Wednesday, July 2, 2008

သားကြီးမွေးနေ့နှင့် မိခင်ဆန္ဒ

သားကြီးမွေးနေ့နှင့် မိခင်ဆန္ဒ



သားလှရင်သွေး
အမေမွေးသည်
ငယ်သေးနီတာ
ယခုခါဝယ်
ပညာပြည့်ဝ
နှလုံးလှလျက်
ချမ်းမြအေးကြည်
နှစ်ရာချီ၍
သက်ရှည်စေကြောင်း
မေဆုတောင်းသည်
လွမ်းကြောင်းစာကိုစီလျက်။


သားကြီးသြရ
အားထားကြသည့်
မိဘဆရာ
မျိုးသဟာတို့
အဝေးပို့ခြင်း
အကြောင်းရင်းကို
ထင်လင်းသေချာ
မှတ်ပိုက်ပါလျက်
ဘ၀တက်လမ်း
မျှော်ရည်မှန်း၍
အားခန်းအင်ကုန်ကြိုးပါလေ။

ဆယ့်ရှစ်နှစ်ရွယ်
အလွန်ငယ်သည့်
ချစ်ဖွယ်သားဦး
မခွဲဘူးလည်း
ဆန္ဒရူးကြောင့်
စိုးနှောင့်တွေဝေ
မရှိလေဘဲ ခွဲခဲ့သည်။

မွေးမေ့စိတ်ကူး
လောဘကျူးဟု
ထူးကဲ့ကဲ့ရယ်
ဆိုလွယ်ကြသား
မွေးမေကြားလည်း
ရေသားမထင် နားမ၀င်ခဲ့။

မေမွေးတဲ့သား
ပြည်တစ်လွှား၌
တင့်ကြွားအောင်မြင်
ပျံ့လွှင့်ထင်ပေါ်
အကြော်ဒေးယျဖြစ်ချင်တယ်။

မွေးမေမျက်ရှု
သားရွှေဥသည်
ရာစုမကြာ
ချိန်အခါ၌
စင်္ကြာစိုးမင်း ဖြစ်စေချင်။

မွေးမေ့ရင်သွေး
မကြာသေးခင်
စီပွားခွင်၌
ပျံ့လှိုက်ဝှန်ဆူ
ဇမ္ဗူထင်ရှား
သူ့အားတုပ
ပြိုင်မရသည့်
ကျားကသခင် ခေါ်စေချင်ခဲ့။

မွေးမေ့မျက်နှောင်
သာသနာဘောင်တွင်
စိတ်ပျော်ရွှင်လည်း
ဝိနည်းအဘိဓမ္မာ
ပြိုင်လာစမ်းတိုင်း
တုနှိုင်းမမှီ
ပဏ္ဍိမည်ချင် လွန်မထင်။

ဆန္ဒများပြား
မွေးမေအားလျင်
တရားမဲ့သူ ဆိုပါစေ။
တရားမရှာ
သားကိုသာလွမ်း
မေ့စိတ်နွမ်းကို
အောင်ပန်းဆူဆူ
ပန်ယူရွှင်ပြုံး
မယ့်နှလုံးကို
လုံးလုံးမြင်မှ
ပြေပါရမည်။

မကြာမရှည်
ပြန်လာမည့်သား
အောင်စကားကို
ထောင်နားကြိုလျက်
သားကိုမျှော်ရင်း
အားမာန်တင်းမည်
မေ့သား မာစေ၊သာပါစေ။
နှလုံးရွှင်လန်း ပန်းသို့လေ။
သက်တမ်းရာချီ ရှည်ပါစေ။
ဘမိဆွေမျိုး များကောင်းကျိုး
ဆတိုးဆောင်ရွက်နိုင်ပါစေ။
မိဘကျေးဇူး မြင့်မိုရ်ဦးကို
အထူးသိတတ် ဆက်နိုင်စေ။
မွေးမိဆန္ဒ တစ်ခုမျှလောက်
ထွန်းပေါက်အောင်မြင်
မြန်ပြည်ခွင်၌
ဝင့်ကြွားဂုဏ်ယူနိုင်စေသောဝ်။……….။



လွန်ခဲ့တဲ့ဆယ်နှစ်၊ ကျနော်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာ
အမေလက်တန်းရေးလက်ဆောင်ပေးခဲ့တဲ့
မွေးနေ့လက်ဆောင်ကဗျာပါ။
ကျနော်ဟာ
ဒီအမေရဲ့သားဖြစ်ရတာတစ်ခုတည်းနဲ့တင်
ဒီကမ္ဘာတွင်ပျော်ရွှင်ဖို့လုံလောက်နေသူဖြစ်ပါကြောင်း…

10 comments:

တားမြစ် ထားသော... said...

မွေးမိဆန္ဒ တစ်ခုမျှလောက်
ထွန်းပေါက်အောင်မြင်
မြန်ပြည်ခွင်၌
ဝင့်ကြွားဂုဏ်ယူနိုင်စေသောဝ်။……….။
ဂုဏ်ယူဝင့်ကြွားနိုင်စေသောဝ်....
အမေ့ဆန္ဒတွေကို ဖြည့်ပေးနိုင်တဲ့ သားကောင်းရတနာ ဖြစ်ပါစေဗျာ။

အိမ်လွမ်းသူ(မှန်နီကုန်း) said...

..ကောင်းတယ်ဗျာ..။ ကဗျာလေးကိုဖတ်လိုက်ရတော့....မှပဲ..
မိဘတွေရဲ့ ရင်ထဲကိုရောက်ဘူးတော့တယ်ဗျာ...။

Anonymous said...

“ဆန္ဒများပြား
မွေးမေအားလျင်
တရားမဲ့သူ ဆိုပါစေ။
တရားမရှာ
သားကိုသာလွမ်း“- လို့ ရေးခဲ့တဲ့ အမေဟာ
ဆယ်စုနှစ်တစ်ခုအကြာ
ကဗျာတင်လိုက်ကြောင်း ဖုန်းဆက်ပြောတဲ့အခါ…
“သားကိုမလွမ်း
တရားစခန်းမှာ
လွတ်လမ်းကိုပဲရှာတော့မည်“… လို့
ပြန်ပြောလာပါတယ်ခင်မျာ။

ဇနိ said...

အမေရော သားရော တော်ရှာ၏။
:0)

၀ဿန်ဦး said...

မိခင်၏ ဆန္ဒများပြည့်ဝနိုင်ပါစေကြောင်း ဆန္ဒပြုပါသည်။

ကဗျာလေးနှစ်သက်မိပါသည်။

Unknown said...

ကဗျာလေးကိုတင်ပြပေးလို့ အတိုင်းမရှိ ၀မ်းသာပါ၏ ။

တားမြစ် ထားသော... said...

“သားကိုမလွမ်း
တရားစခန်းမှာ
လွတ်လမ်းကိုပဲရှာတော့မည်“…
ဟုတ်ကဲ့ ဗုဒ္ဓအဆုံးအမမှာ တည်နေပြီဆိုတာ ပို၍ပင် မြင့်မြတ်ရာလမ်းပါ။ သားအနေနဲ့ အမေအပေါ် ဝမ်းသာစရာ သတင်းဖြစ်သလို၊ အမေ့အနေနဲ့လည်း သားအပေါ် ကြေနပ်နေမယ်ထင်ကြောင်းပါ။
ဒီမိသားစု ကျန်းမာချမ်းသာကြပါစေ။

Anonymous said...

အမေရဲ့မေတ္တာရုပ်ကို ကဗျာနဲ့ အမေကိုယ်တိုင် ထုဆစ်ပြတာ တော်တယ်ဗျာ. လေးစားပါတယ်..

ကိုရင်နော်ခင်လေးငယ် said...

တော်တဲ့ အမေ့ သား ပီသတဲ့
အကို့ ကို ဂုဏ်ယူပါတယ်...

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အမေနဲ့သား လိုက်လည်း လိုက်လှ ၊ တော်လည်းတော်ကြပါပေတယ်ဗျာ။ တရားစခန်းမှာ အားထုတ်နေတဲ့ အမေကိုလည်း သာဓု အကြိမ်ကြိမ် ခေါ်သွားပါတယ်။