“ ကြိုးစားနေဆဲပေါ့၊ မလုပ်နိုင်သေးဘူး မပြောပါနဲ့။ ”
တရက်မှာ ကျွန်တော်နဲ့ ကျွန်တော်ရဲ့သူငယ်ချင်း နှစ်ယောက်သား ဘလော့ဂ်တွေဖတ် နေကြတယ်။ စာဖတ်ဝါသနာပါသူ သူငယ်ချင်းကို ကျွန်တော်ကိုယ်တိုင်က ဘလော့ဂ်ဖတ်ရအောင်ဆိုပြီး အတူဖတ်နေတာပါ။ သူကလည်း ဘေးနားကနေ စာတွေကို အေးအေးဆေးဆေး လိုက်ဖတ်နေတာ။ စကားနည်းတဲ့ သူ့ပုံစံအတိုင်းပဲ ဘာမှမပြောဘူး။ အသာငြိမ်နေတယ်။ ကျွန်တော်ကတော့ ပိုစ့်တွေဖတ်လိုက်၊ ကွန်မန့်တွေရေးလိုက်၊ စီဘောက်မှာ လျှောက်ပြောလိုက်နဲ့ပေါ့။ ရယ်စရာလေးတွေ တွေ့ရင်ရယ်လိုက်၊ ဟိုပြောဒီပြော ပြောလိုက်နဲ့ကတော့ ကျွန်တော်က ဒိုင်ခံပေါ့။ သူကတော့ အေးအေး ပြုံးပြုံးပါပဲ။ ဒါပေမဲ့ ပိုစ့်တစ်ခုကို ကျွန်တော် ကွန်မန့်ရေးချင်တာ ရေးမရလို့ စီဘောက်မှာဝင်ရေးအပြီး နောက်ဘလော့ဂ်တစ်ခု ဖတ်ဖို့ရှာနေတုန်းမှာပဲ၊ ကျွန်တော့်ရဲ့ ရေခဲတုန်းကြီးက စကားပြောလာပါလေရော။ အတော် ရှင်းယူလိုက်ရတယ်။ ကျွန်တော်စီဘောက်မှာ ရေးလိုက်တာကို သူက ပြန်ဝေဖန်တော့တာကိုး။ အဖြစ်က ဒီိလို။
ဘာသာရေးတွေ ရေးထားတဲ့ ပိုစ့်တစ်ခုကို ဖတ်နေကြတာ။ ပိုစ့်ကို ရေးထားသူက ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လိုက်နာသင့်တဲ့၊ အမြဲစောင့်ထိန်းသင့်တဲ့ အကြောင်းအရာတွေ။ ရေးထားတာပါ။ ဖတ်ပြီးတော့ ကျွန်တော်က အဲဒီလိုတွေ အသိပေးတာ (သတိပေးတာ) ကျေးဇူးပါ။ ဒါပေမဲ့ လိုက်တော့ မလုပ်နိုင်သေးဘူးလို့ စီဘောက်မှာပဲ ရေးလိုက်ပါတယ်။ ပြီးတော့ နောက်တစ်ခုဖတ်ရအောင် ရှာနေတုန်းမှာ၊ ခင်ဗျား ဒီလိုပြောတာမှားတယ်တဲ့။ သူငယ်ချင်းက စပြောလာပါတယ်။ ဟ - ဘာကိုပြောတာတုန်း ဆိုတော့ ဘုရားတရားလုပ်ဖို့နဲ့ ကောင်းမှုလုပ်ဖို့ကို ငါတို့ကတော့ မလုပ်နိုင်သေးဘူး။ ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါဆိုတာ၊ တမင်သက်သက် အကြောင်းပြတာဆိုပဲ။ ဥပမာ သူပြောတာက အချိန်မရှိဘူးဆိုတာလိုမျိုးကိုပေါ့။ အဲဒီ ပိုစ့်မှာကလည်း ပြောထားပါတယ်။ လိုက်မလုပ်နိုင်သေးဘူး ဆိုသူတွေဟာ တကယ်မသိသေးသူတွေပါပဲတဲ့။ ဆင်ခြေပေးတယ်လို့ အပြောခံရတာကို လက်ခံမိသလို၊ ကျွန်တော် ဘာသာရေးကို အတွင်းကျကျ သေချာမသိဘူးလို့လည်း ဝန်ခံပါတယ်။
ပိုစ့်မှာ အဓိကပြောတဲ့ သီလစောင့်ထိန်းဖို့နဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနာကံမှု တွေကို ထိန်းသိမ်းဖို့ အတွက် အမြင်မတူ ဖြစ်နေတာပါ။ ကျွန်တော်မြင်တာကတော့ တစ်မျိုးဗျ။ ဥပမာအားဖြင့် မုသားပြောတာကို ကျွန်တော်ကိုယ်တိုင်က မကြိုက်ပါဘူး။ မကောင်းဘူးလို့လည်း ယူဆသူပါ။ ဒါပေမဲ့ တနေ့ တနေ့တွေမှာ အနည်းဆုံး ကျွန်တော် မုသားတစ်ခါတော့ ပြောမိမယ်ထင်ပါတယ်။ (အသေအချာ မမှတ်မိသော်လည်း ဖြစ်နိုင်ချေ များပါတယ်။) နောက် ဥပမာ ထပ်ပေးရရင် သူ့တပါးအသက်ကို သတ်တာဟာ မကောင်းဘူးလို့ ကျွန်တော်ကိုယ်တိုင်လဲ လက်ခံတယ်။ တော်ရုံတန်ရုံနဲ့ ဘာကိုမှ မသတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်ရှုပ်နေတုန်းလိုမျိုးမှာ လာကိုက်တဲ့ခြင်ဆိုရင် မောင်းမထုတ်မိတော့ပါဘူး။ ဘဝကူးပေးလိုက်တော့တာပါပဲ။
ဒီနေရာမှာ ကြည့်ဖူးတဲ့ ရုပ်ရှင်တခုထဲက ဇာတ်ဝင်ခန်းလေးကို ပြန်ပြောပြပါရစေ။ ဆရာကြီး ဦးသုခရဲ့ ရုပ်ရှင်တစ်ခုမှာ ပါတာ ထင်တယ်။ ထားပါတော့၊ အဓိကပြောချင်တာက ဇာတ်ကြောင်းလေးပါ။ တနေ့ ရဟန်းတပါးဟာ တောစပ်နားက တနေရာမှာ အနားယူနေတုန်း၊ ရွာနီးစပ်ချုပ်ကလူတွေ လူစုလူဝေးနဲ့ သူခိုးလိုက်ဖမ်းကြပါတယ်။ ဖြစ်ချင်တော့ သူခိုးကလည်း ရဟန်းရှိတဲ့ဘက်ကနေမှ ဖြတ်ပြေးသွားပါသတဲ့။ နောက်ကပါလာတဲ့ လူစုကလည်း ရဟန်းကို မေးပါတယ်။ သူခိုးဘယ်ကို ပြေးသွားသလဲပေါ့။ ဒီအချိန်မှာ ရဟန်းက စဉ်းစားပါသတဲ့။ ငါပြောပြလိုက်ပြန်ရင်လည်း သူခိုးမှာ အဖမ်းခံရလို့ ဒုက္ခရောက်မယ်။ မသိဘူး၊ မမြင်ဘူး ငြင်းပြန်ရင်လည်း မုသားပြောရာရောက်မယ်။ ဒီတော့ ရဟန်းက အခြေအနေကောင်းတစ်ခုကို ဖန်တီးလိုက်ပါသတဲ့။ နဂိုမူလ ရှိနေတဲ့နေရာကနေထ၊ နေရာအနည်းငယ် ရွေ့ပြီးမှ ရဟန်းတော့ ဒီနေရာကနေ မမြင်လိုက်ပါဘူးလို့ ပြန်ဖြေသတဲ့။
မြန်မာစကားမှာ ပြောလေ့ရှိတဲ့ ပါရမီရှင်ဆိုတာကို ကျွန်တော်မညွှန်းလိုပါဘူး။ ဒါပေမဲ့ လူသာမာန်တွေ မစွမ်းနိုင်တာတော့ အမှန်လို့ ပြောချင်ပါတယ်။ အနည်းဆုံးတော့ ဘုရားဟောတရားတွေကို စောင့်ထိန်းတော့မယ်၊ လိုက်နာတော့မယ်ဆိုရင် ကိုယ်တိုင်က သတိဆိုတာလေးကို အမြဲကပ်ထားနိုင်ရင် ပိုကောင်းပါမယ်။ သတိလက်လွတ်ဆိုတဲ့ စကားလုံးဟာ အရမ်း အန္တရာယ်များပါတယ်။ ဘယ်လိုကိစ္စမျိုးမဆိုပါပဲ ရှိသင့်တဲ့၊ စိတ်မှာ စွဲနေသင့်တဲ့ ပထမဆုံးအရာဟာ သတိ ဖြစ်သင့်ပါတယ်။ သတိမကပ်နေဘူးဆိုရင်တော့ အမှုကိစ္စဟာ အောင်မြင်ဖို့ဆိုတာထက် မကျရှုံးဖို့ကို တော်တော်လုပ်ယူရမှာပါ။
တခါတရံမှာ ကျွန်တော်က (အခြေအနေ တခုခုမှာလို့ပဲ ပြောကြပါစို့) ညာပြောတတ်ပါတယ်။ သူတပါးကိုလဲ သတ်မိတတ်၊ သေသွားစေတတ်ပါတယ်။ စိတ်အားဖြင့်ဆိုတာကတော့ တခါတရံထက်တောင် ပိုမယ်ထင်ပါတယ်။ သတိလေးရှိနေတုံး၊ ဒါမှမဟုတ်လည်း အခြေအနေပေးရင် အကောင်းဆုံးဖြစ်အောင် နေပါတယ်။ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတွေကို စောင့်ထိန်းပါတယ်။ အင်္ဂလိပ်စကားလုံးတစ်ခုရှိပါတယ်၊ Ideal ဆိုတာပါ။ မြန်မာလို နီးစပ်အောင်ပြောရမယ်ဆိုရင်တော့ စံပြ၊ ဒါမှမဟုတ်လည်း ပြည့်စုံစွာ ဒီလိုမျိုးတွေ ပြောရမယ်ထင်ပါတယ်။ ဘာသာတရားမှာ စံပြ ပုဂ္ဂိုလ်ကြီးတွေနဲ့ နှိုင်းယှဉ်ရင် (ဥပမာ သိက္ခာတော်ရ ဆရာတော်ကြီးတွေ) ဘာမှမဆိုင်ပါဘူး။
အဲဒီတော့ ကျွန်တော်က ပြောပါမယ်။ ငါတော့ မလုပ်နိုင်သေးဘူးလို့။ ဒီနေရာမှာ စကားအဓိပ္ပါယ်က လိုက်မလုပ်နိုင်ဘူး၊ ဒါမျိုးကို မထောက်ခံဘူး။ အဲဒါမျိုးတွေလုပ်ဖို့ကို စိတ်မပါဘူး။ အပိုတွေပါ။ ဒီလိုအဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ သူငယ်ချင်းကတော့ ပြောပါတယ် “ဒါဆိုရင် ကြိုးစားနေဆဲပေါ့။ မလုပ်နိုင်ဘူး မပြောပါနဲ့” တဲ့။ အကောင်းဆုံးတွေကို ကျွန်တော် မလုပ်နိုင်သေးတာ၊ ကျွန်တော် မပြည့်စုံသေးတာလို့ ဆိုလိုချင်တာပါ။ ဟိုဟိုဒီဒီ ဆင်ခြေတွေနဲ့ ဘာသာတရားကို အသေအချာမသိသေးတာလည်း အပါအဝင်ပေါ့။
ဒီနေရာမှာ ကြုံတုန်းကို ကျွန်တော့်ရဲ့ အမြင်တစ်ခု ပြောပြချင်ပါတယ်။ ဗုဒ္ဓကို ကိုးကွယ်တဲ့ အကြောင်းပါ။ ဒီလူတစ်ယောက်ကို ကိုးကွယ်တဲ့အဆင့်ထိ ငါဘာလို့ဖြစ်သင့်တာလည်းလို့ ဆန်းစစ်ကြည့်ပါတယ်။ ဟုတ်ကဲ့ ဂုဏ်တော်ကိုးပါးဆိုတဲ့ ခပ်လွယ်လွယ်ပြောရရင် ဗုဒ္ဓရဲ့ အရည်အချင်းလေးတွေပေါ့၊ အဲဒီမှာတင် ကျွန်တော် လက်ခံပါတယ်။ ငါတို့အနေနဲ့လည်း သူ့လိုမြင့်မြတ်သူ ဖြစ်လာအောင် လုပ်လို့ရတယ်။ နည်းလမ်းတွေလည်း ပြပေးတဲ့အတွက် ဗုဒ္ဓကို အရမ်းကျေးဇူးတင်ပြီး ယုံကြည်ကိုးကွယ် မိပါတယ်။ လိုက်ပြီး ကျင့်ကြံတဲ့နေရာမှာတော့ ဂုဏ်တော်ကိုးပါးမှာပါတဲ့ အရဟံဂုဏ်တော်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုလုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းရှိနေသတဲ့။ ဟုတ်ကဲ့ ကျွန်တော် အဲဒါတစ်ခုနဲ့တင် စာမေးပွဲကျနေတုန်းဗျာ။ အခြေအနေကောင်းတာက ဒီစာမေးပွဲကို အချိန်မရွေး၊ အကြိမ်အကန့်အသတ်မရှိ ပြန်ဖြေလို့ရတယ်။ အဲဒီတော့လည်း ကြိုးစားရအုံးမယ် ပေါ့ဗျာ။
သုခမိန်။…..။
ဆုံရပ် 1st Dec 2024
2 weeks ago
3 comments:
သိတဲ့သူကမသိတဲ့သူကို သိၿပီး၊
မသိတဲ့သူက သိတဲ့သူကို မသိဘူး။
ဗျို့။
စာသားလေး ကြိုက်သဗျ။
ရဟန်းဖြေသွားတာလေး သဘောကျသဗျာ။
Post a Comment