Tuesday, July 8, 2008

အဖေနဲ့ ကျနော်

အဖေနဲ့ ကျနော်

ငါသေသွားလည်း
ဇနီးမယား သမီးသားတို့
ခရီးဆက်ရန်မပူပန်ပြီ။
ရှုံးရှုံးနိုင်နိုင်
ယိုင်ယိုင်လဲလဲ
ခိုင်ခိုင်မြဲမြဲ
ရင်ဆိုင်ရဲတဲ့
ယှဉ်ပြိုင်ရဲတဲ့
စိတ်ဓာတ်အမွေ
သတ္တိတွေကို
ပေးခဲ့ချေပြီ
ဒီအနေမှာ
ငါသေချင်လည်း သေပါစေ။
အမွေအစစ်ရယူစေ။……….။

ကျနော့်အမေရေုးခဲ့တဲ့ ”အမွေ” ဆိုတဲ့ ကဗျာလေးရဲ့ တစ်ပိုင်းတစ်စပါ။ ကျနော့်ရင်ထဲမှာ အလွတ်ရနေတာပါ။ အဲဒီကဗျာလေးနဲ့ အတူ အဖေနေ့(ဇွန်လ ၁၅ ရက်၊ ၂၀၀၈)မှာ Dr. Tian Dayton ရဲ့ The Quiet Voice of Soul စာအုပ်ထဲက From Father to Self ကိုဖတ်ပြီး ပြန်ချရေးထားတဲ့ တစ်ပိုင်းတစ်စကို တင်ပြလိုက်ပါတယ်။



ကျနော့်ရဲ့စိတ်အတွင်းပိုင်းထဲ နက်ရှိုင်းစွာ ၀င်လို့ရတဲ့ တစ်နေရာ ကျနော့်မှာရှိပါတယ်။
ဟိုး.. ကလေးဘ၀အိမ်ကလေးရဲ့ လသာဆောင်မှာ အဖေနဲ့အတူ ထိုင်ခဲ့ကြတယ်။ အဲဒီနေရာလေးမှာပဲ ကျနော်ဟာ ချစ်ခြင်းမေတ္တာဆိုတာကို ပထမဦးဆုံးအကြိမ် တိတိပပ မိမိရရ သိခဲ့ရတာပါ။ကျနော်က အဲဒီနေရာကလေးကို နေ့တိုင်း၊နေ့တိုင်း သွားရောက်ခဲ့သလို အဖေကလည်း အဲဒီမှာ မပျက်မကွက် ရှိနေလျက်ပါပဲ။
အဖေက ကျနော့်ကို အရုဏ်ဦးနဲ့ အထူးမိတ်ဆက်ပေးခဲ့တာဟာ အဲဒီနေရာလေးမှာပါပဲ။ ကျနော်တို့ဟာ မနက်ခင်းတိုင်းမှာ အရုဏ်ဦးကို ခရီးဦးကြိုပြုဖို့ လိမ္မော်ရည်တစ်ခွက်နဲ့ လသာဆောင်ဘက် ထွက်ထွက်ထိုင်ခဲ့ကြတယ်။ အဖေလိမ္မော်ရည်ညှစ်နေတဲ့အခါတိုင်း ချစ်ခြင်းမေတ္တာတရားနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အဖေရဲ့လက်များမှာ မှော်ဝင်စားနေတယ်လို့ ကျနော်ခံစားခဲ့ရတယ်။
အဖေရဲ့ တွယ်တာမြတ်နိုး တန်ဖိုးထားမှုကို ကျနော်ခံစားခဲ့ရတယ်။ အပြင်းပြေလမ်းလျှောက်ထွက်တဲ့ အခါတိုင်း အဖေက ကျနော့်ကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဖေ့ရဲ့ ငယ်စဉ်ဘ၀ တစ်ထောင့်တစ်ညတွေကို ပြောပြတယ်။ အဖေက ကျနော့်စိတ်ထဲမှာ ဖြစ်ရှိနေတဲ့အရာတွေကို စိတ်ဝင်တစားရှိခဲ့တယ်။ ကျနော့်ရဲ့ အတွင်းပိုင်းအကျဆုံး အတ္တတွေကို ဖွင့်ငှဖို့ သင်ကြားပေးခဲ့တယ်။ ကျနော့်မျက်နှာမှာ ၀မ်းနည်းရိပ်တွေ တွေ့တဲ့အခါ ဘာမှားယွင်းနေသလဲ တစ်မေးတည်းမေးနေတတ်တယ်။ အဖေက ကျနော့်ကိုယ်ကျနော် တန်ဖိုးရှိတယ်လို့ ခံစားရစေခဲ့တယ်။
အဖေဟာ ကျနော်စိတ်ပျက်အားလျော့တဲ့အခါ ကျနော့်အတွက် စိတ်ပူပြီး၊ ကျနော်ပျော်ရွှင်တဲ့အခါ ကျနော်နဲ့အတူ ပျော်ပွဲဆင်ခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ ဘယ်လိုခံစားရတဲ့အရာမျိုးလဲဆိုတာ အဖေက ကျနော့်ကို သင်ပေးခဲ့တာပါ။ အဲဒီရင်တွင်းဖြစ်ခံစားသိနဲ့ပဲ ကျနော့်ဘ၀ကြင်ဖော်ကို ရွေးချယ်ခဲ့တာပါ။ အဖေ့ဆီက ရခဲ့ဖူးတဲ့ ခံစားချက်မျိုး တစ်ခါထပ်တွေ့ကြုံလိုက်ရတဲ့အခါ … ဒီလူဟာ ငါ့ဘ၀တစ်လျောက်လုံး အတူတူကုန်ဆုံးချင်တဲ့သူပဲဆိုတာ အနက်ရှိုင်းဆုံး သိလိုက်ရပါတယ်။ ကျနော်တို့ဟာ အဲဒီနည်းနဲ့ ချစ်ခြင်းကို သင်ယူခဲ့ကြပြီး၊ အဲဒီနည်းနဲ့ပဲ ချစ်ခြင်းကို ပြန်လည်သင်ကြားပေးနေကြတာပါ။
မိဘဆိုတာ အပြောနဲ့မဟုတ် အလုပ်နဲ့ သင်ကြားပြသသူတွေပါ။စံပြုပြခြင်းဆိုတာ မိဘက သားသမီးဆီ လက်ဆင့်ကမ်းပေးတဲ့သင်ယူခြင်းမှာ အမြော်အမြင်အကြီးမားဆုံးသောအဆင့်ဖြစ်ပါတယ်။ ”လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ” သူ့ကိုယ်သူချစ်တဲ့၊ ဇနီးမယားသမီးသားတွေကို ချစ်တဲ့ ဖခင်တစ်ယောက်ဟာ သူ့သားကို ဖအေတူသားဖြစ်ဖို့ အသံတိတ်သင်ကြားပေးပါလိမ့်မယ်။ သမီးကိုချစ်တတ်တဲ့အဖေဟာ သူ့သမီးကို ယောကျာင်္းကောင်းတစ်ယောက်ရဲ့ ချစ်မြတ်လေးစားခြင်းနဲ့ ထိုက်တန်အောင် အလိုလိုသင်ကြားပေးပြီးသားပါ။
ကလေးရဲ့ရင်ထဲမှာ တစ်စိတ်တစ်ပိုင်းအမြစ်တွယ်နေတဲ့ အဖေရဲ့ပုံရိပ်ဟာ သူလူလားမြောက်တဲ့အထိ ပါသွားပါတယ်။ ကလေးတစ်ယောက်ရဲ့ အဇ္ဈတ္တမှာ အဖေကိုဘယ်လိုနေရာချမလဲ ဆိုတာ အလွန်အရာရောက်တာကြောင့် မိသားစုဘ၀မှာ အဖေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။

6 comments:

ဇနိ said...

သားသမီးတွေအတွက် အမိအဖတွေက အရေးပါလှပါတယ်။
း)
မွေခံထိုက်ပါစေ။

တားမြစ် ထားသော... said...

မိဘတွေဆိုတာ သားသမီးတွေအတွက် အရမ်းအရေးကြီးတယ်ဗျ။ လက်ဦးဆရာလို့ ဆိုတယ်ကိုး။ ဂရုတစိုက်လည်း ကလေးငယ်တွေကို ပြုစုသင့်ပါတယ်။

မွေခံထိုက်သော သားတစ်ယောက် ဖြစ်ပါစေဗျာ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ဘ၀မှာ လက်ဦးဆရာဖြစ်တဲ့ အဖေနဲ့ အမေက သားသမီးတွေရဲ့ ထုဆစ်ပုံဖော်သူတွေပေါ့ ။
ကလေးရဲ့ ဘ၀မှာ အရေးအပါဆုံး အဆင့်ဖြစ်တဲ့ ကလေးဘ၀ ပတ်ဝန်းကျင်မှာ မိဘက ဘယ်လို ပြုမူထိမ်းသိမ်းသလဲဆိုတာက အဆုံးအဖြတ် အခရာ ကျမယ် ထင်ပါရဲ့ ။
သားဆိုတော့ အမေကို ပိုခင်တွယ်ပေမယ့် အဖေကလည်း အခရာကျပါတယ်ဗျာ။ သားတွေက အဖေဆီက အတုခိုးတတ်ကြတယ်။ အဖေတွေကလည်း သူ့သားကို သူဖြစ်စေချင်သလိုလေး မြေတောင်မြှောက်ပေးကြလိမ့်မယ်လို့ ယုံပါတယ်။

အခြား said...

မာရေးသျှင်ကို သူငယ်ချင်း၊ တားမြစ်ထားသော ပြောပြောနေလို့ ရင်းနှီုးပြီးသားပါ။ Soul နဲ့ပတ်သက်တာပြီး မျှဝေတာကျေးဇူးပါ။

minmawkhaine said...

ကျွန်တော် အင်တာနက်ထဲ ကို မွှေရင်းနဲ့ ဒီဆိုဒ် ကို တွေ့တာပါ။ 2009 အတွက် အဖေ့နေ့ က ဘယ်တော့လဲဟင်။ ဂျွန် 15 ပဲလား ..အစ်ကို
ကျေးဇူး နော် . . .

Anonymous said...

ကိုမင်းမော်ခိုင်ခင်များ E-Journal ကို ရောက်လာခဲ့တဲ့အတွက် ကျေးဇူးပါခင်မျာ။ USA, UK နဲ့ Canada တို့မှာ နှစ်စဉ် ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့ (၂၁၊ဇွန်၊၂၀၀၉)ကို အဖေများနေ့ အဖြစ် ကျင်းပကြပြီး၊ Australia နဲ့ New Zealand မှာတော့ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္ဂနွေနေ့(၆၊စက်တင်ဘာ၊၂၀၀၉)မှာ ကျင်းပကြတယ်လို့ သိရပါတယ်။