ဒါနပါရမီအားကောင်းသော မြန်မာတွေ
ဘာသာရေးနဲ့ အတွေးအမြင်တချို့ကို ဆက်စပ်ကြည့်ဖို့ ကြိုးစားရာမှ ပေါ်ပေါက်လာသော အတွေးတချို့ပါ။ တရားစကား နေ့တိုင်းကြားသော်၊ စိတ်မှာလန်းဆန်း ကိုယ့်စိတ်ဖမ်း၍၊ အေးချမ်းသာယာပါစေသော်ဝ်ပေါ့။ ဒီလိုပြောလို့ ရွှေပြည်အေးသမားတွေကို မကြိုက်တတ်သူတွေက “လုပ်စရာရှိတာတွေကို လုပ်ကြစမ်းပါ။ ဒါတွေပြောနေ၊ ဒါတွေလုပ်နေရုံနဲ့ တို့တတွေ ဒီနေ့ကမ္ဘာ့ရွာမှာ လူရယ်လို့မှ ပီသပါအုံးမလား။ ဟင်။” ဒီလိုတွေမေးလာနိုင်ပါတယ်။ ဟုတ်ကဲ့၊ လုပ်စရာရှိတာတွေကို လုပ်ကြရာမှာ တရားဖက်စေချင်တာပါ။ အားလုံးဆံပယ်ကြမယ်။ တောထွက်ကြမယ်လို့။ မစည်းရုံးလိုပါဘူး။ မတိုက်တွန်းလိုပါဘူး။ ကျွန်တော့်လို (ဒါမှမဟုတ်လဲ ကျွန်တော်တို့လိုပေါ့) သာမန်လူသားလေးတွေ အတွက် ဗုဒ္ဓရဲ့အဆုံးအမတွေကို ဘဝလမ်းတစ်လျှောက်မှာ အကျိုးရှိနေရာတွေအတွက် အသုံးချနိုင်ဖို့ အတွေးတချို့ ဝေမျှဖို့ ကြိုးစားကြည့်ခြင်းပါ။
ကဲ… ဒီတော့ ဘာတွေပြောချင်တာလည်း။ ဟုတ်ကဲ့ ပြောချင်တာက ဒီလိုပါ။ ဗုဒ္ဓဘာသာဝင်လို့ ခံယူကြသူတိုင်း မရှောင်လွှဲနိုင်တဲ့ အလှူအကြောင်းပါ။ ကုသိုလ်ဒါနတွေပေါ့။ ဒါနဆိုတာကိုလည်း ဒါနပါရမီ ဆိုပြီး ပြောနေကြတာကြားဖူးတော့ ပါရမီအထုံတွေနဲ့လည်း သက်ဆိုင်မှာပေါ့။ ဒီနေရာမှာတော့ သာမန်အတွေး သာမန်အမြင်တွေပါပဲ။ ကျွန်တော်တို့ မြန်မာတွေရဲ့ အလှူကို ဘာသာရေးအရတော့ သံသရာကနေ မကျွတ်လွတ်သေးသရွေ့ လှည့်လည်ရာ သံသရာအဆက်ဆက်မှာ မြင့်မြတ်ရာကို ချဉ်းကပ်နိုင်ဖို့ အရင်းတည်တာလို့ပဲ မြင်ပါတယ်။ သံသရာမှ လွတ်မြောက်ရာကို ကြိုးစားမယ်ဆိုရင် အလှူပြုလုပ်ခြင်းဟာ အကူပစ္စည်းတစ်ခုလို နေရာမှာပဲရှိမှာပါ။ လွတ်မြောက်ရာကိုသွားရာ လမ်းကတော့ ဝိပဿနာအလုပ်လို ကျင့်စဉ်တွေမှာသာ ရှိတာပါ။ (ဒီအတွေးလေးက သူငယ်ချင်းတယောက်နဲ့ ပြောကြရင်းက ရလာတဲ့ အတွေးပါ။) လှူပါတယ်။ အတော်များများ ဘာသာဝင်တွေဟာ အခွင့်ကြုံတိုင်း လှူကြတန်းကြပါတယ်။ ဒါပေမဲ့ ဘာအစွဲတွေဝင်နေကြလည်း၊ ဘာကိုရည်မှန်းပြီး လှူနေကြလည်း၊ တွေးကြည့်လိုက်တော့ စိတ်မှာ ဘဝင်မကျတာတွေ တွေ့တယ်။
ဘုရားရှင်ရဲ့ ဟောကြားချက်တွေမှာကိုက လှူရတဲ့အလှူရဲ့ မြင့်မြတ်ပုံကို တဖြည်းဖြည်း ရှင်းပြသွားတာဟာ နောက်ဆုံးတော့ ဘုရားအမှုးရှိသော သံဃာကို လှူတာဟာ အမြတ်ဆုံးပါပဲတဲ့။ ဒီနေ့ခေတ်မှာ သံဃာအတုအယောင်တွေဆိုတာကို ခဏထားပြီး နာမည်ကြီး၊ သိက္ခာတော်ရ ဆရာတော်နဲ့ သာမန် ရဟန်းဘောင်ဝင်ပြီး တရားအလုပ်ကို ကြိုးစားပြီး လုပ်နေတဲ့ ဆရာတော်နှစ်ပါးကို စိတ်ကူးမှာ လှူဒါန်းကြည့်ကြပါဆို့ရဲ့။ ဒီနေရာမှာကိုပဲ ဘုရားရှင်ရဲ့ တပည့်သားခြင်းအတူတူ အလှူခံရရှိမှုက မတူညီတော့ပါဘူး။ သာမန်ဆရာတော်တွေမှာတော့ လိုအပ်ချက်တွေ ရှိနေပါရဲ့နဲ့ကို အလှူဟာ သူတို့ဆီမှာ မရှိပါဘူး။ ဥပမာ ကထိန်သင်္ကန်း အလှူလိုမျိုးတွေပေါ့။ ခင်းလိုက်ကြတဲ့ ကထိန်တွေ။ လှူလိုက်ကြတဲ့ အလှူတွေ နာမည်ကြီးကျောင်းတိုက်တွေမှာ သင်္ကန်းတွေကို အထပ်ထပ် သိမ်းနေရသတဲ့။ သာမန်ကျောင်းတိုက်တွေမှာတော့ ဆရာတော်တွေဟာ အချုပ်အလုပ်ကို သေသေသပ်သပ် လုပ်တတ်နေကြပါလေရောလား။
အလှူရှင်တွေဘက်ကနေပဲ ဝင်ပြောချင်တာဖြစ်တဲ့အတွက် ဆရာတော်တွေရဲ့ အပိုင်းမှာသိပ်မပြောလိုပါဘူး။ ဒီလို မညီမျှတဲ့ အလှူရှင်တွေများလာရင်တော့ သံဃာလောကမှာလည်း အမြင်မတော်တာတွေရှိလာမှာပါ။ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးမဲ့ သံဃာတွေသာ၊ အများစု အဆင်မပြေဘူးဆိုရင် သာသနာတော်ရဲ့ အရောင်ဟာလည်း မှေးမှိန်စရာတွေ ဖြစ်လာနိုင်ပါတယ်။ စာတတ်ပေတတ်နဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်မှ လှူဒါန်းစရာလို့မြင်မယ်၊ သာမာန်ရဟန်းအဆင့်ကိုကျော်တဲ့ ဆရာတော်မှ လှူဒါန်းစရာလို့ မြင်မယ်ဆိုရင် ကျွန်တော်တို့ ပြန်စီစစ်သင့်နေပါပြီ။ ငါတို့တွေကရော သာသနာတော်ကို တဘက်တလမ်းကနေ စောင့်ရှောက်ရာ ရောက်ရဲ့လား၊ မသိမသာများ ပျက်စီးရာကို ပို့နေမိလေမလား။ စဉ်းစားကြည့်ချင်စရာပါ။
ဒါက သံဃာကို လှူတဲ့အလှူကိုပြောတာပါ။ သာသနာကို စောင့်ရှောက်ရာမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျောင်းကန်ဘုရား အလှူမှာလည်း ဒီလိုပါပဲ။ တန်ခိုးကြီး စေတီတော်ကြီးတွေမှာ၊ တန်ခိုးကြီး ဆင်းတုတော်တွေမှာတော့ သပ္ပါယ်နေလိုက်တာ၊ ကြည်ညိုစရာ ကောင်းနေလိုက်တာဟာ ပြောမပြတတ်အောင်ပါပဲ။ ဒါပေမဲ့ စေတီတိုင်းဟာ စေတီပါ၊ ဆင်းတုတော်တိုင်းဟာ ဆင်းတုတော်ပါ။ ဒီနေရာက စေတီကိုလှူမှ၊ ဒီနေရာက ဆင်းတုတော်ကမှ ဆိုတဲ့ အစွဲလေးတွေပါလာရင်တော့ တစ်ခုခု ပြန်တွေးစရာ ရှိနေပြီထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့အလှူတွေမှာတော့ ဒါမျိုးတွေပဲ များပါတယ်။ ဒီနေရာမှာ တန်ခိုးကြီးဆိုတာလေးကို နည်းနည်းပြောပါအုံးမယ်။ ဘာသာတရားရဲ့ အယူအရတော့ ရတနာသုံးပါးကို စိတ်မှာစွဲနေဖို့က အဓိကပါ။ ဘုရားရှင်ကို စိတ်မှာရှိနေရင် ရှိခိုးကန်တော့လို့ ရပါတယ်။ နေရာဒေသ၊ အရပ်မျက်နှာမရွေးပါဘူး။ ဒါဆိုရင် တန်ကြီးဘုရားနဲ့ တန်ခိုးမကြီးကရော ဘာတွေကွာခြားတာလည်း။ မေးချင်စရာပါ။
ဘာသာတရားရဲ့ အဆိုအရတော့ နတ်ကောင်းနတ်မြတ်တွေဆိုတာ သီလသမာဓိကောင်းသူ၊ အရပ်ဒေသ၊ ဘုရားကျောင်းကန်တွေကို စောင့်ရှောက်တတ်ပါသတဲ့။ ဒါကိုလက်ခံမယ်ဆိုရင်တော့ တန်ခိုးကြီးနဲ့ သာမန်ကွာခြားချက်ကို အနည်းအကျဉ်းမြင်အောင် ကြည့်ဖို့ရာ နည်းလမ်းရှိမယ်ထင်ပါတယ်။ စေတီပုထိုးကတော့ အားလုံးအတူတူပါပဲ။ ဆင်းတုတော်တွေဆိုတာလည်း အားလုံးအတူတူပါ။ သူ့အမျိုးအစားနဲ့သူ ရှိနေကြတာပါ။ ဒီနေရာက ဆင်းတုက တန်ခိုးကြီးတယ်၊ ဒီနေရာက ဘုရားက တန်ခိုးကြီးတယ်ဆိုတာ ဘုရားရှင်က မျက်နှာလိုက် ဖန်ဆင်းတော်မူတာ မဟုတ်ပါဘူး။ သူတော်ကောင်းတွေ ပျော်မွေ့ရာဒေသ၊ ပျော်မွေ့ရာနေရာဖြစ်လို့ နတ်ကောင်းနတ်မြတ်တွေလည်း ပျော်စံရာဖြစ်တာပါ။ ဒီနေရာ ဒေသမှာ သာသနာတိုးတက်ရေးအတွက် လုပ်သူတွေကိုလည်း ရှိနေတဲ့ နတ်ကောင်းနတ်မြတ်တွေက ပိုပြီးစောင့်ရှောက်မိသွားတာပေါ့။ (ဒီအတွေးလေးကလည်း သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူဝေမျှတဲ့ အမြင်လေးပါ) ဒီလိုဆိုရင်တော့ ကွာခြားမှုက ရှိမှာပါ။ ဒါပေမဲ့ အဲဒီလိုသာ တန်ခိုးကြီးမှ လှူနေမယ်ဆိုရင် သာသနာပြုနေမယ်ဆိုရင် သာသနာရဲ့တိုးတက်မှုနဲ့ အနာဂတ်က မရေရာနိုင်ပါဘူး။
ဒါတွေက သာသနာတော်အတွက် လှူဖို့ကို စဉ်းစားစရာလေးတွေများလားလို့ ပြောကြည့်တာပါ။ တစ်ကယ်တော့ “ဒါနဟူသည် ပေးစွန့်ခြင်းပင် ဖြစ်လေရာ လှူဖွယ်ဝတ္ထုကို ပေးစွန့်မှသာ ဒါနမြောက်သည်မဟုတ်၊ အများကောင်းကျိုးအတွက် မိမိဘဝကို စတေးခြင်းသည်လည်း ဒါနမည်၏။”တဲ့။ ဘယ်ကမှန်း မမှတ်မိတော့လို့ အတိအကျတော့ ပြန်မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ အယူအဆလေးက နှစ်သက်စရာလေးပါ။ ဒီအယူအဆကတော့ မြန်မာတွေအတွက် မထွန်းကားသေးဘူးထင်ပါတယ်။ ကျွန်တော် ဘဝင်မကျတာ ဒီနေရာမှာလည်းရှိနေပါတယ်။ လူမှုရေးအလုပ်တွေကို လှူဒါန်းကြတာ၊ ကူညီကြတာတွေဟာ အတွေ့ရနည်းလွန်းလှပါတယ်။ ဘာသာတရားအရ အလှူအတန်းဟာ ဘာသာရေးနဲ့ပဲ ယှဉ်နေပါတယ်။ ဒါတွေကတော့ အစောပိုင်းမှာ ကျွန်တော်ပြောခဲ့သလို ရွှေပြည်အေးသမားတွေကို မကြိုက်သူတွေက ပိုတွေးမယ်ထင်ပါတယ်။ ဒါကလည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ လူမှုရေးတွေကို လစ်လျူရှုထားမယ်၊ တိုးတက်ဖို့ကို ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ တော်တော်နဲ့ လူလားမြောက်မှာမဟုတ်ပါဘူး။ သူ့နောက်လိုက်တွေပဲ ထွန်းကားနေပါလိမ့်မယ်။
သာသနာတော်ကို စောင့်ရှောက်တာလည်း စောင့်ရှောက်ပါ။ သံသရာအတွက်ပါအောင်၊ ကိုယ့်ဘဝ တိုးတက်အောင်မြင်အောင် ဆိုပြီး လှူကြတာလည်းလှူပါ။ အမျိုးကို စောင့်ရှောက်ခြင်း၊ အများအတွက် အကျိုးပြုလုပ်ငန်းတွေပြုလုပ်ခြင်း၊ အများအတွက် ကိုယ်ကျိုးစွန့်ခြင်းတွေ မှာလည်း ပါဝင်လှုပ်ရှားကြပါ။ လှူဒါန်းကြပါ။ ဥပမာအားဖြင့် တန်ခိုးကြီးလွန်းလို့၊ ကြည်ညိုစရာ ကောင်းလွန်းလို့ဆိုပြီး ခေတ်အဆက်ဆက် လှူလာလိုက်တဲ့ ရွှေတွေ၊ ကျောက်သံပတမြားတွေ အပုံအပင်ရှိနေတဲ့ သာသနာဆိုင်ရာ နေရာတွေ မနည်းပါဘူး။ ဒီကြွယ်ဝချမ်းသာမှုက လိုတာထက်ပိုနေရင် တခြားအကျိုးပြုလုပ်ငန်းတွေမှာ လှူလို့ရပါတယ်။ အလှူမှာ အရေးအကြီးဆုံးကတော့ အလှူရှင်ရဲ့ စိတ်ထားထင်ပါတယ်။ မျက်မမြင်ကျောင်းတစ်ခုကို လှူလိုက်တာဟာ ဘာသာရေးအရတော့ မြင့်မြတ်ချင်မှ မြင့်မြတ်ပါမယ်။ လူသားဆန်မှု၊ ရိုင်းပင်းကူညီမှုလို လက်တွေ့လူ့ဘဝအတွက်တော့ များလွန်းတဲ့ အကျိုးကျေးဇူးပါ။ အနည်းဆုံးတော့ မျက်မမြင်တွေရဲ့ ဘဝတွေ တိုးတက်လာပါမယ်။ သူတို့တွေအတွက် လူအချင်းချင်းကြားမှာ အားငယ်နေရတာတွေ လျော့ပါးလာမှာပေါ့။ ဒီလိုပါပဲ မိဘမဲ့ ကျောင်းတွေ၊ ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ။ ပြောရမယ်ဆိုရင်တော့ လူမှုဘဝအတွက် လိုအပ်တဲ့အလှူက ပိုလို့တောင်များမယ်ထင်ပါတယ်။
ဒီလိုတွေလိုက်လှူနေရလို့ နောင်သံသရာအတွက် မပါတော့မှာကိုလည်း သိပ်ပူနေရာ မလိုလောက်ပါဘူး။ ဒီလို အလှူမျိုးကိုလည်း အလှူခေါ်ထိုက်မှာပါ။ (ဒီနေရာမှာတော့ ဘာသာရေးနဲ့ သိပ်ပြီး မတွေးတတ်ပါဘူး။) လျှောက်၊ လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင် စိတ်ကောင်းရှိဖို့က ပထမပါ။ စိတ်ကောင်းမရှိဘဲနဲ့ ကတော့ ဘယ်အလှူဒါနမှ မြင့်မြတ်မယ်မထင်ပါဘူး။ စိတ်ကောင်းထားပြီး တစ်ပါးသူကို ကူညီတာဟာလည်း ကုသိုလ်တစ်ခု မဟုတ်လားဗျာ။
သုခမိန်။…..။
ဆုံရပ် 1st Dec 2024
2 weeks ago
11 comments:
သာဓု သာဓု သာဓု ပါခင္မ်ာ။
ဆရာညိုမြရဲ့စာတွေကို မိတ်ဆက်ပေးကြရင်း
E-Journal ရဲ့ဒါနကို စံပြကြရအောင်လားခမျာ။
ဒီလိုရေးတာလေးကလဲ ကုသိုသ် တစ်ခုပါဘဲ
ဟုတ်တယ် ကိုသုရေ...
ကျနော်လဲ အဲဒါကို ဘဝင်မကျဖြစ်နေတာ ကြာပြီဗျာ..။
လူတွေက.... ရေများရာ မိုးရွာ..။
တပိုင်းကကြည့် မယ်ဆိုရင်....တော်တော်များများက...
ကျနော်တို့ ဗုဒ္ဓဘာသာရဲ့ တကယ့် အနှစ်ကိုလဲ နားလည်ပုံ မရဘူးဗျ။
သူများ သြကာသလို့ လိုက် သနေကြတဲ့ သူတွေလဲ အများကြီးပဲဗျ..။
ဖတ်ရှုမှတ်သားပါ၏ ..
ဖတ်ရှုမှတ်သားပါ၏ ..
http://myanmarbloggerposts.blogspot.com/
အင်း သုခမိန် ပညာရှိကြီးရေ
ဘုရားကျောင်းကန်အပြင် လူမှုရေးတွေမှာပါ လုပ်သင့်ပါတယ်
ကျနော်တို့ဆီမှာ အခုနောက်ပိုင်းတော့ လူမှုရေးလုပ်ငန်းလုပ်တာတွေလည်း အများကြီး မြင်တော့လာရပြီထင်ပါတယ်..
မြန်မာပြည်က သူဌေးကြီးတွေ ပညာသင်ဆုပေးတာရှားသလားလို့
ဦးအုံးဖေပညာသင်ဆု ဆိုတာကို ကြားဖူးပေမယ့် ပညာသင်စရိတ်ဆုငွေက တကယ့်ပညာသင်စရိတ်ကို မကာမိဘူးထင်ပါရဲ့(အတိအကျတော့ မသိပါ)
စဉ်းစားမိတာပြောတာပါ။
အလှုဒါနတွေလည်း ခေတ်တွေပြောင်းလဲလို့များ လိုက်ပြောင်းသလား မသိပါဘူး။ အိမ်နားက ဓမ္မာရုံမှာ သင်္ကြန်တွင်းဆိုရင် သီလယူတဲ့လူတွေ အရင်ကတော့ အများသားဗျ။ ကျွန်မငယ်ငယ်ကဆို သီလဆောက်တည်လာတဲ့သူတွေ များလွန်းလို့ ကျောင်းဆောင်အောက်က တလင်းပြင်မှာပါ ဖြာကြမ်းတွေ အပြည့်ခင်းပေးရတယ်။ အခုနောက်ပိုင်းတော့ သားရေး၊ သမီးရေးတွေနဲ့ အပူအပင်တွေများနေကြတော့ သီလဆောက်တည်လာတဲ့သူ နဲနဲလာလို့ ဓမ္မာရုံကနေ မိုက်နဲ့ ဖိတ်ခေါ်နေရတယ်။ သင်္ကြန်ပြီးလို့ နှစ်ဆန်း ၁ ရက်နေ့ဆိုရင် သံဃာတော်များက ရပ်ကွက်အတွင်းမှာအန္တရာယ်ကင်း ပရိတ်လှည့်လည် ရွတ်ဖတ်ပါတယ်။ လှည့်လည်တဲ့နေရာမှာသုံးဖို့ ကားပိုင်ရှင်တွေက သူ့ထက်ငါ အလုအယက် ကားလှူဒါန်းကြတယ်ဗျ။ အခုနောက်ပိုင်းတော့ အတက်နေ့ညပိုင်းထိ ကားအစီးရေ လောက်ငအောင်မရသေးလို့ အတင်းဆော်သြော အလှုခံနေရတော့တယ်။ ကားဆီဈေးတွေပဲတက်ကုန်လို့လား ဒါနပါရမီတွေ လျော့နည်းနေလို့လားတော့ မတွေးတတ်အောင် ဖြစ်ရပါတယ်။ ကျွန်မအဖေကတော့ သူတတ်နိုင်တာလေးတွေ လှူတဲ့အခါ တရိုတသေ လှူတယ်ဗျ။ အိမ်မှာဆွမ်းခံကြွတဲ့ သံဃာတော် ၁၀ ပါးလောက်ကို ဆွမ်းလောင်းပြီးရင် ဦးချပြီးမှ သပိတ်ကပ်တဲ့ အဖေပါ။ အိမ်အတော်များများနဲ့ အမေတို့ကတော့ ဆွမ်းလောင်းပြီးရင် သပိတ်ကပ်လိုက်တာပါ။ လိုက်လံတောင်းစားတဲ့သူတွေကို တခုခုလှူရင်လည်း အဖေက ဖိနပ်ချွတ်ပြီးမှ လှူတယ်။ ညညဆို အိမ်ရှေ့မှာ ထမင်းကျန် ဟင်းကျန်ရှိရင် ပေးပါလို့ ကလေးလေးတွေ လာတောင်းတတ်တယ်။ ကျွန်မတို့ အမေတို့ကတော့ တခါတလေလည်း ပေးလိုက်တယ်။ အလုပ်များနေတဲ့အခါမျိုးဆိုရင် မကျန်ဘူး လို့ပြောမိတဲ့အခါတွေ ရှိရင် အဖေက ကျန်ရဲ့သားနဲ့ ညာမပြောရဘူး လို့ မှာတတ်တယ်။ အင်း ဘာရယ်မဟုတ်ပါဘူး ဒါနနဲ့ မြန်မာလူမျိုးအကြောင်းဖတ်ရတော့ သတိရမိတာလေးတွေ ပြောမိတာပါ။ မရှိလို့မလှူ၊ မလှူလို့မရှိ မဖြစ်ရအောင် ကြိုးစားအုံးမှပါ။
မဇနိ
ကိုဗာဘိုရေ စာက ကျနော့် အတွက်တော့ လေးနေသလိုပဲ ။ ပြောချင်တာက ကျနော်လို ယောင်တောင်တောင် ကောင်အတွက် ဒါနဆိုတော့ နဲနဲလန့်သွားတယ်ပြောတာပါဗျာ။
ကျနော်တို့ရွာမှာလည်း အရှေ့ကျောင်း၊ အနောက်ကျောင်းဆိုပြီး ဘုန်းတော်ကြီးကျောင်းနှစ်ခုရှိသဗျ။ ပြောရရင် အနောက်ကျောင်းက သူဌေးတွေ အပြိုင်ကိုးကွယ်တော့ ဆွမ်းကွမ်းပေါတယ်ဗျ။ ကျနော်ကတော့ နားမလည်ပါဘူးဗျာ။ ဒီဆရာတော်လည်း ဒီတရားပဲဟောတယ်၊ ဟိုဆရာတော်လည်း ဒီတရားပဲဟောတယ်။ အတူတူပါပဲ ။ အိမ်က တရားစာအုပ်တွေထဲက တရားတွေပါပဲဗျာ ။အဲဒါနဲ့ အဖိုးကိုမေးတော့
အဘိုးကရှင်းပြတယ်ဗျ။ လူတွေလိုပဲတဲ့ ဘုန်းကြီးတွေမှာလည်း အရင်ဘ၀တွေက ကုသိုလ်ပါတယ်တဲ့ ။ ရှင်သီဝလိ ကိုယ်တော်ဆိုရင် ဆွမ်းကွမ်းပေါတယ်တဲ့လေ။ အဲလိုပါပဲဗျာ။ လူတွေလည်း အသက်တော့ အတူတူရှူတာပဲ ဆင်းရဲချမ်းသာ ကွာကြတယ် ။ ကျနော့် အဖေကတော့ ဆေးရုံတို့၊ ဘိုးဘွားရိပ်သာတို့၊မိဘမဲ့ ဂေဟာတို့မှာပဲ လှူတယ်။ ကျနော့်အဖိုးကြီးကတော့ ဒီကောင်က ဘုရားရှိခိုးတဲ့ ဘာသာခြားဆိုပြီး သူ့မြေးသမက် ကျနော့်အဖေကို စွပ်စွဲလေရဲ့ ။ အမြင်တွေလည်း မတူကြတာဖြစ်မယ်။ ကျနော့် ဖိုးဖိုးကြီးတို့က ဘုန်းတော်ကြီးကျောင်းထွက်တွေဆိုတော့ နောက်လူတွေနဲ့ အမြင်မတူကြတာလည်း ဖြစ်မှာပေါ့ဗျာ။
ရှေးဘဝပေးကုသိုလ်ကြောင့် ကွာခြားနေမှုကို လစ်လျှူရှုစေချင်တာ မဟုတ်ပါ။ မည်သို့မျှ မပြုပြင်နိုင်သော (မိမိတို့ ပြုပြင်၍မရသော) အကြောင်းအရာပါ။
ဒါပေမဲ့ ကိုတာတူး၊ တကယ်လိုအပ်နေသူတွေကို လှူလိုက်ရင် အလှူကိုလက်ခံရသွားတဲ့ သူတို့ရဲ့မျက်ဝန်းတွေမှာ ကျွန်တော်တို့အတွက် ညောင်စေ့လေးမှ ညောင်ပင်ကြီးဆိုတာကို ချက်ချင်းခံစား နိုင်မလားလို့ပါ။
Post a Comment