ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ကြယ်တွေငိုလျှင် ကျွန်တော် ဝမ်းနည်းသည်။ လမ်းများပေါ်မှာ ကျွန်တော် လျှောက်သွားမည်။ ခြေလှမ်းတွေရဲ့စေရာကို လိုက်ပါသွားတော့မည်။ ကောင်းကင်ဆီ မော့ကြည့်လိုက်လျှင် တရုတ်ဝတ္ထုတစ်ပုဒ်ထဲက ကြယ်တွေမှာ ဝမ်းနည်းဟန်ဖြင့် မှိုင်းရီနေကြသည် ဆိုသောစာသားကို အမှတ်ရလာတော့သည်။ ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။ ကျွန်တော့်ဇနီးသည် ကြယ်တစ်ခုဖြစ်သွားလျှင် မည်းမှောင်သော အာကာသဆီမှ ကျွန်တော့်ကို ငုံ့ကြည့်ကာ မျက်ရည်လည်နေပေလိမ့်မည်။ အကယ်၍ ဤစိတ်ကူး၏ ရူးနှမ်းမှုသာ မှန်ကန်ခဲ့ပါက ကျွန်တော်သည် ကလေးသုံးယောက်ကိုခေါ်ငင်ကာ အာကာသထဲသို့ လက်ညှိုးညွှန်၍ ဟိုမှာမြင်နေရတဲ့ကြယ်ဟာ သားတို့မေမေပေါ့ဟု ပြောမိပေလိမ့်မည်။ ခုတော့ကလေးတွေက သူတို့အဘိုးအဘွားနှင့် အိပ်မောကျနေရော့မည်။ ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ပြန်လာနိုင်မည့် ခရီးတစ်ခုဖြစ်လျှင် ကျွန်တော့်ဇနီးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော်တို့ထံ ပြန်လာပေလိမ့်မည်။ ဤသို့ပင် ကျွန်တော့်ကို ယုံကြည်စေသည်။ ညသည် မှိုင်းမှိုင်း ရီရီဝေဝေ။ လေတဟူးဟူးက ကျွန်တော့်ကိုယ်ခန္ဓာထဲနစ်ဝင်ကာ ထွင်းဖောက်တိုက်ခတ်သွားတော့သည်။ လမ်းမများဟူသမျှ ဆုံးအောင်လျှောက်စမ်းချင်သည်။ နေ့များ၊ ညများ၊ သန်းခေါင်ယံများ၊ မွန်းတည့်များ ရောက်လာပေဦးမည်။ မြို့ဟောင်းဈေးဘက်သို့ ကျွန်တော့်ကို သယ်ဆောင်ပါ။ ထပ်၍ လိုက်စမ်းပါရစေ။ နှစ်များစွာ ..........။
နေမျိုး
၂၀၀၃၊ ၆၊ ၂၄
မြည်နေတဲ့ထရမ်းပတ်(ဝတ္ထုတိုငယ်စု)၊ ပထမအကြိမ် ၊ ဇန်နဝါရီလ၊ ၂၀၀၆
ဖြစ်နိုင်ရင် ဒီလိုအနုပညာတွေကို မကြိုက်ချင်ဘူး။ ဒါပေမယ့် မဖြစ်နိုင်တော့ ကြိုက်တယ်။ မကြိုက်ဘဲနေလို့ မရလို့ ကြိုက်တယ်။ အလွတ်နီးပါးရနေတယ်။ လေးနှစ်ကျော်ကျော် အောင့်အည်းထားတဲ့ကြားက အခု မဝေမျှဘဲ မနေနိုင်လို့ ဝေမျှတယ်။ ဖြစ်နိုင်ရင် ဒီလိုအနုပညာတွေကို မခံစားချင်ဘူး။ ဒါပေမယ့် မဖြစ်နိုင်တော့ ရင်ထဲမှာ စူးဝင်နေတယ်။ ဖြစ်နိုင်ရင် .......
မာရေးသျှင်
ဆုံရပ် 1st Dec 2024
2 weeks ago
No comments:
Post a Comment