Monday, July 6, 2009

Why we learn HISTORY !


ဘာ့ကြောင့် သမိုင်းသင်ကြတာ

သမိုင်းလို့ပြောလိုက်ရင် လွန်ခဲ့သောအချိန်က အဖြစ်အပျက်လေးတွေကို ညွှန်းနေတာလို့ သဘောပေါက်မိပါတယ်။ ကျွန်တော်က သမိုင်းဆိုတဲ့ ဘာသာရပ်ကို အသေအချာလေ့လာဖူးသူ (လေ့လာနေသူ) မဟုတ်သလို၊ ဖွေဖွေရှာရှာ သမိုင်းအချက်အလက်တွေကို သိတဲ့သူတစ်ယောက်လည်း မဟုတ်ပါဘူး။ အများသူငါသိနေသလောက်တောင် သိရဲ့လားလို့ ကိုယ့်ကိုယ် သံသယရှိတတ်ပါတယ်။ ခပ်ငယ်ငယ်ကဆိုရင် သမိုင်းဆိုတာ ရှေးမြန်မာသူရဲကောင်းတွေရဲ့ အကြောင်းပေါ့။ နောက်အသက်လေး နည်းနည်းကြီးလာတော့ မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်း ဆိုတာလေးကို ခွဲခြားသိလာသလိုပါပဲ။ သူ့ကျွန်ဘဝလွတ်အောင်လုပ်တာ၊ ပထမကမ္ဘာစစ် - ဒုတိယကမ္ဘာစစ် စတဲ့ စစ်ဖြစ်ရခြင်းအကြောင်းတွေ၊ အဲ… အဲဒါမျိုးတွေပေါ့။ အဲဒီထက်ပိုလို့ သိသူတော့မဟုတ်ပါဘူး။ ထားတော့ ပြောချင်တာက ဒီလို။



သမိုင်းအကျော်အမော်တစ်ယောက်ဖြစ်တဲ့ ဆရာ ဒေါက်တာသန်းထွန်းက ပြောဖူးသတဲ့။ “သမိုင်းသင်တာ မ'အ'အောင်လို့”တဲ့။ ပြဿနာရဲ့အစက အဲဒီမှာပါ။ ကျွန်တော်ကြားဖူးတာတော့ အဲဒီ့စကားကို ဆရာကြီးက ပွဲတစ်ပွဲမှာ ပြောလိုက်တာတဲ့။ ဆရာကြီးကလည်း စကားကို ဒုတ်ထိုးအိုးပေါက် ပြောတတ်ပုံရပါတယ်။ (ဆရာ့စာတွေဖတ်ဖူးသလောက်နဲ့ ပြောလိုက်တာပါပဲ။) နောက်ပြီး အဲဒီ့တစ်ချိန်က သမိုင်းဘာသာရပ်ကို လူတွေကမလေးစားသလို လုပ်နေလို့ ပြောလိုက်တာလို့လည်း မှတ်သားဖူးသလိုပါ။ (ဟုတ်ချင်မှလည်း ဟုတ်မယ်။ မသေချာတာတွေပြောနေရတာကိုး။)

ထူးတဲ့သူပြောတဲ့စကားဆိုတော့ ကြာရှည်တည်တတ်ပါတယ်။ ဒီစကားလေးကို နှစ်သက်သူတွေလည်း မနည်းပါဘူး။ ကျွန်တော်လည်း စဉ်းစားမိတယ် ဆရာကြီးက စကားလုံးနည်းနည်းနဲ့ လူပြီန်းနားလည်လွယ်အောင် ပြောလိုက်တာဖြစ်မှာလို့လည်း တွေးနေမိပါတယ်။ ဒီစကားစုလေးကနေ သမိုင်းဆိုတာ ဘာလို့ နည်းနည်းတွေ့မိလိုက်လို့ပါ။ ဒီအကြောင်းတွေပြောနေရတာက တစ်နေ့မှာ ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်း ဒီစကားလေးပါလာလို့ပါ။ ဒီနေရာမှာ ဘယ်လိုတွေဖြစ်ကုန်လည်းဆိုတော့ သူပြောတာက သမိုင်းသင်ရခြင်း (လေ့လာရခြင်း)ကိုက “မအ”ဖို့အတွက်ဖြစ်ပြီး ကျန်တဲ့ဘာသာရပ်တွေကတော့ “မအ”ခြင်း “အ”ခြင်းဘောင်ထဲက လွတ်သွားသလိုဖြစ်နေပါတယ်။

တစ်ကယ်တော့ သမိုင်းသာသိပြီး ကျန်တဲ့အပိုင်းတွေမှာ မတိုးတက် (အသိနည်းခြင်း)ကလည်း “အ”သွားစေနိုင်ပါတယ်။ သူကတော့ သိပ်လက်မခံသလိုပြောပါတယ်။ ကျွန်တော်ကလည်း နိုင်သလောက်ရှင်းကြည့်ပါတယ်။ ဒီနေရာမှာ “မအ”ခြင်း “အ”ခြင်းဆိုတဲ့အကြောင်းကို သီးသန့်ပြောမှာလား၊ သမိုင်းသင်ခြင်း အမြင်နှင့်အတူ ယှဉ်တွဲပြောမှာလားလို့ ခွဲထုတ်မှဖြစ်မယ်။

“အ”ခြင်း “မအ”ခြင်းကို သီးသန့်ပြောမယ်ဆိုရင် သမိုင်းသာလျှင်အဓိကလို့ ပြောတာဟာ ကောင်းသောအမြင်မဟုတ်တော့ပါဘူး။ တစ်ကယ်တော့ သမိုင်းဆိုတာကလည်း ကျယ်ပြန့်မှာပါ။ လူတွေအကြောင်း၊ အဆောက်အဦးတွေအကြောင်း၊ လက်နက်ကရိယာတွေအကြောင်း၊ ဘာသာရေးတွေအကြောင်း၊ နည်းပညာတွေအကြောင်း၊ သဘာဝကြီးအကြောင်း စသဖြင့်ရဲ့ လွန်ခဲ့သောမှတ်တမ်းများ အားလုံးဟာ သမိုင်းဆိုခဲ့ရင်ရော။ သမိုင်းဆိုတာဟာ ပြီးခဲ့ပြီးသားတွေဖြစ်သွားတယ်။ ရှေ့ဆက်ဖို့အတွက်ကတော့ ရှာဖွေနေရမှာပါပဲ။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ကိုယ်တိုင်ဟာ သမိုင်းကိုသမိုင်းထဲပြန်ထည့်နေရုံပဲ ဖြစ်နေမှာပါ။ သမိုင်းဟာ အဖြစ်အပျက်တစ်ခုပါ။ ခေတ်တစ်ခေတ်ပါ။ ပြဿနာတစ်ရပ်ပါ။ အဖန်တစ်ရာတေနေတဲ့သမိုင်းတွေပဲ ဖြစ်မနေအောင်တော့ ကျွန်တော်တို့ဟာ သမိုင်းကို သိထားသင့်ပါတယ်။ ဒီနေ့ကျွန်တော်တို့ဟာ မနေ့က ကျွန်တော်တို့ဆိုတာရဲ့ အမှားတွေထပ်မဖြစ်အောင်၊ မနေ့က ကျွန်တော်တို့ဆိုတာရဲ့ အောင်မြင်မှုထပ် ပိုအောင်မြင်အောင် စသည်ဖြင့်ပေါ့လေ။ သမိုင်းမှာ သင်ခန်းစာတွေရှိနေပါတယ်။ ကျွန်တော်တို့အတွက် အခြေခံရေသောက်မြစ်လိုပါပဲ။ လိုသလိုပြုပြင်ပြီး ရှေ့ဆက်ရမှာပါ။ အဲဒီ့အတွက် အသစ်အသစ်တွေလိုအပ်တာတော့ အမှန်ပါပဲ။ သဘောကတော့ ဘက်ပေါင်းစုံကို လေ့လာနေရမှာပါ။ သမိုင်းသာလျှင်အဓိက မဟုတ်ပါ။

“အ”ခြင်း “မအ”ခြင်းကို သမိုင်းနဲ့ယှဉ်တွဲပြောမယ်ဆိုရင်တော့ လွယ်လွယ်လေးနဲ့ အရှင်းလင်းဆုံးစကားစုဟာ - “သမိုင်းသင်တာ မ'အ'ဖို့ပါပဲ။”

တစ်ခါတရံမှာ ကျွန်တော်တို့တွေကပဲ မျက်စိလည်ကြတာလား စကားလုံးတွေကိုက မျက်စိလည်စရာလား တွေးမိပါတယ်။ တွေးမိရင်းလည်း မျက်စိလည်နေတာပါပဲ။ ဘဝဆိုတာကိုက မျက်စိလည်စရာတွေကြားမှာ ဖြစ်တည်နေလေရော့သလား။


သုခမိန်
“စာကြွင်း”- ဟုတ်ကဲ့။ ဒီစကားတွေကို အဲဒီ့ညကတော့ ကျွန်တော်လည်း ကောင်းကောင်းမပြောနိုင်ခဲ့ပါဘူး။ အခြေအနေ အကြောင်းကြောင်းတွေကြောင့်ပဲပြောပါတော့။ ကျွန်တော်ထင်တယ် အဓိကအားနည်းချက်ကတော့ ကျွန်တော်တို့နှစ်ဦးသား အသူရာများနေကြတာပါပဲ။ ဒါနဲ့ ဒီမှာပဲဖောက်သည်ချလိုက်ပါတယ်။

3 comments:

Anonymous said...

“မိမိနိုင်ငံသမိုင်းကိုလေ့လာရကောင်းမှန်းမသိသောလူမျိုးသည်ကျူးလွန်ပြီးသားအမှားများကိုထပ်မံကျူးလွန်ရန် ကြမ္မာငင်နေမည်”-ဆိုတဲ့ ဆရာကြီးဂျော့စန္တာယနာ-ရဲ့နာမည်ကျော် အဆိုအမိန့်တစ်ခုကို ကြိုက်လွန်းလို့ အစ်မသက်ဇင်ပို့စ်ကနေ ယူလာပြီး ကျနော်တို့ သတင်းနဲ့ အတွေးအမြင်ကဏ္ဍမှာတင်ထားဖူးတာလေး အမှတ်ရမိသဗျာ။
တိုက်တိုက်ဆိုင်ဆိုင် အောက်မှာ သတင်းနှင့် အတွေးအမြင်ဆိုပြီး ကျနော်မျှဝေထားတာလေးနဲ့လည်း ကိုက်ပါ့ဗျာ။
ဆရာသုရေ ပညာရှင်ဆန်တဲ့ ဆန်းစစ်မှုပါပဲ။ “ဒီထက်ပိုပြီး အားစိုက်နိုင်ရင် ကောင်းမယ်ဗျ” - လို့ ယားသာယားပြီး မအားဟု သိသော်ငြား တိုက်တွန်းစကားဆိုပါရစေ။(ဘာပဲဖြစ်ဖြစ် ဒါ ကျနော်တို့ မြေပြင်နေခြင်းမျှသာပါ။)
ကျနော်အနေနဲ့ကတော့ အတိတ်သမိုင်းထက် ခေတ်ပြိုင်သမိုင်းကို အလေးထားကာ အနာဂတ်သမိုင်းကို ပိုမိုစိတ်ဝင်စားပါကြောင်း ….

မသက်ဇင် said...

ဆရာသုရေ
မအားသော်လည်းစာလာဖတ်ပါတယ်
မြန်မာ့သမိုင်းကိုပဲအရင်ဆုံးဆွေးနွေးရရင်
( က ) နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတစုတည်းရဲ့ အမြင်နဲ့ ရှုထောင့်က
ရေးသားပြုစုခဲ့ကြတဲ့ မော်ကွန်။မှတ်တမ်း။
အရေးတော်ပုံတွေရယ်။
( ခ ) လက်တဆုပ်စာ လူတန်းစား ရှုထောင့် အမြင်နဲ့ ကျဉ်းမြောင်းစွာ ရေးဖွဲ့ထားတဲ့ အုပ်ချုပ်ပုံ စာပေတွေနဲ့။ ဘုန်းတော်ဘွဲ့ ကျောက်စာတိုင်တွေရယ်။
( ဂ ) နိုင်ငံခြားသားတွေရဲ့ ခရီးသွားမှတ်တမ်းတွေရယ်။
တိုင်းတပါးလူမျိုးခြားတွေရဲ့အမြင်တွေရယ်လောက်ပဲ
သမိုင်းစာပေ အဖြစ် တွေ့ရှိရပါတယ်။

လက်လှမ်းမှီသလောက် သမိုင်းဝင်စာပေတွေကို လေ့လာ တဲ့အခါ။ သူ့ခေတ်နဲ့သူ့အခါ မှတ်တမ်းတင် ရေး
သားခဲ့ခြင်းဆိုတဲ့ အချက်တွေကို လေးလေးနက်နက်
သတိပြုရမှာဖြစ်တယ်။
မာရေးသျှင် ပြောသလို ယနေ့ခေတ်ပြိုင် အမြင်နဲ့ တဘက်သတ် လေ့လာကြည့်မယ်ဆိုရင် တဘက်စွန်းကို
ကျရောက်သွားမှာဖြစ်ပါတယ်။
မှန်ကန်တဲ့ ဝေဖန်သုံးသတ်ခြင်းမရှိနိုင်တော့ပါဘူး။
ယနေ့ အိုင်တီခေတ်။ညူကလီးယားခေတ်ကြီးကို ကျော
ခိုင်းပြီးလွန်လေပြီးသော ခေတ်သမိုင်းကို လွမ်းဆွတ်
တသ နေအုံးမယ်ဆိုရင်လည်း ဘေးအန္တရာယ်တွေဟာ
စိုးရိမ်ဘွယ်ရာ အလွန်ကြီးမားနေပါလိမ့်မယ်။
အထက်က ပြောခဲ့တဲ့အချက်ကြီးသုံးချက်ကို မှန်မှန်ကန်ကန်လေ့လာသုံးသတ်နိုင်ကြပြီး
ဆရာကြီး ဒေါက်တာသန်းထွန်းပြောခဲ့တဲ့ ''မ အ '' ရန် သမိုင်းသင်ပါဆိုတာ။ နိုင်ငံအနာဂတ်လှပဖို့အတွက်
လူထုကို မှန်ကန်တဲ့ သမိုင်း ''အသိ'' ပေးဖို့ ရန်ပဲဖြစ်ပါတယ်။
ခင်မင်လျက်

ဝါခေါင်မိုး said...

ရင့်ကျက်တဲ့အတွေးအခေါ်တွေပါပဲ။
အနာဂတ်ရဲ့သားကောင်းရတနာတွေပေါ့။
အားကျမိပါရဲ့ E-journal ၀ိုင်းတော်သားတွေရဲ့
အရည်းအချင်းကောင်းတွေကို။