Saturday, April 25, 2009

Let's create Green-World


ကမ္ဘာမြေ စိမ်းလန်းပါစေ


အိမ်ကနေ အလုပ်ကိုသွားမယ်လုပ်တော့ လမ်းနည်းနည်းလျှောက်။ ဘတ်စကားကိုစီး။ နှစ်မှတ်တိုင်လောက်ရှိတော့ ဆင်း။ မြေအောက်ရထားစီး။ နာရီဝက်လောက်ကြာတော့ ဆင်း။ အလုပ်ကိုရောက်အောင် သုံးမိနစ်လောက်လမ်းလျှောက်။ တစ်နေကုန် အလုပ်မှာ ဖုံးတွေ၊ ဖက်စ်တွေ၊ အီးမေးလ်တွေ၊ အသုံးချဆော့ဖ်ဝဲလ်တွေနဲ့ နပမ်းလုံး။ ညနေစောင်းတော့ လာလမ်းအတိုင်းပြန်။ အခန်းရောက်တော့ ရေမိုးချိုး။ ဒါတွေက အကုန်မမှန်တောင် အတော်များများအတွက် ယေဘူယျကျတဲ့ တနေ့တာအချိန်ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်စိတ်ကူးယဉ်ကြည့်တဲ့ ခေတ်မှီနေတဲ့သူတွေရဲ့ တနေ့တာပါ။



အဲဒီ့ တစ်နေ့တာမှာ အပင်စိုက်တာဝါသနာပါတဲ့သူဆို အခန်းမှာ အပင်လေးတွေ အနည်းအကျဉ်းရှိမယ်။ လမ်းတစ်လျှောက်မှာကတော့ ချမ်းသာနေတဲ့နိုင်ငံတွေဖြစ်လို့ ရှားပါစွာရှိနေတဲ့ အပင်လေးတွေရှိမယ်။ အလုပ်က အလုပ်စားပွဲမှာလည်း အပင်ချစ်တတ်သူဆိုရင် အပင်လေးဘာလေးရှိမယ်။ ကုန်ပြီ။ ဒါအကုန်ပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လွန်းတော့ အေးနေရင် ပူပေးမယ်၊ ပူနေရင် အေးပေးမယ်။ အစားအစာတွေကို လတ်ဆတ်နေအောင် (လတ်ဆတ်တယ်ထင်အောင်) ထိန်းထားပေးမယ်။ ရေပိုက်ခေါင်းကိုဖွင့်လိုက်ရင် သန့်ရှင်းပေးထားတဲ့ ရေထွက်လာမယ်။ ရေစစ်ဘူးရှိမယ်ဆိုရင် အဲဒီ့ရေကိုပဲ ရေစစ်ဘူးအကူနဲ့ သောက်လို့ရမယ်။ ဒါမှ မဟုတ်ရင် ရေသန့်ဘူးကို စိတ်ကျေနပ်လောက်တဲ့ဈေးနဲ့ ဝယ်သောက်နိုင်တယ်။ ဒါကလည်း ကျွန်တော်စိတ်ကူးယဉ်ကြည့်တဲ့ တိုးတက်နေသောနိင်ငံများမှာ အပင်နဲ့ရေကို တစ်နေ့တာထိတွေ့နေရမှုပါ။ အနီးစပ်ဆုံးတော့ မှန်မယ်ထင်တာပါပဲ။

ထူးဆန်းတာက အဲဒီ့နိုင်ငံတွေမှာ သစ်တောတွေကို ထိန်းသိမ်းထားတတ်သတဲ့။ မြို့ပြနဲ့ဝေးလာရင် သစ်ပင်ကြီးတွေ ဘာတွေရှိတတ်သတဲ့။ ကြားဘူးတာပါပဲ။ လွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုလောက်က ရန်ကုန်ကနေ သင်္ကြန်ရှိလို့ ကျောင်းပိတ်ရက် အိမ်ပြန်မယ်ဆိုရင် ရထားစီးလေ့ရှိတယ်။ လမ်းခုလတ်က ဘူတာတစ်ခုမှာဆင်း။ အဲဒီကနေ ၄၅မိနစ်လောက် ကားဆက်စီးရင် ကျွန်တော့်ရဲ့ ဇာတိမြို့လေးကို ရောက်တာပါပဲ။

သင်္ကြန်ဆိုရင် အတူတွဲလို့မြင်တတ်ကြတာက ပန်းပိတောက်ဝါပါ။ ကျွန်တော်ကတော့ အညာဆန်တဲ့ဒေသက ဖြစ်လို့လားမသိဘူး သင်္ကြန်နီးရင် ပိတောက်ပန်းထက် ညလေအေးအေးမှာ ခပ်အီအီလေးမွှေးနေတတ်တဲ့ တမာရနံ့ကို ပိုလို့ချစ်သူပါ။ တစ်ပင်လုံးမှာ အရွက်သစ်လေးတွေ နုနုရွရွနဲ့အတူ ဖွေးနေအောင်ပွင့်တတ်တဲ့ တမာပန်းပါ။ တမာရနံ့ဟာ တစ်ချို့ရောဂါတွေကိုတောင် ပျောက်ကင်းစေနိုင်တယ်လို့ ကြားဖူးသလို တမာရဲ့ အသုံးဝင်ပုံတွေကလည်း မနည်းပါဘူး။ အရွက်နုကို အချဉ်တည် ဒါမှမဟုတ်ရင် ရေနဲ့ပြုတ်လို့ စားတတ်ကြသေးတယ်။ ဆေးဖော်ရာမှာလည်း အသုံးဝင်သတဲ့။ ထားတော့ တမာရဲ့အသုံးဝင်ပုံတွေကို။

ပြောချင်တာက ဘူတာလေးကနေ ဇာတိမြို့ဆီသွားတဲ့လမ်းမှာ တမာတန်းတွေ ရှိလေရဲ့။ အမြဲတမ်း ကျွန်တော်ကားခေါင်မိုးပေါ် တက်ဆီးလေ့ရှိတယ်။ လေခပ်ပြင်းပြင်းလေးနဲ့အတူ မွှေးအီနေတဲ့တမာရနံ့က ကျွန်တော့်စိတ်ကို နွေးထွေးမှုပေးတယ်။ အိမ်နဲ့တဖြေးဖြေးနီးတော့မယ်ဆိုတဲ့ အသိကိုလည်းပေးတယ်။ တမာရနံ့ကိုရလိုက်ကတည်းက ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရပါတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်က အလုပ်ပိတ်ရက်တွေရှိလို့ အိမ်ကိုပြန်ပါတယ်။ ကားနဲ့ပဲပြန်ဖြစ်ပါတယ်။ စာဖတ်လိုက်၊ အိပ်ငိုက်လိုက်နဲ့ ကျွန်တော့်မြို့လေးနဲ့နီးလာတော့ အသိတစ်ခုပေါ်လာပါတယ်။ ဟုတ်တယ် တမာရနံ့ပါပဲ။

လမ်းတစ်လျှောက်လုံးလည်း တောင်ကုန်းညိုညိုတွေက မျက်စိတစ်ဆုံး။ အမြင့်ဆုံးဆိုတာ ခါးစောင်းလောက်ပဲရှိမဲ့ အပင်တွေနဲ့ပေါ့။ အသက်ကြီးတဲ့အပင်၊ အသက်ငယ်ပေမဲ့ ဖွံ့ဖြိုးထွားကြိုင်းနေတဲ့အပင်၊ ဘယ်လိုအပင်မှကို မတွေ့ရတာပါ။ ရှားရှားပါးပါး တစ်ခါတစ်လေတော့ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေကို မြင်ရတတ်ပါတယ်။ ကျွန်တော်တို့မြို့လေးနဲ့ နီးလာတော့ကျွန်တော်က တမာနံ့ရမယ်ထင်တာ။ လုံးဝမရပါဘူး။ လမ်းတစ်လျှောက်မှာလည်း တမာကိုသိပ်မတွေ့ရဘူး။ ဘူတာလေးကနေ လာတဲ့လမ်းနဲ့တော့ မတူဘူးပေါ့။ ဒီဘက်လမ်းကိုက တမာနည်းသလား တွေးမိသေးတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ တွေ့ရတော့လည်း အပင်အိုပြီး ခြောက်သွေ့နေတာတွေ၊ ရွက်နုတောင်မှ ကောင်းကောင်းမထွက်နိုင်တာတွေပါ။ အားရစရာကောင်းတဲ့အပင်ဆိုတာ တွေ့ရခဲတယ်။ တစ်ပင်တစ်လေတော့ရှိလေရဲ့။ အဲဒီအခါကျရင် လှစ်ခနဲဖြတ်ပြေးသွားတဲ့ တမာရနံ့နဲ့ပဲ ဇာတိချက်ကြွေက ကျွန်တော့်ကို ကြိုဆိုပါတော့တယ်။

ပြောရရင် ထူးဆန်းတာတွေ တစ်ပုံတစ်ပင်ပဲ။ တမာရနံ့သိပ်မရလို့ ပတ်ဝန်းကျင်ကို သတိထားမိသွားတဲ့ကျွန်တော် နောက်ထပ်တွေ့လိုက်ရတာက ကျွန်တော်တို့မြို့လေးရဲ့ အထင်ကရ ကန်တော်ကြီးကိုပါ။ ရေနည်းလာရုံလောက်တင်မဟုတ်ဘူးဗျ တစ်ချို့နေရာတွေမှာ အောက်ခံနုံးတွေပေါ်နေပြီး ရေခန်းနေတာ။ ဒီလိုနဲ့အိမ်ကိုရောက်ပါတယ်။ ကျွန်တော်တို့အိမ်ရှေ့လေးမှာ ဟိုးအရင်ကတည်းက ရေဝပ်တတ်တယ်။ ရေရှိနေတော့ မြက်စိမ်းစိမ်းတွေ အလေ့ကျအပင်တွေနဲ့ပေါ့။ ခုတော့ ပက်ကြားအက်တွေနဲ့ မြက်လည်းမရှိ အလေ့ကျပင်တွေလည်း ပိန်လှီနေတယ်။ ဒါနဲ့ အိမ်ကိုပါ သတိထားကြည့်လိုက်တော့ တမာတွေသိပ်ပေါတဲ့ ကျွန်တော်တို့အိမ်လေးမှာ အရင်ကအပင်ကြီးတွေကလည်း ပိန်လှီခြောက်သွေ့၊ အပင်ပျိုအနေနဲ့ တက်သစ်စတွေကလည်း နှစ်တွေသာကြာသွားတယ် တက်မလာတော့ဘူး။ သူတို့ကြည့်ရတာ သိပ်မကျန်းမာသလိုပဲ။

တစ်နေ့ အပြင်သွားရင်း ကြံရည်ဆိုင်ဝင်ထိုင်ပါတယ်။ ကြံရည်အေးအေးလေးသောက်ရင်း ခေတ်မှီဖို့ကြိုးစားနေတဲ့ ဇာတိမြို့လေးကို ကြည့်နေမိတယ်။ သစ်ပင်ရိပ်ကောင်းကောင်းမရှိဘဲ နေပူကြဲကြဲမှာ စက်ဘီးနဲ့တစ်မျိုး၊ မြင်းလှည်းနဲ့တစ်ဖုံ။ တရုတ်ကြီးတို့ကောင်းမှုနဲ့ လူအများကြိုက်နေတဲ့ ဆိုင်ကယ်တွေကလည်း များမှများပါပဲ။ နေကတော့ ခပ်ပြင်းပြင်းလေးပူနေပါတယ်။ ဧပြီလရဲ့နေပဲလေ။ ဒါပေမဲ့ ချွေးတစ်လုံးလုံးနဲ့ သွားလာလုပ်ကိုင်နေရတာပါပဲ။ လေပူနေပူဆိုတာကိုက အညာဆန်ခြင်းရဲ့ သင်္ကေတကိုး။ လူတွေကလည်း နေလောင်နေလို့ ညိုးနေသလား၊ အတွေးနက်ပြီး အလုပ်လုပ်နေကြရတာလားတော့ မပြောတတ်ဘူး မလန်းမဆန်းနဲ့ တစ်ခုခုကို ကြိုးပမ်းနေကြသလိုပါပဲ။ နေပြင်းနေတော့ ကြာကြာမထိုင်နိုင်ပါဘူး။ ငွေရှင်းမယ်လုပ်တော့ ကြံကြိတ်စက်ကို ရေဆေးနေတဲ့ စားပွဲထိုးလေးကို မြင်မိပါတယ်။ ရေသန့်ဘူးကို ထိပ်မှာအပေါက်ဖောက်ထားပြီး ဗူးကနေညှစ်ချရင်း ရေဆေးနေတာပါ။ ရေကုန်မှာကြောက်လို့ ထင်ပါရဲ့။

သေချာကြည့်မိတဲ့ကျွန်တော် စိတ်မှာတစ်မျိုးဖြစ်ရပါတယ်။ သူသုံးနေတဲ့ရေဟာ ခပ်ဝါဝါအရောင်ပါ။ သုံးရေတွေလည်းရှားလို့ လာတော့ ဘယ်လိုရေတွေ သုံးနေလဲမသိပါဘူး။ ခပ်ညစ်ညစ်နဲ့ ကျွန်တော်လည်း ထပြန်လာခဲ့မိပါတယ်။ အိမ်ရောက်တော့ ချွေးတစ်လုံးလုံးနဲ့ ရေအိုးကရေကို ခပ်သောက်၊ အပူရှိန်ပြင်းနေတဲ့ အခန်းမှာထိုင်ချရင်း အဖေနဲ့သစ်ပင်တွေအကြောင်း၊ ရေတွေအကြောင်းကို ပြောနေဖြစ်တော့တယ်။ ဒါဟာ ကမ္ဘာ့ပြဿနာလို့ ကျွန်တော်ပြောတော့ အဖေကပြုံးပါတယ်။ ဝေးလိုက်တာကွာတဲ့ မင်းပြောတဲ့ကမ္ဘာတော့မသိဘူး တို့တော့ အပင်ရှားရေရှားနဲ့ နေပူရှိန်တွေနှစ်စဉ်တက်နေတာ နေရတာခက်လှပါသတဲ့။ ကျွန်တော်ကတော့ ဆက်ပြောလိုက်ပါတယ် ကျွန်တော်တို့တွေ ကိုယ့်အပြစ်ဒဏ် ကိုယ်ပြန်ခံနေရတာပါ အဖေရာလို့ပေါ့။ စိတ်ထဲကတော့ မဝံ့မရဲ ကြီးစွာသောမျှော်လင့်ချက်နဲ့ ဆုတောင်းလိုက်ပါတယ် - ကမ္ဘာမြေ စိမ်းလန်းပါစေ။…..။

***ကမ္ဘာမြေနေ့ (EarthDay – April 22, 2009) အမှတ်တရ။
သုခမိန်

9 comments:

LMO said...

တောရပ်ရွာမှာလဲ ခေတ်အလိုက် ပြောင်းလဲခဲ့ပြီ။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် ခေတ်မီပါတယ်။ စိတ်ဓာတ်တို့ အေးငြိမ်းပျော်ရွှင်မှုကိုတော့ ခုခေတ် လူငယ်တွေ ရနိုင်ပါ့မလား။ သူတို့ ရနေတဲ့ ပျော်စရာတွေက မှန်ကန်မှု ရှိရဲ့လား။ အတွေးများစွာ ဖြစ်နေဆဲပါ။ ကမ္ဘာမြေ စိမ်းလန်းစေကြောင်း ထပ်တူ ဆန္ဒပြုမိပါတယ်။ လေးစားလျက်..။

ဇနိ said...

ကိုယ့်အပြစ်ဒဏ် ကိုယ်ပြန်ခံနေရတာပါ လို့သာ ပြောရတာ ဆရာသု - တကယ်က ကိုယ်လည်း ဘာမှ မလုပ်ရဘဲနဲ့နော်

ရွှေပြည်သူ (ShwePyiThu) said...

အစအဆုံးဖတ်အပြီးမှာ ကိုသုခမိန်ပြောသလိုပဲ “ကမ္ဘာမြေ စိမ်းလန်းပါစေ”လို့ မဝံ့မရဲနဲ့ ဆုတောင်းလိုက်မိပါတယ်...

ကဗျာဦး said...

“ကမ္ဘာမြေ စိမ်းလန်းပါစေ”
ဟုတ်ပါတယ်ရှင်
ဆုတောင်းပါတယ်

Anonymous said...

အလင်းရောင်အတွက် နေရောင်ခြည်နဲ့ဖယောင်းတိုင်ကို အဓိကထားသုံးခြင်း၊ မီးပိတ်ဖို့မေ့ရန်မလိုအပ်ခြင်း၊ လက်ဖြင့်အဝတ်လျှော်ပြီး နေပူတွင် အခြောက်လှမ်းခြင်း၊ ရေတစ်ခွက်ခြင်းခပ်ပြီး သုံးခြင်း၊ ချိုးခြင်း၊ ရေပူပေးစက်သုံးပြီး ရေမချိုးခြင်း၊ ပန်းကန်များကို ဇလုံတစ်ခုထဲတွင်စိမ်ပြီး ဆေးခြင်း၊ ဆန်ဆေးရေကို အိုးခွက်ပန်းကန်များဆေးရာတွင် ပြန်သုံးခြင်း၊ လောင်စာမလိုသော နွားလှည်းများ၊ လှေများ၊စက်ဘီးများကို တွင်ကျယ်စွာအားထားနေခြင်း၊ မိသားစု အများစုတွင် တယ်လီဖုန်းမရှိခြင်း၊ စာအုပ်များကို ဝယ်ယူဖတ်ရှုလေ့မရှိခြင်း စသဖြင့် စသဖြင့် …. ဒါတွေဟာ… သူများတွေ အခုမှ အပူတပြင်း တကူးတက တိုက်တွန်းနှိုးဆော် လေ့ကျင့်လုပ်ဆောင်နေတာတွေမှာ အလိုလိုအသားကျနေခြင်းအားဖြင့် ကမ္ဘာမြေစိမ်းလန်းဖို့အရေး ကျနော်တို့လုပ်နေတာလေးတွေဖြစ်ပါကြောင်း ငှဲလှောင်း ငှဲလှောင်း

ရဲဝင့်သူ said...

ကမ္ဘာမြေကြီးကျန်းမာဝဖြိုးအလှတိုးလို့ စိမ်းလန်းစိုပြေနေပါစေလို့ကျနော်လည်းဆုတောင်းသွားပါတယ်။

လေးစားစွာဖြင့်
ရဲဝင့်သူ

Anonymous said...

ခေတ်နဲ့ အညီ ပြောင်းလဲ လာတယ်ဆိုတာထက်
လူတွေ စည်းမဲ့ကမ်းမဲ့ ခုတ်ပစ်လို့ ဖြစ်ကုန်တာ ပိုမှန်မယ် ထင်တာပဲဗျ။ ဒါလဲ ပြောရရင်တော့...
အရင်းစစ်တော့ အမြစ်မြေကဆိုသလိုပဲ...
ဒီလောက်ဆို သိမှာပါ ထပ်မရေးတော့ဘူး..
တားတားကျောက်ကျာက်... ဟီး

နှင်းရည် said...

စာတွေလာဖတ်ပါတယ်ရှင့်
ပိုစ့်လေးအရမ်းကောင်းပါတယ်

စိုင်းလောင်မိန်းသက် said...

ကောင်းတယ်ဗျာ
( E - Journal ) စာပေအဖွဲ့
စုစည်းထားတာတွေကောင်းတယ်
စာတွေအားရတယ်