Saturday, February 28, 2009

Selfishness!



“အတ္တ”

ချစ်သူရေ …

မင်းသာ စိတ်ကူးယဉ်တတ်ရင်ပေါ့
အဲဒီ့စိတ်ကူး
ငါဖြစ်ဖူးချင်မိတယ်။

မင်းသာ အတွေးကွန်ရက်ဖွဲ့တတ်ရင်ပေါ့
အဲဒီ့အတွေး
ငါခဏလေး ဝင်ချင်မိတယ်။

မင်းသာ အိမ်မက်နွံထဲ နှစ်မျောမိရင်ပေါ့
အဲဒီ့အိမ်မက်
တစ်ဝက်လောက်တော့ ငါပိုင်ချင်မိတယ်။

မင်းသာ အပြုံးတွေကို မွေးဖွားခဲ့ရင်ပေါ့
အဲဒီ့အပြုံး
ငါတစ်သက်လုံး သိမ်းထားချင်မိတယ်။

မင်းသာ ဂီတတစ်ခု ဖန်တီးခဲ့ရင်ပေါ့
အဲဒီ့ဂီတ
တစ်ပိုင်းတစ်စတော့ ငါဖြစ်ချင်မိတယ်။

မင်းရည်ရွယ်ရင်း ဆန္ဒခြင်းရာ
ဘယ်သို့ပင်ကွာပါစေလေ -
ဒါဟာ ငါ့အတွက်လို့
စိတ်ကူးတွေနဲ့ ယစ်မူး
ခဏလေးတော့ ရူးခွင့်ရချင်မိတယ်။…..။

Rhyme

ဆက်ဖတ်မယ်ဆိုရင် ...

Friday, February 27, 2009

the Golden Land missing!


ရွှေပြည်ကြီးကို လွမ်းကြမှာပါ။ လွမ်းပုံခြင်းတော့ တူချင်မှလည်း တူမယ်။ ဒါပေမဲ့ ရွှေပြည်ကြီးမှာ ဒီအချိန်ဆို ဘာတွေဖြစ်နေပြီလည်း တွေးကြည့်လိုက်ရင်တော့ … အော်၊ ဆောင်းအကုန်နွေအကူးပါလားလို့ တွေးမိကြမယ်ထင်တယ်။ တစ်ချိန်က နွေရာသီတွေကိုလည်း ပြန်သတိရစေချင်တာပါ။




“အဝေးရောက် အလွမ်း”

ဆောင်းအကုန်နွေအကူး
တကူကူးလည်း မချိုလေပြီ။
ဆောင်းအကုန်နွေအကူး
ရွက်ဝါတို့လည်း မမြူးပြီ။
ဆောင်းအကုန်နွေအကူး
ကြည်နူးဖွယ် မြန်ဓလေ့
မမေ့နိုင် ငေးငိုင်ကာလွမ်းမိတော့
သြော် …
ကျွမ်းငယ်ဆွေ ယဉ်အလှကို
လွမ်းမိပါပေါ့။ ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, February 23, 2009

အဖွား


အဖွား

အဖွား…..
တရားကိုသိချင်မှသိသွားမယ်။
ဒါပေမယ့်
(ငါတို့အပေါ်)ချစ်ခြင်းမေတ္တာတရားမှာ
သူဟာ ဘုရားပဲ။……….။

မာရေးသျှင်



ဆက်ဖတ်မယ်ဆိုရင် ...

thought from some words (5)


အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၅)


ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။
ပြီးခဲ့တဲ့ ပိုစ့်တွေကိုလည်း ကလစ်လုပ်ပြီး သွားဖတ်နိုင်ပါတယ်။ အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄)




……………………………………………………………………
26th-june-2008 - ဒါနဟူသည် ပေးစွန့်ခြင်းပင် ဖြစ်လေရာ လှူဖွယ်ဝတ္ထုကို ပေးစွန့်မှသာ ဒါနမြောက်သည် မဟုတ်၊ အများကောင်းကျိုးအတွက် မိမိဘဝကို စတေးခြင်းသည်လည်း ဒါနမည်၏။ (ဦးရွှေအောင်)
……………………………………………………………………
ဘာသာတရားနဲ့ ပက်သက်လာရင် ပြောစရာတွေများပေမဲ့ ဒါနလို့ပြောလိုက်တာနဲ့ လူအများစုက နားလည်ပြီးသားပါ။ ဗုဒ္ဓသာသနာထွန်းကားရာဖြစ်တဲ့ မြန်မာပြည်ကိုလည်း ဒါနပါရမီ အားကောင်းသူတွေ များတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ ဒါနကို အထူးတလည်မပြောချင်ပါဘူး။ လူသာမာန်တို့ နားလည်ထားတဲ့ ဒါနအကြောင်းလေးကို အမြင်တစ်မျိုးမြင်ကြည့်တာပါ။ ပေးကမ်းစွန့်ကြဲခြင်း ဆိုတဲ့နေရာမှာ လှူဖွယ်ဝတ္ထုကို ပေးကမ်းစွန့်ကြဲမှ ဒါနမြောက်မယ်ထင်သူတွေ၊ အဲဒါမျိုးကိုမှ တကယ့်ဒါနထင်သူတွေအတွက် ဒီစကားစုလေးက တစ်မျိုးထင်စရာပါ။
လှူတယ်။ အတော်များများလည်း လှူကြပါတယ်။ ညောင်စေ့လောက်နိုင်သူက ညောင်စေ့၊ ကျွဲကောသီးလောက်နိုင်သူက ကျွဲကောသီး- မြန်မာ့အလှူကြီးတွေ မနည်းမနောပါပဲ။ လွတ်မြောက်ရာလမ်းကို ရှာတွေ့သွားတဲ့ မြတ်ဗုဒ္ဓဟာ တရားတွေဟော၊ ဆုံးမသင့်သူတွေကို ဆုံးမသွန်သင်ခဲ့တာ အများကောင်းကျိုးအတွက် ဆောင်ရွက်သွားတာပါပဲ။ အကောင်းဆုံးသော အကျိုးဆောင်မှုပါ။ ဥပမာယူချင်စရာ မြတ်သောလူသားပါ။
အများကောင်းဖို့ ကိုယ့်ဘဝကိုစတေးလိုက်တာဟာလည်း မြတ်သောဒါနပါပဲ။ ဘာတွေကို စတေးရမှာလည်း။ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ မဖြစ်ညစ်ကျယ်စကားတွေကိုတော့ လက်စွဲတော်အဖြစ်မထားတော့ပါဘူး။ လမ်းမပေါ်ကအမှိုက်လေးတစ်ခုကို ဖယ်ရှားလိုက်တာ၊ ခင်များရဲ့ နေထိုင်မှုစရိုက်က ပတ်ဝန်းကျင်အပေါ် အနှောင့်အယှက်မဖြစ်တာ၊ ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ဝေမျှတာ၊ လူအများကောင်းဖို့ အဖိုးအခမရပဲ ဦးဆောင်ဦးရွက်ပြုတာ စသည်ဖြင့်ပေါ့။ ကိုယ့်အတွက်မပါပဲ လုပ်လိုက်ရတာဟာ စတေးလိုက်ရတာပါပဲ။
ကဲ ~ ကျွန်တော်တို့ ဘာတွေစတေးခဲ့ပြီးပြီလည်း။ ကျေနပ်နေဖို့ ပြန်တွေးစေချင်တာမဟုတ်ဘူး။ ဒီ့ထက်ကောင်းဖို့၊ အများကောင်းဖို့ ဘယ်လိုဒါနတွေ ပြုကြမလည်း ဆက်တွေးကြည့်စေချင်တာ။ အားကောင်းတဲ့ မြန်မာ့ပါရမီကို ပထမဦးဆုံးအနေနဲ့ မြန်မာတွေကောင်းဖို့ ဒါနပြုကြပါစို့လား … တွေးကြည့်ချင်စရာပါ။

……………………………………………………………………
10th-july-2008 - အချစ်တဲ့ ခပ်ရင့်ရင့် တွေးကြည့်လိုက်တော့၊ သံယောဇဉ်ကို ဘာမှန်းမသိတာနဲ့ ငါ “အချစ်” လို့ထင်နေမှန်း သိလိုက်ရတယ်။ (သုခမိန်)
……………………………………………………………………
အချစ်တဲ့။ ကြီးကျယ်ခန်းနားတဲ့ စကားလုံးလေးပါ။ ဖွင့်လိုက်ကြတဲ့ အဓိပ္ပါယ်တွေ၊ အကြောင်းအရာပေါင်းစုံနဲ့ ပုံဖော်လို့လည်း မကုန်နိုင်ဘူး။ တစ်ရက် - ကျွန်တော့်ရင်ထဲကို ကျွန်တော်ပြန်ကြည့်လိုက်တယ်။ ကြိုးမျှင်လေးပေါင်းများစွာနဲ့ ဖွဲ့တည်နေတဲ့ သူ့ကို(အချစ်ကို)တွေ့ရတာ။ သေချာစစ်ကြည့်လိုက်တော့ သံယောဇဉ်ကြိုးလေးတွေ ဖြစ်နေတာပါပဲ။ ကျွန်တော်ချစ်ရတဲ့သူဟာ ရင်ထဲကသံယောဇဉ်ကြိုးများစွာရဲ့ ပိုင်ရှင်ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ အချစ်ဆိုတာကို ကျွန်တော်ကတော့ ပုံဖော်လိုက်တယ်။ ကြိုးမျှင်ချည်သီအိုရီအရ (String Theory) အချစ်မှာ အခြေခံအကျဆုံး ကြိုးမျှင်ချည်ဟာ သံယောဇဉ်ပေါ့။
အချစ်အကြောင်းပြောရင် မေ့ထားလို့မရတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒီကောင် အတော်ချစ်တတ်မှန်း ကျွန်တော်မသိဘူး။ သူနဲ့ကျွန်တော်ဆိုတာ ကျောင်းသားဘဝက အတူစားအတူသွား ပေါင်းသင်းလာတာ။ ကောင်မချောချောလေးတွေ့ရင် ကြိုက်တတ်တဲ့သူ။ ဒီလောက်ပဲသိထားတာ။ ကျောင်းပြီးသွားတော့ အနေဝေးသွားတယ်။ ခုတော့ သူနဲ့မေဂျာတူက ကောင်မလေးတစ်ယောက်ကို သူကြိုက်နေတာ အချိန်တွေလည်းကြာပြီ။ အနေဝေးနေကြတာလည်း နှစ်တွေများလှပြီ။ သူကတော့ချစ်နေဆဲ။ သစ္စာရှိနေဆဲပဲ။ အဲလိုပြောတော့ ကောင်မလေးက သစ္စာမရှိသလို မချစ်တော့သလိုဖြစ်သွားတယ်။ တစ်ကယ်တော့ ကောင်မလေးက အစကတည်းက သူ့ကို ပြန်မချစ်ခဲ့တာပါပဲ။ သူငယ်ချင်းရဲ့ရင်ထဲက သံယောဇဉ်ကြိုးတွေကို ဒီကောင်မလေးကပဲ အပိုင်စီးထားလေရော့သလား … တွေးကြည့်ချင်စရာပါ။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, February 22, 2009

Various Life! (1)


ဘ၀များ (၁)
မနက်ကလေ . . .
လူတစ်ယောက်ကိုတွေ့တယ်
အင်း. မွန်မွန်ရည်ရည်ပါပဲ
ဇာတ်ကားတွေထဲကလိုတော့ မသားနား
အားနာတတ်ပုံတော့ ပေါ်ရဲ့ ။




ရထားက ရပ်တာ ကြာလို့
စကားတွေ ဖောင်ဖွဲ့
ရိသဲ့သဲ့ မပါရင်တော့
ကျမကလည်း ok
ကိုယ့် Customer ပဲလေ
အထိုက်အလျောက်တော့ လေပေးမှ . . . ။

ဒါနဲ့ပဲ စပ်မိ၊စပ်ရာတွေ ပြောကြ
ဦးလေးက အင်ဂျင်နီယာ ပါတဲ့
မိဘ ရပ်ထံ ပြန်တယ် ဆိုပဲ . . .
ကျမလည်း သိသမျှနဲ့စမေး
လမ်းလေးဖောက် တံတားဆောက်သလားဆိုတော့
တဟားဟားနဲ့ရီတယ်
ဦးက TV ပြင်ဆရာ ပေါ့ကွာတဲ့ ။

မရီ နဲ့လေ ဦးလေး
အမယ်လေးလေး ချာတိတ်တဲ့
ကျမ အိမ်ထောင်ကျပြီးပေါ့
လွန်ခဲ့တဲ့ လက ကျမ ၁၆နှစ်ပြည့်တယ်။

ကျမလား ရေ ရွက် ရောင်းတယ်
တခါတခါ မုန့်ဖက်ထုပ်
ထမင်းတလုတ်အတွက်
၁၀နှစ် သမီးကတည်းက
ခေါင်းပေါ်မှာဈေးတည်
ပြောင်းဖူးပြုတ် ၊မြေပဲ
ငုံဥ ၊ ကြက်ဥ
ရေသန့်၊ အချိုရည်
အင်း . တော်တော် စုံသည်ပေါ့လေ ။

ကျမ ယောက်ျားလား
ဖိုးတုတ်ဆိုတဲ့ ဒီအကောင်
ဘူတာမှာ ကုန်ထမ်း
နေ့ဆို ရေထမ်းပေါ့
ညဘက်ဆို သံလမ်းကင်းစောင့်
ဒီလိုပဲ . ထောင့်စေ့အောင် ခိုင်းရတာပေါ့ ။

အမယ်လေးလေး
မပိုပါဘူး ဦးလေးရယ်
နှစ်ဝမ်း နှစ်ခါး မို့တော်သေး
ကလေး ရရင်များ ခက်မယ်
စရိတ်၊စခ ကလည်း များသား
အင်း . ရတနာလို့တော့ ပြောကြတာပဲ
ဆင်းဆင်းရဲ ရဲ ဘ၀ထဲတော့
ဝင်မလာတာ ကောင်းမယ်။

ကုန်ဈေးနှုန်းကလည်း
ဘုန်းကြီးပျံက ဒုံးလိုပြေး
ဒီကြားထဲ. . . ဟိုကြေး၊ ဒီကြေးတွေကများ
ရွာလူကြီး တွေကလည်း ခက်သား ပဲတော်
ဈေးနှုန်းတွေကလည်း တက်ပြီး ပြန်မကျ
ကျမတို့ကြ ကုန်းရုန်းရှာ
ငွေဆိုတာကလည်း
ရေများရာ မိုးရွာတာပါပဲ ဦးလေး
မနက်ဖြန်ဆိုတာတွေးရင်
လူဖြစ်ရဖို့ ကြောက်ပရှင် ။


အိမ်အပြန် ရန်ကုန်-ပြည် ရထားလမ်းပေါ်က ဘူတာ တခုမှာ ရေရွက်ရောင်းတဲ့ ချာတိတ်မလေး တယောက်နဲ့ စပ်မိစပ်ရာ ပြောခဲ့ဘူးတာလေးကို ကဗျာတခုလို ချရေးမိတာပါ။ သူ့လေယူ လေသိမ်းကို တတ်နိုင်သမျှ ရအောင်တော့ ထည့်ရေးပေးထားပါတယ်။
တကယ်ပြောပြချင်တဲ့ အကြောင်းက ကျနော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာဆို လမ်းဖောက် တံတားဆောက်လုပ်တဲ့ Civil အင်ဂျင်နီယာလောက်ပဲ အင်ဂျင်နီယာ ထင်တတ်ကြတဲ့ အကြောင်း (အသိ အမြင် မကျယ်ပြန့်မှူ့) ၊ အရွယ် ငယ်ငယ်နဲ့ ပညာ ဆိုတာ မသင်စို့ ၊ မဆည်းပူးနိုင်ပဲ ဘ၀ လမ်းမပေါ် ပြေးလွှားပြီး အရွယ် မတိုင်ခင် အိမ်ထောင်ရက်သားတွေကျ၊
ဒီလိုနဲ့ ဆင်းရဲတွင်းက မလွတ်၊ လုံးချာ ပတ်ချာလည် ၊ မိဘကလည်း အားကောင်းမောင်းသန် ကျန်းမာရေးတွေက ဒေါင်ဒေါင်မြည် မရှိကြတော့ မွေးဖွားလာတဲ့ ကလေးတွေကလည်း ချူချာ၊ ဥဏ်ရည် နိမ့်ပါး အဲလို လုံးချာ လိုက်နေကြတယ် ဆိုတာလေးကို မြင်စေချင်တာပါပဲ။
ပြီးတော့ ကုန်ဈေးနှုန်းရယ်၊ တခြား သာရေး၊ နာရေး ကြေးတွေရယ်ကလည်း လက်လုပ်လက်စား လူထုကို ထိခိုက်စေတတ်တယ် ဆိုတာလေး ချပြချင်တာပါ။

အားလုံးကို လေးစား ခင်မင်လျက်

တာတူး


ဆက်ဖတ်မယ်ဆိုရင် ...

Let's Do it!


လူမျိုးတွေ ကွဲပြားကြတယ်။ အယူဝါဒတွေ မတူညီကြဘူး။ ထူးဆန်းစွာကိုပဲ ဓလေ့ထုံးတမ်းတွေဟာ ခြားနားနေကြတယ်။ ဘယ်သူမှမငြင်းနိုင်တဲ့ ကမ္ဘာ့မြင်ကွင်းတွေပါပဲ။ တူညီတာတစ်ခုကို ဆွဲထုတ်ကြည့်မိတယ်။ အတော်များများ တူတယ်။ ဝမ်းသာအားရ ဖြစ်ကြတဲ့အခါမှာ လက်ခုပ်တီးပြီး အားပေးကြတာပဲ။ ၂၁ ရာစုမှာတော့ လုံးနေတဲ့ကမ္ဘာကြီးတောင် ပြားလို့ ယဉ်ကျေးမှုတွေ တိုးတိုက်မိတဲ့အသံတွေ ညံနေသတဲ့။ မပြောင်းလဲသွားတဲ့ တူညီတဲ့ လက်ခုပ်တီးယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ကမ္ဘာမှုဆန်နေခဲ့လေသလား။ ဟုတ်တယ်။ ဒါဟာ ကမ္ဘာမှုဆန်သော တူညီသော ရင်ဘတ်ထဲက ဖွင့်ထုတ်မှုပဲ။ ကဲ … ညီညီညာညာ လက်ခုပ်တီးကြပါစို့လား။




“လက်ခုပ်တီးပါ”

ဒီနေ့ ကမ္ဘာကြီးမှာမွေးဖွားလာတဲ့ မျိုးဆက်သစ်တွေအတွက် လက်ခုပ်တီးပါ။
ဒွိဟနဲ့ ဂနာမငြိမ်ဖြစ်နေသူအတွက် အားပေးဖို့ လက်ခုပ်တီးပါ။
ဖွင့်ပွဲကြီးစပြီတဲ့ လက်ခုပ်တီးပါ။
ကြည်နူးစရာအလှူအတွက် လက်ခုပ်တီးပါ။
တစ်ဖက်စွန်းရောက်နေသူအတွက် လမ်းတည့်မတ်ပေးရန် လက်ခုပ်တီးပါ။
ဆာလောင်သူအတွက် ရိက္ခာခြောက်များကို လက်ခုပ်တီးပါ။
မြန်နှုန်းမြင့် နည်းပညာများအတွက် လက်ခုပ်တီးပါ။
ခရာမှုတ်ပြီ ဂိုးပြတ်နိုင်သတဲ့ လက်ခုပ်တီးပါ။
ဟိုလူ .. ဟိုလူကိုလှမ်းခေါ်ရအောင် လက်ခုပ်တီးပါ။
ဒါဟာ မဟာဗျူဟာမြောက်သတဲ့ လက်ခုပ်တီးပါ။
ပထမဆုကို သူဆွတ်ခူးသွားသတဲ့ လက်ခုပ်တီးပါ။
ထော်လာဂျီ စက်ကောင်းသွားပြီတဲ့ လက်ခုပ်တီးပါ။
အမူအယာပိုတဲ့ ကညာပျိုအတွက် လက်ခုပ်တီးပါ။
ဆေးပညာအတွက် သုတေသနတွေတိုးတက်လာတယ် လက်ခုပ်တီးပါ။
ညီညာလွန်းတဲ့ လှုပ်ရှားမှုအတွက် လက်ခုပ်တီးပါ။
အချိန်မှန်တဲ့ အလင်းရောင်အတွက် လက်ခုပ်တီးပါ။
ကြည်နူးသာယာတဲ့ ဖွဲ့စည်းမှုတေးဂီတအတွက် လက်ခုပ်တီးပါ။
ဖေဖော်ဝါရီမှာ ဖြစ်တည်တာပါတဲ့ လက်ခုပ်တီးပါ။
ခေါင်းကိုက်လို့ မောပန်းသူအတွက် ဆေးတစ်ခွက် လက်ခုပ်တီးပါ။
ဒီနေ့ နေဝင်ချိန် အလှတရားအတွက် လက်ခုပ်တီးပါ။
အဆင်ပြေလား - အဆင်ပြေရင် လက်ခုပ်သံတွေ ကြားချင်သေးတယ်။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, February 20, 2009

Kindness from Heart

“ချစ်ခြင်းဖွဲ့ အကြင်နာ”


နှင်းတစ်စက်၊
ဖြန်းပက်လို့သွားခဲ့စဉ် …

မြူတစ်ဆိုင်း၊
ညို့မှိုင်းလို့လွှမ်းခြုံစဉ် …

တစ်မနက်၊
အေးစက်တဲ့ငါ့ရင်ခွင် …

နွေးကိုယ်ငွေ့၊
ပြန်တွေးလို့ လွမ်းမိလေတော့
ဆွေးအပူငါ့အလွမ်းကြောင့်
နှင်းပျောက်ခါ မြူဝေးပေမဲ့
တစ်ပါးရင်ခိုသူ နင်တစ်ယောက်
လုံလောက်တဲ့သူ့ရင်ငွေ့မှာ
ပျော်မွေ့စေသား၊
ရွှင်မြူးစေသား၊
ငါ - ကြည်နူးအကြင်နာပွားတယ် ချစ်သူ။ ။


သုခမိန်။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, February 17, 2009

Lost in 89

“၈၉ သို့ အရှုံးပေးခြင်း”

  • အပြုံးတစ်ချက်
    ဒါဟာ မြှားတစ်ချက်ပါပဲ၊
    ငါ့ရင်ကိုစူး
    အချစ်လူးထားလေတော့
    အဆိပ်တက်ပြီပေါ့။


မျက်ဝန်းတစ်စုံ
ဒါဟာ မြှားတစ်စုံပါပဲ၊
ငါ့ရင်ကိုဖောက်
တပေါက်တပေါက်ကျတဲ့သွေး
ချစ်ပန်းချီဆေး။


  • လွင့်မြူးလှုပ်ရှား
    ပုံရိပ်များမှာတော့
    ကွန်ယက်ဖွဲ့သီ
    ကြိုးမျှင်ချည် သံယောဇဉ်ဆိုတော့
    ငါ - ဒူးထောက်ပါပေါ့ အချစ်ရယ်။ ။

သုခမိန်။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, February 16, 2009

the way I don't wanna


မိတ်ဆွေတစ်ယောက်က တင်ပေးစေချင်တယ်ဆိုပြီး ပေးလာတဲ့စာလေးတစ်ပုဒ်ပါ။ ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်ကို ပုံဖော်ဖို့ ကြိုးစားထားတယ်ထင်တယ်။ ဖတ်ကြည့်ကြပါခင်မျာ။ ပြောစရာပေါ်လည်း ပြောသွားနိုင်ပါတယ်။

သုခမိန်။ ။




မဆုံတွေ့ချင်တဲ့ အလွဲ


သူနဲ့ကျွန်မစတွေ့ ခဲ့စဉ်တုန်းက သူနဲ့ကျွန်မနဲ့ကြားမှာ အလွဲတွေများလိုက်မယ်လို့ထင်မထားခဲ့မိဘူး…
သူနဲ့ကျွန်မစဆုံခဲ့တာက မြန်မာပြည်အပြင်ဖက်က နိုင်ငံတခုမှာပါ…
သူတို့ရောက်လာတဲ့အချိန်မှာ ကျွန်မတို့က ပရောဂျက်တွေနဲ့အလုပ်ရှုပ်နေခဲ့တဲ့အချိန် …
သူနဲ့ကျွန်မတွေ့ ခဲ့တဲ့အချိန်လေးက ၁၀ ရက်ကျော်ကျော်လေးပါပဲ…
ကျွန်မမြန်မာကိုပြန်ရောက်တော့လည်း အဆက်အသွယ်ရှိနေခဲ့ပါတယ်…
သူပြန်ရောက်လာတော့ အဆက်အသွယ်မပြတ်ခဲ့ပေမဲ့ တယောက်တနေရာစီဆိုတော့မဆုံဖြစ်ခဲ့ကြဘူး….
သိပ်မကြာပါဘူး ကျွန်မလည်းသူရှိနေတဲ့မြို့ကို ပြောင်းရတယ်…
ကျွန်မရောက်တဲ့နေ့မှပဲ သူကျွန်မကိုလာတွေ့ခဲ့တယ်…
ကျွန်မမျှော်လင့်မထားခဲ့တာ အမှန်ပါ…
ကျွန်မတာဝန်ကျတဲ့ဌာနက တနေ့တနေ့အလုပ်တွေရှုပ်ပြီး အမြဲ အချိန်ပိုဆင်းရတဲ့ဌာန…
သူကလည်းထူးမခြားနားပါပဲ…
ဘယ်အချိန်အားမယ်… ဘယ်နေ့အားမယ်ဆိုတာ ပြောလို့မရ…ခန့်မှန်းလို့မရ…
သူညနေအားလို့ဖုန်းဆက်ရင် ကျွန်မကအလုပ်တွေနဲ့ ပြန်မရ…
ကျွန်မအားလို့သူဆီ့ဖုန်းဆက်တော့ ဖုန်းပြောဖို့တောင်အချိန်မရ…
နေ့လည်ခင်းမှာဖုန်းဆက်ပြီး ညနေတွေ့ဖို့ချိန်းထားခဲ့ရင်တောင် ရုံးဆင်းခါနီးမှအလုပ်ပေါ်လာလို့ သူမပြန်နိုင်တာနဲ့… ကျွန်မကပြန်လို့မရတော့တာနဲ့… လွဲပြန်ရော…
အစကသူနေတဲ့နေရာနဲ့ ကျွန်မနေတဲ့နေရာက လမ်းလျှောက်သွားရင်(၅) မိနစ်တောင် မကြာဘူး…
ကျွန်မရောက်ပြီးတလလောက်အကြာမှာပဲသူက တခြားတနေရာကို အဆောင်ပြောင်းရတယ်…
စနေ၊တနင်္ဂနွေဆိုလည်း ကျွန်မက အချိန်ပိုဆင်းရတာများလို့… တလမှာရှားရှားပါးပါးအားတဲ့ရက်က (၁) ရက်တောင်မရှိချင်ဘူး…
တရက်တလေရုံးမှာ အချိန်ပိုမရှိလို့ရှားရှားပါးပါးအားတော့ သူက ခရီးထွက်နေတာနဲ့… သူနဲ့ကျွန်မ မဆုံဖြစ်ကြတာများပါတယ်….
ကျွန်မလည်း အချိန်ပိုမရှိလို့ ရှားရှားပါးပါးအားတယ်…. သူကလည်းခရီးကပြန်လာပြီဆိုပြီး ဖုန်းဆက်ထားရင်တောင် ကျွန်မမှာမျှော်ရတာပဲမောတယ်…
သူကပြန်ရောက်တာနဲ့အလုပ်တွေရှုပ်ပြီး … ကျွန်မဆီကိုရောက်မလာနိုင်တာပဲများပါတယ်…
ကျွန်မတို့ကြားမှာအလွဲတွေဘယ်လောက်တောင်များခဲ့လည်းဆိုရင်… စနေ၊တနင်္ဂနွေနေ့မျိုးမှာ ကျွန်မက ညနေပိုင်းမှာ အချိန်ပိုဆင်းရလို့ တမနက်ခင်းလုံးအဆောင်မှာရှိနေပြီး နေ့လည်မှာအဆောင်ကထွက်ခဲ့ရင် ကျွန်မအဆောင်ကထွက်တာနဲ့ သူကအဆောင်ရောက်နေပြီ…
ကဲ….လွဲပုံများ….
ကျွန်မတို့လွဲခဲ့တာက ကျွန်မတို့သူငယ်ချင်းတွေကြားမှာ ပြောစမှတ်ကိုဖြစ်နေခဲ့တယ်… ခုထိလဲလွဲနေတုံးပါပဲ… ကျွန်မက လုပ်ငန်းလိုအပ်ချက်အရ ကျွန်မတာဝန်ထမ်းဆောင်နေရတဲ့မြို့နဲ့ တခြားတမြို့မှာ တလှည့်စီနေရမယ်ဆိုတော့ ခါတိုင်းက ကျွန်မတာဝန်ထမ်းဆောင်ရမဲ့မြို့ကို ခဏခဏသွားနေရတဲ့သူက ခရီးထွက်ဖို့နေနေသာသာ လက်ရှိတာဝန်ကျနေတဲ့မြို့မှာတောင် အပြင်ထွက်ရဖို့မပြောနဲ့ ဖုန်းခေါ်လို့တောင်မလွယ်တဲ့အခြေအနေတဲ့…
ကဲ… တမြို့ထဲနေတဲ့ (၅) လတာအချိန်လေးမှာ (၅)ကြိမ်တောင်ဆုံဖို့မလွယ်ခဲ့တဲ့ သူနဲ့ကျွန်မ ရှေ့ဆက်လို့ဆုံနိုင်ပါ့မလား….
တကယ်တန်းကျတော့ သူလည်းကျွန်မလိုပဲ အလွဲတွေကိုသတိထားမိနေပါပြီ…
အလွဲတွေထဲက တကြိမ်လောက်သာဆုံခွင့်ရခဲ့မယ်ဆိုရင်…

ခရေ (11.2.09/7:40am)

ဆက်ဖတ်မယ်ဆိုရင် ...

Friday, February 13, 2009

ဖေဖော်ဝါရီ ၁၄


(ဒီနေ့ရက်မှာ…)
မေတ္တာသီဖွဲ့
ရွှန်းလဲ့မျက်ဝန်း
ချစ်ခွန်းတုန့်ဆို
လှိုက်ဖိုရင်ထိတ်
ပျော်စိတ်ပွတ်ဆူ
သူ…..
.
သူ ချစ်တတ်ပြီ။……….။







ဆက်ဖတ်မယ်ဆိုရင် ...

Thursday, February 12, 2009

30'th year Diary


ကျွန်တော် လွန်ခဲ့တဲ့ (၅)ရက်လောက်က အသက်(၃၀)ပြည့်ပါတယ်။ အသက်(၃၀) မပြည့်ခင်ကတည်းက ကဗျာလေးတစ်ပုဒ် ရေးအုံးမယ် စဉ်းစားတယ်။ သိတဲ့အတိုင်းပဲ ရေးလည်းမရေးတတ်၊ စိတ်ခံစားမှုကလည်း ဟိုရောက်လိုက် ဒီရောက်လိုက် ကိုယ်တိုင်မဖမ်းနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်လိုက်တာပါပဲ။ သုံးဆယ်ပြည့်အမှတ်တရပါ။ အမှတ်တမဲ့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါမှမဟုတ် သုံးဆယ်ပြည့် မှတ်တိုင်လေးတစ်ခုပဲပေါ့။



“အနှစ်သုံးဆယ်ပြည့် မှတ်တမ်း”


သူငယ်ချင်း
၃၀ တဲ့၊ မပြုံးမရယ်
၃၀ ကိုငါကျော်ဖြတ်ပြီ။

မင်းသိလား -
အဲဒီလူပေါ့ ၃၀ မှာ အင်ပါယာထူထောင်တယ်။
အဲဒီလူပေါ့ ၃၀ မှာ ကြွယ်ဝမှုထိပ်ဆုံးရောက်သတဲ့။
အဲဒီလူပေါ့ ၃၀ မှာ ကမ္ဘာ့စာပေကို ကိုင်လှုပ်ခဲ့တယ်။
အဲဒီလူပေါ့ ၃၀ မှာ ဂီတကို ဘာလို့ရှာတွေ့တာ။
အဲဒီလူပေါ့ ၃၀ မှာ ငြိမ်းချမ်းရာလမ်းကိုရှာသွားတာ။

သူငယ်ချင်း ခဏတော့နားကွာ
ဒီတစ်ခါ ငါ့အကြောင်းပြောမယ် --
၃၀ မှာ ငါထမင်းနပ်မှန်ပါတယ်။
၃၀ မှာ မိဘကို ပြုံးပြတတ်လာတယ်။
၃၀ မှာ ငါမပျော်တဲ့ အလုပ်ကိုလုပ်တယ်။
၃၀ မှာ နှလုံးသားက ပိုင်ရှင်မဲ့ဆဲ။
၃၀ မှာ ငါ့အနာဂတ်ဟာ မနက်ဖြန်ဖြစ်လာတယ်။
၃၀ မှာ ချစ်ရသူအားလုံးရဲ့ အဝေးမှာ။
၃၀ မှာ ငါ ရေငုပ်လို့ ဗူးခြောက်ကိုရှာချင်လာတယ်။
၃၀ မှာ ကြွတက်ငယ်လူကိုချစ်တတ်ပြီ။
၃၀ မှာ ငါ ရွာရိုးကိုးပေါက် လျှောက်ချင်လာတယ်။
၃၀ မှာ မိတ်ဆွေတစ်ယောက် နိုင်ငံခြားရောက်တယ်။
၃၀ မှာ ငါ မေးခွန်းတွေကို မုန်းလာတယ်။
၃၀ မှာ အကြွေးဆိုတဲ့ မိတ်ဆွေတစ်ယောက်တိုးတယ်။
၃၀ မှာ ငါ့နောင်တတွေ တောင်ပုံရာပုံ။
၃၀ မှာ ကာရံကို ငါနားမလည်ဘူး။
၃၀ မှာ ငါ့စိတ်ပုတီးလည်း အလုပ်ရှုပ်တယ်။
၃၀ မှာ ညီနောင်တို့ ဒုက္ခကို စာနာတတ်လာတယ်။
၃၀ မှာ ငါ့ဘဝပွဲစဉ်ကို ကြေငြာချင်တယ်။
၃၀ မှာ မိန်းကလေးအရေအတွက် များမှန်းသိလာတယ်။
၃၀ မှာ ငါ စာဖတ်ချင်တယ်။
၃၀ မှာ ယဉ်ကျေးမှုတို့ ပေါင်းစပ်သံကြားတယ်။
၃၀ မှာ ငါ သူ့ကိုချစ်တာ ၅နှစ်ကြာသွားတယ်။
၃၀ မှာ ဇာတိမြို့က တိုးတက်နေတယ်။
၃၀ မှာ ငါသိပြီးသားတွေကို ပိုသိချင်လာတယ်။
၃၀ မှာ ရုပ်ရှင်ရုံမရောက်တာကြာပြီ။
၃၀ မှာ ငါ အအေးပိုတဲ့ဆောင်းနဲ့ တွေ့တယ်။
၃၀ မှာ မီဒီယာနဲ့ ဆုံဖက်ချင်တယ်။
၃၀ မှာ ငါ အဆိပ်မျိုးစုံကို ရှောင်နေရတယ်။
၃၀ မှာ အသိဉာဏ်တိုးတဲ့ မိတ်ဆွေကိုလိုချင်လာတယ်။
၃၀ မှာ ငါတို့ရဲ့ကမ္ဘာကြီးက ဖန်လုံအိမ်ထဲရောက်နေသတဲ့။
၃၀ မှာ ငါက ကိုယ့်ကိုကိုယ် အပြစ်တင်တတ်သူ ဖြစ်နေပါပေါ့။

ကဲ - သူငယ်ချင်း
ငါကိုယ်တိုင်ခန့်မှန်းခက်တဲ့
ခပ်ရိတ်ရိတ်ပြေးသွားတဲ့စိတ်
အတိတ် အနာဂတ်
ဘယ်ကမ်းမှာကပ်ကပ်
ဒါ သက်တမ်းတစ်ဝက်ဆိုကျေနပ်ပါတယ်။ ။

သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, February 11, 2009

Globalization


“ဂလိုဘယ်လိုက်ဇေးရှင်း”

မြန်မာပြည်ဖွား မြန်ပြည်သားများ
တောစကားတောရောက်
မလွဲလောက်တဲ့ ဗေဒင်ဟောမယ်
မြေပုံကိုဖြန့် မျက်လုံးကိုမှိတ်
တိတ်
စိတ်ကြိုက်သာထောက်လိုက်စမ်း
ဒို့ - ကြီးပြင်းရာကမ်းတွေရှိတယ်။ ။
သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...