Saturday, July 12, 2008

ဝဿန်နဒီအလွမ်း


ကျနော် စာမေးပွဲအတွက် အချိန်ပေးတော့မှာမို့
သြဂတ်စ်လလယ်လောက်ထိ ပို့စ်မတင်ဖြစ်ဖို့များပါတယ်။
(နေနိုင်မယ် မထင်ပါဘူး။)း-)
ဒါကြောင့်…
ကျနော့်နှလုံးသားကပဲ့ထွက်တဲ့
နှလုံးသွေးတစ်စက်
E-Journal အတွက် ဖော်ပြလိုက်ပါတယ်။
ကျနော့်ရဲ့ တစ်သက်တာဟာခင်များတို့အတွက် တစ်လစာတော့ လုံလောက်မယ်လို့ ယုံကြည်ရင်း….



ဝဿန်နဒီအလွမ်း


မှိုင်းပြာရီညို့
မိုးရိပ်တို့သည်
ဟို့… ဟိုတစ်ခွင်
ထက်ကောင်းကင်၌
သခင်ကိုလွမ်း
ရင်မှာကျွမ်းအောင်
စွမ်းဆောင်နှိပ်စက်
သက်သက်တမင်
တိမ်ရေးငင်ပြီ။…..။

လျဉ်လျဉ်စီးမျော
မြစ်ယဉ်ကြောလည်း
ဖြူသောလှိုင်းထိပ်
တလိပ်လိပ်ဖြင့်
တိမ်ရိပ်နှင့်တူ
စစ်ရေးကူပြီ။…..။

လေယူသိမ်းရာ
ယိမ်းရှာလေသော
မြက်စိမ်းတောလည်း
သဘောထားသေး
ဖိအားပေးပြီ။…..။

တိမ်ရေးငယ်ငင်
မိုးရေးစင်လျက်
မြစ်ပြင်မြက်တော
သဘောညီတူ
ဝိုင်းဝန်းကူတော့
မလွမ်း ဘယ်သူရှိပါအံ့။…..။

လွမ်းပြီသခင်…
ကျွမ်း သည်ရင်၌
အပူမြှိုက်သော
တိမ်တိုက်မည်းညို
ပြစ်မဆိုချင်
ကိုယ်ပင်လွမ်းတတ်လေသောကြောင့်။…..။

လွမ်းတတ်သောသူ
ကျွမ်းမြေ့ပူဆဲ
တစ်မူကဲပို
တေးဟစ်ဆိုရင်း
ဟိုသည်ရှေ့နောက်
ကဆုန်ပေါက်လျက်
စနောက်ကျီစယ်
ငါ့ကိုရယ်သည်
”လှိုင်းငယ်”… သင်ရော မလွမ်းလော။……….။


မာရေးသျှင်

3 comments:

တားမြစ် ထားသော... said...

“ဝဿန်၊ နဒီ - အလွမ်း”

မိုးညို့ညို့ဆင်၊
တောတောင်ခွင်နှင့်၊
အလွမ်းမိုးညို၊
ငါ့ရင်တစ်ခို၊
ဘယ်သူပိုလို့ ပြိုနိုင်အံ့။
လှိုင်းကြက်ခွပ်ဆင်၊
မြစ်ရေပြင်နှင့်၊
အလွမ်းလှိုင်းပို၊
ငါ့ရင်တစ်ခို၊
ဘယ်သူပိုလို့ ပြင်းထန်အံ့။

အမှတ်တရပေါ့ ကိုမာရေးသျှင်။ စာမေးပွဲတွေလည်း ဖြေနိုင်စေ၊ ကြည်နူးရွှင်ပြလည်း ရှိပါစေလို့ ဆန္ဒပြုရင်း။...။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

လွမ်းပြီသခင်…
ကျွမ်း သည်ရင်၌
အပူမြှိုက်သော
တိမ်တိုက်မည်းညို
ပြစ်မဆိုချင်
ကိုယ်ပင်လွမ်းတတ်လေသောကြောင့်။…..။

အဲဒီ အပိုဒ်လေး ဖတ်ပြီး ပြစ်မဆိုချင်ဆိုတာလေး သဘောကျတယ်။ ချစ်ရသူကို အပြစ်တော် မတင်ပဲ ကိုယ့်အလွမ်းကို ဖွဲ့ထားတာလေးက ကျစ်ကျစ်လစ်လစ် လှလှပပပါပဲဗျာ။

ကိုမာရေးသျှင်ရေ စာမေးပွဲဆိုတော့လည်း အားစိုက်ပါဗျာ။ ရင်နှီးထားရတာတွေက မနဲဘူးမို့လား။ စာရေးကောင်းတဲ့ ပါရမီရှင်တစ်ယောက်ရဲ့ လက်ရာလေးတွေကိုတော့ လွမ်းနေရဦးတော့မှာပေါဗျာ။ အသစ်မလုပ်ဖြစ်သော်လည်း အားလပ်ချိန်မှာတော့ လာပြီး အလွမ်းဖြေပါဗျာ။ ကျနော်တို့အားလုံး မျှော်နေကြတယ် ။ ဆုမွန်ကောင်းတွေလည်း တောင်းဆိုရင်းပေါ့။

Anonymous said...

အရေး ကတော့ တော်တော်ကြိုက်သွားတယ်ဗျာ အဟုတ်.. ကျုပ်ကလည်း Classic သမားဆိုတော့ အဲဒါလေးတွေသိပ်ကြိုက်တာ... တစ်ပိုဒ်နဲ့တစ်ပိုဒ် ဆွဲငင်သွားတာအရမ်းလှတယ်ဗျာ.. ကဗျာဆရာပီသတယ်.. ငြိမ့်နေတဲ့တယောသံတစ်ခုကို ခံစားလိုက်ရသလိုပဲ... အားပေးတယ်ဗျာ....