Saturday, July 11, 2009

A bullet from new WAR !


စစ်ပွဲသစ်မှ ကျည်တစ်တောင့်

ခင်များက ရည်းစားမရှိ လူပျိုလူလွတ်လား။ ခေတ်ရဲ့သမီးငယ်တစ်ယောက်လောက်ကို ချစ်သူ၊ရည်းစား (တစ်နည်းအားဖြင့်) အိမ်ထောင်ဖက်အနေနဲ့ရွေးမယ်ဆိုရင် စိတ်မရှိနဲ့။ ခင်များအတွက် ချစ်စနိုးစကားလုံးလေးဟာ “အိုပါး”ဖြစ်လာနိုင်တယ်။



…………………………………………….x-x-x………………………………………….
စစ်ပွဲတွေအကြောင်းပြောကြမယ်ဆိုရင် လူတွေရဲ့စိတ်မှာ အလွယ်တစ်ကူမဟုတ်တောင် ရုတ်တရက်ဖြတ်သန်းသွားစေနိုင်တာ ကြောက်စိတ်ပါပဲ။ စစ်ပွဲတိုင်းရဲ့ရလာဒ်ဟာ အနိဋ္ဌာရုံတွေပဲရတတ်လေ့ရှိတာကိုး။ လူတွေရဲ့သမိုင်းမှာလည်း ပိုင်နက်နယ်မြေချဲ့ထွင်ဖို့၊ မိမိစွမ်းအားကို တပါးသူသိစေဖို့၊ အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့၊ အယူဝါဒတွေကွဲပြားလို့၊ ဘာလို့-ညာလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်ဦးချင်းကစလို့ နိုင်ငံပေါင်းစုံပါဝင်တဲ့အထိ စစ်ပွဲတွေ ရှိနေခဲ့တာပါပဲ။ ဖြစ်ခဲ့သမျှတိုင်းမှာလည်း နောက်ဆုံးရလာဒ်တွေဟာ လူအများအတွက်တော့ ကြေကွဲစရာအဖြစ်ပဲ ကျန်ခဲ့တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ စစ်ပွဲရဲ့အကျိုးရလာဒ်ကို ကြောက်စိတ်ဝင်လာတော့ လူသားအချင်းချင်း ရင်းနှီးချစ်ခင်စွာနေဖို့ ကြိုးစားလာကြတော့တာပါပဲ။

ကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုရင်လည်း ပဒေသရာဇ်ခေတ်ကတည်းက မှတ်တမ်းတွေအပြင် ဗြိတိသျှအင်ပါယာလက်အောက် ရောက်တာကနေ လွတ်လပ်ရေးရပြီး နိုင်ငံတည်ထောင်ဆဲခေတ်တွေအထိ စစ်ပွဲတွေရဲ့ ဒဏ်ကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ယဉ်ကျေးလာတဲ့ လူသားတိုးတက်မှုနဲ့အတူ ငြိမ်းချမ်းရေးအသွင်ကိုလည်း ဆောင်နေခဲ့ပါပြီ။

စစ်ပွဲဆိုတာကလည်း လူသားနဲ့ခွဲခြားလို့ မရနိုင်ကောင်းတဲ့ ကိစ္စတစ်ရပ်ပါ။ လူ့သမိုင်းကြောင်းတစ်လျှောက် ဒီနေ့ဒီအချိန်ထိ ရပ်တန့်လို့မရခဲ့သေးပါဘူး။ ဖြစ်ဆဲ၊ ဖြစ်လတ္တံတွေ ရှိနေတာပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ စစ်ပွဲတစ်ပွဲရဲ့ရုပ်သွင်ဟာ ပြောင်းလဲခဲ့ပါတယ်။ ဟိုးတုန်းကလို စစ်ပွဲတွေဆင်နွှဲမယ်ဆိုရင်လည်း စစ်သည်တစ်ဦးခြင်းရဲ့ စွမ်းဆောင်ရည်ဟာ အလွန်တိုးတက်လာပါတယ်။ ဒါပေမဲ့ အနိဋ္ဌာရုံကို မမြင်လိုတဲ့ (ယဉ်ကျေးတယ်လို့ သတ်မှတ်ခံလိုလာတဲ့) လူသားတွေဟာ ခေတ်မှီလက်နက်တစ်ခုကနေ တစ်ချက်လောက်ပစ်လွှတ်ဖို့ကို အတော်စဉ်းစားလာခဲ့ပါပြီ။

နည်းပညာတိုးတက်မှုရဲ့ အကူအညီနဲ့ လက်နက်တွေကို ပြောင်းလဲအသုံးပြုလာသလို ယဉ်ကျေးတဲ့လူ့ပတ်ဝန်းကျင်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ စစ်ပွဲတွေ ဆင်နွဲလာတာပါပဲ။ တစ်ချိန်က စစ်အေးကာလဆိုတာကြီး ရပ်တန့်သွားချိန်မှာပဲ ကမ္ဘာ့နိုင်ငံအများစုဟာ ယဉ်ကျေးမှုစစ်မျက်နှာကို ဖွင့်လှစ်ခံလိုက်ရတော့တာပါ။ ကိုကာကိုလာနဲ့ မက်ဒေါ်နယ်တို့ဟာ အလွယ်ဆုံးဥပမာပါပဲ။ မီးခိုးတစ်ချက်မအူ၊ ဆူညံသံတစ်ချက်မကြားလိုက်ရသလို အနိဋ္ဌာရုံကိုလည်းမတွေ့နိုင်တဲ့ ဒီစစ်မျက်နှာဟာ ခေတ်စားလို့လာခဲ့ပါတယ်။ နိုင်ငံအတော်များများဟာ တတ်အားသမျှ စစ်မျက်နှာတွေဖွင့်၊ ကြိုးကြိုးစားစား စစ်ဆင်ရေးတွေလုပ်တော့တာပါပဲ။ အကျိုးရလာဒ်အနေနဲ့ များများရနိုင်ပေမဲ့ တစ်ဖက်စစ်ရှုံးနိုင်ငံကို ခံရသက်သာစေသလိုဖြစ်နေတာဟာ ဒီစစ်မျက်နှာရဲ့ အားသာချက်ပါ။ နယ်ပယ်ပေါင်းစုံအတွက်လည်း အကျိုးရှိစေပါတယ်။ ဒီစစ်မျက်နှာမှာတော့ အထိရောက်ဆုံး လက်နက်ဟာ မီဒီယာပါပဲ။

မီဒီယာဆိုတာကလည်း အပြောလွယ်သလောက် လေ့လာမယ်ဆိုရင် ကျယ်ပြန့်လွန်းလှပါတယ်။ ဒီနေ့ခေတ် မီဒီယာစစ်ဆင်ရေးမှာလည်း ကျွန်တော်တို့နိုင်ငံဟာ ပါဝင်လာရပြန်တာပါပဲ။ တစ်ကမ္ဘာလုံးအတိုင်းအတာအဖြစ် ဆင်နွှဲလာတော့လည်း ကိုယ်မပါချင်တောင် ရှောင်လွှဲလို့မရတော့ပါဘူး။

ဒီနေ့ခေတ်လူငယ်တွေဟာ ခေတ်သစ်စစ်ပွဲရဲ့ ကျည်သင့်ခံရတာ အများဆုံးပါ။ ကံကောင်းတာက ဒီစစ်ပွဲဟာ ရှုံးနိမ့်သူဘက်က ခံသာသလိုဖြစ်စေတာပါလို့ ပြောခဲ့သလိုပဲ သူတို့သိပ်ပြီးတော့ နာကျင်ခံခက်တော့ မဟုတ်ပါဘူး။ ဒီစစ်ပွဲမှာ အောင်နိုင်သူဆိုတာကလည်း ထိုးစစ်ကိုပြုမှမဟုတ်ဘဲ ခံစစ်ကနေပြီးတော့ ဝင်ရောက်လာတဲ့ ထိုးနှက်ချက်တွေကို ဉာဏ်သုံးပြီးတော့ ပြန်လည်အသုံးချနိုင်တာပါပဲ။ ဉာဏ်နည်းခဲ့မယ်ဆိုရင်လည်း ထိုးစစ်နဲ့ဖြစ်စေ၊ ခံစစ်နဲ့ဖြစ်စေ ရှုံးနိမ့်ဖို့ပါပဲ။ သဘောအားဖြင့်တော့ မီဒီယာဆိုတာကိုက ဉာဏ်ကစားခြင်းတွေကိုး။

ဒီနေ့ ကလေးတွေ (ဆယ်ကျော်သက်တွေ)နဲ့ ခင်များဆုံကြည့် သူတို့နှုတ်ဆက်တာကိုက ထူးဆန်းတယ်။ သူတို့စကားပြောရင် ထူးဆန်းတဲ့စကားသံတွေကြားရမယ်။ တစ်ချို့များ ဘာသင်တန်းမှမတက်ဘူးရယ် ဒါပေမဲ့ ပြောတတ်နေလိုက်တာများ အတော်ကိုဟုတ်လို့။ သက်လတ်ပိုင်းတွေကကျတော့ စကားတော့လိုက်မပြောဘူး။ ဒါပေမဲ့ သူတို့ရဲ့လူနေမှုပုံစံဟာ အနည်းအကျဉ်းတော့ ထူးခြားနေမှာအမှန်ပဲ။ မယုံမရှိလေနဲ့။

ခင်များက ရည်းစားမရှိ လူပျိုလူလွတ်လား။ ခေတ်ရဲ့သမီးငယ်တစ်ယောက်လောက်ကို ချစ်သူ၊ရည်းစား (တစ်နည်းအားဖြင့်) အိမ်ထောင်ဖက်အနေနဲ့ရွေးမယ်ဆိုရင် စိတ်မရှိနဲ့။ ခင်များအတွက် ချစ်စနိုးစကားလုံးလေးဟာ “အိုပါး”ဖြစ်လာနိုင်တယ်။

သုခမိန်

4 comments:

Anonymous said...

”မိန်းကလေးကစရမှာလား“
ပြတိုက်ထဲမှာထားခဲ့ …. တဲ့ ….
”အိုပါး“ ဆိုတဲ့စကားလုံးနဲ့
ငါ့ကျောကုန်းပေါ်ခုန်ခွ
စကတ်တိုတိုကောင်မလေးက ဆိုတယ်။
………………………………………….

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်ပါတယ် ကိုသုခမိန်ရေ။ ရန်ကုန် ခဏပြန်ရောက်တဲ့အချိန်မှာ အဲဒါကို သတိအထားမိဆုံးပဲ။ ကိုသုခမိန်ပြောသွားသလို မီးခိုးတချက်မအူပဲနဲ့ စိမ့်ဝင်ပျံ့နှံ့နေလိုက်တာ။ စိတ်ထဲမှာ ပြောမပြတတ်တဲ့ တခုခုကြီး ကျန်နေခဲ့တယ်။ ဒီပို့စ်ကို ဖတ်လိုက်ရတာ ကိုယ့်ရင်ထဲက ခံစားချက် တစိတ်တပိုင်းကို မြင်လိုက်ရသလိုပါပဲ။ ကျေးဇူးတင်ပါတယ် ကိုသုခမိန်...

little brook said...

အင်း မီဒီယာရဲ့လွမ်းမိုးမှုကို ဘယ်လိုပြန်ကာကွယ်မလဲနော်

မသက်ဇင် said...

ဆရာသု
အိုပါး
ဖတ်သွားတယ်
ခင်မင်စွာဖြင့်