Friday, November 23, 2007

ဘလွတ်ရွှတ်တမေးခွန်းများ

အချိန် . . .
အချိန်ဆိုတာ ဘာလဲ ?
အိုင်းစတိုင်းရဲ့ သဘောတရားအရ နှိုင်းရနှိုင်းမဲ့သဘောလား ? သူ့ကိုဘာနဲ့နှိုင်းရမလဲ ။ လူ့ဘ၀ရဲ့သက်တမ်းတစ်ခုလား ? အဆောက်အအုံတစ်ခုရဲ့ သက်တမ်းလား ? သမိုင်းဖြစ်စဉ်တစ်ခုရဲ့ သက်တမ်းလား ? ကမ္ဘာကြီးရဲ့ သက်တမ်းလား ? . . . . . . လား ? ဘာလဲ ?


အလင်းထက်မြန်တာ သီအိုရီအရမှာ မရှိတဲ့ -
ဒါပေမယ့် စိတ်ကကော . . . ? သူက အလင်းထက်ပိုမြန်သလား ? အလင်းနဲ့နှိုင်းလို့လား ?
စိတ်ကကော ဘယ်သူ့စိတ်ကပိုမြန်သလဲ ? သူ့စိတ်နဲ့သူ့ကိုယ်နဲ့ မခွဲမခွာအတူတူရှိနေရဲ့လား? ဒါကတော့သိပ်မထင်ဘူးနော်။ ဘာလို့လဲဆိုတော့ တစ်ချို့ကပြောတယ်လေ. . .
င်္ဟင်း . . . မင်းစိတ်ကဘယ်ရောက်နေလို့လဲ တဲ့ . . .

လူဟာ ရယ်စရာသတ္က၀ါလား ? သနားစရာသတ္က၀ါလား ? ကြောက်စရာသတ္က၀ါလား ? မသိကျိုးကျွန်ပြုထားရမယ့်အရာလား ? ဒါပေမယ့်တစ်ချို့က လူဟာလူပါပဲ တဲ့။

အဖြေရှိပြီးသားပုစ္ဆာမေးခွန်းနဲ့ အဖြေလုံးဝမရှိတဲ့မေးခွန်းပုစ္ဆာကို ဘယ်လိုသဘောရလဲ ? ပထမမေးခွန်းက အဓိပ္ပါယ်ရှိသလား? ဒုတိယမေးခွန်းက အဓိပ္ပါယ်ရှိသလား? မေးခွန်းတိုင်းဟာ အဖြေကိုလိုအပ်သလား? အဖြေမရှိတဲ့မေးခွန်းကကောမေးဖို့လိုအပ်သလား?

လုပ်ချင်တဲ့အရာကိစ္စနဲ့ လုပ်သင့်တဲ့ကိစ္စအလုပ်မှာ ဘယ်ဟာက ပိုအရေးကြီးသလဲ ? လုပ်ချင်တာလုပ်တာကောင်းသလား ? လုပ်သင့်တာလုပ်တာကောင်းသလား ?

ခံစားချက်မဲ့နေတဲ့အတိတ်နဲ့ ခံစားချက်ပြင်းထန်တဲ့အတိတ်တို့နှစ်ခုမှာ ဘယ်ဟာကို မှတ်ဥာဏ်ထဲမှာ သိမ်းထားသင့်ပြီး ဘယ်ဟာကို မေ့ပစ်လိုက်သင့်သလဲ ?
အတိတ်ဆိုတာ တကယ်ရှိသလား ? မနေ့က ရှိနေခဲ့သလား ? အခုကော ရှိနေတုန်းပဲလား ? မနေ့ကနဲ့ ဒီနေ့နဲ့ အတူတူပဲလား ?

မသိသေးတဲ့သူက မေးခွန်းတွေများတတ်ပြီး သိပြီးသားလူက နှုတ်ဆိတ်တယ်တဲ့။ ဒါဆို စကားများပြီး အမေးအမြန်းထူတဲ့ပညာရှင်တွေက သိပ်မသိသေးဘဲ နှုတ်ပိတ်တိတ်ဆိတ်နားထောင်နေတဲ့သူက ပညာရှိပေါ့နော်!

သူတပါးခံစားရတာကိုကြည့်ပြီး ကိုယ်တိုင်ခံစားရတာကို ကိုယ်ချင်းစာစိတ်ရှိတယ်တဲ့ . . . ဒါဆို ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေက သူတပါးခံစားရတာကို ကိုယ်တိုင်လိုက်မခံစားတာပေါ့နော် . . . အဲဒါဆို ကိုယ်ချင်းစာနာစိတ်ရှိတဲ့သူဖြစ်ချင်လား ? မရှိတဲ့သူဖြစ်ချင်လား ?

လူဆိုးလူမိုက်နဲ့ လူကောင်းလူတော်ဆိုတာ ဘယ်လိုခွဲရသလဲ ? လူတစ်ယောက်တည်းမှာကော တစ်မျိုးတည်းရှိနေတာလား ? ဒီလူဟာ လူဆိုးလူမိုက် ၊ ဒီလူဟာ လူတော်လူကောင်းဆိုတာရှိနိုင်ရဲ့လား ? အဲဒါကကော အချိန်အပိုင်းအခြားနဲ့ဆိုင်မလား . . . ?

ပျင်းတဲ့လူနဲ့ တက်ကြွတဲ့လူကိုကော ခွဲခြားလို့ရလား ? ရှင်သန်နေတုန်း (အားလုံးနဲ့ဆိုင်သော) အလုပ်တွေလုပ်နေပြီးမှ သေသွားတဲ့လူတွေလား ? ဒီလိုဒီလိုပဲ စားလိုက်အိပ်လိုက် ထိုင်ခုံတစ်လုံးမှာ စာအုပ်ပေါင်းစုံဖတ်ပြီး သေသွားတဲ့လူကိုလား ?
မရေရာမသေချာတဲ့ဘ၀ကို (သို့မဟုတ်) ဒီဟာတစ်ခုကို (ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ဗျာ) ဦးတည်စဉ်းစားပြီး ဆုံးဖြတ်လုပ်ကိုင်မှာလား ? ဒါမှမဟုတ် ဘာသာတရားကိုစွဲကိုင်ပြီး (စဉ်းစားတွေးခေါ်ပြီး) တန်ဖိုးရှိလှပါပြီဆိုတဲ့ အလုပ်တွေလုပ်ကိုင်ပြီး နာမည်မသေ - ဘ၀မသေတဲ့အရာတွေကို ဆုပ်ကိုင်ပြီး ဆက်သွားနေဦးမှာလား ?

ကျနော်ကတော့ သိပ်မထင်ပါဘူးဗျာ . . . ကဲ ! ခင်ဗျားကကော ဘယ်လိုအဖြေထုတ်ပြီး ဘယ်လိုစဉ်းစားရှင်သန်သွားမှာလဲ ? အခု ကျနော်ကကော (မေးခွန်းတွေထုတ်ပြီး) ယောင်တောင်တောင်နဲ့စာတွေရေးနေတဲ့လူလား ? ဒါမှမဟုတ် အလေးအနက်တွေးခေါ်ပြီး လူတွေသိအောင် သဘောတရားတစ်ခုကို အဖြေရှာနေတဲ့လူလား ?
မစဉ်းစားတဲ့လူနဲ့ စဉ်းစားတဲ့လူကော ဘာကွာလဲ ?
မသိဘူးဗျာ . . . မသိဘူးဗျာ . . . လို့တော့ မပြောလိုက်ပါနဲ့ ။

ကဲ - ရောက်တဲ့နေရာမှာ ခံစားပျော်ဝင်ကြည့်လိုက်ပါ။ အရာအားလုံးဟာ မရှိမဖြစ်တစ်ခုမှမရှိပါဘူး။ ပြီးတော့ အားလုံးဟာ ဘယ်ရောက်သွားမှာလဲ ? ရေရာသေချာရဲ့လား ? သိပ္ပံပညာရှင်တွေ ၊ သင်္ချာပညာရှင်တွေ ၊ တစ်ခြားပညာရှင်တွေကကော ဘာပြောလဲ ? သူတို့ကကော ယုံကြည်လောက်ရဲ့လား ? ဘာသာရေးခေါင်းဆောင်တွေကကော ဘယ်လိုတဲ့လဲ ? သူတို့ကိုယ်သူတို့ကော ဘယ်လိုထင်ပြီး ဘယ်လိုယုံကြည်ရှင်သန်နေကြလဲ ? အလေးအနက်လား ? အရူးအမူးလား ?
ဟုတ်ပါပြီ - ကဲ ! အရူးအမူး အလေးအနက်ပဲဆိုကြပါစို့။ ပြီးတော့ သူတို့ဘယ်ရောက်သွားလဲ ?
ဒီကမ္ဘာကြီးပျက်သုဉ်းသွားပြီး နောက်တစ်ခုရှိဦးမှာလား ? ရှိလာလို့ရှိရင် နောက်ကမ္ဘာက ပညာရှင်တွေက ဒီကမ္ဘာကြီးက လက်ကျန်လေ့လာစရာတွေကိုကော ဆက်ရှာဖွေလေ့လာနေဦးမှာလား ? သူတို့လေ့လာစရာမရှိတော့လောက်အောင် ပျက်သုဉ်းသွားခဲ့ရင်ကော သူတို့က ဘယ်အထိလိုက်လေ့လာမှာလဲ ?

အခုကျနော်က ဘာသာတရားအသစ်တစ်ခု တီထွင်နေတာလည်းမဟုတ်ဘူး။ အတွေးအခေါ်သစ်တစ်ရပ် တည်ဆောက်နေတာလည်းမဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျားတို့ကပြောဦးမယ်။ ငါဖတ်နေလို့ ငါစဉ်းစားနေတာ. . .၊ ဒါကြောင့် ငါရှိနေတာပဲရယ်လို့တော့ မပြောလိုက်ပါနဲ့ဗျာ . . .

ကဲ ! အခုခင်ဗျားဖတ်လိုက်ရတဲ့စာပိုဒ်အစကို ပြန်မှတ်မိရဲ့လား။ ကျနော်ကတော့ မှတ်မိမယ်မထင်ပါဘူး။ အဲဒါဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ မေးခွန်းတွေကို မနှစ်သက်တတ်ကြပါဘူးဗျ။ အဲဒါကြောင့် ခင်ဗျားမေ့ပစ်လိုက်တာ။
ကျနော်ကတော့ ဒီလိုဗျ ၊ ခင်ဗျားကိုယုံတယ်။ ရှင်သန်နေရတာကို ယုံတယ်။ ခင်ဗျားရှိနေတာကို ယုံတယ်။ ခင်ဗျားမရှိတော့ရင်လည်း အဲဒါကို ယုံတယ်။ လူဆိုးဆိုတာကိုလည်း ယုံတယ်။ လူကောင်းဆိုတာတွေကိုလည်း ယုံတယ်။ အလုပ်တွေရှုပ်နေတဲ့လူကိုလည်း ယုံတယ်။ ငပျင်းဆိုတဲ့လူတွေကိုလည်း ယုံပါတယ်ဗျာ။ မေးခွန်းတွေကို မေးသာမေးနေတာ မဖြေလည်းရပါတယ်။ အဖြေမရှိလို့ပဲဖြစ်ဖြစ် ၊ မဖြေချင်လို့ပဲဖြစ်ဖြစ် ယုံပါတယ်ဗျာ။ ခင်ဗျားစဉ်းစားနေတယ်ဆိုတာကိုလေ . . . . . .။

နယုန်မိုး

1 comment:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကို နယုန်မိုးကတော့ ဘလွတ်ရွှတ်တ အတွေးများတဲ့ ကျနော်ကတော့
ရောက်တတ်ရာရာ အတွေးများလို့ သဘောရပါတယ် ။
ခုမှစဉ်းစားကြည့်မိတာတွေရှိတယ်။ တွေးခဲ့ဘူးတာတွေလည်းရှိတယ် ။
ကဲ. . . . . ပြန်စဉ်းစားကြည့်ကြရအောင်လားဗျာ ။