အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၆)
ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။
ပြီးခဲ့တဲ့ ပိုစ့်တွေကိုလည်း ကလစ်လုပ်ပြီး သွားဖတ်နိုင်ပါတယ်။ အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅)
………………………………………………………………………………….
11th-Jul-2008 - ”မုတ္တော မောစေယျံ”- ကိုယ်တိုင် လွတ်လပ်ပြီး၊ သူတစ်ပါးကို လွတ်လပ်စေမည်။ (ဗုဒ္ဓ)
………………………………………………………………………………….
လွတ်လပ်မှု။ ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။ လွတ်လပ်မှုဟာ လွတ်လပ်မှုပဲပေါ့ဆိုရင် ပိုများပြည့်စုံမလား။ မိမိကိုယ်ကို လွတ်လပ်စေခြင်းဆိုတာကိုက အတော်ကျယ်ပြန့်သွားမယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေမှာ ငါနှင့်ငါကို သဘောထားမတိုက်ဆိုင်ကြပါဘူး။ ဒီတော့ ခုပြောနေတဲ့ လွတ်လပ်ခြင်းမှာ အမှောင်မှ အလင်းသို့၊ ဝိဇ္ဇာမှ အဝဇ္ဇာသို့၊ သညာမှ ပညာသို့ စသည်ဖြင့်တို့ကို လွတ်လပ်ခြင်းဆိုတဲ့အမြင်နဲ့ တွေးမိပါတယ်။ အရင်ဆုံးကတော့ ကျွန်တော်တို့ကိုယ်တိုင်ပေါ့ ခင်ဗျာ။ မိမိကိုယ်တိုင် လူကောင်းတစ်ယောက်ဖြစ်လာမှလည်း သူများကိုကောင်းအောင် လုပ်ပေးနိုင်မှာပါ။ မိမိကိုယ်တိုင် ကောင်းမှု၊မကောင်းမှုကို သေချာခွဲခြားသိပြီး ရှောင်ရှားနိုင်နေမှလည်း သူများကို ကောင်းအောင် လုပ်နိုင်ကြမှာပါ။ စကားစုလေးကလည်း ဗုဒ္ဓရှင်တော်ရဲ့ စကားစုလေးပါတဲ့။ သူတစ်ပါးကိုတွဲထူဖို့ ကိုယ်တိုင်ကလည်း မတ်မတ်ရှိနေမှပါ။ ကျွန်တော်ကတော့ သဘောကျတဲ့ စကားစုလေးပါပဲ။
………………………………………………………………………………….
12th-Jul-2008 - Hate Sin, Love the Sinner.
………………………………………………………………………………….
ဒုစရိုက်မှုကို ဆန့်ကျင်ပါ။ ဒုစရိုက်သားတို့ကိုတော့ ကြင်နာပါ။ ကောင်းတဲ့အတွေးပါပဲ။ ကျွန်တော်မှီသလောက်နဲ့ မြန်မာမှုပြုလိုက်တာပါ။ အလိုအပိုတော့ ရှိချင်လည်းရှိမှာပေါ့လေ။ ကျွန်တော်တို့တွေဟာ ဒုစရိုက်မှုဆိုတာကို မနှစ်သက်ကြ၊ သဘောမကျကြပါဘူး။ ဒါပေမဲ့ သူများလုပ်နေရင်သာ လက်ညိုးထိုးချင်ကြတာ။ ကိုယ်တိုင်လုပ်နေမိပြီဆိုရင်တော့ အကြောင်းပြချက်တွေနဲ့ မကောင်းမှုကို ကောင်းမှုထင်အောင် ပြောဆိုတတ်တာ။ သာမာန်လူသားတွေဖြစ်လို့ ကင်းတာတော့ မကင်းနိုင်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ မကောင်းမှုတွေ တစ်နည်း ဒုစရိုက်မှုတွေကို ဆန့်ကျင်လိုတဲ့ အခြေခံလေးရှိနေဖို့ လိုပါမယ်။ ဒါကတော့ မိမိကိုယ်တိုင်အတွက်ပါ။
လောကကြီးမှာ သေးတာ၊ကြီးတာ နည်းတာ၊များတာသာ ကွာရင်ကွာမယ်။ ဒုစရိုက်မှုကို ပြုနေရတဲ့သူတွေ၊ ပြုနေသူတွေရှိနေကြတာပါပဲ။ ဒီလိုလူတွေအပေါ်မှာလည်း ချစ်ခြင်းအားဖြင့် အကြင်နာထားလို့ မေတ္တာ-ဂရုဏာ-မုဒိတာဆိုတဲ့ အခြေခံအချက်လေးတွေနဲ့ ဆက်ဆံသင့်ပါတယ်။ ဒုစရိုက်သားတို့ကို ပြစ်ပယ်ထားခြင်းဟာ ကျွန်တော်တို့ပတ်ဝန်းကျင်အတွက် ကြီးတဲ့ အန္တရာယ်ပါပဲ။ တွေးကြည့်သင့်တဲ့ စကားစုလေးမဟုတ်လားဗျာ။
………………………………………………………………………………….
17th-Jul-2008 - ဟေ့ တိမ်တွေ အဲသည်သာနေတဲ့ လ ကို အမှောင်ချလိုက်စမ်း ဟောသည်မှာ ငါ လွမ်းလှပြီ။..........။ (မာရေးသျှင်၏ကဗျာမှ-)
………………………………………………………………………………….
ကျွန်တော်တို့ငယ်ငယ်ကတော့ လသာရင် လူကြီးတွေအလစ်မှာ အပေါင်းအသင်းတွေရှိရာထွက် ကစားနည်းပေါင်းစုံကို ကစားတော့တာပါပဲ။ နည်းနည်းလေးအတန်းကြီးလာတော့ လသာတဲ့ရက်ဆို ကွပ်ပျစ်ပေါ်က လ္ဘက်ရည်ဝိုင်းနားသွားပြီး လူကြီးတွေက အိပ်ရာထဲသွားအိပ်ချေလို့ မပြောမချင်း ကွေးနေတတ်တာပါပဲ။ တစ်ခြားမြို့ကြီးမှာ ကျောင်းသွားတက်ရတော့ အဆောင်ကော်ရစ်တာမှာ လသာတဲ့ညတွေဆို သူငယ်ချင်းနဲ့စကားတွေပြော၊ တစ်ခါတစ်လေလည်း ဟိုသတိရ ဒီသတိရပေါ့ဗျာ။ သိတဲ့အတိုင်းပဲ သာနေတဲ့လဆိုတာကလည်း ကျွန်တော်တို့ဆီမှာမှ အရသာပြည့်အောင် ခံစားရတာ။ ခုတော့လည်း ဝင်းပပလမင်းကြီးကိုတွေ့ရင် အတိတ်တွေပဲ ပေါ်ပေါ်လာတော့တယ်ဗျာ။ သူကတော့ အရင်ကလိုသာနေဆဲပါပဲ။ ကျွန်တော်တို့မှာသာ… တစ်ခါတစ်လေတော့လည်း ကိုမာရေးသျှင်ရဲ့ ကဗျာစာသားလေးလို - “ဟေ့ တိမ်တွေ အဲသည်သာနေတဲ့ လ ကို အမှောင်ချလိုက်စမ်း ဟောသည်မှာ ငါ လွမ်းလှပြီ”လို့ ပြောလိုက်ချင်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်သွားမှာတော့ စိုးရိမ်မိသား။
သုခမိန်။…..။
Monday, April 27, 2009
Thought from some words (6)
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 5:23 PM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အရောင်စုံ အတွေးများ . . . . .
Saturday, April 25, 2009
Let's create Green-World
ကမ္ဘာမြေ စိမ်းလန်းပါစေ
အိမ်ကနေ အလုပ်ကိုသွားမယ်လုပ်တော့ လမ်းနည်းနည်းလျှောက်။ ဘတ်စကားကိုစီး။ နှစ်မှတ်တိုင်လောက်ရှိတော့ ဆင်း။ မြေအောက်ရထားစီး။ နာရီဝက်လောက်ကြာတော့ ဆင်း။ အလုပ်ကိုရောက်အောင် သုံးမိနစ်လောက်လမ်းလျှောက်။ တစ်နေကုန် အလုပ်မှာ ဖုံးတွေ၊ ဖက်စ်တွေ၊ အီးမေးလ်တွေ၊ အသုံးချဆော့ဖ်ဝဲလ်တွေနဲ့ နပမ်းလုံး။ ညနေစောင်းတော့ လာလမ်းအတိုင်းပြန်။ အခန်းရောက်တော့ ရေမိုးချိုး။ ဒါတွေက အကုန်မမှန်တောင် အတော်များများအတွက် ယေဘူယျကျတဲ့ တနေ့တာအချိန်ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်စိတ်ကူးယဉ်ကြည့်တဲ့ ခေတ်မှီနေတဲ့သူတွေရဲ့ တနေ့တာပါ။
အဲဒီ့ တစ်နေ့တာမှာ အပင်စိုက်တာဝါသနာပါတဲ့သူဆို အခန်းမှာ အပင်လေးတွေ အနည်းအကျဉ်းရှိမယ်။ လမ်းတစ်လျှောက်မှာကတော့ ချမ်းသာနေတဲ့နိုင်ငံတွေဖြစ်လို့ ရှားပါစွာရှိနေတဲ့ အပင်လေးတွေရှိမယ်။ အလုပ်က အလုပ်စားပွဲမှာလည်း အပင်ချစ်တတ်သူဆိုရင် အပင်လေးဘာလေးရှိမယ်။ ကုန်ပြီ။ ဒါအကုန်ပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လွန်းတော့ အေးနေရင် ပူပေးမယ်၊ ပူနေရင် အေးပေးမယ်။ အစားအစာတွေကို လတ်ဆတ်နေအောင် (လတ်ဆတ်တယ်ထင်အောင်) ထိန်းထားပေးမယ်။ ရေပိုက်ခေါင်းကိုဖွင့်လိုက်ရင် သန့်ရှင်းပေးထားတဲ့ ရေထွက်လာမယ်။ ရေစစ်ဘူးရှိမယ်ဆိုရင် အဲဒီ့ရေကိုပဲ ရေစစ်ဘူးအကူနဲ့ သောက်လို့ရမယ်။ ဒါမှ မဟုတ်ရင် ရေသန့်ဘူးကို စိတ်ကျေနပ်လောက်တဲ့ဈေးနဲ့ ဝယ်သောက်နိုင်တယ်။ ဒါကလည်း ကျွန်တော်စိတ်ကူးယဉ်ကြည့်တဲ့ တိုးတက်နေသောနိင်ငံများမှာ အပင်နဲ့ရေကို တစ်နေ့တာထိတွေ့နေရမှုပါ။ အနီးစပ်ဆုံးတော့ မှန်မယ်ထင်တာပါပဲ။
ထူးဆန်းတာက အဲဒီ့နိုင်ငံတွေမှာ သစ်တောတွေကို ထိန်းသိမ်းထားတတ်သတဲ့။ မြို့ပြနဲ့ဝေးလာရင် သစ်ပင်ကြီးတွေ ဘာတွေရှိတတ်သတဲ့။ ကြားဘူးတာပါပဲ။ လွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုလောက်က ရန်ကုန်ကနေ သင်္ကြန်ရှိလို့ ကျောင်းပိတ်ရက် အိမ်ပြန်မယ်ဆိုရင် ရထားစီးလေ့ရှိတယ်။ လမ်းခုလတ်က ဘူတာတစ်ခုမှာဆင်း။ အဲဒီကနေ ၄၅မိနစ်လောက် ကားဆက်စီးရင် ကျွန်တော့်ရဲ့ ဇာတိမြို့လေးကို ရောက်တာပါပဲ။
သင်္ကြန်ဆိုရင် အတူတွဲလို့မြင်တတ်ကြတာက ပန်းပိတောက်ဝါပါ။ ကျွန်တော်ကတော့ အညာဆန်တဲ့ဒေသက ဖြစ်လို့လားမသိဘူး သင်္ကြန်နီးရင် ပိတောက်ပန်းထက် ညလေအေးအေးမှာ ခပ်အီအီလေးမွှေးနေတတ်တဲ့ တမာရနံ့ကို ပိုလို့ချစ်သူပါ။ တစ်ပင်လုံးမှာ အရွက်သစ်လေးတွေ နုနုရွရွနဲ့အတူ ဖွေးနေအောင်ပွင့်တတ်တဲ့ တမာပန်းပါ။ တမာရနံ့ဟာ တစ်ချို့ရောဂါတွေကိုတောင် ပျောက်ကင်းစေနိုင်တယ်လို့ ကြားဖူးသလို တမာရဲ့ အသုံးဝင်ပုံတွေကလည်း မနည်းပါဘူး။ အရွက်နုကို အချဉ်တည် ဒါမှမဟုတ်ရင် ရေနဲ့ပြုတ်လို့ စားတတ်ကြသေးတယ်။ ဆေးဖော်ရာမှာလည်း အသုံးဝင်သတဲ့။ ထားတော့ တမာရဲ့အသုံးဝင်ပုံတွေကို။
ပြောချင်တာက ဘူတာလေးကနေ ဇာတိမြို့ဆီသွားတဲ့လမ်းမှာ တမာတန်းတွေ ရှိလေရဲ့။ အမြဲတမ်း ကျွန်တော်ကားခေါင်မိုးပေါ် တက်ဆီးလေ့ရှိတယ်။ လေခပ်ပြင်းပြင်းလေးနဲ့အတူ မွှေးအီနေတဲ့တမာရနံ့က ကျွန်တော့်စိတ်ကို နွေးထွေးမှုပေးတယ်။ အိမ်နဲ့တဖြေးဖြေးနီးတော့မယ်ဆိုတဲ့ အသိကိုလည်းပေးတယ်။ တမာရနံ့ကိုရလိုက်ကတည်းက ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရပါတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်က အလုပ်ပိတ်ရက်တွေရှိလို့ အိမ်ကိုပြန်ပါတယ်။ ကားနဲ့ပဲပြန်ဖြစ်ပါတယ်။ စာဖတ်လိုက်၊ အိပ်ငိုက်လိုက်နဲ့ ကျွန်တော့်မြို့လေးနဲ့နီးလာတော့ အသိတစ်ခုပေါ်လာပါတယ်။ ဟုတ်တယ် တမာရနံ့ပါပဲ။
လမ်းတစ်လျှောက်လုံးလည်း တောင်ကုန်းညိုညိုတွေက မျက်စိတစ်ဆုံး။ အမြင့်ဆုံးဆိုတာ ခါးစောင်းလောက်ပဲရှိမဲ့ အပင်တွေနဲ့ပေါ့။ အသက်ကြီးတဲ့အပင်၊ အသက်ငယ်ပေမဲ့ ဖွံ့ဖြိုးထွားကြိုင်းနေတဲ့အပင်၊ ဘယ်လိုအပင်မှကို မတွေ့ရတာပါ။ ရှားရှားပါးပါး တစ်ခါတစ်လေတော့ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေကို မြင်ရတတ်ပါတယ်။ ကျွန်တော်တို့မြို့လေးနဲ့ နီးလာတော့ကျွန်တော်က တမာနံ့ရမယ်ထင်တာ။ လုံးဝမရပါဘူး။ လမ်းတစ်လျှောက်မှာလည်း တမာကိုသိပ်မတွေ့ရဘူး။ ဘူတာလေးကနေ လာတဲ့လမ်းနဲ့တော့ မတူဘူးပေါ့။ ဒီဘက်လမ်းကိုက တမာနည်းသလား တွေးမိသေးတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ တွေ့ရတော့လည်း အပင်အိုပြီး ခြောက်သွေ့နေတာတွေ၊ ရွက်နုတောင်မှ ကောင်းကောင်းမထွက်နိုင်တာတွေပါ။ အားရစရာကောင်းတဲ့အပင်ဆိုတာ တွေ့ရခဲတယ်။ တစ်ပင်တစ်လေတော့ရှိလေရဲ့။ အဲဒီအခါကျရင် လှစ်ခနဲဖြတ်ပြေးသွားတဲ့ တမာရနံ့နဲ့ပဲ ဇာတိချက်ကြွေက ကျွန်တော့်ကို ကြိုဆိုပါတော့တယ်။
ပြောရရင် ထူးဆန်းတာတွေ တစ်ပုံတစ်ပင်ပဲ။ တမာရနံ့သိပ်မရလို့ ပတ်ဝန်းကျင်ကို သတိထားမိသွားတဲ့ကျွန်တော် နောက်ထပ်တွေ့လိုက်ရတာက ကျွန်တော်တို့မြို့လေးရဲ့ အထင်ကရ ကန်တော်ကြီးကိုပါ။ ရေနည်းလာရုံလောက်တင်မဟုတ်ဘူးဗျ တစ်ချို့နေရာတွေမှာ အောက်ခံနုံးတွေပေါ်နေပြီး ရေခန်းနေတာ။ ဒီလိုနဲ့အိမ်ကိုရောက်ပါတယ်။ ကျွန်တော်တို့အိမ်ရှေ့လေးမှာ ဟိုးအရင်ကတည်းက ရေဝပ်တတ်တယ်။ ရေရှိနေတော့ မြက်စိမ်းစိမ်းတွေ အလေ့ကျအပင်တွေနဲ့ပေါ့။ ခုတော့ ပက်ကြားအက်တွေနဲ့ မြက်လည်းမရှိ အလေ့ကျပင်တွေလည်း ပိန်လှီနေတယ်။ ဒါနဲ့ အိမ်ကိုပါ သတိထားကြည့်လိုက်တော့ တမာတွေသိပ်ပေါတဲ့ ကျွန်တော်တို့အိမ်လေးမှာ အရင်ကအပင်ကြီးတွေကလည်း ပိန်လှီခြောက်သွေ့၊ အပင်ပျိုအနေနဲ့ တက်သစ်စတွေကလည်း နှစ်တွေသာကြာသွားတယ် တက်မလာတော့ဘူး။ သူတို့ကြည့်ရတာ သိပ်မကျန်းမာသလိုပဲ။
တစ်နေ့ အပြင်သွားရင်း ကြံရည်ဆိုင်ဝင်ထိုင်ပါတယ်။ ကြံရည်အေးအေးလေးသောက်ရင်း ခေတ်မှီဖို့ကြိုးစားနေတဲ့ ဇာတိမြို့လေးကို ကြည့်နေမိတယ်။ သစ်ပင်ရိပ်ကောင်းကောင်းမရှိဘဲ နေပူကြဲကြဲမှာ စက်ဘီးနဲ့တစ်မျိုး၊ မြင်းလှည်းနဲ့တစ်ဖုံ။ တရုတ်ကြီးတို့ကောင်းမှုနဲ့ လူအများကြိုက်နေတဲ့ ဆိုင်ကယ်တွေကလည်း များမှများပါပဲ။ နေကတော့ ခပ်ပြင်းပြင်းလေးပူနေပါတယ်။ ဧပြီလရဲ့နေပဲလေ။ ဒါပေမဲ့ ချွေးတစ်လုံးလုံးနဲ့ သွားလာလုပ်ကိုင်နေရတာပါပဲ။ လေပူနေပူဆိုတာကိုက အညာဆန်ခြင်းရဲ့ သင်္ကေတကိုး။ လူတွေကလည်း နေလောင်နေလို့ ညိုးနေသလား၊ အတွေးနက်ပြီး အလုပ်လုပ်နေကြရတာလားတော့ မပြောတတ်ဘူး မလန်းမဆန်းနဲ့ တစ်ခုခုကို ကြိုးပမ်းနေကြသလိုပါပဲ။ နေပြင်းနေတော့ ကြာကြာမထိုင်နိုင်ပါဘူး။ ငွေရှင်းမယ်လုပ်တော့ ကြံကြိတ်စက်ကို ရေဆေးနေတဲ့ စားပွဲထိုးလေးကို မြင်မိပါတယ်။ ရေသန့်ဘူးကို ထိပ်မှာအပေါက်ဖောက်ထားပြီး ဗူးကနေညှစ်ချရင်း ရေဆေးနေတာပါ။ ရေကုန်မှာကြောက်လို့ ထင်ပါရဲ့။
သေချာကြည့်မိတဲ့ကျွန်တော် စိတ်မှာတစ်မျိုးဖြစ်ရပါတယ်။ သူသုံးနေတဲ့ရေဟာ ခပ်ဝါဝါအရောင်ပါ။ သုံးရေတွေလည်းရှားလို့ လာတော့ ဘယ်လိုရေတွေ သုံးနေလဲမသိပါဘူး။ ခပ်ညစ်ညစ်နဲ့ ကျွန်တော်လည်း ထပြန်လာခဲ့မိပါတယ်။ အိမ်ရောက်တော့ ချွေးတစ်လုံးလုံးနဲ့ ရေအိုးကရေကို ခပ်သောက်၊ အပူရှိန်ပြင်းနေတဲ့ အခန်းမှာထိုင်ချရင်း အဖေနဲ့သစ်ပင်တွေအကြောင်း၊ ရေတွေအကြောင်းကို ပြောနေဖြစ်တော့တယ်။ ဒါဟာ ကမ္ဘာ့ပြဿနာလို့ ကျွန်တော်ပြောတော့ အဖေကပြုံးပါတယ်။ ဝေးလိုက်တာကွာတဲ့ မင်းပြောတဲ့ကမ္ဘာတော့မသိဘူး တို့တော့ အပင်ရှားရေရှားနဲ့ နေပူရှိန်တွေနှစ်စဉ်တက်နေတာ နေရတာခက်လှပါသတဲ့။ ကျွန်တော်ကတော့ ဆက်ပြောလိုက်ပါတယ် ကျွန်တော်တို့တွေ ကိုယ့်အပြစ်ဒဏ် ကိုယ်ပြန်ခံနေရတာပါ အဖေရာလို့ပေါ့။ စိတ်ထဲကတော့ မဝံ့မရဲ ကြီးစွာသောမျှော်လင့်ချက်နဲ့ ဆုတောင်းလိုက်ပါတယ် - “ကမ္ဘာမြေ စိမ်းလန်းပါစေ”။…..။
***ကမ္ဘာမြေနေ့ (EarthDay – April 22, 2009) အမှတ်တရ။
သုခမိန်
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 1:33 PM 9 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အရောင်စုံ အတွေးများ . . . . .
Thursday, April 23, 2009
နှလုံးလှဖို့ အလှဆုံးသို့ (၄)
လမ်းပေါ်သွားရင်လည်း ကောင်းကောင်းမွန်မွန် ဝတ်ပြီးတော့ မသွားရင် အဲဒါ တွေ့သမျှလူအားလုံးကို စော်ကားတာပဲ။ ဒါဟာ ယုတ်ယင်းမှု၊ ကြမ်းတမ်းမှု၊ ရိုင်းပြမှု၊ စော်ကားမှုတစ်မျိုး ဖြစ်နေတယ်။
ဘုရားဟောဝိနည်းတော်ကို လေ့လာကြည့်ရင် ရဟန်းတွေကို “လက်သည်းခွံလောက်ပေါက်နေတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့။ စွန့်ပစ်ရမယ်လို့ ပြောတာမဟုတ်ဘူးနော်၊ ဖာထေးရမယ်လို့ ပြောတာ။ “အနားဖွာတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့၊ ဝတ်တာကြာလို့ အနားလေးတွေ ဖွာသွားရင် ပြန်လုံးပြီးဝတ်ရမယ်တဲ့။
(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် - ဆရာတော်ဦးဇောတိက) မှ
အဝတ်အစား ကိုးယိုးကားယား ဝတ်တာဟာ ယုတ်ယင်းမှု၊ ကြမ်းတမ်းမှုသဘောတစ်မျိုးဖြစ်တယ်။ “violence” အကြမ်းဖက်မှုလို့ ဆိုနိုင်တယ်။
လူတစ်ယောက်ဟာ ကြည့်မကောင်းလောက်အောင် ဆံပင်တွေ ကို့ရို့ ကားယား လုပ်လိုက်မယ်။ အဝတ်အစားတွေလည်း ကို့ရို့ ကားယား ကြည့်မကောင်း လောက်အောင် ဝတ်လိုက်မယ်ဆိုပါတော့နော်။ အင်္ကျီတွေမှာအပေါက်တွေနဲ့၊ ဘောင်းဘီတွေမှာလည်း အပေါက်တွေနဲ့ ဆိုပါတော့။ လုံချည်ဆိုလည်း အဲဒီလိုပဲ ကို့ရို့ ကားယား ဝတ်မယ်ဆိုပါတော့။ ပြီးတော့ လမ်းပေါ်မှာ သူလျှောက်သွားနေတယ် ဆိုပါတော့၊ သူ ဘယ်သူ့ကိုမှ ဘာမှ မလုပ်ပေမယ့် သူဟာ လူတွေကို အကြမ်းဖက်မှု(violence) တစ်ခုခု လုပ်လိုက်ပြီလို့ ပြောလို့ရတယ်။ သူ့ကို မြင်ရတဲ့သူတိုင်း စိတ်ချမ်းသာမှာ မဟုတ်ဘူး။ ဒါဟာ ရိုင်းပျမှု စော်ကားမှု တစ်မျိုးလို ဖြစ်နေတယ်။
ကိုယ့်အိမ်ကို လာတဲ့သူဟာ အဝတ်အစားကို ကို့ရို့ ကားယား ဝတ်လာမယ်ဆိုရင် ကိုယ့်ကို မလေးစားဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။ အိမ်ရှင်ကို လေးစားရင် ကောင်းကောင်းမွန်မွန် ဝတ်သွားရတယ်။
ဂုဏ်သိက္ခာရှိတဲ့၊ စိတ်ဓာတ်အဆင့်အတန်း ပညာရေးအဆင့်အတန်းမြင့်တဲ့ သူဟာ ကိုယ့်အိမ်ကို ဧည့်သည်လာရင် ဧည့်သည်ကို မတွေ့ခင်မှာ အရင်ဆုံး အင်္ကျီသွားလဲတယ်။ အင်္ကျီအဝတ်အစား ကောင်းကောင်းလဲတယ်။ ဥပမာ ယောင်္ကျားဆိုရင်ပေါ့၊ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ထွက်တွေ့ရင် အဓိပ္ပာယ်က ဘယ်လိုပေါက်မလဲ။ ဧည့်သည်ကို မလေးစားဘူးလို့ အဲဒီလို အဓိပ္ပာယ်ပေါက်တယ်နော်။ ကိုယ့်အိမ်ကို လာတဲ့ ဧည့်သည်ကို လေးစားရမယ်။ ဧည့်သည်ကိုလေးစားရင် ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် အဝတ်အစားဝတ်ပြီးတော့ ထွက်တွေ့ရမယ်။
(အလှတရားမှအမှန်တရားသို့ - ဆရာတော်ဦးဇောတိက) မှ
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 10:57 PM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Wednesday, April 22, 2009
ညီမလေးအတွက် မွေးနေ့လက်ဆောင်ကဗျာ
ဒီနေ့ ၂၃၊ဧပြီ၊၂၀၀၉ ဟာ ကိုချောရဲ့ “ညီမလေးမမမြင့်”လိုပါပဲ ကျနော်ထက်အသက်ကြီးတဲ့ “ညီမလေး”ရဲ့ (၂၉)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
ညီမလေးက ကျနော့်သူငယ်ချင်း မဟုတ်ပါ။ လူချင်းသိတယ်ဆိုရုံလေးတော့ သိပါတယ်။ ညီမလေးဟာ ကျနော့်မိတ်ဆွေရဲ့ မိတ်ဆွေပါ။ ကျနော့်မိတ်ဆွေက သူ့ကို ညီမလေးလို့ ခေါ်ပါတယ်။ ထို့ကြောင့် ကျနော်ကလည်း သူ့ကို ညီမလေးလို့သိပါတယ်။
ထို ကျနော့်သူငယ်ချင်းမဟုတ်သော ကျနော့်ထက် အသက်မငယ်သော ညီမလေးအတွက် ကျနော်က မွေးနေ့လက်ဆောင်ကဗျာရေးပါတယ်။
သုံးဆယ်တစ်လျော့ ၊ မငယ်တော့ပြီ
ချစ်ညီမလေး ၊ လှပဂေး၏
မွေးနေ့ချိန်ခါ ၊ မင်္ဂလာမှ
ရှည်ကြာသမျှ ၊ ဤဘဝတွင်
ချမ်းမြကြည်လင် ၊ မြဲပျော်ရွှင်လျက်
ချစ်ခင်ကြင်နာ ၊ သူတကာကို
မေတ္တာဖြန့်ဝေ …..
ဘမျိုးဆွေ၏
“မတေ”သက်လျာ ၊ ရတနာဟု
ဗြဟ္ဗာနတ်လူ ၊ လှိုက်ဝှန်ဆူပွတ်
ကြည်ဖြူနှစ်သက်ကြစေသောဝ်။……….။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 10:23 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Monday, April 20, 2009
Where the monkey puts his hand by Paulo Coelho
မျောက်တွေလို..
ကျနော်က သူငယ်ချင်းကို ပြောတယ်။
- “မျောက်အိုတကောင်က သူ့လက်ကို ဘယ်တော့မှ အိုးထဲကို မထည့်ဘူး” - ဆိုတဲ့ ထူးခြားထူးခြား ဆိုရိုးလေးတခုရှိသကွ။
- သူ့မှာလည်း သူ့ကိုယ်ပိုင် ဆင်ခြင်ထားတာလေး ပါတယ်။ - လို့ သူငယ်ချင်းက ပြန်ပြောပါတယ်။
- အိန္ဒိယမှာ မုဆိုးတွေက အုန်းသီးကိုဖောက်ပြီး အထဲမှာ ငှက်ပျောသီးကို ထည့်ပြီး အဲဒီဟာကြီးကို တနေရာမှ ပစ်ထားလေ့ရှိတယ်။ မျောက်က အုန်းသီးကို တွေ့တော့ အုန်းသီးအတွင်းကို ငှက်ပျောသီးကို ဖမ်းဆုပ်ဖို့ လက်သွင်းလိုက်တယ်။ ဒါပေမယ့် သူတို့လက်ကို ပြန်မထုတ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ငှက်ပျောသီးဆုပ်ထားတဲ့ လက်သီးဆုပ်က အုန်းသီးပေါက်ဝထက် ပိုကြီးသွားတာကိုး။ ငှက်ပျောသီးကို လက်လွှတ်လိုက်ရမယ့် အစား မျောက်က ဆုပ်ထားတော့ နောက်ဆုံးမှာ မုဆိုး လက်တွင်းမှာ အမိခံလိုက်ရတော့တယ်။
- တို့ဘဝတွေမှာလည်း ဒီလို အဖြစ်အပျက်တွေ ဖြစ်လေ့ရှိတယ်။ သေးမွှားပြီး အသုံးမတည့်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လိုတာနဲ့ပဲ လိုချင်မှုရဲ့ အကျဉ်းသားအနေနဲ့ ဘဝကို အဆုံးသတ်သွားရတတ်တယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 9:42 PM 8 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, အရောင်စုံ အတွေးများ . . . . ., ကေဇက်
Tuesday, April 14, 2009
ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
” ထမင်းစစ်စစ် စားချင်တယ် အမေရယ်
ဒီကဗျာဟာ လူထုကဗျာပါ။ လူငယ်ထုကဗျာပါ။ အထူးသဖြင့် ကျနော်တို့လို အိမ်ကိုငေးတဲ့ အိမ်ပြေး (သို့) အိမ်နဲ့ဝေးတဲ့ အိမ်ငေးလူငယ်ထုရဲ့ကဗျာပါ။
ကြယ်ပြာဟာ လူထုထမင်းဆိုင်ပါ။ လူငယ်ထုထမင်းဆိုင်ပါ။ အထူးသဖြင့် ကျနော်တို့လို အိမ်ကိုငေးတဲ့ အိမ်ပြေး (သို့) အိမ်နဲ့ဝေးတဲ့ အိမ်ငေးလူငယ်ထုရဲ့ထမင်းဆိုင်ပါ။
အဲဒီတုန်းက ကျနော်တို့လို လှည်းတန်းနဲ့ မကင်းတဲ့ ရန်ကုန်နေ နယ်သူနယ်သူတွှေရဲ့ အဓိကထမင်းရှင်ဟာ ကြယ်ပြာပါပဲ။ (ဟဲ ဟဲ လက်ရှိကြယ်ပြာအဆောက်အဦးရဲ့ အုတ်တစ်ချပ်ဟာ ကျနော်ပါပဲ။ သဲတစ်ပွင့်ဟာ ကျနော်ပါပဲ။) သင်တန်းတွေနဲ့ မကင်းလို့ လှည်းတန်းနဲ့ မကင်းခဲ့ကြတဲ့ ကျနော့် မိတ်ဆွေတော်တော်များများလည်း ကြယ်ပြာနဲ့ မကင်းခဲ့ကြပါဘူး။ ဒါပေမယ့် ကြယ်ပြာကို ကြယ်ပြာမှန်းမသိကြပါဘူး။ ကျနော်ကတော့ ကြယ်ပြာကို ကြယ်ပြာမှန်းသိလို့ အထူးသဖြင့် ကိုချောရဲ့ ”ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်“ကိုသိလို့ တခုတ်တရ သွားသွားစားခဲ့တာပါ။
ကျနော်ဟာ ကြယ်ပြာမှာ အကြိမ်ပေါင်းများစွာ ထမင်းစားခဲ့သလို ဒီကဗျာလေးကိုလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရွတ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ ဒီကဗျာကိုရွတ်မိလို့၊ ဒီကဗျာကိုရွတ်ချင်လို့ တကူးတက သွားစားခဲ့ပါတယ်။ ကြယ်ပြာလေးမှာ ထမင်းစားတဲ့အခါ၊ ဒီကဗျာကိုရွတ်တဲ့အခါ ဘယ်လိုမှ ချန်လှပ်ထားခဲ့လို့မရတဲ့အရာက “ဝေမှူးသွင်” ပါ။
အခုတော့ ကြယ်ပြာလေးရဲ့အဝေး၊ အိမ်နံ့သင်းတဲ့ ထမင်းစစ်စစ်ရဲ့အဝေးမှာ ဒီကဗျာလေးကို ရွတ်ချင်လာပြန်ပါတယ်။
ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
ဟိုး ခပ်ဝေးဝေး …
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 4:27 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Monday, April 13, 2009
နှလုံးလှဖို့ အလှဆုံးသို့ (၃)
လမ်းလျှောက်တာက အစ ဣနြေ္ဒ၊ သိက္ခာရှိတဲ့ လမ်းလျှောက်နည်းဆိုတာ ရှိတယ်။
အဲဒီလိုပဲ လမ်းလျှောက်တဲ့နေရာမှာလည်းပဲ ဘုရားက လမ်းလျှောက်ပုံ လမ်းလျှောက်နည်းတွေကို ရဟန်းတွေကို သင်ပေးခဲ့တာရှိတယ်။ ဘုရားကိုယ်တိုင် ဘယ်လိုလမ်းလျှောက်တယ် စင်္ကြံ ဘယ်လို ကြွတယ်ဆိုတာကို စာပေထဲမှာ တွေ့ဖူးတယ်။ ခြေလှမ်းကို မစိပ်မကျဲလှမ်းတယ်၊ ခုန်ကြွခုန်ကြွလှမ်းလေ့ မရှိဘူး။ ခန္ဓာကိုယ် အထက်ပိုင်းက ငြိမ်နေတယ်၊ အထက်မြင့်လိုက် အောက်နိမ့်လိုက် မဖြစ်ဘူး။
ခြေထောက်ကသာ ရှေ့ ကို လှမ်းသွားနေတာ ခန္ဓာကိုယ်အထက်ပိုင်းက မြင့်လိုက် နိမ့်လိုက် မဖြစ်ဘူး။ ခြေဖျားလေးထောက်ပြီး ကြွကြွ ကြွကြွနဲ့ လျှောက်လေ့မရှိဘူး။ ခြေဖဝါးကို ချလိုက်တဲ့အခါမှာ ညီညီညာညာပဲ ချလိုက်တယ်။ ခြေလှမ်းကိုလည်း မစိပ်မကျဲ လှမ်းလေ့ရှိတယ်၊ မြန်မြန်ကြီးလည်း လျှောက်လေ့မရှိဘူး၊ နှေးနှေးလည်း လျှောက်လေ့မရှိဘူး။
(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် - ဆရာတော် ဦးဇောတိက) မှ
ကျက်သရေရှိရှိ ဂုဏ်သိက္ခာ ရှိရှိ လှလှပပ လမ်းလျှောက်ဖို့လိုတယ် … နော်။ ဘုရားဟောဝိနည်းထဲမှာ ရဟန်းတွေကို လမ်းလျှောက်တာကို သင်ထားတာ ရှိတယ်။ ခြေဖျားကို ထောင်ပြီး ဖနောင့်နဲ့ထောက်ပြီးတော့ လမ်းမလျှောက်ရဘူး။ ခြေဖျားထောက်ပြီးတော့လည်း မလျှောက်ရဘူး။ ပြေပြေပြစ်ပြစ်လေး ခြေဖဝါးကို ချရမယ်။ မစိပ်မကျဲခြေလှမ်းကို လှမ်းရမယ်။ စိပ်လွန်းရင်လည်း ကြည့်လို့ မကောင်းဘူး။ ဣနြေ္ဒ မရဘူး။ သိက္ခာမရှိဘူး။ ကျဲလွန်းရင်လည်း ဣနြေ္ဒမရဘူး။ သိက္ခာမရှိဘူး။ ကြည့်လို့ မကောင်းဘူး။ မနှေးမမြန် လျှောက်ရမယ်။ ခုန်စွခုန်စွ မလျှောက်ရဘူး။
မြတ်စွာဘုရား လမ်းလျှောက်တဲ့အခါမှာ ဘယ်လိုလျှောက်သလဲဆိုတာကို ပါဠိစာပေထဲမှာ တွေ့ရတယ်။ အဲဒါကို ဘုန်းကြီးတို့ အတုယူတယ်။ ရဟန်းဆိုတာ ဒီလို လျှောက်ရတယ်။ မြောက်ကြွ၊ မြောက်ကြွ မလျှောက်ရဘူး။ ခန္ဓာကိုယ်ကို ဟိုယိမ်း၊ ဒီယိမ်းနဲ့ မလျှောက်ရဘူး။ လမ်းလျှောက်ရင် ဖုန်တွေ သဲတွေလည်း မကန်မိရဘူး၊ ကျောက်ခဲတွေလည်း မကန်မိရဘူး။ အဲဒီလို လမ်းလျှောက်တာက အစ ဣနြေ္ဒ၊ သိက္ခာရှိတဲ့ လမ်းလျှောက်နည်းဆိုတာ ရှိတယ်။
ဣနြေ္ဒ သိကာမဲ့တဲ့ လမ်းလျှောက်နည်း ဆိုတာလည်း ရှိတယ်။ အကယ်၍ လမ်းလျှောက်တဲ့အခါ ရှပ်တိုက်ပြီး လျှောက်တယ် ဆိုပါတော့။ ဒရွတ်တိုက်၊ ဒရွတ်တိုက် လျှောက်တယ်ဆိုပါတော့။ အဲဒီလို လျှောက်တာမြင်ရင် မြင်ရတဲ့သူစိတ်ထဲမှာ ဘယ်လိုနေမလဲ။ ဟာ - လမ်းလျှောက်တာတောင်မှ သတိမပါ၊ ဉာဏ်မပါ၊ ဣနြေ္ဒမရ၊ သိက္ခာမဲ့လိုက်တာ၊ ကြည်ညိုစရာ မကောင်းဘူးလို့ တွေးမယ်။ အဲဒါကြောင့် လမ်းလျှောက်တာကအစ လှလှပပလေး လျှောက်တတ်ဖို့ လိုပါတယ်။
(အလှတရားမှ အမှန်တရားသို့ - ဆရာတော် ဦးဇောတိက) မှ
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 4:25 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Sunday, April 12, 2009
Tag Post
ကျွန်တော်နှစ်သက်၍ တပါးသူတို့ဖတ်စေချင်သော စာတိုပေစများ
ကိုရင်နော်၊ ခင်လေးငယ်နဲ့ ကလေးလေးတို့က Tag-ဂိမ်းလေးတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ထူးခြားတာကတော့ အီးဂျာကိုလည်း Tag-ပါသတဲ့။ ကိုရင်တို့တွေက စိတ်ကူးလေးတွေအမြဲပဲ ထူးတတ်လေတော့ သူတို့ Tag-လေးကလည်း ထူးခြားပါတယ်။ ပိုစ့်များစွာထဲက အကြိုက်ဆုံးမဟုတ်တောင် စာဖတ်သူတွေကို ပြန်ဖတ်စေချင်တဲ့ ပိုစ့်အဟောင်းလေးကို တင်ပေးပါတဲ့။ ကောင်းတဲ့ အကြံပါပဲ။ နှစ်သက်စွာနဲ့ ဂိမ်းလေးကို ဝင်ကစားပါတယ်။
ပြောစရာရှိလာတာက စာရေးသူများတဲ့ (တစ်ချို့လည်း မရေးကြတော့ပါဘူး) ဘလော့ဂ်လေးဆိုတော့ ကျွန်တော်ကပဲ တာဝန်ယူပြီး စာဖတ်သူတို့ကို ပြန်ဝေမျှပါမယ်။ ရွေးချယ်မှုကတော့ ကျွန်တော့်ရဲ့ဆန္ဒတစ်ခုတည်းပါ။ အကြိုက်တွေကတော့ အများသားပေါ့ဗျာ။ ဒါပေသိ အများလည်းနှစ်သက်နိုင်တဲ့ ပိုစ့်လေးတွေကို ဝေမျှလိုက်ပါတယ်။ တစ်ဦးခြင်းစီရဲ့ပိုစ့်လေးတွေကို ပြန်တင်မပေးတော့ပဲ လင့်ခ်လေးတွေနဲ့ပဲ ညွှန်လိုက်ပါမယ်။ မပျင်းမရိ သွားဖတ်ကြည့်စေချင်ပါတယ်။ အချိန်လည်းရခဲ့မယ်ဆိုရင်ပေါ့လေ။ အချိန်ရပါစေလည်း ဆန္ဒပြုလျှက်ပါ။
ပထမဆုံးကတော့ အခြားဆိုတဲ့အမည်လေးနဲ့ အီးဂျာရဲ့ ဖန်တီးသူတစ်ယောက်ပါ။ သူရေးတဲ့ပိုစ့်ဆိုလို့ နှစ်ခုပဲရှိပါတယ်။ တစ်ခုက မိတ်ဆက်၊ အခုဖော်ပြမှာလေးက သူ့စိတ်ကူး ပိုစ့်လေးပေါ့။ နောက်ထပ် ပိုစ့်လုံးဝမရေးတော့ပါဘူး။ သူ့ကို ကျွန်တော်ကိုယ်တိုင် အီးဂျာကိုခေါ်လာတာပါ။ သူသာ စာရေးဖြစ်မယ်ဆိုရင် အကျိုးများမယ်လို့ထင်လို့ပါ။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကြောင့် သူ့စိတ်ဟာ စာရေးချင်စိတ် မပေါ်ဘူးထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်သူ့ရဲ့ “ဇ”၏ ပကတိတန်ဖိုးများဆိုတဲ့ ပိုစ့်လေးကိုနှစ်သက်ပါတယ်။ ဒီမှာသွားလို့ မြည်းစမ်းကြည့်ကြပါအုံး။
ဒီတစ်ခါကတော့ တစ်ခါတစ်ခါ လက်ခမောင်းထခတ်တတ်တဲ့ ကိုတောကြောင်ပါ။ သူ့ကိုလည်း ဖိုရမ်တွေမှာ ကဗျာတွေရေးနေတာသိလို့ အီးဂျာကို ကျွန်တော်ခေါ်လာတာပါ။ ကဗျာကို အရေးကောင်းသလို အတွေးလေးတွေလည်း ရေးတတ်ပါတယ်။ ခုတော့ သူလည်း သိပ်မရေးတော့ပါဘူး။ အကျိုးအကြောင်းကိုမသိပေမဲ့ တစ်ခြားမှာပျော်နေသလားလို့တော့ တွေးမိပါတယ်။ ဘာလို့လည်းဆိုတော့ မကြာခဏ ကဗျာသွေးကြွတတ်သူဖြစ်လို့ပါ။ သူ့ရဲ့ ဆန့်ကျင်ဘက်ဆိုတဲ့ ကဗျာလေးကို ဒီနေရာမှာ မြည်းစမ်းကြည့်ပါအုံး။
Rhyme ဆိုတဲ့ နောက်တစ်ယောက်ပါ။ ဒီကောင်မလေးကိုလည်း ကျွန်တော်ပဲ အီးဂျာကိုခေါ်လာတာပါ။ သူကတော့ ကဗျာတွေကိုချစ်တတ်သူပါ။ ကဗျာရေးဝါသနာပါတယ်ဆိုလို့ ကျွန်တော်က အီးဂျာမှာတင်ပေးမယ်။ ရေးသာရေးဆိုပြီး အားပေးခဲ့တာပါ။ ဒါပေမဲ့ သူလည်းနောက်ဆို အသစ်တွေ လာနိုင်မယ်မထင်တော့ပါဘူး။ အလုပ်ကပြောင်းတော့မှာဖြစ်လို့ပါ။ အင်တာနက်ကိုလည်း လိပ်ပတ်လည်အောင် မသုံးတတ်သေးတော့ ပိုစ့်တွေဆက်တင်ဖို့ကို ကျွန်တော်လည်း ဘယ်လိုအားပေးရမယ်မသိဘူးဖြစ်နေတယ်။ သူ့ကဗျာလေးတွေထဲက အနှိုင်းမဲ့မေတ္တာရှင် ဆိုတဲ့ကဗျာလေးကို ပြန်ညွှန်းချင်ပါတယ်။ ဒီနေရာမှာ မြည်းစမ်းကြည့်ပါအုံး။
ကိုနယုန်မိုးဆိုသူ တစ်ယောက်ပါ။ ကိုတာတူးရဲ့ သူငယ်ချင်း အကိုကြီးတစ်ယောက်လို့ ပြောပါတယ်။ စာရေးကောင်းပါတယ်။ ခုတော့ အီးဂျာမှာ လုံးဝကို အသစ်မတက်တော့ပါဘူး။ အလုပ်တွေပဲရှုပ်လို့လား တစ်ခြားတစ်နေရာမှာပဲ စာတွေကဗျာတွေ ရေးနေလားတော့မသိပါဘူး။ တစ်ခါက ဒီအကိုရဲ့ပိုစ့်တစ်ခုကို ကျွန်တော်ဖျက်ချခဲ့ဖူးပါတယ်။ နိုင်ငံရေးတွေကို စကားလုံးတည့်တည့်ကြီးတွေနဲ့ ရေးထားတာဆိုတော့ ဆန်ကြမ်းနဲ့ ငပိကြော်ကိုကြောက်လို့ပါ။ ဒါကိုပဲ ကိုနယုန်မိုးရဲ့စိတ်မှာ အဆင်မပြေ ဖြစ်သလားတော့ မပြောတတ်ပါဘူး။ အဲဒီ့နောက်ပိုင်း လုံးဝကို ပိုစ့်မတင်တော့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အီးဂျာရဲ့အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကိုနယုန်မိုးရဲ့ ပခုံးလေးတွန့်ပြပါဗျာဆိုတဲ့ အတွေးအရေးလေးကို ဖော်ပြလိုက်ပါတယ်။ ဒီနေရာမှာ မြည်းစမ်းကြည့်ပါအုံး။
နောက်တစ်ယောက်က “မယ်”ဆိုတဲ့ ကောင်မလေးပါ။ သူကတော့ ကိုတာတူးရဲ့အပေါင်းအသင်း။ ကိုတာတူးကပဲ ခေါ်လာခဲ့တာပါ။ အစုံရေးလေ့ရှိတဲ့ မယ်လည်း နောက်ပိုင်းတော့ အလုပ်တွေမအားလို့ သိပ်ပြီး မရေးဖြစ်ပါဘူး။ တစ်ခါတစ်လေတော့ အတွေးလေးတွေ ကဗျာလေးတွေကို အသစ်အသစ်တွေ တင်နေတတ်သေးပါတယ်။ သူ့ရဲ့ လူတွေမျက်နှာကို မကြည့်ချင်ဘူးဆိုတဲ့ ပိုစ့်လေးကို ညွှန်းလိုပါတယ်။ ဒီနေရာမှာ သွားလို့ မြည်းစမ်းကြည့်ပါအုံး။
အိမ်ကိုလွမ်းတတ်လွန်းတဲ့ သူတစ်ယောက်ပါ။ သူ့ကိုသူလည်း အိမ်လွမ်းသူ(မှန်နီကုန်း)လို့ အမည်တပ်ထားတဲ့ အီးဂျာရဲ့ အပေါင်းအဖော်တစ်ယောက်ပါ။ ရောက်လာတာကတော့ ကိုတာတူးခေါ်လာတာပါ။ ဒါပေတဲ့ ကျောင်းသားဘဝတုန်းက အတူတက်ခဲ့ဖူးသူပါ။ စကားပြောကောင်းတဲ့ အိမ်လွမ်းသူဟာ စာကိုလည်း ကောင်းကောင်းရေးတတ်ပါတယ်။ ဒါပေမဲ့ အိမ်ကိုလည်းလွမ်း အလုပ်တွေလည်းပိလာတော့ ဆက်မရေးဖြစ်တော့ဘူးထင်ပါတယ်။ အသစ်တွေ မတွေ့တော့သလောက်ပါပဲ။ သူရေးထားတဲ့အထဲက ပေးဆပ်သူတို့နှလုံးသားဆိုတဲ့ ပိုစ့်လေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဒီနေရာမှာပါ။
ကိုမာရေးသျှင် ဆိုတာကတော့ အီးဂျာမှာ အတက်ကြွဆုံးပါ။ သူရောက်လာပြီးနောက်ပိုင်းကတည်းက အီးဂျာလည်း စိုပြေလာတာပါ။ ကဗျာတွေ စာတွေကို အတွေးကောင်း အရေးကောင်းသူတစ်ယောက်ပါ။ အိမ်လွမ်းသူနဲ့ ဆက်မိပြီး ရောက်လာတာလို့ပြောပါတယ်။ အတွေးအရေးကောင်းသူတစ်ယောက်ဖြစ်လို့ တစ်ခုဆိုတစ်ခု မှတ်သားစရာ ပါတတ်သူပါ။ သူ့ရဲ့ ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်ဆိုတာကို ပြန်ညွှန်းချင်ပါတယ်။ နှစ်ခါတောင် ဖော်ပြပြီးဖြစ်ပေမဲ့ ခံစားကြည့်စေချင်ပါတယ်။ ဒီနေရာလေးမှာပါ။
ကိုတာတူးပါ။ ကျွန်တော့်ရဲ့ အရင်းဆုံးသူငယ်ချင်းကြီးပါ။ အနုအရွလေးတွေကို သိပ်လုပ်တတ်ပါတယ်။ ဒါပေမဲ့ အပျင်းကြီးပါတယ်။ ခုဆိုလည်းအလုပ်ကို အကြောင်းပြနေတာလား ချစ်သူကိုလွမ်းနာကျနေတာလားတော့ မပြောတတ်ဘူး။ အသစ်တွေမလာတာကြာပြီ။ အီးဂျာရဲ့ ရဲဘော်တစ်ယောက်အနေနဲ့ သူ့ကိုညွှန်းချင်တာကတော့ သူရေးထားတဲ့ ဘဝဆိုတဲ့ခရီးမှာ သေချာတယ်ဆိုတာမရှိပါဆိုတဲ့ ပိုစ့်လေးကိုပါ။ သူပြောချင်တာတွေက ပိုစ့်လေးထဲကထက်များနေမယ်တော့ ထင်ပါတယ်။ ခုလည်း ပြောဆိုရင် ထပ်ဖြည့်စရာတွေ သူ့မှာရှိနေမယ်ထင်ပါတယ်။ ဒီနေရာလေးမှာ ဖတ်ကြည့်ပါအုံး။
ကိုကေဇက်ပါ။ ကျွန်တော့်ကို ဘလော့ဂ်လောကထဲ ခေါ်လာသူပါ။ သူကတော့ နည်းပညာပိုင်းလည်း ကလိတတ်။ စာလည်း ရေးတတ်သူပါ။ စာဖတ်အားကောင်းပါတယ်။ ဒါ့ကြောင့် သူ့ဆီကနေဆိုရင် ဘာသာပြန်တွေ အတွေ့များပါတယ်။ ဒါပေမဲ့ သူကလည်း တစ်ခြားအမည်တစ်ခုနဲ့ ဘလော့ဂ်တစ်ခုရှိပါတယ်။ အဲဒီမှာ သူ့ချစ်သူနဲ့ဆိုတော့ ဒီဘက်ကိုတော့ လှည့်ကြည့်တာ အလှမ်းကွာတတ်ပါတယ်။ ကွာတတ်ပေမဲ့လည်း အကောင်းလေးတွေ ချပြတတ်သူပါ။ သူရေးထားတဲ့ သေနတ်သမားဆိုတဲ့ပိုစ့်လေးကို မြည်းစမ်းကြည့်စေချင်ပါတယ်။ ဒီနေရာမှာပါ။
ဒီတစ်ခါကတော့ ကျွန်တော် သုခမိန်ပါ။ ဟိုလိုလို ဒီလိုလိုလေးတွေ ရေးတတ်သူ။ တောင်ရောက်မြောက်ရောက်နဲ့ စာရေးတာကို စိတ်ဝင်စားလို့ ရေးနေသူပါ။ ကောင်းတာမရှိပေမဲ့ မကောင်းတာလည်း များတတ်ပါတယ်။ တစ်ညနေဆိုတဲ့ ပိုစ့်လေးကို ပြန်ဖတ်ကြည့်ကြပါအုံး။ ဒီနေရာမှာပါ။
ကဲ - ကိုရင်၊ခင်လေးငယ်နဲ့ ကလေးလေးတို့ရေ တတ်နိုင်သလောက် အားထုတ်လိုက်ပါတယ်။ မအားလို့နောက်ကျနေတာရယ် လင့်ခ်တွေကိုပဲ ညွှန်းလိုက်ရတာရယ်ကိုတော့ တောင်းပန်ပါ၏။ ဘယ်သူတွေ လင့်ခ်အားလုံးကို အကုန်လိုက်ဖတ်ဖတ် မဖတ်ဖတ် Tag- ထားသူတွေတော့ ဖတ်ရမယ်နော။
သုခမိန်
(ကိုသုခမိန်က ကိုးနက်ရှင် မကောင်းလို့ ကျနော်က ကိုယ်စားတင်လိုက်ပါတယ်။
ကေဇက်)
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 12:10 AM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . .
Friday, April 10, 2009
၉၈ သင်္ကြန်ကဗျာ
သင်္ကြန်အဦး
ပိတောက်ဖူးကို
ခြွေခူးမိယောင်ယမ်း …
မျက်ရည်ခန်းထိ
စွတ်ဖြန်းလန်းပွင့်စေပါ့မည်။……….။
မာရေးသျှင်
9 Apr’98(Thu) 2:10 pm
၁၉၉၈ ခုနှစ်တုန်းက ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးပါ။ ထုံးစံအတိုင်း ခေါင်းစဉ်တပ်မထားတဲ့ အဲဒီ သင်္ကြန်ကဗျာလေးဟာ မနေ့ကပဲ (၁၁)နှစ်ပြည့်ရှာပါတယ်။
ပိတောက်ဖူးလေးတွေကို သူ့မျက်ရည်နဲ့ စွတ်ဖြန်းပြ်ီး ပွင့်လန်းစေပါမယ်ဆိုတဲ့ (၁၈)နှစ်သား ကောင်လေးဟာ အခုလို ဆယ်စုနှစ်တစ်ခု ကျော်ဖြတ်ပြီးတဲ့အခါ ...............
ဝေဝေနွမ်းနွမ်း
မေတ္တာဖြန်းလျက်
ငြိမ်းငြိမ်းချမ်းချမ်းချစ်နေသည်။……….။
*နောက် ဆယ်စုနှစ်တစ်ခု ထပ်ကျော်ဖြတ်ပြီးတဲ့ အခါ အဲဒီကောင်လေးဟာ ဟောသလို ရေးမှာပါ ..........
.
ပိတောက်မမြင်
ဖြစ်ပျက်မြင်သည်
နေ့စဉ်သင်္ကြန်ကျလျက်။……..။
.
*ဆရာသုရဲ့ မှတ်ချက်သို့ ပြန်ကြားချက်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 4:11 PM 10 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Wednesday, April 8, 2009
နှလုံးလှဖို့ အလှဆုံးသို့ (၂)
ရဟန်း သာမဏေများဟာ ကုဋီတက်တာတောင် သတိလက်လွတ် ပေါ့ပေါ့ဆဆ မတက်ရဘူး၊ လိုက်နာကျင့်သုံးရမယ့် စည်းကမ်းတွေ ရှိတယ်။
ပထမဆုံး ကုဋီတက်ချင်စိတ် ပေါ်လာတယ်ဆိုလျှင် “သြော် ငါ့မှာစားရခြင်းဒုက္ခရှိသလို စွန့်ရခြင်းဒုက္ခကိုလည်း ရှောင်ကွင်းလို့ မရပါလား”လို့ ဆင်ခြင်ပြီး မနှေးမမြန် လျော်ကန်သော ဣနြေ္ဒနဲ့ ကုဋီရှိရာကို သွားရမယ်တဲ့၊ အရေးတကြီး ဒရောသောပါး မသွားရဘူး၊ အစားတစ်ခုခုကို စားလျက်လည်း မဝင်ရဘူး။
ကုဋီတံခါးဝသို့ ရောက်တဲ့အခါ အတွင်း၌ တစ်စုံတစ်ယောက်ရှိနေမှာလားလို့ ချောင်းဟန့်ပြီး အသံပေးရတယ်။ ရှိရှိ - မရှိရှိ ကုဋီတံခါးကို ဖြုန်းခနဲ ဆွဲမဖွင့်ရဘူး။
ကုဋီထဲမှာ လူမရှိဘူးလို့ သိတဲ့အခါကျမှ အတွင်းသို့ဝင်၊ တံခါးကို သေသေချာချာ ပိတ်ပြီးတော့ ကိုယ်ဝတ်ဧကသီကို သင်္ကန်းတန်းမှာ လျှောမကျ ပြုတ်မကျအောင် သပ်သပ်ရပ်ရပ် တင်ရတယ်။ တစ်ချို့  ကျောင်းကြီးတွေမှာ ကုဋီအဆောက်အအုံကျယ်လို့ တံခါးအပြင်မှာ သင်္ကန်းတန်းများ ရှိတတ်တယ်။ အတွင်းရောက်လျှင် နင်းခုံကို နင်းပြီးမှ သင်းပိုင်ကိုပင့်၍ ဖြည်းဖြည်းသာသာ ထိုင်ရတယ်။ ထိုင်ပြီးတော့လည်း အည်းခနဲ အဲခနဲ ညည်းတွား အောင့်အည်းခြင်းအသံမထွက်အောင် သဘာဝအလျောက် သက်စေရတယ်။ အဲသည့်သက်တဲ့ အညစ်အကြေးကိုလည်း မြင်အောင်ကြည့်ရတယ်။ ကြည့်ပြီး ငါ့ခန္ဓာကိုယ်ဟာ “ညှီစော်နံလှောင်း မကောင်းသော ဘင်ပုပ်တို့၏ တည်ရာကြီးပါလား”လို့ ပစ္စဝေက္ခဏာ တင်ရတယ်။
ပထမ ကနုတံနဲ့ အကြမ်း သုတ်သင်ပြီးတော့ လက်ဝဲလက်နဲ့ ကနုတံအဖျားကိုကိုင်၊ နင်းခုံမှာကန့်လန့်တိုက်၊ လက်ယာလက်နဲ့ ရေလောင်းသန့်စင်ပြီး ကနုတံကို ထားမယ့်နေရာမှာထား၊ ဒုတိယ ကနုတံကို နောက်ထပ်သုံး၊ အခုနလိုပဲရေလောင်းသန့်စင် အဲသည့်အခါကျတော့ စင်ကြယ်သွားပြီဖြစ်တဲ့ ဒွါရအပြင်ကို လက်ယာလက်နဲ့ရေလောင်း၊ လက်ဝဲလက်နဲ့ ပွတ်သပ်သန့်စင်။ နောက်ဆုံးကနုတံကိုယူသုတ်သင်၊ အလျင်က ဆေးကြောသလို ဆေးကြော၊ ကနုတံကို နေရာတကျထား၊ အားလုံးပြီးတော့မှ ရေစိုနေတဲ့လက်ကို ကုဋီထဲမှာထားတဲ့ အဝတ်နဲ့ စင်ကြယ်အောင်သုတ်၊ နောက်ဆုံး သန့်သက်ရေတစ်ခွက်လောင်း၊ ကိုယ်ဝတ်ကို လက်ကတော့တင်၊ မနှေးမမြန် ကုဋီတွင်းမှထွက်။ မိမိ၏ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး၊ ချွဲခန်းတို့ကို လုံးဝပေကျံခြင်းမရှိအောင် သတိထားရတယ်။
ဆရာကြီးဘဘဦးသုခ၏ မေတ္တသုတ်အဖွင့်(နဝမအကြိမ်)၊ စာ(၃၁-၃၆) မှ ထုတ်နုတ်ကူးယူပါသည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 6:55 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
ThinGyan Wish
"သင်္ကြန် ဆုတောင်း"
ရွက်ဝါကြွေ ပုရစ်ဖူး
တနှစ်ကူး သည်ချိန်ခါ
လန်းရွှင်ဖို့ရာ -
ရှေးစဉ်လာ မြန်ဓလေ့
ချိန်မှန်ဝှေ့ များရင်ခွင်
သင်္ကြန်ခါတွင် -
သူတပါး အေးချမ်းစေ
မေတ္တာဝေ ရေစင်လောင်း
ကျန်းမာစေကြောင်း
လန်းဖြာစေကြောင်း
ပိတောက်ဝါနဲ့
သင်္ကြန်ဆုတောင်း -လိုက်လေရဲ့ ။.....။
--
သုခမိန်
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 4:08 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, သုခမိန်
Thursday, April 2, 2009
Making the field fertile by Paulo Coelho
ဇင်ဆရာကြီးတယောက်က သူ့တပည့်အား စပါးစိုက်ခင်းကို စောင့်ရှောက်ဖို့ တာဝန်ပေးလိုက်တယ်။
ပထမနှစ်မှာ တပည့်က လိုအပ်တဲ့ရေပမာဏကို မပြတ်သွားအောင် ဂရုစိုက်တယ်။ စပါးပင်တွေ သန်မာထွားကျိုင်းလာပြီးတော့ ကောင်းမွန်စွာ ကောက်ရိတ်သိမ်းရပါတယ်။
တတိယနှစ်မှာ ဓာတ်မြေသြဇာကို ပိုပြီး သုံးပါတယ်။ ကောက်သိမ်းရတာ ပိုများလာပေမယ့် စပါးစေ့လေးတွေကတော့ ပိုပြီးသေးသွားပါတယ်။
- ဓာတ်မြေသြဇာပမာဏကို ဆက်ပြီး ပိုသုံးနေမယ်ဆိုရင် နောက်နှစ်မှာ ဘာမှရမှာမဟုတ်တော့ဘူး - လို့ ဆရာကြီးက ပြောပါတယ်။
- သင်က တစုံတယောက်ကို အကူအညီ အနည်းငယ်သာပေးတာဆိုရင် သင်က တစုံတယောက်ကို ခွန်အားပေးတာဖြစ်ပါတယ်။ အကယ်၍ သင်က သူ့ကို အကူအညီတွေ အများကြီးပေးလိုက်ရင် သင်က သူ့ကို အားနည်းအောင် ပြုလုပ်လိုက်တာပါပဲ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 4:54 AM 8 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, အရောင်စုံ အတွေးများ . . . . ., ကေဇက်