သံယောဇဉ်မြစ်
ကွေ့ရစ်တိုက်စား
ကမ်းပါးဖြစ်စိတ်
ရင်ထိတ်တွေဝေ .....
ထလေ “ဂိန္မာန်”
နေလျှံနဲ့တိုက်
ကွေ့ဝိုက်မြစ်ပြင်
စစ်ဆင်ခြေမှုန်း
ပျက်သုဉ်းခမ်းစေ …..
မြစ်ရေကစ
နှမလက်လျော့
အားပျော့ပစေ …..
နှိုးနေစဉ်ပင်
မြစ်ပြင်မာန်ကြွ
ဒေါထလှိုင်းထန်
မကျန်ကမ်းပါး
တိုက်စားသွား၏။……….။
မာရေးသျှင်
၁၉၉၇ မတ် ၂၄
ကြုံရာမှာရေးပြီး ကျရာမှာထားခဲ့တာများပါတယ်။ ငယ်စဉ်ကတော့ မဂ္ဂဇင်း၊ဂျာနယ်တွေကို ပို့ဖြစ်ခဲ့ပါတယ်။ (အခုတော့ ကိုချောပြောသလို “မောင်ချောနွယ်ကို တည်ထောင်ဖို့ထက် သန်းလေးဆယ်အတွက် ထွန်ယက်ဖို့”အတွက်သာ E-Journal မှာရှိနေတာပါ။) ဒီကဗျာလေးဟာ ကျောက်သင်ပုန်းကြီးပေါ်က ကဗျာလေးတွေထဲက တစ်ပုဒ်ပါ။ အခုဆို ဒီကဗျာလေးဟာ (၁၂)နှစ်သားကြီးတောင် ဖြစ်နေရှာပါပြီ။ တခုတ်တရ သိမ်းထားပြီး တကူးတက ကျနော့်ဆီပြန်ပို့ပေးသူကတော့ ကျနော့်ရဲ့ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမေပါပဲ။
အခုပြန်ဖတ်ကြည့်တဲ့အခါ အဲဒီကဗျာလေးကိုရော၊ ကဗျာရေးတဲ့ (၁၇)နှစ်သားကောင်ကလေးကိုရော ဟောဒီ(၂၉)နှစ်သားကြီးက မေတ္တာသက်ဝင်ချစ်ခင်မိပါတယ်။ ကျနော့်နှလုံးသားထဲမှာ အဲဒီကောင်ကလေးရှိသေးရဲ့လား။ ဘာပဲဖြစ်ဖြစ် အဲဒီ(၁၇)နှစ်သားကလေးကို ချစ်ခင်လေးစားသောအားဖြင့် သူခေါင်းစဉ်မတပ်ထားတဲ့ကဗျာကို ကျနော် ဝင်ရောက်စွပ်ဖက်ခြင်း အလျဉ်းမရှိဘဲ အရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။