Monday, March 9, 2009

တိုးအေးပေါ်မှ အိုမိခင်


မမျှော်မလင့်၊ မိုးကြိုးသင့်သို့
ရင်နင့်ဖွယ်ရာ၊ သည်းဆတ်ခါမျှ
ကြမ္မာကံဆိုး၊ လွမ်းဇာတ်ပျိုးသည်
တိုးအေးနစ်သော ထိုတစ်နေ့။

ထိုနေ့မှသည်၊ ညညနေ့နေ့
မြင်တွေ့မကောင်း၊ သည်ဖြစ်ကြောင်းမှာ
အလောင်းထပ်မျှ၊ မြင်နေခဲ့ရ။

နေ့ရက်လျား၍
ဆယ့်ငါးရက်မြောက်၊ ခါချိန်ရောက်မှ
ရေအောက်ကဖော်၊ “တိုးအေး” ပေါ်ဝယ်
ညှိုးလျော်ကြေကွဲ၊ မိခင်ဇွဲကို
အသဲနင့်ဖွယ် မြင်ရသည်။

အရိုးစုမျှ၊ ကြွင်းသော်မှပင်
ချစ်လှရင်သွေး၊ သူ့ကလေးအား
ထွေးဆဲပိုက်ဆဲ၊ ယုယဆဲ ဟု
သဲသဲမဲမဲပြနေသူ။

ရေစီးကလှုပ်၊ လှိုင်းကပုတ်၍
စုပ်သည့်ရေမွှား၊ စားသည့်ရေပိုး
အကြောင်းဆိုးလည်း
တိုးကာ ကပ်ကာ၊ မေ့သည်းချာအား
မကွာမကွဲပိုက်ပွေ့ဆဲ။

အို….. မိခင်
သင် ဘေးကင်းရာ
ကူးခပ်ပါ၍၊ လွတ်ရာအဝေး
ပြေးနိုင်ပါလျက်၊ မပြေးရက်၍
အသက် စတေးလိုက်ရော့လား။

အို….. မိခင်
“ကိုယ်လျှင်မချိ၊ အမိသော်လဲ
သားတော်ခဲ” ဟု
စွဲလားဆိုထုံး၊ စကားလုံးကို
ချေမှုန်း တော်လှန်လိုက်ရော့သလား။

အို….. မိခင်
သင်နှင့်အတူ၊ သင့်သည်းအူနှယ်
ရည်တူပြည့်သိပ်၊ “မိခင်စိတ်” ဖြင့်
ယိုဖိတ်မေတ္တာ၊
စေတနာကို
ခါခါ ဦးညွှတ်လိုက်ပါ၏။……….။


သမိန်သောင်း


ဆရာကြီး ဦးသုခ ၏ မင်္ဂလသုတ်အဖွင့်(စာ-၁၂၃-၁၂၅)တွင် ဖတ်ရှုခဲ့ရသော ရင်နင့်ဖွယ်ရာ မိခင်မေတ္တာဖွဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ၁၉၇၃ ခုနှစ် ရန်ကုန်-ဒလအကူး တိုးအေးသင်္ဘောနစ်မြုပ်စဉ်က တကယ့်ဖြစ်ရပ်မှန်တစ်ခုကို မြဝတီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင် ကဗျာဆရာ ဆရာသမိန်သောင်း ရေးဖွဲ့ခဲ့သည်ဟု သိရပါသည်။ မူလက မည်သည့်ဂျာနယ်၊မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ကြောင်း မသိရပါ။




6 comments:

တားမြစ် ထားသော... said...

ဝေမျှပေးတာ ကျေးဇူးဗျာ။
ကျွန်တော်ကတော့ လွန်ခဲ့သော သိပ်မကြာခင်က ရေနဲ့လေရဲ့ရိုက်ခတ်ခံတွေကို မြင်ယောင်နေမိတယ်။

သုခမိန်

မေအောင် said...

မိဘမေတ္တာ ပေါ်လွင်စေတဲ့ ပို့စ်တွေ
ဝေမျှပေးတာ မင်္ဂလာတစ်ပါးပါပဲ

ဝါခေါင်မိုး said...

မိခင်မေတ္တာက တကယ်ကြီးမားတာနော်။
ကဗျာကောင်းလေးကို ဝေမျှပေးတာကျေးဇူးပါ။

မသက်ဇင် said...

ရင်နင့်စရာကဗျာကောင်းလေးတပုဒ်ပါ--

လင်းဦး(စိတ်ပညာ) said...

ဟုတ်ကဲ့.. မျှဝေမှုအတွက် ကျေးဇူး... :)

Unknown said...

သံလျှင်ရန်ကုန် ကားလမ်းပေါက်သွားလို့  တိုးအေးလို အဖြစ်ဆိုးတွေ မရှိတော့တာ ၀မ်းသာစရာပါ။ တိုးအေးသင်္ဘော မှာ ပါသွားသူတွေက တကယ် သနားစရာ အဖြစ်တွေပါဘဲ။ ဒီလို အဖြစ်တွေ ပပျောက်ပါစေ