ခေတ်မီလာတယ်ပဲပြောရမလား ခေတ်ရေစီးကြောင်းပဲ ပြောရမလား။ ဒီနေ့ခေတ်မှာ တစ်ချို့သော မိန်းကလေးတွေက သူတို့အနေနဲ့ အိမ်ထောင်ပြုပြီဆိုရင် ကလေးယူဖို့ကိစ္စကို မဝင့်ရဲချင်ကြဘူး။ မယူချင်ကြဘူး။ ရှက်တာလိုလို ကြောက်တာလိုလို သူတို့အနေနဲ့ တစ်ခုခုကိုပဲ ဆုံးရှုံးခံလိုက်ရသလိုတွေ ရှိနေကြတယ်။ ကြားဘူးနေတယ်။ တစ်ကယ်တော့ အဲဒီကိစ္စလေးမှာက စိတ်ဝင်စားစရာ ဆွေးနွေးချင်စရာလေးတွေ နဲ့ပါ။ တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်လား၊ သဘာဝတရားရဲ့ တုံ့ပြန်ချက်တွေလား၊ လူမှုပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေလား ဆိုတဲ့ အမြင်မျိုးစုံတော့ ရှိနေမှာပါပဲ။ နိုင်ငံတော်အနေနဲ့ရော ဒီလိုကိစ္စတွေအပေါ်မှာ ဘယ်လိုတုံ့ပြန်သင့်သလဲ။ စသဖြင့် စိတ်ဝင်စားစရာလေးတွေကို တနေရာမှာ ဖတ်မိပါတယ်။ ဖတ်မိတော့လည်း အစားကောင်းစားရတော့ မိတ်ဆွေကိုသတိရတတ်သလိုမျိုး ပြန်လည် ဝေမျှချင်ပါတယ်။ ဒါနဲ့ပဲ အဲဒီ့ဆွေးနွေးချက်လေးတွေကို ကူးတင်ပေးလိုက်တယ်။ စာဖတ်သူတို့လည်း စိတ်ဝင်စားကြမယ် လို့ထင်ပါတယ်။ တွေးစရာလေးပါလို့ အတွေးစရသွားခဲ့မယ်၊ ဒါမှမဟုတ် စိတ်မှာရှိနေပြီးသား အတွေးတွေဆိုရင်လည်း အော်-သူတို့ကတော့ ဒီလိုတွေးကြပါလားလို့ ဗဟုသုတလေး ရသွားတယ်ဆိုရင် ဝေမျှရတာအတွက် ကျေနပ်လေရဲ့။ မိခင်တွေအနေနဲ့ မြင့်မြတ်စွာ လူ့လောကကို ဦးဆောင်နေမှုလေးကိုလည်း မြင်သာစေမယ်ထင်ပါတယ်။
သုခမိန်။…..။
မိခင်ဘဝရဲ့ လုပ်ငန်း
အီကေဒါ - ကလေးတစ်ယောက်ကို လူလားမြောက်တဲ့အထိ စောင့်ရှောက်သွန်သင်ရတဲ့ ပြဿနာဟာ လူသားမိခင်တစ်ယောက်ရဲ့ အကြီးမားဆုံးတာဝန်တစ်ခုလည်း ဖြစ်ပြီး အကြီးမားဆုံး အခွင့်ထူးတစ်ခုလည်း ဖြစ်ပါတယ်။ သည်အလုပ်ဟာ အလွန်ကြိုးစားအားထုတ်ဖို့ရော စိတ်ပညာနဲ့ ပက်သက်တဲ့ နားလည်သဘောပေါက်မှုရော လိုပါတယ်။ ဒါပေမဲ့ အနန္တမေတ္တာတရားမပါဝင်ရင်တော့ မအောင်မြင်နိုင်တဲ့ အလုပ်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ လူမမယ်ကလေးတစ်ယောက်ရဲ့ တိုးတက်ဖြစ်ထွန်းနိုင်တဲ့ အလားလာတွေက အကန့်အသတ်မရှိ များပြားလွန်းတာကြောင့်ပါပဲ။ နောက်ပြီး နုနယ်လှတဲ့ စိတ်ပေါ်မှာရိုက်ခတ်သွားတဲ့ တွေ့ကြုံခံစားချက်တွေရဲ့ သဘာဝကလည်း အလွန်အရေးပါလို့ပါပဲ။ မိခင်တွေကို ကလေးထိန်းသိမ်းရတဲ့ အလုပ်မှ သက်သာရာရအောင် ကလေးထိန်းဌာနတွေနဲ့ အစားထိုးတာဟာ အမျိုးသမီးတွေရဲ့ လွတ်မြောက်ရေးလမ်းပဲ ဖြစ်တယ်လို့ စဉ်းစားတာဟာဖြင့် အလွန်ကြီးမားတဲ့ အမှားပဲ ဖြစ်ပါတယ်။
တွိုင်ဘီ - လူမမယ်ကလေးတွေရဲ့ အစောပိုင်းနှစ်ကာလများမှာပဲ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေ ပုံပေါ်ဖြစ်ထွန်းလာပါတယ်။ သည်အချိန်ကာလမှာ မိခင်ဟာ သူကလေးရဲ့ ဆရာပဲ။ သည်လိုဆရာအဖြစ်ကို အစားထိုးလို့မရဘူးဆိုတာ ကျွန်တော်ထောက်ခံပါတယ်။
ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး တစ်စိတ်တစ်ပိုင်းကို သူ့မိဘနှစ်ပါးဆီက ဆက်ခံတဲ့ ဗီဇပစ္စည်းတွေက ဖန်တီးတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ အကျင့်စရိုက်ကို ဖန်တီးတာကတော့ ပတ်ဝန်းကျင်အပေါ် သူ့ရဲ့ တုံ့ပြန်မှုနဲ့ မျိုးရိုးဗီဇအကြား အပြန်အလှန်အကျိုးပြုမှုပါ။ အကျင့်စရိုက်ကို ဘယ်အသက်အရွယ်မှာမဆို ပြုပြင်ပြောင်းလဲလို့ ရနိုင်ပေမဲ့ အကျင့်စရိုက်တွေ ပြတ်ပြတ်သားသား ဖြစ်ထွန်းလာတာကတော့ ကလေးရဲ့ ပထမဆုံး ငါးနှစ်တာကာလအတွင်းမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို လူအားလုံး သဘောတူကြပုံ ရပါတယ်။ နောက်ပြီး သည်လိုအကျင်းစရိုက် ဖြစ်တည်ဆဲ အဆင့်မှာ ကလေးငယ်ဟာ နေအိမ်အတွင်းမှာပဲ မိခင်ရဲ့ ပြုစုပျိုးထောင်မှုကို ခံရမယ်ဆိုရင် သူ့အတွက် အဓိကပတ်ဝန်းကျင်ဟာ မိခင်ရဲ့ ပညာရေးလွှမ်းမိုးမှုပဲ ဖြစ်တယ်ဆိုတာကိုလည်း သဘောတူလက်ခံကြပုံ ရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တုန်းက ဗြိတိန်နိုင်ငံမှာ ကလေးမိဘတွေကို စစ်ပွဲနဲ့ဆိုင်တဲ့ အလုပ်တွေ လုပ်ခိုင်းဖို့ သူတို့ကလေးတွေကို သူတို့နဲ့ခွဲခြားပြီး တခြားအဖွဲ့အစည်းတွေ ဌာနတွေဆီကို ပို့ထားခဲ့တယ်။ သည်ကလေးတွေထဲက တစ်ချို့ရဲ့သမိုင်းကို လူကြီးဖြစ်လာတဲ့အခါမှာ စိတ်ပညာရှင်တွေက လေ့လာကြည့်လိုက်တော့ ကလေးတွေ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကသောင်းကနင်းဖြစ်ရပ်တွေရဲ့ အကျိုးဆက်များဟာ အသက်ကြီးလာတဲ့အထိ ရှိနေပြီး ဒုက္ခပေးနေဆဲ ဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။
အီကေဒါ - လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ ပညာရေးအပေါ်မှာပဲ တည်နေပါတယ်။ ဒါကြောင့် လူမမယ်ကလေးတစ်ယောက်ရဲ့ စိတ်ပေါ်မှာ ပထမဆုံးစွဲထင်မဲ့ ပညာရေးသွန်သင်ချက်များဟာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးနေသင့်ပါတယ်။ လူသားဆန်သင့်ပါတယ်။ အမိန့်အာဏာနဲ့ ပြဋ္ဌာန်းချက်ဆန်တာမျိုး မဖြစ်သင့်ပါဘူး။
ရုပ်ဝတ္ထုပစ္စည်းများ ထုတ်လုပ်တဲ့နေရာမျိုးမှာ ယောက်ျားတွေဟာ ထိပ်ပါပဲ။ ဒါပေမဲ့ အလွန်အာရုံခံစားမှုထက်မြက်ပြီး ခံယူမှုအားကောင်းလွန်းတဲ့ ကလေးဘဝကို စောင့်ရှောက်မွေးမြူတဲ့ကိစ္စနဲ့ ကလေးကိုလူလာမြောက်အောင် လမ်းပြသွန်သင်တဲ့ ကိစ္စမျိုးမှာတော့ မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး ကျွမ်းကျင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ သိမ်မွေ့တဲ့ စိတ်ပိုင်းပြောင်းလဲမှုများကို ပိုသတိထားမိလိုပါပဲ။ နောက်ပြီး ကိုယ့်ကိုယ်ကို အနစ်နာခံပြီး ချစ်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပေးနိုင်တာဟာ မိန်းမတွေရဲ့ သဘာဝဖြစ်လို့ပါပဲ။
ကလေးဟာ မိခင်ရဲ့ သွန်သင်ထိန်းကျောင်းမှုကို အလွန်နိုးကြားတက်ကြွစွာ ခံယူပါတယ်။ မိခင်ရဲ့ ပြုမူလှုပ်ရှားတွေ၊ မိခင်ရဲ့ စိတ်ခံစားချက်တွေ၊ လူသားတစ်ဦးရဲ့ ရုပ်ပုံလွှာတစ်ခုလုံးကို ထက်မြက်တဲ့ အာရုံခံယူမှုတွေနဲ့ ခံယူမှတ်သားနေပါတယ်။ သည်လို ခံယူမှတ်သားရင်းနဲ့ ကလေးဟာ ကိုယ်ရည်ကိုယ်သွေး လက္ခဏာတွေကို မသိလိုက်မသိဖာသာ စုဆောင်းပါတယ်။ သည်လိုနဲ့ပဲ အခြေခံလူယဉ်ကျေးမှုစရိုက်ကို အမွေဆက်ခံလိုက်ပါတယ်။ ရှေးစကားပုံတစ်ခု ရှိပါတယ်။ “ကလေးသည် မိခင်၏ ကြေးမုံ”တဲ့။ လူ့အသိုင်းအဝိုင်းများဟာ အသိုင်းအဝိုင်းထဲမှာ ပါဝင်သူတွေကို ပညာသင်ကြားပေးနိုင်ပါမယ်။ အသိတရားတွေ အများကြီး သွတ်သွင်းပေးနိုင်ပါမယ်။ ဒါပေမဲ့ မိခင်နဲ့ မိသားစုက ကလေးတစ်ယောက်ကိုပေးတဲ့ အရာတွေကိုတော့ ပေးနိုင်စွမ်းမရှိပါဘူး။
တွိုင်ဘီ - အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့တခြားစွမ်းရည်တွေကို ဖွံ့ဖြိုးအောင်လုပ်ပြီး အသုံးချရင်းနဲ့ တစ်ချိန်တည်းမှာ သားငယ်သမီးငယ်တွေကို အသိပညာနဲ့ မေတ္တာတရား ပေးဝေနိုင်စေဖို့အတွက်ဆိုရင် ယောက်ျားတွေ ကြီးစိုးတာလည်းမဟုတ်၊ မိန်းမတွေ ကြီးစိုးတာလည်းမဟုတ်တဲ့ လူ့အဖွဲ့စည်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားသင့်ပါတယ်။ သည်လူ့အဖွဲ့စည်းဟာ ယောက်ျားတွေရော မိန်းမတွေပါ အဆင်ပြေကြေနပ်စေမဲ့ လူ့အဖွဲ့စည်းဖြစ်ရပါမယ်။
လူသားတစ်ယောက်အတွက် လွတ်လပ်မှုဆိုတာ ကိုယ့်မှာရှိနေတဲ့ စွမ်းရည်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်အသုံးချခွင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အလားလာတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပဲ ဖြစ်ပါတယ်။ သည်စွမ်းရည်တွေ အလားလာတွေထဲမှာ ယောက်ျားနဲ့ မိန်းမတို့ရဲ့ သီးခြားဇီဝကမ္မဗေဒဆိုင်ရာ စရိုက်များနဲ့ စိတ်ပိုင်းအကျင်းစရိုက်များကြောင့် ဖြစ်လာရတဲ့ ယောက်ျားမှာမှသာရှိတဲ့ စွမ်းရည်နဲ့ အလားအလာတွေရော မိန်းမမှာမှရှိတဲ့ စွမ်းရည်နဲ့ အလားအလာတွေရော ပါဝင်ပါတယ်။
အီကေဒါ - ကိုယ့်ရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြီး ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့ အခွင့်အရေးများကို ယောက်ျားမိန်းမ ခွဲခြားမှုမရှိဘဲ လူတိုင်းကိုပေးတဲ့ လူ့အဖွဲ့စည်းတစ်ခုကို ဖန်တီးတည်ထောင်သင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ သည်လူ့အဖွဲ့စည်းက ယောက်ျားကပဲ လုပ်လုပ်၊ မိန်းမကပဲ လုပ်လုပ် တူညီတဲ့အလုပ်အတွက် တူညီတဲ့ လုပ်ခကို ပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ရပါမယ်။ ဒါပေမဲ့ မိန်းမတွေဟာ အိမ်ရှင်မအလုပ်တွေ မိခင်အလုပ်တွေက ကင်းလွတ်ရမယ်လို့ အမျိုသမီး လွတ်မြောက်ရေးလှုပ်ရှားမှုရဲ့ တောင်းဆိုချက်ကတော့ မှားယွင်းပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းမှာ မိန်းမတွေဟာ သူတို့ရဲ့စွမ်းရည်ကို ယောက်ျားတွေလောက် လွယ်လွယ်ကူကူ တိုးတက်စေနိုင်ခြင်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးဘူး။ နောက်ပြီး မိန်းမတွေဟာ လုပ်အားခနဲ့ ပက်သက်ပြီး မတရားအနှိမ်ခံနေရတယ်လို့ သည်လှုပ်ရှားမှုတွေကို ထောက်ခံသူများက ပြောတာကျတော့လည်း မှန်နေပါတယ်။ သည်လိုကိစ္စတွေကိုတော့ ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဇီဝဗေဒဆိုင်ရာအလုပ်တစ်ခုဖြစ်တဲ့ ကလေးမွေးတဲ့အလုပ်ကနေ လွတ်မြောက်အောင် လုပ်နေတာတွေ ကလေးတွေကို ပြုစုပျိုးထောင်ပြီး အိမ်မှုကိစ္စကို ထိန်းသိမ်းတဲ့အလုပ်များမှ လွတ်မြောက်အောင် လုပ်နေတာတွေကတော့ လူ့ဘောင်လောကကြီး ပျက်စီးစေမယ့် ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ နောက်ပြီး သည်အလုပ်တွေကို စွန့်လွှတ်ပစ်လိုက်မယ်ဆိုရင် မိန်းမတွေအနေနဲ့ ကိုယ့်ရဲ့အရေးအပါဆုံး အားသာချက်ကို လွှင့်ပစ်လိုက်သလို ဖြစ်သွားပါမယ်။ သည်လိုအရေးပါတဲ့ အလုပ်တွေကို မြဲမြဲဆုပ်ကိုင်ထားပြီး ကိုယ့်ဘဝရဲ့ တိုးတက်ခွင့်နဲ့ လုပ်အားခကို ယောက်ျားများနဲ့ တန်းတူညီမျှရရှိဖို့ တောင်းဆိုခြင်းဟာ မိန်းမတွေအတွက် အကျိုးရှိစေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ မိန်းမတွေအနေနဲ့ မိသားစုရဲ့ တာဝန်ဝတ္တရားတွေကို တခြားအလုပ်အကိုင်တွေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ပြဿနာတွေ အများအပြားပေါ်ပေါက်လာပါတယ်။
တွိုင်ဘီ - သည်ပြဿနာတွေအတွက် ပထမဆုံး ဖြေရှင်းချက်ကတော့ ကလေးမွေးနေရတဲ့ အချိန်ကာလနဲ့ ကလေးထိန်းနေရတဲ့ အချိန်ကာလအတွင်းမှာ မိန်းမတွေကို အချိန်ပိုင်းအလုပ်အကိုင်တွေ ရရှိနိုင်အောင် စီမံပေးဖို့ပါပဲ။ အိမ်မှုကိစ္စတွေကို စက်နဲ့ အစားထိုးလုပ်ဆောင်ခြင်းအားဖြင့် မိခင်တွေအတွက် အချိန်ပိုတွေ ထွက်လာနိုင်ပါတယ်။ ပိုပြီးခက်ခဲတာက စိတ်ပိုင်းဆိုင်ရာပြဿနာပါ။ မိခင်တစ်ယောက်ရဲ့ အလုပ်ကိုရော တခြားအချိန်ပိုင်းအလုပ်ကိုရော လုပ်နိုင်အောင် အချိန်ကို ခွဲဝေနိုင်ပေမဲ့ သူ့ရဲ့ဂရုပြုမှုနဲ့ ကြောင့်ကြစိုက်မှုတို့ကိုတော့ ကျေနပ်စရာကောင်းအောင် ခွဲဝေဖို့ ခက်ခဲနိုင်ပါတယ်။ ကလေးတွေက တစ်ဖက် လုပ်ဖော်ကိုင်ဖက်တွေက တစ်ဖက်နဲ့ သည်ကြားထဲ ရောကနေတဲ့သူဟာ ဘယ်ဖက်ကိုမှ ပြည့်ပြည့်ဝဝ ဂရုမပြုနိုင်ဘူး။ ကြောင့်ကြမစိုက်နိုင်ဘူးဆိုတဲ့ မကျေနပ်စိတ်မျိုး ဝင်လာနိုင်ပါတယ်။
ဆေးပညာ တိုးတက်လာမှုရဲ့ ရလာဒ်အဖြစ် လူတွေရဲ့ အလုပ်လုပ်နိုင်တဲ့ ပျမ်းမျှသက်တမ်းဟာ တိုးလာတဲ့အတွက် နောက်ထပ် ဖြေရှင်းချက်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ယခုအချိန်မှာ မိန်းမတစ်ယောက်ဟာ အဆင့်မြင့်ပညာရေးကို အပြည့်အဝ သင်ယူနိုင်ပါပြီ။ သက်မွေးအလုပ်တစ်ခုကို လုပ်နိုင်တဲ့ အရည်အချင်းကို ရရှိနိုင်ပါပြီ။ ပြီးတော့ အိမ်ထောင်သားမွေး လုပ်နိုင်ပါပြီ။ သားသမီးကို ထိန်းသိမ်းမွေးမြူရင်း ကိုယ့်သက်မွေးအလုပ်ကိုလည်း အချိန်ပိုင်းလုပ်နိုင်ပါပြီ။ အချိန်ပိုင်းဆိုပေမဲ့ ကျွမ်းကျင်မှုလည်းမပျက်အောင် တိုးတက်ဖြစ်ထွန်းမှု အသစ်တွေနဲ့လည်း ရင်ပေါင်တန်းလိုက်နိုင်အောင်အထိ လုပ်နိုင်တဲ့ အချိန်ပိုင်းဖြစ်ပါတယ်။ နောက်ပိတ်ဆုံးမှာ ကလေးတွေအားလုံး အရွယ်ရောက်တာနဲ့ သူ့အလုပ်ကို အချိန်ပြည့်ပြန်လုပ်နိုင်ပါတယ်။ သည်အချိန်မှာ သူဟာ အရွယ်ကောင်းပဲ ရှိပါဦးမယ်။ သည်အနေအထားဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်ကောင်းမှ ဖြစ်နိုင်ပေမဲ့ သားသမီးအရေအတွက်ကို မိသားစုစီမံကိန်းနဲ့ အသိရှိရှိကန့်သတ်ကြတဲ့ လူ့အဖွဲ့အစည်းမှာတော့ ဖြစ်နိုင်ပါပြီ။ မိန်းမတစ်ယောက်အတွက် မိခင်ဘဝရလိုခြင်းဟာ ပုံမှန်ဖြစ်နိုင်အောင်အထိ မိခင်ဘဝဟာ အရေးပါပြီးအကျိုးရှိတဲ့ အလားအလာတစ်ခု ဖြစ်ပါတယ်။
လူတွေကို သူတို့လုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ လုပ်ခတွေ နေရာတွေကို ပေးခြင်းဟာ အလုပ်ကောင်းတွေ လုပ်ဖို့ တွန်းအားပေးခြင်းပါပဲ။ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု ကြီးစိုးတဲ့ စီးပွားရေးခေတ်မှာတော့ နေရာအဆင့်အတန်းကို ဖော်ပြတဲ့ အဓိကသင်္ကေတဟာ လစာငွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်တွေကိုလည်း တစ်ခြားပညာရေး ဝန်ထမ်းတွေလိုပဲ လစာပေးသင့်တယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ သည်လစာဟာ မြင့်လည်းမြင့်သင့်ပါတယ်။ မိခင်တွေကို တိုင်ရိုက်လည်း ပေးသင့်ပါတယ်။ ဒါမှ ယောက်ျားရဲ့ ဝင်ငွေကိုမှီခိုမှုမှ ကင်းလွတ်ပြီး ကိုယ်ပိုင်ဝင်ငွေကိုရရှိမှာ ဖြစ်တယ်။ မိခင်များကို ပေးတဲ့ လစာငွေဟာ လူ့အဖွဲ့အစည်းရဲ့ လုပ်ခငွေထဲက များများကြီး နှုတ်ယူသွားပါလိမ့်မယ်။ ဒီလိုငွေများကို ရှာဖို့အတွက် ယောက်ျားတွေကို ပေးမယ့် လုပ်ခငွေတွေကို ခပ်များများ လျှော့ချပစ်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်းမှာ လူ့အသိုင်းအဝိုင်းရဲ့ ဝင်ငွေကို မိန်းမတွေဘက် ဦးစားပေးပြီး ခွဲဝေခြင်းကြောင့် မိန်းမတွေရဲ့ လူမှုအဆင့်အတန်း လူမှုရေးဂုဏ်သိက္ခာ မြင့်တက်လာပါလိမ့်မယ်။
အီကေဒါ - ဆရာကြီးရဲ့ အကြံပေးချက်က အလွန်ကောင်းမွန်ပါတယ်။ နောက်ပြီး ကြောင်းကျိုးလည်း သင့်မြတ်ပါတယ်။ ကလေးမွေးရတာ ကလေးထိန်းရတာတွေရဲ့ အကျိုးရလာဒ်အဖြစ် မတရားဖိနှိပ်ခံနေရတယ်ဆိုတဲံ ခံစားမှုမျိုးကနေ မိန်းမတွေကို လွန်သွားစေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မိခင်တစ်ယောက်ရဲ့ အလုပ်ဟာ ဘယ်လောက်ထိ ကြီးမားခက်ခဲတယ်ဆိုတာကိုလည်း လူ့အဖွဲ့အစည်းတစ်ခုလုံး ဘွင်းဘွင်းကြီး သိသွားအောင် လုပ်ပါလိမ့်မယ်။ ယခုအချိန်ထိ လူ့အဖွဲ့အစည်းဟာ ကလေးများ ပြုစုပျိုးထောင်တဲ့ အလုပ်ကို မိန်းမတွေရဲ့ သဘာဝ လုပ်ငန်းဆိုတာထက် ပိုပြီး မသတ်မှတ်သေးပါဘူး။ ဒါရဲ့ အကျိုးဆက်အဖြစ် မိန်းမတွေကလည်း မိခင်ဘဝဆိုတာ မိန်းမလိင်က ချမှတ်လိုက်တဲ့ မကျေနပ်စရာအလုပ်တစ်ခုလို့ မြင်ပြီး ဒေါသတောင် ထွက်နေကြတယ်။ တချို့ဆိုရင် သည်ဝန်ထုပ်က လွတ်ကင်းဖို့တောင် တောင်းဆိုနေကြပါပြီ။
မိန်းမတစ်ယောက်ဟာ မိခင်တစ်ယောက် ဒါမှမဟုတ် ဇနီးတစ်ယောက်မဖြစ်ခင်မှာ လူသားတစ်ယောက်ဖြစ်နေပါတယ်။ မိန်းမတွေဟာ သူတို့ရဲ့ နေအိမ်တွေနဲ့ မိသားစုများဆီမှာ ကြိုးချည်ထားတာမျိုး မလိုချင်ဘူးလို့ အမျိုးသမီးများ လွတ်မြောက်ရေးလှုပ်ရှားမှုက ပြောဆိုနေတဲ့ အချက်က မှားယွင်းတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ လူသားတွေဖြစ်နေလို့ပါပဲ။ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အလုပ်တစ်ခုခုကို အချိန်ပြည့်လုပ်ဖို့ပဲ ဆန္ဒရှိနေတဲ့ မိန်းမတွေ အများအပြားရှိတာကို ကျွန်တော်သဘောပေါက်တဲ့အကြောင်း ဖြည့်စွက်ပြောရပါမယ်။ ဘာသာရေးနယ်ပယ်မှာသာမက တခြားနယ်ပယ်တွေမှာလည်း ရှိပါတယ်။ သဘာဝအရ သည်လို မိန်းမတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးရပါလိမ့်မယ်။
တွိုင်ဘီ - ကျွန်တော့်အမြင်မှာ အိမ်ထောင်သားမွေးအလုပ်ကို မလုပ်လိုဘဲ ကိုယ့်အလုပ်ထဲမှာသာ ကိုယ့်ဘဝတစ်ခုလုံးကို မြှုပ်နှံလိုတဲ့ မိန်းမများအနေနဲ့ သူတို့လုပ်လိုတဲ့အလုပ်ကို ယောက်ျားများနဲ့တန်းတူ လုပ်နိုင်ခွင့် အပြည့်အဝမရရှိသေးရင် မိန်းမတွေရခွင့်ရှိတဲ့ လွတ်လပ်မှုဆိုတာ မပြည့်စုံဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်သားမွေးအလုပ်ကို တမင်သက်သက် ရှောင်ကြဉ်တယ်ဆိုရင်တောင်မှ အလွန်အရေးပါတဲ့ မိန်းမရဲ့ စွမ်းရည်ကို ဖော်ထုတ်မှုမပြုတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားရနိုင်ပါတယ်။ အိမ်ထောင်သားမွေးလုပ်လိုက်တဲ့အတွက် အလုပ်အကိုင်ထိခိုက်ပြီး ခံစားရနိုင်သလိုမျိုးပေါ့။
ခြုံပြီးပြောရရင် အိမ်ထောင်သားမွေးလုပ်လို့ အလုပ်အကိုင်ထိခိုက်ပြီး စိတ်ထဲမှာ ခံစားရတာက အိမ်ထောင်သားမွေးကို ရှောင်ကြဉ်လို့ ခံစားရတာလောက် ပြင်းထန်မယ် မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျေနပ်စရာ အကောင်းဆုံး ဖြေရှင်းချက်ကတော့ အိမ်ထောင်သားမွေးတဲ့ အလုပ်နဲ့ အချိန်ပိုင်းအလုပ်ကို မိန်းမတွေ တွဲလုပ်နိုင်အောင် စီမံဖို့ပဲဖြစ်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် လူ့အဖွဲ့အစည်းကို အကျိုးပြုနေသရွေ့ သူ့ကို လစာကောင်းကောင်းပေးပြီး အဆင့်မြင့်မြင့်မှာ ထားသင့်တယ်လို့ မြင်ပါတယ်။ ဒါတွေဟာ မိခင်ဘဝရဲ့ ပဓာနအလုပ်နဲ့ ထိုက်တန်တဲ့အရာတွေပါပဲ။ မိခင်တစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းဟာ ပါမောက္ခတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် တရားသူကြီးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် လေယဉ်မှူးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းဖြစ်ဖြစ် မြင့်မားသင့်ပါတယ်။ ဒီလို ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် မြင့်မားသင့်ပါတယ်။ ဒီလို ဂုဏ်ဒြပ်အဆင့်အတန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လစာကိုလည်း ရသင့်ပါတယ်။
ကလေးတစ်ယောက်အဖို့ မိခင်ရဲ့ မေတ္တာတရားနဲ့ ဂရုတစ်စိုက် ကျွေးမွေးစောင့်ရှောက်မှုဟာ မရှိမဖြစ်ပါ။ ကနေ့အချိန်မှာ မိန်းမတွေအနေနဲ့ အိန်ထောင်သားမွေး အလုပ်အပြင် တခြားလုပ်စရာတွေ အများအပြားရှိနေပါပြီ။ ဒါကြောင့် လူ့အဖွဲ့အစည်းအနေနဲ့ မိခင်ကောင်းတွေ ထွက်ပေါ်လာဖို့ကတော့ သဘာဝရဲ့တာဝန်ပဲဖြစ်တယ်ဆိုပြီး သဘာဝအပေါ် တာဝန်ပုံချဖို့ မဖြစ်နိုင်တော့ပါဘူး။ ဇီဝကမ္မဗေဒအရ ယောက်ျားတွေ မစွမ်းဆောင်နိုင်တဲ့ သည်လို သားမွေးတဲ့အလုပ်ကို မိန်းမတွေ လိုလိုလားလားလုပ်ချင်လာအောင် ဖန်တီးခြင်းဖြင့် မိခင်ကောင်းတွေ ပေါ်ထွက်ရေးအတွက် ဖြည့်ဆည်းပေးသင့်ပါတယ်။ မိခင်ဘဝကို အလွန်လေးစား တန်ဖိုးထားသင့်ပြီး လစာငွေလည်း ရက်ရက်ရောရော ပေးသင့်ပါတယ်။
***တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း (မြသန်းတင့်၊ မောင်သာမည) ၊ စာမျက်နှာ ၁၇၀ မှ ၁၇၆ အထိ။
ဆုံရပ် 1st Dec 2024
2 weeks ago
7 comments:
မိန်းမတစ်ယောက်ဟာ
မိခင်ကောင်းဖြစ်တဲ့အချိန်မှာ
အခြားတဖက်မှာကော
အောင်မြင်နိုင်မလား...
သိချင်လို့ ပါ...:P
မယ်
အိမ်ထောင်ရှင်တိုင်း မိခင်ကောင်းမဖြစ်နိုင် ပါဘူး။
ဆိုလိုတာက သန္ဓေမတည်နိုင်တဲ့ အိမ်ရှင်မကို ပြောတာပါ။
မိခင်ကောင်းတိုင်းကို လေးစားတယ်။
မိခင်ကောင်းတိုင်းထက် မိခင်တိုင်း၊ မိခင်တိုင်းကို လေးစားတယ်။ အိမ်ထောင် သည်ဖြစ်လာရင်တော့ .. ..
အလုပ်ကို ဦးစားပေးမလား?
သာယာတဲ့ မိသားစုဘ၀ကို ထူထောင်မလား ?
ဆိုတာကို ရွေးချယ်ရမှာပါ။
အောင်မြင်မှုကို လိုလားရင်တော့ သာယာတဲ့ မိသားစုဘ၀ကို လက်လွတ်ရမှာပါ။
အနုပညာလောကမှာတော့ အိမ်ထောင်သည် ဖြစ်သွားရင် အနည်းနဲ့ အများတော့ မှေးမှိန် သွားကြရတာ သဘာဝပါ။
မိန်းမတယောက်ဟာ အိမ်ထောင်ဘက်ရဲ့ ပံ့ပိုးမှုရှိရင် မိခင်ကောင်းတယောက်လည်း ဖြစ်နိုင်ပါတယ် တခြားနေရာတွေမှာလည်း အောင်မြင်သူ ဖြစ်နိုင်ပါတယ်။ ယောက်ျားတိုင်းဟာ ကိုယ်ဝန်တောင်ပြီး ကလေးမွေးတဲ့ အလုပ်ကလွဲရင် မိန်းမတွေ လုပ်နေတဲ့ တခြား ဘာအလုပ်မဆို လုပ်လို့ရနိုင်တဲ့အတွက် အိမ်မှုကိစ္စတွေကို မိန်းမအလုပ်လို့ ကန့်သတ်မထားပဲ ၀ိုင်းလုပ်မယ်ဆိုရင် မိန်းမတွေရဲ့ ဘ၀ကို တိုးတက်အောင် လုပ်လို့ရနိုင်ပါတယ်။ အောင်မြင်နေတဲ့ အမျိုးသားတိုင်းမှာလည်း မိခင် ဒါမှမဟုတ် ဇနီးမယားရဲ့ ပံ့မှုမှု ပါတာကို သတိပြုမိကြပါလိမ့်မယ်။
အင်း.... ၀ါခေါင်ရဲ့အမြင်ကတော့ မိန်းမအတော်များများဟာ မိခင်စိတ်ရှိကြသူတွေပါ။
အခြေနေအရပ်ရပ်ကြောင့်
ကလေးမယူဖြစ်ကြတော့တာပဲဖြစ်မယ်ထင်တယ်။
ဒီခေတ်မှာ စရိတ်စက ကကြီးတယ်လေ။
ကိုယ့်သားသမီးလေးကို လူတန်းစေ့ ထားနိုင်ဖို့၊ ပညာသင်နိုင်စေဖို့ စတဲ့ လိုအပ်ချက်တွေအများကြီးရှိတယ်။ အိမ်ထောင်ပြုတော့မယ်ဆိုကတည်းက အဲဒီအချက်ကို
စဉ်းစားသင့်တာပေါ့နော်။
ကိုရှင်ရဲထွတ်လည်း မိဘအကြောင်း ဖွဲ့နွဲ့ထားတယ်
ကိုသုရေ---
စာတွေတကယ်ဖတ်တယ်နော်----
တန်ဘိုးရှိလိုက်တာ--
အလွန်စိတ်ဝင်စားစရာတွေပါ---
ကျမတို့မြန်မာနိုင်ငံရဲ့ လူဦးရေ--ထက်ဝက်ကျော်ဟာ--
အမျိုးသမီးတွေလေ---
ပုခက်လွှဲသော မိခင်လက်တွေ--လုပ်အားတွေ နဲ့ တိုင်းပြည်
တည်ဆောက်မှု-ပါဝင်နိုင်မှ-တိုးတက်မယ်လို့--
ယုံကြည်ပါတယ်--
မိန်းမတွေကလေးမလိုချင်တာရဲ့ အဓိက အချက်ကတော့ ကုန်ဈေးနှုန်းကြောင့်ပါပဲခင်ဗျား
အခုခေတ်မှာတော့ အဲလို ကလေးမပြောနဲ့
မိန်းမယူဖို့တောင် အတော်စဉ်းစားနေရပြီဗျ
ကုန်ဈေးနှုန်းကြောင့်ပဲပေါ့
Post a Comment