တစ်နေ့တာကို ပြန်မှတ်မိခြင်း။
မနေ့က။
ရုတ်တရက် အိပ်ရာကနိုးတော့ နံရံကနာရီကိုလှမ်းကြည့်မိတယ်။ မမြင်ရဘူး။ ဒါဆို အလင်းနည်းသေးလို့နေမယ်။ ဆက်အိပ်လိုက်တယ်။ ဘယ်လောက်ကြာလည်းမသိဘူး။ ဟိုဘက်အခန်းက သူငယ်ချင်းထလာပြီး မျက်နှာသစ်တဲ့ကန်မှာ သလိပ်ဟပ်တော့ တစ်ခါနိုးပြန်တယ်။ မထချင်ပါဘူး။ ဒီနေ့က အလုပ်သွားစရာလည်းမလိုဘူး။ နောက်ပြီး ညတုန်းကအသူရာဒဏ်လေးကလည်း ကျန်တယ်ထင်ပါ့။ တစ်ခုသတိရသွားပြီ။ ရေဒီယို။ ဟုတ်တယ် ရေဒီယိုနားထောင်ရမယ်။ မနက်အစောတော့ မမှီတော့ဘူး။ (၈)နာရီစတဲ့အစီအစဉ်ကိုပဲ နားထောင်ရတော့မယ်။ ဘယ်လိုဖြစ်ဖြစ် စိတ်ဝင်စားစရာတွေပါမယ်။
မကောင်းဘူး။ ဗိုက်ကလည်းဆာလာတယ်။ ညကိုအသူရာသောက်ထားရင် မနက်ကို အစားများများစားပေးရမယ်တဲ့။ အစား စားပေးဖို့ကို ဘယ်သူကများပြောခဲ့လည်းတော့မသိဘူး၊ သောက်ထားမိတယ်ဆိုရင် မနက်ကိုဆာတာတော့ အမှန်ပဲ။ ဟိုကောင်ကလည်း မကောင်းဘူး။ အခန်းပြတင်းမှာတင်ဖွင့်တော့လည်း အသံမကောင်းဘူး။ ငါ့ကောင်ကိုက ညံ့တယ်ထင်ပါတယ်။ သူများတွေဒီဈေးနဲ့ဝယ်တာတွေကျလည်း ကောင်းနေပ။ မီးဖိုမှာ မနက်စာပြင်ရင်းနဲ့ နားထောင်တာ ပိုကောင်းမယ်။ မနက်စာအတွက် ချက်ပြုတ်နေတုန်းကို နားထောင်နေရတာ စိတ်ပါတိုလာတယ်။ ကိုယ်နားထောင်ချင်တာက ဘာပြောနေမှန်းမသိဘူး။ ဘယ်လိုဘာသာစကားမှန်းမသိတာတွေက ကြည်လင်ပြတ်သားလို့။ အဲဒါတွေညစ်တာ။
အညစ်ထဲမှာအကောင်းကတော့ ဒီနေ့အမှတ်တရ မိန့်ခွန်းလေးကြားလိုက်ရတယ်။ နောက်ပြီး ကိုယ်တွေသိပ်မသိတော့တဲ့ အရင်ကနားယဉ်ခဲ့ဖူးတဲ့ သီချင်းလေးတွေကိုလည်း တစ်ပိုင်းတစ်စကြားရတယ်။ ဒါပေမဲ့ နားထောင်ရတာ အဆင်မပြေဘူး။ အဝတ်လျှော်ဖို့ကရှိသေးတယ်။ ပိတ်ရက်မှ မလျှော်ထားရင် ဖြစ်မယ်မထင်ဘူး။ ညနေမှပဲ နားထောင်တာကောင်းမယ်။ ပိတ်လိုက်တယ်။ မီးဖိုကိုလည်း လက်စသတ်တယ်။
ထမင်းစားပြီး တစ်နေကုန် အဝတ်လျှော်လိုက်။ နားလိုက်နဲ့ပါပဲ။ နေ့လည်စာ စားချိန်လောက်က မိုးတစ်ချက်ကျသွားသေးတယ်။ ဒီနေ့လေးမှာ အဲဒီလိုပဲ မိုးလေးတွေကျတတ်တာကတော့ မပြောင်းသေးဘူးပေါ့။ အဝတ်အားလုံးလည်း လျှော်ပြီးရော အောက်ထပ် သူငယ်ချင်းဆီ စကားသွားပြောရင်း ထမင်းစားတယ်။ ထမင်းစားနေတုန်း မီးပျက်သွားတော့ အခန်းပြန်လည်း ပျင်းစရာဆိုပြီး စကားတွေပဲ ထိုင်ပြောနေတာ။ မီးပြန်လာတော့ အခန်းပြန်။ ကွန်ပျူတာနဲ့ ဟိုကစားဒီကစားလုပ်နေရင်း ညနေရောက်သွားတယ်။ မဖြစ်သေးပါဘူး။ နောက်ရက်ထမင်းချိုင့်အတွက် ဈေးဝယ်ထွက်ရမယ်ဆိုပြီး စဉ်းစားမိတော့မှ အမြန်သွားဖို့ဖြစ်လာတယ်။ ညနေသတင်းချိန်ကနီးပြီကိုး။
ဈေးပြေးပြီးပြန်လာတော့၊ ညနေစာရယ် နောက်နေ့စာရယ်ချက်ရင်း နားထောင်မိတယ်။ တစ်ခုပြီးတစ်ခု နားထောင်မယ် စိတ်ကူးထားတာ။ သတိရကြပါတယ်။ ဘာတွေညာတွေတော့ လုပ်ဖြစ်ကြပါတယ်။ နောက်ပိုင်းသူတွေ သိပ်မသိတော့ဘူး။ ဖျောက်ပစ်ဖို့ ကြိုးစားတယ်။ ဖန်တရာတေနေပါတယ်။ ဘာမှမထူးလာတော့၊ ကဲ-နေတော့ကွယ်ဆိုပြီး။ ရေမိုးချိုး။ ညစာစားပြီး အိပ်လိုက်တယ်။
မနေ့ကတစ်နေ့ကို ပြန်သတိရကြည့်တာ ဒါပဲရသလား။ စဉ်းစားကြည့်ရတာတောင် မပျော်ပါဘူး။ စိတ်မှာ ဖြစ်စေချင်တာလေးတွေတော့ ရှိသပေါ့လေ။ ကိုယ်တတ်နိုင်တဲ့ဘက်ကပဲ လုပ်ကြည့်တာပေါ့ဆိုပြီး၊ ကမ္ဘာအပြားနဲ့ဝေးတဲ့ ကလေးလူကြီးတွေကို အမှတ်တရ သတိတရတွေ ပြောဖြစ်တယ်။ တစ်ယောက်ကပြန်ပြောတယ်။ ဟိုနားက အလံဆို မနေ့ကတစ်ဝက်တောင် မချဘူးတဲ့။ ကဲ-ကောင်းရော။
သုခမိန်
KuchingTrip
1 week ago
5 comments:
း).. ဒါကြောင့်ပြောတယ်..မိန်းမယူဆို..ဟီး
ဟုတ်တယ် မိန်းမယူ ၊ ပြီးတော့ ကိုယ်လုပ်ရမဲ့အလုပ် တွေကို မိန်းမကိုခိုင်း ဟား ဟား ။ ဇိမ်ကျတယ်နော် ။
“ကိုယ်တတ်နိုင်တဲ့ဘက်ကပဲ လုပ်ကြည့်တာပေါ့ဆိုပြီး၊ ကမ္ဘာအပြားနဲ့ဝေးတဲ့ ကလေးလူကြီးတွေကို အမှတ်တရ သတိတရတွေ ပြောဖြစ်တယ်။“
ဆရာသု
သာဓု သာဓု သာဓု
ဟုတ်ပါတယ် ဒီလိုပဲ လုပ်ရမှာပါပဲ။
လက်တို့ပြီးတော့ ပြောရမှာပါပဲ။
အဟောင်းတွေကို ပြန်ပြောင်းသတိရစွာ
အလောင်းအလျာတွေကို ရေလောင်းပေါင်းသင်တာပေါ့ခင်မျာ။
အဲလိုနေ့မျိုးမှာ သတိလက်လွှတ် ကျော်ဖြတ်သွားကြတဲ့လူတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူးဗျာ။း(
ကျွန်တော်တို့လည်း ဖြစ်စေချင်တာလေးတွေ ရှိသပေါ့။
TGRmg
ဆရာသုရေ
အသူရာလည်းလျှော့သောက်ပေါ့
ခင်မင်သတိရလျက်
Post a Comment