနောက်ရပ်က 'ဖိုးလေးလောစံ'ရဲ့ ဘုရားဝတ်ပြုသံ ကလွဲပြီး အရာရာဟာ ပကတိအတိုင်း ငြိမ်သက်လျှက်..။
ဒါပေမဲ့….။




များမကြာမှီမှာတော့ ……အိမ်တိုင်းအိမ်တိုင်းဆီက ရေနံဆီမီးခွက်ရဲ့ မှုန်ပြပြအရောင် ကလေးတွေ လက်လာကြသလို. ယောက်ျားသားတွေရဲ့ နွားမောင်းသံ၊ လှည်းကသံ၊ နွားခြူသံ၊ တွေက ပတ်ဝန်းကျင်ကို စတင်အသက်ဝင်အောင်.. လှုပ်နှိုးလိုက်တယ်လေ..။ အဲ့ဒီလိုပဲ… အိမ်ရှင်မတွေရဲ့ အိုးသံ၊ခွက်သံတွေကလည်း နေ့တစ်နေ့တာရဲ့ တစ်ခန်းရပ် အတွက် ပိတ်ကားကိုဖွင့်လှစ်ရန် သံစဉ်၊တီးလုံးတီးကွက်တွေနဲ့ တစ်မျိုးတစ်ဖုံ ဖော်စပ်နေသည့် ဟန် .ပေါ့.လေ။ အဲ့ဒီလိုပတ်ဝန်းကျင်လေးထဲ ကမှ “ဟဲ့ .. ကောင်လေး… နင့်အဖေကဖြင့် နွားကဖို့တောင် လုပ်နေပြီ။ ထတော့ ဟဲ့..။” ဆိုတဲ့ မိခင်ဖြစ်သူ 'ဒေါ်ဦး' ရဲ့အသံကြားမှ “ဖိုးထွန်း” တစ်ယောက် အိပ်ယာမှ လူးလွန့် ထလာခဲ့တယ်…လေ.။ နောက်ပြီး မျက်နှာကို ကမန်းကတမ်းသစ်ပြီး လယ်ထွန်လိုက်ဖို့ “ခမောက်” “ဓါးမ” “ဘွဲ့ကြိုး” “ထွန်ညှင်းကွင်း” “ဂျဖျာ” (နွားရိုက်ကြိမ်လုံး) အစသဖြင့် ဝန်စည်စလွယ်တွေကို ကပြာကယာ ယူပြီး ဖခင်နှင့်အတူ လယ်တောဆီသို့ ထွက်လာခဲ့တာ..ပေါ့. .။ဒါပေမဲ့… အဲ့ဒီလိုပဲ နေစဉ်နဲ့ အမျှ လယ်တောဆီကို ထွက်လာခဲ့တိုင်း “ဖိုးထွန်း” တစ်ယောက် စိတ်နဲ့လူနဲ့ မကပ်တာတော့ သေချာပါတယ်။ ဤလိုဖြစ်အောင်လည်း အကြောင်းကဖန်ခဲ့တယ်မို့လား။ အကြောင်းဖန်ဆို……ဟိုတလော ည ဆီကပေါ့….။ မိသားစု စုံညီနေတဲ့ ညနေစာ ထမင်းဝိုင်းလေးမှာ မိဘနှစ်ပါးရဲ့ မဖြစ်မနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က 'ဖိုးထွန်း' ရဲ့ ရောင်စုံစီနေတဲ့ စိတ်ကူးထဲက အနာဂါတ်တွေ တစ်စဆီ ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့လို့ပါပဲ။ 'ဖိုးထွန်း' ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေခဲ့တဲ့ အချိန်လေးပေါ့..။အဲ့ဒီ တုန်းကပေါ့..... ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို ပြောလိုက်တဲ့စကားလုံးတွေက မယုံကြည်နိုင်စရာ..ပါပဲ။ ဒါပေမဲ့ သေချာမှုတစ်ခုကို လက်ခံလိုက်ရတဲ့ အချိန်မှာတော့….။စားလက်စ ထမင်းလုပ်ကလေး သည်လည်း ရင်ထဲမှာ တင်းကျပ်ပြည့်နစ် နေတဲ့ ဒေါသတွေ၊ ဝမ်းနဲမှုတွေ၊ သောကတွေ၊ မကျေနပ်ချက်တွေ က မျိုမကျစေခဲ့ တာတော့ အမှန်ပဲလေ..။ 'ဖိုးထွန်း' မှမဟုတ်ပါဘူး မိသားစုဝင်အားလုံး စိတ် မချမ်းမြေ့ ခဲ့တာပါ။ အဲ့ဒီတုန်းက
အဖေတို့ အမေတို့ ပြောနေတဲ့ စကားသံတွေက အခု(ယခုအ)ချိန်ထိ နားထဲမှာ ပဲ့တင်ထပ်နေတုန်း..ပါပဲ ။
“ဟဲ့..မိဦး… ငါတို့ ဒီနှစ်က စီးပွားရေးကလဲ ကျပ်တယ်။ နင့်မှာလဲ နောက်ထက် ကိုယ်ဝန်က ရနေပြန်ပြီ.။ ထမင်းချက်တာတို့ အိမ်လုပ်ငန်းလုပ်တာတို့ ကတော့ 'မိမဲလေး' ဈေးရောင်းပြန်မှ လုပ်ရင်လဲဖြစ်တယ် ထားအုံး..။ဒီနွားမတွေ ကျောင်းဖို့နဲ့ ကုန်းထဲလယ်ထဲ (ယာထဲလယ်ထဲ) လုပ်ရမှာက ငါတစ်ယောက်ထဲ မဖြစ်သေးဘူးထင်တယ်နော်.."။
" ဒါဆို….. ‘တော်’ က ဘာလုပ်ချင်လို့လဲ.."။
"ငါစဉ်းစားနေတာ ဟ။ အခုဆိုရင် 'ဖိုးထွန်း' လေးလဲ လေးတန်းအောင်ပြီဆိုတော့ ရေးတတ်ဖတ်တတ်နေပြီပဲ.။ နွားကျောင်းလေးရရ ထွန်နောက် လိုက်လေးရရ ကျောင်းထွက်ခိုင်းရင် ကောင်းမလားလို့ လေ."။
"ကျုပ်ကတော့ ဘယ်သူ့မှ.. ကျောင်းတော့ မထုတ်ချင်ဘူးတော်ရေ့.။ ကျုပ်တို့ဟာ ကျုပ်တို့ ဖြစ်အောင် ရုန်းချင်တာပဲ.."။
" အေးလေဟာ… ငါလဲ ဘယ်ထုတ်ချင်ပါ့မလဲ ဟ။တကယ့် တကယ် ကောက်စိုက်ချိန်တို့၊ ပြောင်းချိုးချိန်တို့ ရောက်ရင် နင်လဲ ကိုယ်ဝန်ကရင့်နေပြီ..၊ အလုပ်ကလဲ ပြိုင်ကျလာမှာ ။ လူငှား (သူရင်းငှား)ငှားခိုင်းရအောင်လဲ ကိုယ့်မိသားစု ဝမ်းစာတောင် အနိုင်နိုင် လုပ်နေရ တာ .။ ဘယ်လိုလုပ်ပြီး ငှားမလဲ။ ငါလည်း ကိုယ့်သားသမီးကို ဘယ်လိုလုပ်ပြီး ဆင်းရဲတွင်းထဲ …………ဆိုပြီး….." 'ဦးလွန်း' တစ်ယောက်လဲ အသံတိမ်ဝင်သွားလေရဲ့..။
'ဒေါ်ဦး' တစ်ယောက်လည်း ဘာစကားသံမှ ထက်ပြီး ထွက်ကျမလာနိုင်အောင် ကို…….ရင်နင့်စွာ ခံစားနေရပါတယ်။ခံစားဆို….. သူကိုယ်တိုင်နကန်းတလုံးမှ မသိခဲ့တဲ့ 'ဒေါ်ဦး' …ဘာကိစ္စ၊ ညာကိစ္စ၊ လက်မှတ်ထိုးဖို့ ကြုံလာတိုင်း လက်မှတ်ထိုးရန်နေရာမှာ တုန်တုန်ချိချိနဲ့ ကြက်ခြေခက် ကိုဖြောင့်အောင်မခက်တတ်တဲ့ 'ဒေါ်ဦး' …ရင်ထဲမှာ အမြစ်တွယ်နေတာကတော့ “ငါ့သားသမီးတွေ…. ငါ့လို မဖြစ်စေရဘူး…..” “ငါ့ သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ကို ဖြစ်ရမယ်….” “ငါ့တို့လို ဆင်းဆင်းရဲရဲ နွားနဲ့ ဖက်ရုန်းရမယ့် အထဲမှာ ငါသားသမီးတွေ မပါစေရဘူး… ”လို့ အမြဲတမ်း စိတ်ထဲက ကြုံးဝါးခဲ့တဲ့ “ဒေါ်ဦး” တစ်ယောက် …။ဟော့ ..အခုတော့…ထမင်းလုပ်တွေ ရှေ့မဆက်နိုင်တော့ ပါဘူး..။ စိတ်ထဲက ချမှတ်ခဲ့တဲ့ သန္နိဋ္ဌာန် စကားလုံးတွေက မေးခွန်းပေါင်းများစွာအဖြစ် အသွင်ပြောင်း တားမနိုင်၊စည်းမရ ထွက်လာခဲ့တဲ့ အဖြေက မျက်ရည်တွေ လေ..။ခါတိုင်းဆို … အင်မတန်မှ စိုပြေနေတဲ့ ထမင်းဝိုင်းလေး အခုတော့ အသက်မဝင်တော့ ဘူး.ပေါ့.။
အကြီးမ'မိမဲလေး' တုန်းကလဲ မိခင်ဖြစ်သူ ကလေးတွဲလောင်းနဲ့၊ ထမင်းချက်လိုက်ရ၊ လယ်တောသွားလိုက်ရ၊ စိုက်ရပျိုးရနဲ့၊ အားရတယ်မရှိလို့ …နောက်ဆုံး မနေနိုင်တဲ့ အဆုံး သူဟာသူ ကျောင်းထွက် ပစ်လိုက်တာလေ။ အဲ့ဒီအချိန် တုန်းကတော့ .. သမီးမိန်းကလေး ဖြစ်နေတာက တစ်ကြောင်း၊ သူတစ်ယောက်ကျောင်းထွက်ပြီး အိမ်ကို ကူရင်တော့ ကျန်တဲ့ အငယ်တွေ ရှေ့ ဆက်နိုင်လောက်ပါတယ်လို့ ထင်နေခဲ့တာက တစ်ကြောင်း ဆိုတော့ ဘာမှ မပြောခဲမိဘူးလေ။ ဟော့…အခုတော့ ..ဆိုရှယ်လစ်စနှစ်ရဲ့
စီးပွားရေး ကပ်ဆိုးက ငါ့သားသမီးတွေကို အသက်ကလေး နုနုနယ်နယ်နဲ့ လုပ်ငန်းခွင်ထဲ အတင်း စတေးခိုင်းနေ ပါပကော…. လား။ အကြီးမ 'မိမဲလေး' လေးမှာလည်း
ကျောင်းကနေထွက်လိုက်ပြီ ဆိုကတည်းက … ကနေ့ထိ (ယနေ့ထိ)နားရတယ်မရှိဘူး…။ တစ်မိသားစုလုံးစာ ထမင်းချက်လိုက်ရ၊ အားရင်အားသလို ရာသီအလိုက် မုန့်ဖက်ထုပ်လေး ရောင်းလိုက်ရ၊ ပြောင်းဖူးပြုပ်လေး ရောင်းလိုက်ရ၊ ပေါင်းသင်း (ကောက်ညှင်းကျည်တောင့်) ချိန် ပေါင်းသင်း၊ ခေါစီ(ခေါပုပ်) ချိန် ခေါစီ၊ ဟော့….ဈေးတောင်းနဲ့ ခေါင်း ဓါတ်၊နာမ်များ ပဏ္ဍာသင့်နေသလား အောင့်မေ့ရတယ်…။ မြို့ထဲ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ နေပူစပ်ခါး၊ ခြေတိုအောင်လှည့်ရောင်းနေရတာ ကို..တောင်.. မကြည့်ရက်ပါဘူး..ဆိုနေမှ.ဟော အခု လာပြန်ပြီ နောက်ထပ် သားတစ်ယောက် လောကရဲ့ စစ်တလင်းပြင်ဆီ အတင်းစစ်ချီခိုင်း. နေပြန် ပါရော့..လား။
'မိမဲလေး' ကတော့ အငယ်နှစ်ကောင် 'ဝင်းအောင်' 'ဝင်းမောင်' ကို ထမင်းခူးကျွေးနေလေ ရဲ့..။ အငယ်ဆုံးကောင် 'ဝင်းမောင်' ကတော့ ကျောင်းနေဖို့ တစ်နှစ်လောက်လိုသေးတယ်..။ အထူးသဖြင့် 'ဝင်းအောင်' လဲ အစ်ကိုဖြစ်သူ ကျောင်းထွက်ရ တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာ အပြင်၊ အားလဲငယ်မိတာ ပေါ့..။ ခါတိုင်းနှစ်တွေ ဆိုရင်တော့ ညီအစ်ကိုနှစ်ယောက် အတူကျောင်းသွား၊ အတူကျောင်းပြန် မို့လား။ နောက်ပြီး ကျောင်းမှာ ဘေးတစိမ်းတွေနဲ့ ရန်ဖြစ်ရင်တောင် အစ်ကို 'ဖိုးထွန်း'က အမြဲတမ်း ကူနေကြလေ..။ အစ်ကို 'ဖိုးထွန်း'ရှိနေရင် ဘယ်သူမှလဲ ရန်မစရဲဘူး မို့လား။ အခုတော့ ကိုယ်အားကိုးနေရတဲ့ အစ်ကိုတစ်ယောက် ပညာရေးရဲ့ လမ်းခုလပ်မှာ ညီဖြစ်သူတွေ ကို အားပေး၊လက်ပြရင်း ကျောင်းတော်ကို ကျောခိုင်းသွားလျှက်…. နောက်မျိုးဆက် အခက်မတွေ့ရအောင် ပခုံးပြောင်းထမ်းဖို့ ပြင်နေပြီလေ.. ။
'ဖိုးထွန်း' တစ်ယောက်လဲ…မိဘတွေကို ဘာတစ်ခွန်းမှ ပြန်မပြောလိုတော့…။ ပြောနေလို့ရော… ပြဿနာက ပြေလည်လာစရာ အကြောင်းမရှိ။ ရင်ထဲမှာတော့ တင်းကျပ် ပြည့်နစ်နေတော့ ထမင်းစားနေတဲ့ လက်တစ်ဘက်လဲ ပန်းကန်ထဲကနေ မခွာတော့ပါဘူး..။ သက်ပြင်းအကြိမ်ကြိမ်ချရင်း “ဒီလို ဆင်းရဲတဲ့ မိသားစုမှာ လူဖြစ်လာရတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား…၊” “ဒီလို အခြေအနေဆိုးတဲ့ မိသားစုရဲ့ စီးပွားရေး အကြပ်အတည်း က ဘာဖြစ်လို့ ငါရဲ့ ကံကြမ္မာကိုမှ လာခိုရတာလဲ…” “ဒါမှမဟုတ် လူ့လောကကို ရောက် မလာ သေးတဲ့ အမေ့ဗိုက်ထဲက ရင်သွေးလေးကပဲ ဒီကြမ္မာဆိုးကို ငါတို့မိသားစုဆီ သယ်ဆောင် လာလေ သလား ..” 'ဖိုးထွန်း'တစ်ယောက်မှာတော့ ဘာတစ်ခုမှ ဝေခွဲလို့မရ…။ရင်ထဲမှာ ဗလောင်ဆူပြီး ပွက်အံကျလာတဲ့ မျက်ရေတွေကတော့
တသွင်သွင်…။ နောက်ဆုံး ရှေ့ခရီး မဆက်နိုင်တော့ တဲ့ ထမင်းပန်ကန် နွားစာလောင်းထဲ သွန်ပြီး စိတ်ပြေရာ ပြေကြောင်း ကပြင်(အိမ်ရှေ့ ကွပ်ပျစ်) ဆီကို ထွက်လာခဲ့တယ်.မို့လား။
အော် အခုတော့…… 'ဖိုးထွန်း' တစ်ယောက် လယ်တောရောက်လို့ လယ်ထဲကိုဆင်းတဲ့ အထိ အတွေးစကမပြတ်..သေးဘူး။ စိတ်နဲ ခန္ဓာကင်းကွာနေသလိုပါပဲ…။ ကိုယ်ဟာကို ဘဝင်မကျ ဖြစ်နေတဲ့ 'ဖိုးထွန်း' ရဲ့ မျက်နှာပြင်လိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အပြိုင်အဆိုင် အုံ့ဆိုင်းညို့မှိုင်း လျှက်.လေ။ မိုးကလဲ တစ်ချက်တစ်ချက် ဖွဲဖွဲလေးရွာလိုက်၊ ရပ်သွားလိုက်နဲ့ 'ဖိုးထွန်း' ရဲ့ တအုံနွေးနွေးခံစားနေတဲ့ ခံစားချက်ကို အသက်ဆက်ပေး နေသလား အောင့်မေ့မိပါ ရဲ့။ လယ်ကွင်းစပ်က ပေါက်ပင်ပေါ်မှာတော့ “ဗျိုင်း” သုံး၊လေး ကောင် လယ်ထွန်လိုက်တဲ့ အခါ တဖျပ်ဖျပ်လူးပြီးပေါ်လာမည့် “ငါး”ကလေး “ဖား” ကလေးများကို ထိုးသုတ်ကြဖို့် တီးတိုး တိုင်ပင်နေကြသလို..။ ညောင်ပင်ပေါ်က “ကြက်တူရွေး” တစ်အုပ်ကလဲ …..တ “ကလိ့” “ကလိ့ ” နဲ့ ပတ်လည်ဝိုင်းနေတဲ့… ပြောင်းခင်းရှင် တွေကို ခြိမ်းခြောက်နေကြ လေရဲ့..။အရှေ့ဘက်နားဆီမှာတော့ 'ဖိုးလေးကင်း' တစ်ယောက် လေ ကလေး တချွန်ချွန်နဲ့ မြေပဲခင်းထဲ ပေါင်းသင်ရင်း အလုပ်ရှုပ်နေတာကို တွေ့နေရပါတယ်။တခါတလေ အနောက်ဘက်ထန်းပင်ခံ(လယ်)လျှို ဆီမှ 'ဥိးလေးတင်ညွန့်' ရဲ့ သူ့ “နွား” တွေကို စိတ်တိုင်း မကျတိုင်း ဆဲသံ ဆိုသံကလည်းံ တစ်ချက်တစ်ချက် ကြားရတတ်သေးတယ်.. လေ။ နောက်ထပ်တစ်ဖုံ သဲကောကြီးတိုက် (လယ်ကွင်းနာမည်)ဆီမှ 'လေးကြင်မြိုင်' ရဲ့ ဘောက်အဖွဲ့ ကောက်ဆိုက်သမများ ကလည်း သီချင်းဆိုလိုက်ကြ၊ တစ်ခါတစ်ခါမှာတော့ “ဟေး….” တိုက်လိုက်ကြနဲ့ “လယ်”ကွင်းပြင်က “ဇတ်”တလင်းပြင် ကလဲ တစ်မျိုးလေး စွဲညွတ်စရာ…မို့လား။ ဒါပေမဲ့ ဘယ်လောက်ပင် ပတ်ဝန်းကျင်က အခြေအနေတွေ လှည့်ဖြားးလှည့်ဖြား 'ဖိုးထွန်း' ရဲ့အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး။ 'ဖိုးထွန်း' ရှေ့မှာ ဦးဆောင် ထွန်နေရှာသော ဖခင်ဖြစ်သူ 'ဦးလွန်း' မှာတော့ သားဖြစ်သူရဲ့ ခံစားချက်ကို အမှုမဲ့ အမှတ်မဲ့ မို့ မသိရှာပေ။ ပြီးဆုံးသွားသော ပုံရိပ်တစ်ခုကို မေ့မေ့ပျောက်ပျောက်ပါပဲ…။
ကာယကံရှင် 'ဖိုးထွန်း' မှာတော့ ……“အင်း …. မနှစ်တုန်းက ငါတစ်နှစ်လုံးဝတ်ခဲ့တဲ့ ကျောင်းစိမ်းလုံချည်လေးနဲ့ အင်္ကျီဖြူလေး..အခု ဘာညွန်ကြားချက်စာတစ်စောင်မှ မလိုပဲ ညီဖြစ် သူရဲ့ခါးပေါ် အလိုလို ရောက်သွားပြီ …” “မူလတန်း တစ်လျှောက်ပခုံးက မခွာခဲ့တဲ့ “လွယ်အိတ်” ကလေး ကလည်း အခုဆိုရင် ပခုံးပြောင်းသွားပြီ..။” နောက်ပြီး “ညနေတိုင် အလုပ်သိမ်းလို့ လယ်တောကပြန် အိမ်ရောက်တော့လည်း မြင်တွေ့နေရတဲ့ လွယ်အိတ်ကလေး၊ အင်္ကျီဖြူနဲ့ ကျောင်းစိမ်းလုံချည် လေးတွေက သခင်ဟောင်းကိုပဲ ပြန်လည်တမ်းတနေ သယောင်ယောင်…” “ဟော အခုဆို ညနေစားလို့ပြီးရင် လုပ်စရာက ဗလာနတ္ထိပါဆို…အရင်တုန်းက စာကြည့်ရင် အမြဲထွန်းနေကျ ရေနံဆီမီးကွက်လေး
ကလည်း ဝါကျင့်ကျင့် အလင်းရောင်အောက်ကနေ ဘယ်ညာ လူးလွန့်ရင်း လှောင်ပြောင်နေသလား အောက်မေ့ရပြန်ရော့…..။” အဲဒီလိုပဲ ပတ်ဝန်းကျင်ရဲ့ မြင်မြင်သမျှဟာ ဘဝင်မကျ စရာတွေ ဖြစ်နေခဲ့တာပေါ့..။ အဲ့ဒီလိုနဲ့… နွားနှစ်ကောင်ရဲ့ သယ်ဆောင်ရာကို ကျိုးနှစ်ချောင်းကိုင်လိုက်နေတဲ့ ..'ဖိုးထွန်း'တစ်ယောက် အတွေးတွေ နယ်ချဲ့နေလိုက်တာ ရှေ့ကထွန် နေတဲ့ ဖခင်ရဲ့ “ဟဲ့ … ကောင်လေး…….. လယ်ကန်သင်းရိုးနားရောက်ရင် ထွန်တုံးအစွန်ကို လူကနင်းပြီး နုတ်ခမ်းသားတွေ ထွန်တုံးနဲ့ ရစ်ရစ်ချဟဲ့…ဒါမှ “လယ်” မကော မှာ…ငါ့သားရဲ့….” ဆိုပြီး သုံးလေးခါ လှည့်လှည့်ပြောမှပဲ သတိပြန်ဝင် လာခဲ့တာ မို့လား….။ ..။
အင်း…. ဘယ်အရာမှ အစိုးမရတဲ့ လောကကြီးမှာ ရာသီစက်ဝိုင်းအလီလီ ပြောင်းလာလိုက်တာ အဲဒီအချိန်တုန်းက 'ဖိုးထွန်း'က အခုဆိုရင် 'ဦးဖိုးထွန်း' ဖြစ်နေပြီ လေ။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်ကလေး. က မနေ့တစ်နေ့က လိုပါပဲလား..။အင်း…….!!! အဲဒီတုန်းက လူလောကကိုမရောက်သေးတဲ့ အမေ့ဗိုက်ထဲက ညီလေးတောင် အခု နိုင်ငံခြားမှာ အလုပ်လုပ်နေပြီပဲ..။ ဟိုတစ်နေ့က အမေတို့အိမ်ကို သွားလည်ရင်း သူ ဖုန်းဆက်တာနဲ့ကြုံလို့ စကားခဏ ပြောလိုက်ရသေးတယ်။
“အစ်ကို နေကောင်းလား…။ အဆင်ရော ပြေလား…။ အခုဘာတွေ စိုက်ပြီးပြီလဲ..။ လယ်တွေရော ရေရနေပြီလား…” အစသဖြင့်…ညီဖြစ်သူတွေဆီက “ပီရဝါစာ” ချစ်ဖွယ်သောစကား လေးတွေ ကြားလိုက်ရတာနဲ့ပဲ…… မိမိအတွက် အရာရာဟာ ဘာမှ မပြောပလောက်တော့ ပါဘူး…။ ဘာပဲဖြစ်ဖြစ် “ငါ့သားသမီးတွေ ကိုတော့ ငါတို့မိသားစုလိုမဖြစ်ရအောင် ကြိုးစားနေတာပဲ လေ..” အင်း…ထိုင်ပြီး တွေးနေလို မဖြစ်သေးပါဘူး..။ ထွန် နားထားတာ တောင် ကြာနေပြီ..ပဲ… ..။ နွားတွေလဲ နေပူ လှပြီ…ဒီတစ်စပ်ကလေးတော့ စပ်အောင်ထွန်လိုက်အုံး….မှ…။….။
စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။ ။
အိမ်လွမ်းသူ (မှန်နီကုန်း)


11 comments:

ဇနိ said...

ဖတ်လို့ကောင်းလိုက်တာဗျာ
ရင့်ထဲကို နင့်နေတာပဲ
အဲသလိုပဲဗျာ..ဘဝ ဘဝတွေ
ခေတ်စနစ်တွေက မကောင်းတော့
အောက်တွေက ညှာရတာတွေလေ....
ကျနော့်ဝန်းကျင်တွေမှာလည်း တွေ့ဖူးတယ်..
စာရေးဆရာကြီးတစ်ယောက် ရေးထားသလိုပဲဗျာ..
မချီးကျူးပဲ မနေနိုင်ဘူး။
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

အခြား said...

ကိုယ်တိုင်မတွေ့ကြုံဘူးပေမယ့် အဲဒီလိုအဖြစ်တွေ အများကြီး ရှိမှာပါ။ မိသားစုဘဝတွေရဲ့ အာဇာနည်တွေပါပဲ။ စာရေးသူရဲ့ သရုတ်ဖေါ်နိုင်စွမ်း ကတော့ လက်ဖျားခါလောက်ပါတယ်။ ရင်ဘတ်နဲ့ရေးတာ သေချာသလောက်ပါပဲ။ ကျေးဇူးပြု၍ ဆက်လျှောက်ပေးပါ။

Anonymous said...

…………………………………………………..
…………………………………………………..
ဆရာလွမ်း
တကယ်စွမ်းတယ်ဗျာ။
ဂုဏ်ယူပါတယ် ဆိုတဲ့စကားနဲ့တင် မလုံလောက်အောင် ဂုဏ်ယူပါတယ်။
“အပ္ပမာဒေန သမ္မာဒေထ
ကိုယ့်ဒဏ်ရာ ကိုယ်မမေ့ကြဖို့တော့ လိုမယ်“

ပန်းခရမ်းပြာ said...

အလွန်ကောင်းတဲ့ အရေးအသားဖြစ်လို့

ဇာတ်လမ်း အစမှ အဆုံးထိ

စာလုံးတိုင်း မလွတ်အောင် ဖတ်ရှုသွားပါတယ်။

တားမြစ် ထားသော... said...

အင်း... ကမ္ဘာမှာ မြန်မာရယ်လို့ တို့တွေကြွေးကြော်နိုင်ဖို့ ဦးဖိုးထွန်းကြီးလိုအပ်သလို၊ သူ့ညီလေးလည်း တစ်တပ်တအား ပါဝင်ရမှာပေါ့။
ပေးဆပ်သူတို့ရဲ့ နှလုံးသားမှာ ဒဏ်ရာတွေရှိနေတတ်ပေမဲ့ အဲ့ဒီ ဒဏ်ရာတွေဟာ ကြည်နူးမှုနဲ့ အရောင်တတ်နေတတ်ပါတယ်။
ကျွန်တော်တို့အတွက် သူတို့(ဦးဖိုးထွန်းလို) ပေးဆပ်မှုတွေ တန်ဖိုးရှိအောင် ကြိုးစားကြပါဆို့ရဲ့။

စိုးထက် - Soe Htet ! said...

အရမ်းကောင်းတယ် ဗျာ ... ရင်ထဲ ထိပါတယ် ...

ရွှေပြည်သူ (ShwePyiThu) said...

အစကနေအဆုံး ဆွဲဆောင်သွားပါတယ်။ အရေးအသားကလည်း ပြောစရာ မရှိအောင် ကောင်းပါတယ်။ ဖတ်ပြီးတော့ ဖိုးထွန်းလို မိမဲလေးလို ကလေးမျိုးတွေ ဘယ်လောက် များနေခဲ့ပြီလဲဆိုတာပဲ တွေးနေမိတော့တယ်...

Anonymous said...

အဲဒီဘ၀လေးတွေအများကြီးရှိနေတာကို ဖော်ထုတ်ပေးနိုင်တာ ကျေးဇူးဗျာ အရေးသားကလည်းကောင်း.. ဇတ်ကလည်းရင်နင့်စရာနဲ့ အတော်လေး ခံစားမိပါရဲ့ဗျာ.... ရွာသားတစ်ယောက်အတွက် ရွာအကြောင်းတွေဖတ်ရတာ အတော်လေးဆိုနင့်စေလှပါတယ်..

မသက်ဇင် said...

ပြည်တွင်းမှာရသတွေအစားမင်းသမီးမင်းသားမင်္ဂလာဆောင်တဲ့စာစောင်တွေက ပိုများနေတယ်အလွန်ကောင်း
တဲ့ရသတခုပါ။

ခင်မင်လျက်
မသက်ဇင်

အိမ်လွမ်းသူ(မှန်နီကုန်း) said...

ကျနော့်ရဲ့ post လာရောက်အားပေးသွားကြသော မိတ်ဆွေအပေါင်းကို အထူးကျေးဇူးတင်ပါတယ်ခင်မျာ..။
နောက်နောင်လဲ ဆက်လက်အားပေးကြပါအုံးလို့ တောင်ဆိုပါရစေ..။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ.....။
အားလုံးကို လေးစားလျှက်-
အိမ်လွမ်းသူ (မှန်နီကုန်း)

Anonymous said...

အရေအတွက်က အဓိကလား
အရည်အချင်းက အဓိကလား
E-Journal မှာ ဝတ္ထုတို စုစုပေါင်း (၂) ပုဒ်တိတိ ရှိပါတယ်။
ဒါပေမယ့် E-Journal မှာ ဝတ္ထုတိုကောင်းကောင်းရှိကြောင်း ကျနော်ရဲရဲကြီးအာမခံပါတယ်။
ကိုချော(မောင်ချောနွယ်)စကား ထပ်မံငှားပြောရရင်
အပ္ပမာဒေန သမ္ပာဒေထ
ကိုယ့်ဒဏ်ရာ ကိုယ်မမေ့ကြဖို့တော့လိုမယ်။