Saturday, June 26, 2010

အဖေ့ စကားတစ်ခွန်း ကဗျည်းထိုးပါရစေ...

လူကြီးဖြစ်ဖို့ ကလေးဘဝ အရေခွံကို စွန့် လွတ်ရမည်...
ကလေး အတွေး သည် စက္ကူဖြူတစ်ရွက်ဖြစ်လျင်...
လူကြီးအတွေးသည် ခဲတံ တစ်ချောင်း ဖြစ်တန်ရာ၏...
ကျွန်တော် ငယ်ငယ်က တွေးခဲ့ ဖူးသည်...
အဖေသည် အေးဆေးတည်ငြိမ်၏...သို့ သော် ဒေါသကြီး၏....
အဖေသည် အလိုလိုက်တတ်၏...သို့ သော် ရိုက်ပြီး ဆုံးမတတ်၏...
အဖေ မျက်နှာ ပြုံးနေသည်..ကျွန်တော် ချစ်၏...
အဖေ ဒေါသ ထွက်နေသည်..ကျွန်တော် ကြောက်၏..
ကျွန်တော့်အတွက် အဖေသည် အားကိုးရာဖြစ်၏..လေးစားရသူဖြစ်၏...
နီတိကျမ်းကြီးဖြစ်၏...လမ်းပြမြေပုံဖြစ်၏...ဘဝကိုကျောင်းပေးသူဖြစ်၏....
အနာဂတ်အတွက် အဖေသည် စံပြပုဂ္ဂိုလ်ထူးကြီးပါတကား...
ကျွန်တော် ငယ်ငယ်က အပေါင်းအသင်းမင်၏...အဆော့သန်၏...
ကစားရမည်ဆို
ထမင်းမေ့ ဟင်းမေ့ အိမ်မပြန်ဘဲ ကစားတတ်သူ....
အဖေ့ အမြင်မှာ ကျွန်တော်ဟာ စကားနားမထောင်တတ်သူ...လူတေလေး
ရိုက်ပြီးဆုံးမရမည့်သူ...ကျွန်တော့် အထင်မှာတော့ သူငယ်ချင်းတွေနဲ့ 
ကစားဖို့ ပဲ့ သိတယ်...အဖေရိုက်ရင် အဖွားဆီပြေးပြီးခိုလှုံမယ်...အဖွား က
ကျွန်တော့်ကို အချစ်ဆုံး အလိုလိုက်ဆုံး..
အဖေ ထီရောင်းသည်...ကျွန်တော်ငယ်ငယ်က အဖေ ရဲ့အလုပ်.....
အဖေသည် ထီရောင်း၏..ထီသည် ဆယ့်ငါးရက်တစ်ခါဖွင့်၏...ဆယ့်ငါးရက်မတိုင်
မီ ထီထိုးသူတို့ ဆီမှ အဖေ ပိုက်ဆံလိုက်သိမ်းရ၏...ပိုက်ဆံစုပြီး ဒိုင်ကို သွင်းရ၏...
ထို့ ကြောင့် ဆယ့်ငါးရက်နေ့ သည် အဖေ့ အတွက် ဘဝတစ်သက်အရေးကြီးလှ၏..
အဘယ်ကြောင့်ဆိုသော် လူတိုင်းမျှော်လင့်ချက်နဲ့ ထီထိုးကြ၏...ထီထိုးသူများသည်
ထီးရောင်းသူကိုယုံကြည်၏...ထီရောင်းသူသည် ထီထိုးသူ၏ မျှော်လင့်ချက်များကို
ဥပက္ခာမပြု..ထို့ ကြောင့် ထီထိုးသူများ၏ အနာဂတ်မျှော်လင့်ချက်များသည် ထီရောင်း
သူ၏ လက်ထဲ၌ရှိ၏..ထို့ ကြောင့်ထီဖွင့်မည့် ဆယ်ငါးရက်နေ့ သည် အဖေ့အတွက်
အသက်တမျှအရေးကြီးလှသည် ဟု ဆိုရမည် မဟုတ်ပါလား..
မနက်ခင်းတစ်ခုမှာ အဖေ က ကျွန်တော် ကိုပြောသည်..
“သား ..ဒီနေ့ ဘယ်မှမသွားနဲ့ အိမ်စောင့်... အဖေ ပိုက်ဆံလိုက်သိမ်းလိုက်ဦးမယ်”
တဲ့ ကျွန်တော်က လည်း ဟုတ်ကဲ့ ပေါ့..ကျွန်တော်အိမ်စောင့်နေခဲ့တယ်..
ဘာကြောင့်လဲဆိုတော့အိမ်မှာ ထီထိုးသူတို့ ရဲ့ မျှော်လင့်ချက် (ပိုက်ဆံ)တွေ
ရှိနေတာကိုး...ပြီးတော့ဒီနေ့ က အဖေ့ အတွက် အရေးကြီးဆုံးနေ့ ....
ထီထိုးသူတို့ ရဲ့ လှပတဲ့ အနာဂတ်ကိုသိရမဲ့ နေ့ ..ဒီနေ့ က ထီဖွင့်တဲ့ နေ့ လေ....
ထီထိုးသူတို့ ရဲ့အနာဂတ်တွေ..အဖေ့အပေါ် သူတို့ ရဲ့ ယုံကြည်မှုတွေကို
ကျွန်တော့်လက်ထဲ ထည့်ခဲ့ ပြီး အဖေ ပိုက်ဆံ သိမ်းဖို့ ထွက်သွားတယ်...
ဒါပေမဲ့ ...အဲဒီအချိန်တုန်းက အဖေ့ ဘဝ အတွက်ဘယ်လောက်အရေးကြီးမှန်း
ကျွန်တော်မသိဘူး...ကျွန်တော်သိတာက သူငယ်ချင်းတွေနဲ့ ကစားဖို့ ပဲ့ သိတယ်
ကျွန်တော်က အဆော့မက်တာကိုး...
ကျွန်တော် အိမ်စောင့်နေသည်...သို့ သော် ကျွန်တော်တွေးနေမိတယ်..
အဖေလည်းဘယ်အချိန်ပြန်လာမလဲမသိ..ကစားချင်လိုက်တာ သူငယ်ချင်းတွေနဲ့ ..
ဒီိလိုတွေးနေတုန်း အရွယ်တူ ကစားဖော်ကစားဖက်သူငယ်ချင်းလေးက လာခေါ်တယ်..
.ကစားရအောင်တဲ့ သူတို့ အဖွားအိမ်မှာ..ကျွန်တော်က ပြောတယ် အိမ်စောင့်ပေး
နေရတယ်လို့ ..သူငယ်ချင်းလေး က “ဒါများပူမနေနဲ့ အိမ်တံခါးပိတ်ခဲ့” တဲ့ (ကျွန်တော်
တို့ ဒေသမှာ အိမ်တံခါးပိတ်လို့ ပြောတာက အိမ်ကိုသော့ခတ်ထားခဲ့လို့ ပြောတာ)...
ကျွန်တော် ကလည်း “အေး” ကောင်းတယ်ပေါ့..အိမ်တံခါး ကိုသော့ခတ်.... သော့
ကို ဘောင်းဘီအိပ်ထဲထည့် ပြီး သူငယ်ချင်းအဖွားအိမ်မှာသွားကစားကြတယ်လေ....
ကျွန်တော် ကစားနေတုန်းအချိန်မှာ အိမ်နားက အမ တစ်ယောက် ကျွန်တော့်ကို
လာပြောတယ်...“နင့်အဖေ ခေါ်ခိုင်းလိုက်တယ်” တဲ့  “အိမ်တံခါးဖွင့်လို့ မရဘူး ..အခု
လိုက်လာခဲ့” တဲ့  ကျွန်တော်က ဟုတ်ကဲ့ ...လိုက်လာခဲ့မယ်ပေါ့..ဒါပေမဲ့ ကစားနေတုန်း..
အဖေ.........
သားတစ်ယောက်ကို ခဏ အိမ်စောင့်ထားခဲ့ သည်...သူယုံကြည်ခဲ့ တယ်...သူစိတ်ချခဲ့
တယ်..သူ့ သားအပေါ်မှာပေါ့..သူတွေးပြီး အိမ်ပြန်လာခဲ့တယ်....အိမ်မှာ ပိုက်ဆံတွေ
ယူရဦးမည်...ပြီးတော့ တခြား ရွာ ကဒိုင်ဆီ သွားသွင်းရဦးမည်...ဒိုင်ကို ပိုက်ဆံ သွင်း
ရမည့်အချိန်က လည်း နီးနေပြီကိုး... ဟော...အိမ်ကိုရောက်ပြီ..သားကို မတွေ့ ရဘူး..
သူအော် ခေါ်မည် သား........သားရေ........ဘယ်သွားနေလဲပေါ့.. သားကိုမတွေ့ 
ရတော့ အိမ်တံခါးပေါက်ကို သူကြည့်မည်...သော့ခတ်ထားသည် မဟုတ်ပါလား...
စိုးရိမ်စိတ်က အဖေ့ခေါင်းကိုတက်ဆောက်တော့မည်..သော့က တစ်ချောင်းတည်း
ရှိတာကိုး...ဒီတစ်ချောင်းတည်းသော သော့ကို သားဘယ်မှာထားခဲ့ မှန်းသူမသိ...
ပိုက်ဆံက အိမ်ထဲမှာ..အိမ်ထဲဝင်ဖို့ က တံခါးသော့ခတ်ထားသည်..ဖွင့်ဖို့ ကတော့
သော့မရှိ...နာရီကြည့်လိုက်တော့ ပိုက်ဆံသွင်းရမည့်အချိန်က နီးနေပြီ...စိုးရိမ်စိတ်
က အဖေ့ တစ်ကိုယ်လုံးကို ချွေးပြန်စေပြီမဟုတ်ပါလော...အဖေ ဘယ်လိုဖြစ်နေ
မလဲ တွေးသာကြည့်ပေတော့.....
ကျွန်တော် ပျော်သည်...အရွယ်တူ သူငယ်ချင်းတွေနဲ့ ကစားရတာကိုပေါ့..
ဘယ်လောက် ပျော်သလဲဆိုရင် အဖေ ခေါ်တာတောင် မသွားဘူး.. အဖေ....
ကျွန်တော်တို့ ကစားနေတဲ့ နေရာကို လိုက်လာခဲ့တယ်..ကျွန်တော့်ကို လေပြေလေး
နဲ့ ခေါ်တယ်...“သား အိမ်သွားရအောင်” တဲ့  အဖေ မျက်နှာပြုံးနေတယ်လို့ ကျွန်တော်
ထင်တယ်...ကျွန်တော်က ကစားချင်သေးတယ်အဖေလို့  ပြန်ပြောပေမဲ့  အဖေ က
ကျွန်တော့် လက်ကိုဆွဲပြီး အိမ်ကိုခေါ်လာတယ်...တံခါးဖွင့် ခိုင်းတယ်..အိမ်ထဲဝင်ခိုင်း
တယ်..ပြီးတော့ တံခါးချက်ချလိုက်တယ်..ပြီးတော့ ကျွန်တော့် ကို ရိုက်ပါလေရော...
အဖေ ကျွန်တော့်ကို ရိုက်သည်...ရိုက်ရင်းမေးသည်...“ခဏလေး အိမ်စောင့်
ခိုင်းထားတာတောင် ဘယ်သွားဆော့နေလဲ...ပိုက်ဆံတွေ တစ်ယောက်ယောက် အိမ်
ပေါ်တက် ယူသွားရင် ဘယ်လိုလုပ်မလဲ...မင်းမသိဘူးလား...” တဲ့ ....
ကျွန်တော် က အိမ်သော့ခတ်ထားတာပဲ့  လို့ ပြန်ပြောမိတယ်...“ ဘာကွ”..တဲ့ 
အဖေရဲ့ ဒေါသ ကကျွန်တော့်ကို ကလေး တစ်ယောက်လို့ တောင်မထင်တော့ဘူး...
အဖေရိုက်တဲ့ ရိုက်ချက်ဘယ်လောက် ပြင်းလဲဆိုတာ တံမျက်စည်း တစ်ချက် တင်ပါး
ပေါ်ကျတိုင်း အနီစင်းကြီးဖြစ်သွားပြီး အသားတွေလှန်ကုန်တယ်...ကျွန်တော် အရမ်း
နာတယ် ခင်ဗျာ့...တင်ပါးကိုရိုက်တယ်...ခြေသလုံးသားကိုရိုက်တယ်....
ခြေသလုံးသားပေါ်ရိုက်တဲ့ အဖေ ရဲ့တံမျက်စည်း တစ်ချက်ဟာ တင်ပါးပေါ်ရိုက်တဲ့ 
တံမျက်စည်း တစ်ချက်ထက်ပိုနာတယ်...အရမ်းနာကျင်ခဲ့ရတယ်အဖေ..
ကျွန်တော် ငိုတယ်..ကလေးတစ်ယောက်ရဲ့နှလုံးသားမှာ ကြောက်ရွံ့ တုန်လှုပ်
မှုတွေ အပြည့်နဲ့ ပေါ့အဖေ.... ဒါပေမဲ့  အဖေ မျက်နှာ နီရဲနေခဲ့တယ်....
ိကျွန်တော့် ငိုသံ က အဖေ့ ဒေါသ ကိုဆွပေးတယ်..ဒေါသ ရဲ့အားက ကျွန်တော့်
တင်ပါး...ခြေသလုံးသားပေါ်ကျတယ်..
ကျွန်တော်က ကလေးတစ်ယောက် နုနယ်တဲ့ နှလုံးသားရှိတဲ့ အရွယ်
ပျော်ဖို့ ပဲ့ သိတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ ကြောက်ရွံ့ မှုဟာ သွေးမရှိတဲ့မျက်နှာနဲ့ 
အဖေ မျက်နှာကို တွေတွေလေးစိုက်ကြည့်နေတဲ့ အထိ ကျွန်တော် ငိုဖို့ မေ့သွား
ခဲ့ တယ်လေ.....အဖေ့ ..တံမျက်စည်း ကျိုးသွားပြီ...ကျွန်တော် တင်ပါးနဲ့ 
ခြေသလုံးသားတွေမှာ သွေးတွေ ရွှဲလို့ ...အဖေလည်းမောသွားပြီ...အဖေ့ရဲ့
ဒေါသကြောင့် နာကျင်မှုနဲ့ အတူ ပူလောင်စွာကျခဲ့တဲ့  မျက်ရည်တွေဟာ ငိုသံ
နဲ့ အတူ တိမ်ဝင်သွားခဲ့ပြီ...အဖေ့ ခြေထောက်ရင်း တုန်လှုပ်တဲ့ မျက်လုံးတွေ
နဲ့  ရှိုက်ငိုနေတုန်း.....အဖေက ကျွန်တော့်ကို သမိုင်းတွင်တဲ့ စကား လုံးအချို့ 
နွမ်းလျတဲ့ အသံနဲ့ ပြောလေပြီ....
“ သား......ဘာဖြစ်လို့ ခဏလေး အိမ်မစောင့်နိုင်ရတာလဲ..
သားဆော့ချင်တာ အဖေ သိတယ်...သားကို အဖေ က မျှော်လင့်ခဲ့တယ်..ယုံ
ကြည့်ခဲ့တယ်..ခဏလေး ဆိုတဲ့ အဖေ့ ရဲ့မျှော်လင့်မှုကို သားက မထမ်းဆောင်
နိုင်ဘူးလေ...ခဏလေး ဆိုတဲ့ နေရာလေးမှာ အဖေ တို့ ရဲ့သေရေးရှင်ရေး
ဆိုရင်ဘယ်လိုလုပ်မလဲ...သား ...ဒီိလိုပဲ့ လုပ်ခဲ့မယ်ဆိုရင် အဖေ တို့ သေတာ
ကြလှပြီ..သားက အဖေ့ ရဲ့အသက်ကိုမှီဦးမှာလား...
“သား...သေရေးရှင်ရေး ဆိုရင် အဖေ တို့ သေတာကြာလှပြီ”
ဒီစကားတွေ ဟာ ကျွန်တော့်တစ်သက်မှာ တခါမှ မခံစားဖူးတဲ့  အဖေရဲ့
ရိုက်ချက်နဲ့ အတူ ကျွန်တော့်နှလုံးသားထဲ မေ့လို့ မရတဲ့ အဖေ့ ရဲ့သမိုင်းဝင်
စကားတစ်ခွန်းပါပဲ့လေ...
အဖေ...........
ဒီအချိန်တုန်းက အဖေ့ရဲ့ သမိုင်းဝင် စကားကို ကျွန်တော် နားမလည်ခဲ့ ...
အဖေ...........
အခု သားဟာ အဖေနဲ့ ဝေးရာ ကိုရောက်နေခဲ့ပြီ...သားဟာ လူမျိုးခြားတွေရဲ့
အောက်မှာ အလုပ်လုပ်နေရတယ်..သားတို့ ဟာ ကိုယ်ယူတဲ့ တာဝန်ကို
ကျေပွန်အောင်ထမ်းဆောင်ရတယ်...
အဖေ........
သားဟာ သူတို့ ရဲ့ အလုပ်တွေကို လုပ်ဆောင်ရင်း အဖေ့ရဲ့
“သေရေးရှင်ရေး ဆိုရင် သေတာကြာလှပြီ” ဆိုတဲ့ စကားနဲ့  ချိန်ထိုးလုပ်
ဆောင်တတ်ခဲ့ပြီ...
အဖေ....
သား နေ့ တိုင်းသတိရတယ်...အဖေ့ရဲ့စကားဟာ သားဘဝအတွက် နီတိ
ဆောင်ပုဒ်ပါပဲ့ ...အဖေ ဟာ သားရဲ့နှလုံးသာမှာ ဘဝရဲ့လမ်းတစ်ခုကို
ဖောက်ပေးခဲ့တယ်....သားစာနာတတ်ခဲ့ပြီ..သားခံစားတတ်ခဲ့ပြီ..သားလိုက်
နာတတ်ခဲ့ပြီ...အိပ်ယာဝင်တိုင်း အဖေ့ ကိုဦးချပြီးအိပ်ယာ ဝင်တယ်...
အလုပ်လုပ်တိုင်း....စဉ်းစားစရာတွေ ရှိလာတိုင်း အဖေ့ စကားဟာလမ်းပြခဲ့ပြီ..
အဖေ............
အဖေ့ ရဲ့ဒေါသ ကိုမမေ့သလို အဖေ့ ရဲ့စကားကိုလည်း မမေ့ခဲ့ပါဘူး.....
အဖေ...
တမ်းတမ်းတတ အဝေးတစ်နေ ရာမှ သား ခေါ်ဆိုရင်း အဖေ ပြောခဲ့တဲ့ 
စကားတစ်ခွန်းကို သားရဲ့နှလုံးသားမှာ သမိုင်းဝင်တဲ့ စကားတစ်ခွန်းအဖြစ်
ကဗျည်း ထိုးပါရစေ.....အဖေ......

ဆက်ဖတ်မယ်ဆိုရင် ...

Monday, June 21, 2010

သုံးဆယ်မို့ ပြုံးရယ်ဖို့ အနော်မာသို့ခြေလှမ်းများ (၂)




*A few days later Lord Udyana visited Pindola in the forest retreat where he lived and asked him, "Honored teacher, how is it that the disciples of Buddha can keep their bodies and minds pure and untempted by lust, although they are mostly young men?"

**ဥဒေနမင်းကလဲ အမတ်တွေနဲ့အတူ ဥယျာဉ်ထဲကို ထွက်လာခဲ့ပါတယ်၊ ပိဏ္ဍောလထေရ်အနားကို ရောက်တဲ့အခါ သင့်တော်ရာကထိုင်ပြီး သိလိုတဲ့ အချက်အလက်တွေကို မေးမြန်းလျှောက်ထားပါတော့တယ်။

“အရှင်ဘုရား၊ ဂေါတမဗုဒ္ဓရဲ့ သာသနာတော်အတွင်းမှာ နေထိုင်ကြတဲ့ အချို့ရဟန်းကလေးတွေဟာ ပထမအရွယ်မျှသာ ရှိကြပါသေးတယ်။ သူတို့တစ်တွေဟာ ကာမဂုဏ်မခံစားဘဲ ဒီအကျင့်မြတ်ကို ပြည့်ပြည့်စုံစုံ စင်စင်ကြယ်ကြယ်ကျင့်ပြီး ဘာကြောင့် တစ်သက်လုံး နေနိုင်ကြပါသလဲ ဘုရား။”

*Pindola replied: "Noble Lord, Buddha has taught us to respect all women. He has taught us to look upon all old women as our mothers, upon those of our own age as our sisters, and upon younger ones as our daughters. Because of this teaching the disciples of Buddha are able to keep their bodies and minds pure and untempted by lust although they are youthful."

**“မဟာရာဇာ၊ ရှင်တော်မြတ်ဘုရားက 'ဘိက္ခုတို့၊ သင်တို့တစ်တွေဟာ အမိအရွယ်ရှိတဲ့ သူတွေရဲ့အပေါ်မှာ အမိဆိုတဲ့စိတ်ကို ထားကြရမယ်။ နှမအရွယ်ရှိတဲ့ သူတွေအပေါ်မှာ နှမဆိုတဲ့စိတ်ကို ထားကြရမယ်။ သမီးအရွယ်ရှိတဲ့ သူတွေရဲ့အပေါ်မှာ သမီးဆိုတဲ့စိတ်ကို ထားကြရမယ်။' ဒီလို ရဟန်းတော်တွေကို ဆုံးမသြဝါဒ ပေးထားပါတယ်။ အဲဒီဆုံးမသြဝါဒအတိုင်း လိုက်နာကျင့်သုံးနေထိုင်ကြတဲ့အတွက် သူတို့တစ်တွေဟာ တစ်သက်ပတ်လုံး လူမထွက်ဘဲ နေနိုင်ကြတာပါပဲ။”

*"But, Honored teacher, one may have impure thoughts of a woman the age of a mother or a sister or a daughter. How do the disciples of Buddha control their desires?

**“အရှင်ဘုရား၊ စိတ်ဆိုတာဟာ လော်လည်တတ်ပါတယ်။ ဖောက်ပြားတတ်ပါတယ်။ ရံခါ အမိအရွယ်ရှိတဲ့ သူတွေရဲ့အပေါ်မှာလဲ တပ်မက်မှုရာဂ ဖြစ်တတ်ပါတယ်။ နှမအရွယ်ရှိတဲ့ သူတွေရဲ့အပေါ်မှာလဲ တပ်မက်မှုရာဂ ဖြစ်တတ်ပါတယ်။ သမီးအရွယ်ရှိတဲ့ သူတွေရဲ့အပေါ်မှာလဲပဲ တပ်မက်မှုရာဂ ဖြစ်တတ်ပါတယ်။ ဒီတော့ သူတို့ ဒီလိုနေနိုင်ခြင်းရဲ့ အခြားအကြောင်းများ ရှိပါသေးသလား။”

*"Noble Lord, the Blessed One taught us to think of our bodies as secreting impurities of all kinds such as blood, pus, sweat and oils; by thinking thus we, although young, are able to keep our minds pure."

**“မဟာရာဇာ၊ ရှင်တော်မြတ်ဘုရားက 'ဘိက္ခုတို့၊ သင်တို့တစ်တွေဟာ ဒီခန္ဓာကိုယ်တစ်ခုလုံးကိုပဲ အမျိုးမျိုးအစားစား မစင်မကြယ် ရွံစဖွယ်ဖြစ်တဲ့ ဝတ္ထုတွေနဲ့ ပြည့်နှက်နေတယ်လို့ ရှုဆင်ခြင်ကြပေတော့၊ ဒီခန္ဓာကိုယ်မှာ (အင်မတန် ရွံစရာကောင်းတဲ့) -
၁။ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ
၂။ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့
၃။ နှလုံး၊ အသဲ၊ အမြှေး၊ အဖျဉ်း၊ အဆုတ်
၎။ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်
၅။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ
၆။ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်၊ -
တွေသာ ရှိနေပါတကား။ တပ်မက်စရာကောင်းတာ ဘာတစ်ခုမှ မရှိပါဘူး။ ဒီလို ဆင်ခြင်ရမယ်' လို့လဲ ရဟန်းတွေကို ဟောပြောထားပါတယ်။ ကိုယ်တော်ကလေးတွေကလဲပဲ ဟောထားတဲ့အတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြပါတယ်၊ ဒါ့ကြောင့်လဲ လူမထွက်ဘဲ တစ်သက်ပန် နေနိုင်ကြတာပဲ။”

*"Honored teacher," still pressed the Lord. "It may be easy for you to do this for you have trained your body and mind, and polished your wisdom, but it would be difficult for those who have not yet had such training. They may try to remember the impurities but their eyes will follow beautiful forms. They may try to see the ugliness but they will be tempted by the beautiful figures just the same. There must be some other reason that the young men among the Buddha's disciples are able to keep their actions pure."

**“အရှင်ဘုရား၊ ဒီကိစ္စဟာ သိပ်မလွယ်ကူတဲ့ ကိစ္စပါ။ အတော်ကလေး တရားရှုမှတ်ထားတဲ့ ရဟန်းတော်များအတွက်တော့ လွယ်ကူပါလိမ့်မယ်။ 'တရားရှုမှတ်မှု အသားမကျသေးတဲ့ ရဟန်းတော်များအတွက်တော့ ခဲယဉ်းလိမ့်မယ်' ထင်ပါတယ်။ ရံခါ 'အသုဘ'လို့ နှလုံးသွင်းမယ် ကြံပေမဲ့ 'သုဘ'အနေနဲ့သာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီတော့ သူတို့ ဒီလို လူမထွက်ဘဲ တစ်သက်ပန်နေနိုင်ခြင်းရဲ့ အခြားအကြောင်းများ ရှိပါသေးသလား။”

*"Noble Lord," replied Pindola, "the Blessed One teaches us to guard the doors of the five senses. When we see beautiful figures and colours with our eyes, when we hear pleasant sounds with our ears. when we smell fragrance with our nose, or when we taste sweet things with our tongue or touch soft things with our hands, we are not to become attached to these attractive things, neither are we to be repulsed by unattractive things. We are taught to carefully guard the doors of these five senses. It is by this teaching of the Blessed One that even young disciples are able to keep their minds and bodies pure."

**“မဟာရာဇာ၊ ရှင်တော်မြတ်ဘုရားက 'ရဟန်းတို့၊ သင်တို့တစ်တွေဟာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် - ဆိုတဲ့ ဣနြေ္ဒ(ဒွာရ)၆-ပါးကို သတိဆိုတဲ့ တံခါးရွက်နဲ့ လုံခြုံအောင် ပိတ်ဆို့နေကြရမယ်' ဒီလိုလဲ ဟောပြောထားပါသေးတယ်၊ ဟောထားတဲ့အတိုင်းလဲပဲ သူတို့တစ်တွေဟာ ကျင့်သုံးနေထိုင်ကြပါတယ်၊ ဒါ့ကြောင့်လဲ လူမထွက်ဘဲ တစ်သက်ပန်နေနိုင်ကြတာပါပဲ။”


*Noted from "The Teaching of Buddha" published by Buddhist Promotion Foundation
**အရှင်ကုမာရ ၏ “ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း” - ပဉ္စမအကြိမ်၊ ၁၉၉၈ မတ်လ - မှ ထုတ်နုတ်ကူးယူပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, June 19, 2010

သုံးဆယ်မို့ ပြုံးရယ်ဖို့ အနော်မာသို့ခြေလှမ်းများ (၁)



အရှင်အာနန္ဒာက နောင်ရေးကို မြော်တွေးပြီး ဘုရားရှင်ကို မေးမြန်းလျှောက်ထားနေပါတယ်။ ဘုရားရှင်ကလည်း မေးမြန်းလျှောက်ထားသမျှကို ဖြေဆိုနေပါတယ်။

“ရှင်တော်မြတ်ဘုရား၊ မာတုဂါမတွေနဲ့ စပ်လျဉ်းပြီး ဘယ်လိုပြုကျင့်ရပါမလဲ”။

“မတွေ့အောင်နေ”။

“တွေ့နေမြင်နေရလို့ရှိရင် ဘယ်လို ကျင့်ရပါမလဲဘုရား”။

“စကားမပြောနဲ့”။

“(အကြောင်းအားလျော်စွာ) စကားပြောရပါရင် ဘယ်လိုကျင့်ရပါမလဲ ဘုရား”။

သတိထားပေါ့ အာနန္ဒာ”။



အရှင်ကုမာရ ၏ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း” ပဉ္စမအကြိမ်၊ ၁၉၉၈ မတ်လ - မှ ထုတ်နှုတ်ကူးယူပါသည်။

(မာရေးသျှင်)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, June 17, 2010

သစ်ပင် .... အိုဘဲ့ .. အဆွေခင်ပွန်း

စိတ်ရှုပ်နေလျင် စိမ်းစိုအရိပ်ကောင်းတဲ့ သစ်တစ်ပင်အောက် အဝတ်တစ်စ လို ထိုင်ကြည့်လိုက်ပါ။ တွေးတောခြင်းသည် ဥာဏ်ကောင်းစေ၏။ တစ်ချိန်တုန်းက တစ်ယောက်သောသူသည် အရောင်တွေများစွာ ရှိသည့်တောအုပ်ထဲ နုနုနယ်နယ် အပင်ငယ်လေးတစ်ပင်ကို စိုက်ပျိုးခဲ့သည်။ ထိုအပင်ငယ်လေးသည် လိုသူတွေရဲ့ မေတ္တာနည်းနည်းလေးကို အာဟာရအဖြစ် စားသုံးရင်း မလိုသူတို့ရဲ့ ထိုးနက်မှုကို ခံခဲ့ရသည်။ အရောင်များရဲ့လောင်းရိပ်မိခဲ့၏။ စမ်းတဝါးဝါးဖြစ်ခဲ့ရ၏။ ကြောက်ရွံ့ ခဲ့ရ၏။ ထိုသစ်ပင်ငယ်လေးသည် ခေတ်တွေများစွာကို ကြံ့ကြံ့ခံရင်း၊ လွတ်မြောက်အောင်ရုန်းကန်ရင်း ရင့်ကျက်မှုနှင့်အတူ ရှင်သန်နေခဲ့လေသည်။


မည်သည့်သစ်ပင် အမျိုးအစားနည်း။ ထိုသစ်ပင်ငယ်လေးသည် ခိုင်မာသော ကိုယ်ထည်ရှိ၏။ အတွေ့အကြုံများစွာနဲ့ 
ရက်လုပ်ထားသော ထူထူထပ်ထပ် ခံနိုင်ရည်ရှိသည့် အရေခွံတစ်ခုကို ခြုံထား၏။ အတွင်းသားသည် စေးပျစ်၏။ သို့သော် ဖြူစင်၏။ ဂုဏ်သတ္တိသည် ပျော့ပြောင်း၏။ သို့သော် မာ၏။

ထိုသစ်ပင်ငယ်လေးသည် ကွေးကောက်နေသော ခြေထောက်များစွာနဲ့ ကမ္ဘာမြေသားကို ကုပ်တွယ်ထား၏။ ထိုကမ္ဘာမြေသားထဲမှ ခွန်အားတွေကို စုပ်ယူ၏။ ထိုသစ်ပင်ငယ်၏ လက်များစွာသည် ထိုကမ္ဘာမြေသားကို အုပ်မိုးထား၏။ လုံခြုံမှုကို ပေး၏။ နားခိုမှုကို ပေး၏။ အေးချမ်းမှုကိုပေး၏။ မြဲမြန်ခိုင်မာသည့် သစ္စာရှိမှုကိုပေး၏။ ထို့ကြောင့် ကမ္ဘာမြေသားနှင့်သစ်ပင်ငယ်တို့သည် အဆွေခင်ပွန်းဖြစ်နေ၏။

ထိုသစ်ပင်ငယ်လေးသည် တစ်ရာသီတွင် မကောင်းမှုမှန်သမျှ စွန့်လွှတ်၏။ တစ်ရာသီတွင် ကောင်းမှုမှန်သမျှကို ပြုစု၏။ တစ်ရာသီတွင် ကောင်းကျိုးတွေကို ပေးဝေ၏။ ထို့ကြောင့် အရောင်တွေများစွာရှိသည့်တောအုပ်အထဲ သူ့အလုပ်သူလုပ်ရင်း တစ်ရာသီပြီးတစ်ရာသီ ဖြစ်ကျော်ရင်း သစ်ပင်ကြီးဘဝထဲသို့ ဝင်ရောက်ခဲ့လေသည်။ မွှေးကြိုင်သော ပန်းများလည်း ဖူးပွင့်ခဲ့ပြီးပြီ။ အခုတော့ အသီးတွေ ပြွတ်သိပ်နေအောင် သီးနေကြပြီ။ အသီးများမှာ အရွယ်အစား စုံလင်လှ၏။ တစ်ချို့ကို ကမ္ဘာမြေသားအား ပေး၏။ တစ်ချို့ကို နားခိုသူတို့အား ပေး၏။

တစ်နေ့သောအခါ တစ်ယောက်သောသူသည် ထိုသစ်ပင်အောက်သို့ ရောက်လာ၏။ အသီးတွေ ပြွတ်သိပ်နေသော အပင်ပေါ် မော့ကြည့်၏။ “သြော် အသီးတွေ အများကြီးပဲ။ အဘယ်သို့သော အသီးတွေပါနည်း" ဟု ဆိုက ထွက်ခွာသွား၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ အနံ့ နမ်းကြည့်၏။ "သြော် စားလို့ရမည်မဟုတ်" ဟုဆိုကာ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ တစ်ကိုက် ကိုက်ကြည့်၏။ "အရသာမရှိပါဘူး" ဟုဆိုကာ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ နှစ်ကိုက်လောက် စားကြည့်၏။ "အရင်က စားဖူးတဲ့အသီးတွေနဲ့ အတူတူပဲ" ဟူ၍ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ တစ်လုံးစားကြည့်၏။ "သြော် အရသာထူးသားပဲ" ဟုဆိုကာ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ စားကြည့်၏။ ပြုံး၏။ သူ၏မိတ်ဆွေတွေအတွက် သယ်ဆောင်သွား၏။ စကားမဆိုခဲ့ချေ။ သို့သော် သစ်သီးပင်ငယ်သည်ကား သူအလုပ်သူလုပ်ရင်း ရှင်သန်နေရင်း.....

တစ်နေ့ ထိုအပင်ငယ်အောက်သို့ သူပြန်ရောက်လာခဲ့သည်။ သူသည် အဖိုးအိုတစ်ယောက်။ သူသည် အိုမင်းသွားခဲ့ပြီ။ သို့သော် သစ်သီးအပင်ငယ်သည်ကား ပိုပြီးခန့်ထည်လာ၏။ အဖိုးအိုသည် အပင်ပေါ်သို့ မော့ကြည့်၏။ နားခိုသူ တစ်ချို့ကိုမြင်၏။ အရိုအသေပေး၏။ သူတွေး၏။ သူသည် ထည်ဝါသည့် အပင်၏အရိပ်ကို ခိုလှုံမည်။ နွေးထွေးမှုပေးသည့် ကမ္ဘာမြေသားအပေါ် လဲလျောင်းမည်။ နားခိုသူတွေကို မိတ်ဆွေဖွဲ့မည်။ တန်ဖိုးရှိသည့် သစ်သီးတစ်ချို့ကို လက်ဆောင်အဖြစ်ပေးမည်။ ကမ္ဘာမြေသား အပေါ်မှာ ထည်ဝါသည့်အပင်ငယ်လေးတွေကို ဆက်လက်ရှင်သန်စေမည်။ သူ၏တာဝန်သည် ကမ္ဘာမြေသားနှင့် သစ်ပင်ငယ်တို့ကို ပေါင်းစည်းပေးမည်။ လကာကွယ်ပေးရမည်။ "ဤသစ်ပင်ငယ်သည် အဘယ်မျှအဖိုးတန်သည်"ဆိုသည်ကို သူအသက်ရှိတုန်း နားခိုသူတို့ကို သစ်ပင်ငယ်၏ဂုဏ်သတင်းကို ပြောပြမည်။

သားတို့ ဤသစ်ပင်ငယ်သည် ခွန်းအားကိုပေးသည်။ လုံခြုံမှုကိုပေးသည်။ အေးချမ်းမှုကိုပေးသည်။ ငါ့မျက်လုံးများ မှိတ်သွားသည့်တိုင် ငါ၏ခန္ဒာကိုယ်ကိုယ် သူ၏ရင်ခွင်အတွင်း ထည့်သွင်း၍ နွေးထွေးမှုပေးလိမ်မည်။ ဤသစ်ပင်ငယ်သည် သူသေသွားသည့်တိုင်အောင် သူ၏ဂုဏ်သတင်းနှင့်အတူ "အဖိုးအို" ဆိုသည့် ငါ၏အမည်ကို တမ်းတရင်း ငါ၏လဲလျောင်းရာ မြေကမ္ဘာပေါ် ငါ့ခေါင်းရင်း၌ ငါ့အမည်ကိုဖော်ပြရင်း ငါနဲ့အတူတူ ငါ့ကိုအဖော်ပြုပြီး ငါ၏ဂုဏ်သတင်းကို အများသိအောင် ဖော်ပြနေမည့် အမှတ်အသားသစ်တိုင်အဖြစ် သူ၏ဂုဏ်ကို ဆောင်နေဦးမည် မဟုတ်ပါလား။


(မင်းရဲရှင်)

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, June 13, 2010

ကဗျာဆရာ လူငယ်တစ်ယောက်သို့ ပေးစာ အမှတ်တစ်



ခင်များက “အပြင်ဘက်”ကို ကြည့်နေသည်။ ဒါမျိုးက အရှောင်သင့်ဆုံး အလုပ်ဖြစ်၏။ ဘယ်သူဘယ်ဝါမှ အကြံသော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း ခင်များကို မပေးနိုင်။ ဘယ်သူမှ မပေးနိုင်။ ခင်များလုပ်သင့်သည်မှာ တစ်ခုတည်း။ ခင်များရဲ့အတွင်းထဲကိုသွား။

ခင်များရဲ့ အတိတ်ဆိတ်ဆုံးကာလတွင် အတွင်းအနက်အရှိုင်းမှသာ ဖြေနိုင်ကောင်းဖြေနိုင်မည့် မေးခွန်းများကို ပြင်ပမှ အဖြေများကိုစောင့်ခြင်း ပြင်ပသို့ မျှော်ခြင်းအားဖြင့် ရင့်သန်ခြင်း အစဉ်အား မနှောင့်ယှက်လေနှင့်။



ပါရီ
၁၇ ဖေဖော်ဝါရီ ၁၉၀၃


ဆရာလေး

ရက်မကြာခင်ကပဲ ခင်ဗျားစာ ရောက်လာသည်။ ကျွန်တော်အပေါ် ယုံကြည်၍ ကျေးဇူးတင်ချင်၏။ တကယ်တော့ ဒါပဲ ကျွန်တော်တတ်နိုင်သည်။ ခင်ဗျားကဗျာတွေကို ကျွန်တော် မဆွေးနွေးနိုင်ပါ။ ဝေဖန်ရေးနှင့် ကျွန်တော့် မှာ ပြဒါးတစ်လမ်း သံတစ်လမ်း စိမ်းလှ၍ဖြစ်သည်။ အနုပညာအလုပ်တစ်ခုအပေါ် ဝေဖန်ရေးတွေက ဘယ်လောက်မှ မထိရောက်။ အမြဲတမ်းလိုလို နားမလည်တတ်ကြ။ “အကြောင်းခြင်းတ” ဟူသည်က လူတွေထင်နေသလောက် ပြောလို့ မလွယ်၊ လက်ဆုပ်လက်ကိုင် ဖြစ်တာတွေချည်း မဟုတ်။ အတွေ့ အကြုံအများစုမှာ ပြောလို့ မလွယ်၊ စကားလုံးများမဝင်နိုင်သော နေရာ အာကာသထဲ၌ ဖြစ်နေကြသည်။ အရာအားလုံးထက်ပိုကဲပြီး ထိုကဲ့သို့ ပြောလို့မရတာတွေကိုပဲ “အနုပညာတွေ”ဟု ခေါ်သည်။ သို့သော် ထိုထိုလျှို့ဝှက်ချက်များစွာ ဖြစ်တည်လာခြင်းများမှာ သက်တမ်းကျပြန်တော့ ကျွန်တော်တို့ရဲ့ ခဏပန်းယာယီ အသက်တွေထက် ရှည်သည်။

သည်လိုနိဒါန်းနဲ့ စကားဦးသန်းပြီးသည့်နောက် ခင်ဗျားကဗျာတွေမှာ ကိုယ်ပိုင်ဟန်မရှိဘူးလို့ ကျွန်တော် ပြောလိုသည်။ သို့သော် ပုဂ္ဂလိက တစ်ကိုယ်တော်ကိစ္စများအား တိတ်တိတ်နှင့် ပုန်းလျှိုးကွယ်လျှိုး အစပျိုးထားခြင်းများတော့ သူတို့၌ ပါပါသည်။ နောက်ဆုံးကဗျာ “ကျုပ်ဝိညာဉ်” ၌ ဒီသဘောကို ကျွန်တော် ရှင်းရှင်းလင်းလင်း ခံစားရပါ၏။ ထိုကဗျာ၌ ခင်ဗျားရဲ့ ကိုယ်ပိုင်သာဖြစ်သော တစ်စုံတစ်ရာသည် စကားလုံးနဲ့ တေးသွားဖြစ်လာအောင် ကြိုးစားနေသည်။ “လီယိုပါဒီသို့”မှာ ကဗျာလှလှလေးဖြစ်၏။ ယင်းကဗျာ၏ “ခမ်းနားသော ဧကစာ ကိုယ်ထီး”ပေါ်လာသည်ဟု ဆိုချင်သည်။ သို့ပင်ဖြစ်ငြား ကဗျာများမှာ သူတို့ပင်ကိုယ် တစ်စုံတစ်ရာမဟုတ်သေး။ လွတ်လပ်သော တစ်စုံတစ်ရာမဟုတ်သေး။ ကဗျာများနှင့် တွဲပါလာသော ခင်ဗျားရဲ့စာကြောင့် ကဗျာများကိုဖတ်ရင်း ကျွန်တော်ခံစားမိသော အနာအဆာများမှာ ပို၍ရှင်းလင်းလာသည်။ ထိုအနာအဆာများမှာ ဘယ်ဟာတွေဟူ၍တော့ တိတိပပ ကျွန်တော်အမည်မတပ်နိုင်။

ကဗျာတွေ ကောင်းကောကောင်းရဲ့လားဟု ခင်ဗျားမေးသည်။ ကျွန်တော့်ကို မေးသည်။ ကျွန်တော့်အရင် သူများကိုလည်းမေးသည်။ မဂ္ဂဇင်းများသို့လည်း ထိုကဗျာတွေပို့သည်။ ကဗျာတွေကို တခြားကဗျာတွေနဲ့ ခင်ဗျားယှဉ်ကြည့်သည်။ အယ်ဒီတာတချို့က ပယ်သော် ခင်ဗျား စိတ်အနှောက်အယှက်ဖြစ်သည်။ ယခုသော် ဒီလိုအလုပ်မျိုးကို ရပ်တန်းက ရပ်ပါဟု ကျွန်တော်ပြောချင်သည်။(ကျွန်တော့်အကြံဥာဏ်ကို ခင်ဗျား လိုချင်ပါသည်ဟုပြောသဖြင့်  ဒီစကားကို ဆိုခြင်းဖြစ်၏)။ ခင်ဗျားက “အပြင်ဘက်”ကို ကြည့်နေသည်။ ဒါမျိုးက အရှောင်သင့်ဆုံးအလုပ်ဖြစ်၏။ ဘယ်သူဘယ်ဝါမှ အကြံသော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း ခင်ဗျားကို မပေးနိုင်။ ဘယ်သူမှမပေးနိုင်။ ခင်ဗျားလုပ်သင့်သည်မှာ တစ်ခုတည်း။ ခင်ဗျားရဲ့အတွင်းထဲကိုသွား။ စာရေးဖို့ ခင်ဗျားကိုတွန်းနေသော အကြောင်းပစ္စယကိုရှာ။ ထိုအကြောင်းအရာက အသည်းနှလုံးအထိ အမြစ်တွယ်နေပြီလား မတွယ်သေးဘူးလား မြင်အောင်ကြည့်။ စာမရေးရဟုတားမြစ်သော် ခင်ဗျား သေများသေသွားမလား ကိုယ့်ကိုယ်ကိုယ် ဖြောင့်ချက်ပေး။ ဒါတွေအားလုံးကို ခင်ဗျားရဲ့ တစ်ခုသောညတစ်ည အတိတ်ဆိတ်ဆုံးအချိန်၌ ကိုယ့်ကိုယ်ကိုယ် မေးပါလေ။ “ကျွန်တော်စာမရေးလို့ မဖြစ်ဘူးလား၊ရေးကို ရေးမှလား။ ကိုယ့်ကိုယ်ကိုယ် တူးဆွလျက် နက်နဲသောအဖြေ ထုတ်ပါလေ။ အေး ဟုတ်သဟဟုအဖြေထွက်သော်၊ ခမ်းနားသော ဤမေးခွန်းကို “ကျွန်တော်ရေးကိုရေးမယ်”ဟူ၍ အင်နှင့်အားနှင့် ရှင်းရှင်းဖြေသော်၊ ထိုအဖြေနှင့်လျော်စွာ ဘဝကိုတည်ဆောက်ပါလေ။ ထူး၍မခြားနားသော အချိန်များ၌သော်မှ ဘဝတစ်ခုလုံးအား ထိုသွေးခုန်ခြင်းကို သက်သေပြုလျက် ထိုသွေးခုန်ခြင်း၏ သရုပ်သာလျင် ဖြစ်ပါစေ။ ထို့နောက်သော်ကား သဘာဝနှင့်နီးနီးနေပါလေ။ ထိုနောက်၌မူ ကိုယ့်အရင်က ဘယ်သူဘယ်ဝါမှ မလုပ်ဖူးသည့်အလား မြင်သမျှ၊ ခံစားသမျှ၊ ချစ်သမျှ၊ ဆုံးရှုံးသမျှတို့အား ပြောကြားရန် ကြိုးစားပါလေ။ အချစ်ကဗျာများကိုတော့ မရေးလေနှင့်။ လွယ်လင့်တကူ ဘာမှမထူးခြားသော ပုံသဏ္ဌာန်များကို ရှောင်ပါ။ ဒါမျိုးတွေက ရေးရတာ အခက်ဆုံးဖြစ်သည်။ ကိုယ်ပိုင်တစ်စုံတစ်ရာကို ဖန်တီးဖို့မှာ ပြည့်ပြည့်ဝဝမှည့်ရွှမ်းသော စွမ်းအားလိုလိမ့်မည်။ အချစ်အကြောင်း ကောင်းသောကဗျာများ၊ ခမ်းနားတင့်တယ်သည်ဟုပင် ပြောနိုင်သောအရေးအသားများမှာ အစဉ်အဆက် များလှပြီ။ ထိုသို့သော ယေဘုယျအကြောင်းအရာများမှ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါ။ နေ့စဉ်ဘဝက မိမိအား ပေးအပ်သမျှကိုသာရေး။ ဝမ်းနည်းစရာများနှင့် ဆန္ဒများကိုဖော်ပြ။ မိမိစိတ်ထဲကို ဖြတ်သွားသော အတွေးများ၊ အလှတစ်စုံတစ်ရာ အမျိုးအစားတစ်ခု၌ မိမိ၏သက်ဝင်မှု၊ ထိုထိုအရာများကို နှလုံးသား၌ ခံစားလျက် တိတ်တိတ်ဆိတ်ဆိတ် ရိုရိုကျိုးကျိုး ရိုးသားခြင်းနှင့် တင်ဆက်ပါလေ။ မိမိကိုယ်မိမိ ဖော်ထုတ်ရာ၌ မိမိကိုယ်ကို ဝန်းရံလျက်ရှိသော အရာများ၊ မိမိအိပ်မက်များမှ ပုံရိပ်များ၊ မိမိမှတ်မိနေသော အရာများကိုသုံး။ မိမိနေ့စဉ်ဘဝ အတွေ့အကြုံများမှာ နုံနဲ့လှသည်ထင်သော် ယင်းတို့ကို အပြစ်မတင်လိုက်နှင့်။ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်။ ကြွယ်ဝလျက်နှင့် မယူတတ် ကဗျာဆရာတစ်ယောက်ဖြစ်အောင် မတတ်သေးဟုဝန်ခံ။ အဘယ်ကြောင့်ဆိုသော် တီထွင်ဖန်ဆင်းသူ၌ ဆင်းရဲခြင်းဟူသည် မရှိ၊ နုံနဲ့၍ မထူးခြားသော နေရာဟူသည် မရှိ၍ ဖြစ်လေသည်။ အကယ်၍ ခင်ဗျားကိုယ်ခင်ဗျား အကျဉ်းထောင်တစ်ခုထဲ ရောက်နေသည်။ ထိုအကျဉ်းထောင်၏ နံရံများက ကမ္ဘာ၏ မည်သည့်အသံမဗလံကိုမှ ဝင်ခွင့်မပြုဟုခံစားရသော်မှ ခင်ဗျားမှာ ခင်ဗျားရဲ့ကလေးဘဝ တန်ဖိုးဖြတ်မရသော ရတနာ အောက်မေ့တမ်းတစရာများတည်ရာ ဘဏ်တိုက်ရှိလေသေးသည် မဟုတ်လော။ စိတ်အားထိုနေရာသို့လှည့်၊ အပြောကျယ်သော ထိုအတိတ်မှ နစ်မြုပ်နေသော ခံစားမှုများကိုမြှင့်လိုက်ပါ။ စိတ်အားကိုယ်အားသည် မာလာလိမ့်မည်။ ခင်ဗျား၏ ဧကစာ ထီးထီးကျန်ခြင်းသည် ကျယ်ပြန့်လာလျက် ရေးရေးရိပ်ရိပ် ရိုးရိုးရီရီမျှလင်းသော နေရာတစ်နေရာဖြစ်လာလိမ့်မည်။ တခြားသောသူတို့ ဖြတ်သွားသောအသံကား အဝေးဆီမှသာသဲ့သဲ့၊ ထိုနေရာ၌ ခင်ဗျားနေနိုင်လိမ့်မည်။ ထို့အပြင်မူ ထိုသို့သောအတွင်းသို့လှည့်ခြင်း(ဝါ) မိမိကိုယ်ပိုင်ကမ္ဘာလောကထဲသို့ စုပ်စုပ်မြုပ်နစ်နေခြင်းမှ ကဗျာများ ထွက်ပေါ်လာလိမ့်မည်။ ထိုအခါ ကဗျာများ ကောင်း၏ ညံ့၏ မည်သူမည်ဝါကိုတော့မေးလိုက်ဦးမှဟု ခင်ဗျားတွေးတော့မည်မဟုတ်။ မဂ္ဂဇင်းများအား ဤကဗျာများ၌ စိတ်ဝင်စားရန် ကြိုးစားတော့မည်မဟုတ်။ ဒါတွေကား သဘာဝအလျေက်ဖြစ်လာသော ခင်ဗျားချစ်သော ပိုင်ဆိုင်မှု၊ ခင်ဗျားဘဝ၏ အစိတ်အပိုင်းတစ်ခု၊ ဘဝမှလာသော အသံတစ်သံ၊ ထိုကဲ့သို့ ခင်ဗျားမြင်လာ၍ ဖြစ်လေသည်။ လိုအပ်ခြင်းမှ ထွက်ပေါ်လာသောအနုပညာပစ္စည်းကား ကောင်း၏။ အနုပညာပစ္စည်းကို အကဲဖြတ်ရန် ဤနည်းသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။ ချစ်သောဆရာလေးခင်ဗျား … ကျွန်တော့်မှာ ခင်ဗျားအား အောက်ဖော်ပြပါ အကြံမှလွဲ၍ တခြား ဘာမှမပေးနိုင်။ “ကိုယ့်အတွင်းထဲသို့ လမ်းသလား။ အသက်ဇီဝစီးရာ ထိုနေရာ ဘယ်ကလောက်နက်ရှိုင်းသည် မြင်အောင်ရှု၊ အရင်းမူလ ထိုစမ်းဝ၌ ခင်ဗျား ဖန်ဆင်းမည် မမည် မေးခွန်း၏အဖြေကို တွေ့လိမ့်မည်။ ထိုအဖြေကို လက်ခံပါလေ။ အနက်ဖတ်ရန် မကြိုးစားနှင့်။ သတ်မှတ်ပြဋ္ဌာန်းပြီးလေပြီ”။ အနုပညာရှင်တစ်ဦးဖြစ်ဖို့ အကြောင်းပါလာသည်ဟု အကယ်၍ တွေးသည်ဆိုပါစို့။ ထိုရောအခါ၌ ထိုပန်းတိုင်သို့ ချီလေတော့၊ ရုန်းပေရော့၊ ထိုဝန်နှင့် ခမ်းနားကြီးကျယ်ခြင်းကို ထမ်းပေရော့။ အပြင်အပ ဗဟိဒ္ဓမှလာမည့် ဆုလာဘ်ကို မမေးစမ်း မမျှော်မှန်းဘဲလျက်။ တီထွင်ဖန်ဆင်းသူကား သူကမ္ဘာလောကနှင့်သူသာ ဖြစ်ကိုဖြစ်ရပေမည်။ သူ့ကိုယ်တိုင်နှင့် သဘာဝထံ ဘဝတစ်ခုလုံး ပုံအပ်ရာ၌ “အလုံးစုံ အားလုံးအား” တွေ့ကို တွေ့ရပေလိမ့်မည်။

အဇ္ဈတ္တအတွင်းနှင့် တစ်ကိုယ်ထီးထီး ဧကစာနေခြင်းသို့ သက်ဆင်းပြီးနောက်သော် ကဗျာဆရာတစ်ဦး မဟုတ်တကားဟု ခင်ဗျားငြင်းဆိုကောင်း ငြင်းဆိုနိုင်ပါသည်။ ပသို့ဆိုစေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေခြင်းကား အကျိုးနတ္ထိ ဘာမှမရရှိ မဖြစ်နိုင်။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေခြင်းမှသည် ဘဝလမ်းကြောင်းများ တွေ့နိုင်သေးလို့ ဖြစ်သည်။ ထိုလမ်းကြောင်းများ ကောင်းသော် ကောင်းမည်။ ကြွယ်ကြွယ်ဝဝ ဖြစ်သော်ဖြစ်မည်။ (ခင်ဗျားအတွက် ကျွန်တော် ဆုတောင်းပေးသလို) ကျွန်တော်ပြောနိုင်သည်ထက် ကျယ်ပြန့်သော် ကျယ်ပြန့်ပေလိမ့်မည်။

သည်ထက်သည် ဘာများ ခင်ဗျားကို ကျွန်တော် ပြောနိုင်ဦးမှာလဲ။ အရာမှန်သမျှ သူ့နေရာနှင့်သူ အရာရောက်သည်၊ အရေးပါကြသည်။ နောက်ဆုံးအနေနှင့် အကြံတစ်ခုသာ ဖြည့်စွက်ချင်၏။ “ရင့်သန်”လာရန် ငြိမ်ငြိမ်သက်သက်နှင့်သာ ဇွဲကောင်းလျက်သာ လုပ်ဆောင်ပါလေ။ ခင်ဗျားရဲ့ အတိတ်ဆုံးကာလတွင် အတွင်းအနက်ရှိုင်းမှသာ ဖြေနိုင်ကောင်း ဖြေနိုင်မည့် မေးခွန်းများကို၊ ပြင်ပမှအဖြေများကိုစောင့်ခြင်း ပြင်ပသို့ မျှော်ခြင်းအားဖြင့် ရင့်သန်ခြင်း အစဉ်အား မနှောင့်ယှက်လေနှင့်။

ပါမောက္ခ ဟိုရာဆက်၏အမည်ကို ခင်ဗျားရဲ့စာမှာ တွေ့ရခြင်း၌ ကျွန်တော့်အတွက် အရသာရှိပါ၏။ ကြင်နာတတ်သော ထိုပညာရှိအား ကျွန်တော် ကြည်ညိုသည်။ သူ့ကျေးဇူးကား ကျွန်တော့်အပေါ် နှစ်ပေါင်းများစွာ ကြာလှပြီ။ သူ့အား ကျွန်တော် မည်သို့ခံစားနေကြောင်း ကျေးဇူးပြု၍ပြောပေးပါ။ သူ ကျွန်တော်အား ယခုထိအောက်မေ့နေသေးသည်။ ဒါကို အလွန်လေးမြတ်နေပါ၏။

ကျွန်တော့်အား ယုံကြည်စွာပေးလိုက်သော ကဗျာများကို ပြန်ပို့လိုက်ပါသည်။ ခင်ဗျားရဲ့မေးခွန်းများနှင့် ကျွန်တော့်အား ထားရှိအပ်သော ရိုးသားသည့် ယုံကြည်မှုအတွက် ကျေှးဇူးထပ်ခါထပ်ခါတင်ပါသည်။ ကျွန်တော် တတ်နိုင်သလောက်ရိုးသားစွာဖြင့်၊ သူစိမ်းတစ်ယောက်အနေနှင့် ကိုယ်ရှိသည်ထက် ပိုကြွယ်ဝအောင် ကြိုးစားလျက် ခင်ဗျားမေးခွန်းများကို ဖြေလိုက်ပါသည်။

သစ္စာရှိစွာဖြင့်

ရိန်နာမာရီယာရီလ်ကီ


ရီလ်ကီ၏ပေးစာများ - ကိုတာ၊ ကိုရင်တာ နှစ်ပါးသွား၊ ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် ၅၁၊ ဇွန်လ၊ ၂၀၁၀ မှ ထုတ်နုတ်ကူးယူမျှဝေခြင်းဖြစ်ပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, June 12, 2010

နယုန်လ ထဲက ဘဝ တစ်စ......

နယုန်လ ထဲက ဘဝတစ်စ ဆိုတဲ့ အဓိပါယ်က
ကျွန်တော်တို့ ဒေသ ရှိတောင်သူလယ်သမားတွေ နယုန်လ ရောက်ရင်
လယ်ယာလုပ်ငန်းခွင်ဝင်ပုံကို

ကိုယ်စားပြုပါတယ်...
" သား...ထတော့လေ "
အညာစောင်တစ်ထည်အောက် ပုဇွန်တစ်ကောင်လို ကွေးပြီး
လက်နှစ်ဖက်ပေါင်ကြားထဲ ထည့်၍အိပ်မောကျနေသော ကျွန်တော့်
နားထဲသို့  ချိုသာစွာတိုးဝင်လာတဲ့ အမေ့ ရဲ့ အချိန်မှန်နိုးစက်သံ...
သို့ သော် ကျွန်တော်အိပ်ယာမှ မထ.......
" သား..ထတော့ "
ဒုတိယပ္မိ အမေ့ ရဲ့ နိုးစက်အသံက နားထဲခပ်ထန်ထန်ဝင်လာပြီး
အသိဥာဏ်ကို နိုးလိုက်တယ်...သို့ သော် ကျွန်တော် အိပ်ယာမှ မထဖြစ်သေး....
သို့ သော် အသိဥာဏ်က နိုးထ ခဲ့ ပြီ...ပထမ ဦးဆုံးသိလိုက်တာက
အိမ်အပြင်ဖက် အငြိုးကြီးကြီး သဲကြီးမဲကြီး ရွာနေတဲ့ မိုး....တွေးလိုက်တာက
လယ်ထဲဆင်းရတော့မယ်.....(ဒေသအခေါ်လယ်ထွန်သွားရတော့မယ်)
" ပျင်းလိုက်တာ အိပ်လို့ ကောင်းတုန်း အမေကတော့ နိုးပြန်ပြီ...
ကောင်းကောင်းတောင်မအိပ်ရဘူး "ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ဆယ့်ခုနှစ်သား
အရွယ် တုန်းကပေါ့"
" သား..လေးနာရီခွဲတော့မယ် ထတော့ "
တတိယပ္မိ အမေ့ရဲ့ အသံနဲ့ အတူ ငေါက်ကနဲထထိုင်လိုက်ချိန် ကျွန်တော့်နှာခေါင်း
ထဲ အလုအယက်တိုးဝင်လာတာက ငါးခြောက်ဖုတ်ဆီဆမ်းအနံ့ 
" သြော်...အမေတောင် ဘုရားဆွမ်းကပ်ပြီးပြီပဲ့ "ဆိုတဲ့ အတွေးနဲ့ အလျင်အမြန်
ကိုယ်လက်သုတ်သင်ပြီး ပူပူလောင်လောင်ထမင်းကို ငါးခြောက်ဖုတ်ဆီဆမ်းနဲ့ 
အူမတောင့်အောင် လွေးလိုက်တာပေါ့....ဒီအချိန်မှာပဲ့
" တဖြောက်ဖြောက်တောက်....ဝေါ...ဝီး...ဒီန်း...ဒလိမ်း "
တဲ့ ......လျပ်တပြက် ဝင်းကနဲ လက်ကနဲအလင်းရောင်တွေကြား အိမ်တစ်ဆောင်
လုံးတုန်သွားအောင် ချုန်းလိုက်တဲ့ မိုးကြိုး....ဇာတ်ပွဲထဲက ပတ်မ ကြီးလိုပဲ့ 
နားတောင်အူသွားတယ်....အလုံပိတ်ထားတဲ့ အိမ်ထဲ " ဝေါ....ဝီး..."ဆိုတဲ့
အသံနဲ့ မဖိတ်မခေါ်ကျူးကျော်ဝင်လာတဲ့ လေလိုင်းကြီးက....
မှိန်တုတ်တုတ်ရေနံ ဆီမီးခွက်ငယ်လေးကို ငြိမ်းလုလုပေါ့....
" တဖြောက်ဖြောက်တောက်.....ဝေါ..."ဆိုတဲ့ စစ်ချီတေးနဲ့ ကောင်းကင်ပေါ်က
ဆင်းလာတဲ့ ရေစက်တွေဟာ တလောက လုံးကို အမှောင်ဖုန်းပြီး မင်းမူနေပြီလေ..
ကျွန်တော့်အတွက်တော့ တလောကလုံးအမှောင်ဖုန်းနေပေမဲ့ ဘဝတိုက်ပွဲဆင်နွဲဖို့ 
အတွက် လှမ်းထားတဲ့ တန်းပေါ်က အရောင်မွဲမွဲဘောင်းဘီရှည်ကိုယူပြီးဝတ်....
မွဲခြောက်ခြောက်ဖျင်သားအင်္ကျီထူထူကို ခေါင်းပေါ်ကနေစွပ်ချရင်း အေးစက်တဲ့ 
မိုးသီးတွေကိုကာကွယ်ဖို့ ဒေသ အခေါ် မိုးကာပိုင်းကို ကျောပြင်ပေါ်လွမ်းခြုံလိုက်
တယ်... ပြီးတော့ ရှေးခေတ် မြန်မာ စစ်သားတွေဆောင်းတဲ့ စစ်ခမောက်လိုလို
ဝါးခမောက်ကို ခေါင်းပေါ်မှာဆောင်း....အိမ်နံရံမှ သုံးလန်ခွဲလောက်ရှည်တဲ့ 
လက်စွဲတော်ကြိမ်လုံးကို ဆွဲယူရင်း ပေါက်တူးတစ်လက်ကို ပုခုံးပေါ်ထမ်းပြီး
ဖိနပ်မပါ ခြေဗလာနဲ့  မှောင်မဲနေတဲ့ မိုးတောကြီးထဲ တိုးဝင်လိုက်ပုံက ပုဂံရာဇဝင်
ထဲ သူရဲကောင်းတွေလိုသတ္တိတွေ အပြည့်နဲ့ ပေါ့....
" အား......"
လို့ မအော်မိပေမဲ့  တစ်ကိုယ်လုံးတုန်သွားမိတယ်..ဆောင်းတွင်းမနက်ခင်းမှာ
ရေခဲရေနဲ့ ကျောပြင်ပေါ် ရုတ်တရက်လောင်းချလိုက်သလိုခံစားမှု မျိုးပေါ့....
ခြေဖဝါးကတဆင့် ခြေသလုံးတစ်လျောက် အပေါ်ပိုင်းဆန်တက်လာတဲ့ 
အေးစက်မှု့ ...ခန္ဒာကိုယ်အပေါ် အလုအယက်ခုန်းဆင်းနေတဲ့  မိုးသီးဒဏ်...
ခံစားရတဲ့ ဝေဒနာတွေကြောင့် ပါးစပ်ကနေ ငြီးညူတဲ့ အသံ ရုတ်တရက်
ကျယ်ကျယ်လောင်လောင်တိုးထွက်လာတယ်.....
" အမ်ဘုံမောင် ရွာမယောင်ပျိုး...တစ်မိုးလုံးမဲမဲမှောင်နေတယ်..
လျှပ်နွယ်လျှပ်ပန်း မပြတ်တကယ်ယှက်သန်း အမြဲတမ်းဝင်းလက်နေတယ်...
မရွာပါနဲ့ နော် မိုး....မိုး...မိုးရယ်......."ဆိုတဲ့ တွန်တေးသိန်းတန်ရဲ့ သီချင်း
တစ်ပိုင်းတစ်စ..ယခုခေတ်ဆို သားစိုးတို့ ..စိုင်းစိုင်းရဲ့ ရေအိုးလေးလုပ်ပါဦး
ဆိုတဲ့ သီချင်းတွေ ဆိုနေမလားပဲ့ ပေါ့.....ဟော သီချင်းဆိုရင်းနဲ့ တောင်
လယ်ကွင်းနား နီးလာပြီ.......
လယ်ကွင်းနား ရောက်ပေမဲ့  ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမမြင်
ရသေး..လေတိုက်နေတာ တဝီဝီ...မိုးရွာနေတာ တဖြောက်ဖြောက်
အေးကလည်း အေး..မှောင်မှောင်မဲမဲထဲ ကျွဲနှစ်ကောင်ကို လိုက်ရှာရဦးမည်....
" ငါ့ ကျွဲနှစ်ကောင် ဘယ်နားရောက်နေလဲ" လျှပ်တပြတ် လျှပ်ရောင်ထဲ
သူခိုးမျက်လုံးနဲ့ ကျီးကန်းတောင်းမှောက် ပတ်ဝန်းကျင်ကို ကြည့်ရင်း
ကျွဲများကျက်စားတတ်တဲ့ နေရာကို တွေးဆရင်း ကျွဲရှာပုံတော် ဖွင့်ရပြန်ပြီပေါ့....
" ဖုတ်ဖလပ်....ဖုတ်ဖလပ်"
ဆိုတဲ့ ရွံ့ ပြင်ထဲနင်းလာတဲ့ ခြေသံတစ်သံ နားထဲ တိုးဝင်လာတော့ အသံမာမာနဲ့ 
" ဟေ့...ဘယ်သူလဲ...သြော်....ဦးကြီးလှဖေလား...ကျွဲရှာနေတာလား
ကျွန်တော့် ကျွဲရောတွေ့ မိသေးလား" ဘဝတူ လယ်သမားဦးကြီးကို အငန်းမရ
မေးရတာပေါ့ ..ဦးကြီး လှဖေ က " အေး...ဘယ်သူလဲ...လူကလေး...လား.
အေး..အေး...နင့် ကျွဲ နှစ်ကောင်ဟိုဖက်မှာ တွေ့ ခဲ့ တယ်..သွားခေါ်လိုက်တဲ့ "
လောကကြီး တစ်ခုလုံး ဘယ်လောက်ပဲ့မှောင်မဲ သောင်းကျန်းနေပါစေ
နားလည်မှု့ တွေနဲ့  နွေးထွေးတဲ့ ရိုင်းပင်းကူညီမှု့ တွေဟာ တောင်သူလယ်သမား
တွေရဲ့ လှပတဲ့ နှလုံးသား ပြယုဒ် တစ်ခုပေါ့ ....အခက်ခဲ တိုင်းအတွက် မျှော်လင့်
ချက်တိုင်းအတွက် ဒီလို နှလုံးသား တွေ များများလိုအပ်တယ်လေ....
ဟော...တွေ့ လိုက်ပြီ လျှပ်တပြတ် လျှပ်ရောင်ထဲ ရေပြင်ပေါ်မှာ ကျွဲခေါင်း
နှစ်လုံး.....သိပ်တော့မသေချာသေး....ပတ်ဝန်းကျင်က မှောင်သွားပြန်ပြီ...
ခြေသံလုံလုံနဲ့ကျွဲခေါင်းတွေ နဘေး သို့ လှမ်းရင်း ခပ်တိုးတိုးလေး သခင့် 
အသံပေးခေါ်ကြည့်လိုက်တယ်.....
" လောဘ......ဒေါသ....လောဘ....ဒေါသ...."
ပြောပြရဦးမယ်...ကျွန်တော့် ကျွဲ နှစ်ကောင်အကြောင်း....တစ်ကောင်က
အစားကြီးလို့  လောဘ လို့ နာမည်ပေးထားတဲ့ ကျွဲမ...နောက်တစ်ကောင်က
ဒေါသလို့ ပေးထားတယ်....ဒီအကောင်က သိပ်ဒေါသကြီးတယ်လေ....
ပြီးတော့ ကျွဲဆိုတဲ့ သတ္တဝါက ရွံ့ ဗွက်၊ မိုးရေ ဆိုအရမ်းနှစ်သက်တာ...နွားတွေနဲ့ 
တော့ ဆန့် ကျင်ဖက်ပါပဲ့ ..နွားက မိုးရွာရင် ငိုတယ်...ကျွဲက မိုးရွာရင်
ပျော်တယ်....ပြီးတော့ ရွံ့ ထဲ၊ နွံ့ ထ၊ဲ မိုးရေထဲ မှာ ရုန်းအားလည်းကောင်းတယ်
ဆိုတော့ မိုးတွင်း လယ်သမားတွေ အတွက်တော့ မရှိမဖြစ် ရွှေထွက်တဲ့ စက်ပါပဲ့ လေ...
" ဝုန်းဘလွတ်...ဝုန်း..ဝုန်း..."
သခင့် အသံကြားတော့ ရွံ့ အိုင်ထဲ တစ်ကိုယ်လုံးစိမ်ရင်း စားမြုံ့ ပြန်နေတဲ့  ကျွဲနှစ်ကောင်
ဝုန်းကနဲ ..ဝုန်းကနဲ ထလိုက်တဲ့ အသံလေ..သူတို့ က သခင်ကို သိပ်သိတယ်....
တဖြည်းဖြည်းလေး အနားတိုး ကျွဲပုခုံးလေး ပွတ်ပြီးတော့ " လုပ်ငန်းခွင်ဝင်ကြစို့ "လို့ 
ပြောပြီး အသာလေး ဆွဲခေါ်လာလိုက်တယ်....ကျွဲနှစ်ကောင်ကလည်း သခင်ခေါ်ရာ
တဖဝါးမှမကွာ ပျင်းရိငြီးငွေ့ စွာလိုက်လာကြတယ်လေ....
လယ်ကွင်းထဲရောက်ပြီ....မိုးလည်း ရပ်သွားပြီ..အမှောင်ထုလည်းပျောက်
အလင်းလည်း ရောက်ပြီ...လေကတော့ တိုက်တုံး...မိုးရိပ်က တော့တက်တုံး...
လောကတခွင်ဟာ ခပ်မှိုင်းမှိုင်းနဲ့ အတိတ်ကို လွမ်းနေတဲ့ အဖိုးအိုတစ်ယောက်လိုပေါ့...
ရွံ့ ပျော့ပျော့ရေဖွေးဖွေး မမြုပ်တမြုပ်မြစ်ပင်တွေနဲ့ မထွန်ယက်ရသေးတဲ့ 
လယ်ကွင်းပြင်ပေါ် ထွန်တုံးကို ချရင်း ကျွဲပုခုံးပေါ် ထမ်းပိုးတပ်ပြီး ပျိုးခင်းစဝင်ဖို့ 
ပြင်ဆင်ရပြန်ပြီပေါ့....ထိုနောက်တော့....ခပ်ပြင်းပြင်းအသံလေး
" တောက်.."ဆိုတာ အချက်ပေးပြီး လက်စွဲတော် ကြိမ်လုံးအရှည်ကို လေထဲ
" ရွှမ်း" ကနဲ မြည်အောင်ဝှေ့ ရမ်းရင်း ထွန်ရေးညီအောင် ဂရုစိုက်ရပြီပေါ့..
ထွန်ရေးကြောင်းညီအောင် လက်က ထွန်တုံးကို ထိန်းရသလို နှုတ်ကလည်း
ကျွဲမောင်နှံ လမ်းကြောင်းတည့်အောင် ရုန်းနိုင်ဖို့ " ဆွေ..လှည့် လည်း....
တာ.....တာ..လှည့်လဲ...ဆွေ...ကွဲ ဆို...." လို့ အသံရှည်ဆွဲပြီး အော်ပေး
ရတယ်လေ...
ပြောပြရဦးမယ်..ကျွန်တော်တို့ ဒေသမှာ ကျွဲမောင်နှံ ထမ်းပိုးတပ်ပြီးရင်
လမ်းကြောင်းမှန်အောင် ထိန်းဖို့ " ဆွေ" တို့ " တာ"တို့ ကိုသုံးရတယ်..ညာဖက်က
ကျွဲကို ညာဖက်လှည့်ခိုင်းဖို့ " ဆွေလှည့်"လို့ ပြောရတယ်..ဘယ်ဖက်ကကျွဲကိုတော့
" တာလှည့်"လို့ ပြောရတယ်...ဘယ်ဖက်လှည့်ဖို့ ပေါ့..." တောက်"ခေါက်တယ်
ဆိုတာက စဆွဲတော့လို့ အဓိပါယ်ရတယ်လေ...ဒါတွေကတော့ လယ်သမားတွေ
ရဲ့ ကျွဲတွေကို ထိန်းချုပ်ထားတဲ့ လှပတဲ့ ရိုးရာဓလေ့ဘာသာစကားတစ်ခုပေါ့လေ..
လက်တစ်ဖက် ကထွန်တုံးကိုကိုင်၊ ကျန်တစ်ဖက်က ကြိမ်လုံးရှည်ရှည်ကို
လေထဲ" ရွှမ်း"ကနဲ မြည်အောင်ဝှေ့ ရမ်းရင်း နှုတ်ကလည်းအားမာန်အပြည့်နဲ့ 
ကျွဲမောင်နှံအတွက် လမ်းကြောင်းမှန်အောင်တွန်းအားပေးရင်း မိုးထဲလေထဲ
ခပ်မှိုင်းမှိုင်းလောကခွင်ထဲ ထွန်ရေးကြောင်းလှအောင် အလုပ်တွင်အောင်
အားထုတ်ရတဲ့ ပုံက စစ်ပွဲအတွင်း စစ်သူကြီးတစ်ယောက်လို အားမာန်တွေ
အပြည့်နဲ့ ပေါ့လေ....
မိုးကလည်းရွာလိုက်၊ ရပ်လိုက်၊ လောကတစ်ခွင်လည်း လင်းလိုက်
မှောင်လိုက်၊ မိုးချုန်းသံတညံညံ၊ လေသံ တဝီးဝီးကြား အားမာန်အပြည့်နဲ့ 
လယ်သမားတွေရဲ့ ဘဝတိုက်ပွဲဟာ စပါးအထွက်ကောင်းဖို့ ...အလှူအတန်း
လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့.....ဒီလိုနဲ့ ....
အေးစက်တဲ့ မိုးတောထဲ ထွန်ရေးငင်နေတာ အသံလည်းဝင်လုပြီ...
နဖူးမှ ချွေးလည်းထွက်လုပြီ...ကျွဲမောင်နှံလည်း နှာသံတရှူးရှူးနဲ့ ခေါင်းမော့
နေပြီ...ဝမ်းဗိုက်ထဲကလည်း ဆာလှပြီ ဆိုတော့ မြန်မာစံတော်ချိန် ဆယ်တစ်နာရီ
ခွဲပြီပေါ့....အလုပ်နားချိန်ရောက်ပြီလေ...ဒါကတော့ ကျွန်တော်တို့ လယ်သမား
တွေမှာ ရှိတဲ့ သဘာဝနာရီတွေပေါ့...နေ့ လည်စာထမင်းစားချိန်ရောက်ပြီလေ....
လယ်နီးချင်းတွေကိုကြည့်လိုက်တော့ ထမ်းပိုးဖြုတ်ကျွဲလွတ်နေပြီ...
အလုပ်သိမ်းနေပြီလို့ ပြောတာ...ဟိုး...အရှေ့ လယ်ကန်သင်းဆီက အမေ
ထမင်းတောင်းရွက်ရင်း လာနေပြီ...ထမ်းပိုးကိုဖြုတ်ပြီးနာနေတဲ့ ကျွဲပုခုံးတွေကို
နိမ့်နယ်ပေးရင်း" ဝေးဝေးမသွားနဲ့ "လို့ တိုးတိုးလေးပြောရင်း လယ်တဲဆီလာနေ
တဲ့  အမေ့ထမင်းတောင်းကူသယ်ဖို့ အပြေးကလေးသွားရပြန်တယ်ပေါ့...
" ဟေ့...ဖိုးအောင်...မောင်မဲ...လာကြ ငါတို့ နဲ့ ထမင်းအတူတူစားရအောင်"
လို့ ခေါ်တဲ့ အမေ့ရဲ့ တေးသံချိုချို....နားထောင်ရင်း လယ်ကွင်းထဲမကြည်လင်တဲ့ 
ရေနဲ့ မျက်နှာသစ်၊ ခြေလက်သုတ်သင်ပြီး အဝတ်လှဲလိုက်တယ်လေ...
ဆံသုံးဗူးချက်ထားတဲ့ ထမင်းဖွေးဖွေး..အနံ့စူးစူး ငါးပဲဖျော်တစ်ခွက်...
တဲနဘေး အလေ့ကျပေါက်နေတဲ့ တို့ စရာ
လယ်ကန်ဇွန်းရွက်...နီရဲရဲ ဆီတဝင်းဝင်းချက်ထား
တဲ့ ငါးဟင်းတစ်ခွက်...ဘီတာမင်ဓါတ်အများကြီးပါတဲ့ မန်ကျည်းရွက်အချဉ်ရည်
ဟင်းတစ်ခွက်နဲ့ မန်ကျည်းရွက်အသုတ်တစ်ခွက်ဟာ အားအင်ကုန်ခမ်းမောပန်း
နေတဲ့ ကျွန်တော့်အတွက် အဘယ်မျှလောက် အရသာရှိလိုက်နေမည်နည်း...
တွေးသာကြည့်ပေတော့...ပြောမပြတတ်အောင်ပါပဲ့ ..ခေါင်းငုံ့ လွေးရင်းနဲ့ ပေါ့...
" သားရေတရေးလောက် အိပ်လိုက်ဦး"
ဆိုတဲ့ အမေရဲ့ မေတ္တာသံချိုချို...ပြောင်သလင်းရှင်းသွားတဲ့ ပန်းကန်ခွက်တွေ
သိမ်းနေတဲ့ အမရဲ့ အပြုံး....ဟိုး...ခပ်ဝေးဝေး ရွံ့ အိုင်ထဲ တစ်ကိုယ်လုံးစိမ်ရင်း
စားမြုံ့ ပြန်နေတဲ့ ကျွဲမောင်နှံ....ထွန်ယက်ထားတဲ့ လယ်ကွင်းထဲ ပျော်ရွင်ဆူညံ
စွာ အသံတစာစာနဲ့ အုပ်စုလိုက်အစာရှာနေကြတဲ့ လယ်သမားတွေရဲ့ ကျေးဇူး
ရှင် ဆက်ရက် တစ်အုပ်ကြောင့် အလန့် တကြား ခေါင်းလေး ငုံ့ လိုက်....မော့ကြည့်
လိုက်နဲ့ တစ်ကိုယ်တည်းအထီးကျန်စွာ အစာရှာနေသော ဗျိုင်းဖြူတစ်ကောင်..တဲနံရံ
ကိုလေတိုးနေတဲ့ " တရွီရွီ"ဆိုတဲ့ ဂီတအသံ....ကျွန်တော့်အတွက်တော့ သဘာဝ
ပန်းချီကားထဲက သဘာဝ ဂီတသံ တွေကို မျက်လုံးလေးမှိတ် ခံစားရင်း တရေးနိုးထ
ရင် အစ်အမှန်ဘဝထဲ ပြန်လည်ဝင်ရောက်ဖို့ ကျွန်တော် အားမွေးရဦးမှာပေါ့လေ....


ဆက်ဖတ်မယ်ဆိုရင် ...

သူမ ရဲ့ အက်ဆေး....

ကျွန်တော်တို့ သူနာပြု ကျောင်းမှာ စာသင်ဖို့ ရောက်လာတာ...
သူနာပြု ကျောင်းလေး ရှိတဲ့  ကျွန်တော်တို့ တောမြို့ လေးကို သူမ စရောက်
တဲ့ နေ့ ...ကြည်လင်တဲ့ အပြုံးကို အသားညက်ညက် မနိုမ့် မမြင့် အရပ်
မျက်ဝန်း လှလှပေါ်မှာ ပန်ဆင်ထားသူ..အသက်သုံးဆယ်မြ

ပည့်ပေမဲ့  တည်
ငြိမ် မှု့ က သူမ အသက်ထက် ကျော်လွန်နေသူ..ဒေသ စကား...ရာသီဥတု...
အစားအစာ အကုန်လုံးက သူမ အတွက် သူစိမ်းတွေ ဆိုတော့ ကျောင်းသူကျောင်း
သားတွေနဲ့ ပိုပြီးရင်းနီးသွားစေတာပေါ့ ...
သူမ....နေ့ တိုင်းဖုန်းဆက်တတ်တယ်...အရမ်းလွမ်းတယ်..အရမ်းသတိရတယ်
ဖေဖေ မေမေ တို့ နေကောင်းကြရဲ့ လား..သမီး ဒီမှာနေရတာ အကုန်လုံး အဆင်
ပြေပါတယ်တဲ့ ...သူမိဘတွေ ဆီကိုပေါ့ ...
သူမ...ညနေတိုင်း ကျောင်းသူကျောင်းသားတွေ နဲ့  မြို့ ထဲ လျှောက်လည်တယ်...
စက်ဘီး စီးပြီးတော့ ကျောင်းဆင်းချိန်ပေါ့ ...သူမဟာ ကျောင်းသူကျောင်းသား
တွေ နဲ့ တွေ့  ရင် ဆရာမ ဆိုတာ ပျောက်သွားတယ်...သူမကိုယ်တိုင်ကျောင်းသူ
ဖြစ်သွားရော...စာသင်ချိန်ပြီးရင်ပေါ့ ..ဒါကြောင့်မို့ ထင်တယ်..တခြားဆရာမတွေ
ထက်စာရင် သူမ ဟာ ကျောင်းသူကျောင်းသားတွေ ရဲ့ ခင်မင်မှု့ ကို ပိုရရှိစေတာပေါ့
သူမ ..ကြောက်တတ်တယ်...ဒါကြောင့် မို့ သူ့ အခန်းမှာ ကျောင်းသူတွေ အမြဲ ရှိနေ
တတ်တယ်...ညတိုင်းလည်း သူမရဲ့ အကြောင်း သူမ ရဲ့ ချစ်သူကောင်လေးအကြောင်း
ပြောပြတတ်တယ်.....နောက်ထပ်တစ်နှစ် ဆိုရင် သူမ လက်ထပ်တော့မှာ....အခုသူ့ 
ချစ်သူ ကောင်လေး က ရေခြားမြေခြားအဝေးမှာ အလုပ်လုပ်နေတယ်..သူပြန်လာရင
လက်ထပ်မှာ..မိဘတွေ ချင်းလည်းသိထားကြပြီးပြီ..လက်ထပ်ပြီးရင်နေဖို့ အိမ်လည်း
ဝယ်ထားပြီးပြီတဲ့ ....ချစ်သူကောင်လေး နဲ့ ငယ်ငယ်လေးကတည်းက အတူတူတွဲလာ
တာ ကျောင်းသွားအတူတူ စားလည်း အတူတူပဲ့ တဲ့ ....သူ့ အကြောင်း ကိုယ့် အကြောင်း
ကောင်းကောင်းသိတယ်..သူက ငါ့ အပေါ်သိပ်ကောင်းတယ်..နားလည်ပေးနိုင်တယ်..
ငါ့ ကိုလည်း တန်ဖိုးထားတယ်..ချစ်လည်း ချစ်တယ်တဲ့ ...ဒါကြောင့် ငါသူကိုချစ်တာတဲ့ 
တခါတရံ သူမ တည်ဆောက်ချင်တဲ့ ဘဝကမ္ဘာလေးအကြောင်း ပြောပြတတ်တယ်
အိမ်ထောင်ကျရင် ငါဖြစ်ချင်တာတွေ ငါလုပ်ချင်တာတွေလုပ်မယ်တဲ့ ...ညနေတိုင်း
ကိုယ့် ခင်ပွန်းနဲ့ အပြင်ထွက်လည်မယ်..ညတိုင်း တီဗွီ အတူတူကြည့်မယ်..မနက်စော
စော ကျောင်းပို့ ခိုင်းမယ်..ကျောင်းဆင်းချိန်လာကြိုခိုင်းမယ်...ပြီးတော့သူရဲ့ နှစ်သိပ့် မှု့ 
တွေကို ကြည်နူးစွာ ခံယူချင်တယ်တဲ့ ......သူမက အချစ်ဆိုတာ စိတ်ကူးရင် အိပ်မက်
တွေ နဲ့ အရမ်းကို ကြည် နူးစေတယ်တဲ့ လေ....
ဒီလိုနဲ့ ပေါ့ ...တစ်နေ့ ကျောင်းသူတွေနဲ့ အပြင်ထွက်လည်ရင်း အပြန်မှာတော့
ကောင်လေး တစ်ယောက်ရဲ့ ပုံရိပ်တစ်ခုက သူမ မျက်ဝန်းထဲကပ်ပါလာခဲ့တယ်...
ဒီလိုနဲ့ တစ်နေ့ လေဆိပ်ကို ကိစ္စ တစ်ခုနဲ့ သွားရင်း အပြန်မှာတော့ ကောင်လေးရဲ့ 
ပုံရိပ်ဟာမျက်ဝန်းထဲမှ တစ်ဆင့် သူစိတ်ထဲ တိုးဝင်လာခဲ့တယ်..ဒီလိုနဲ့ တနေ့ လေလိုင်း
လေးတစ်ခု ဖုန်းထဲ မှ တဆင့် သူမ ရဲ့ စိတ်ထဲ တိုးဝင်လာခဲ့ ပြန်တယ်...ဒီလိုနဲ့ ဒီလိုနဲ့ 
ညနေတိုင်း လေလိုင်းလေး တစ်ခုဟာ ဖုန်းထဲမှတဆင့် သူမရဲ့ စိတ်ထဲ..စိတ်ထဲ မှတဆင့်
သူမရဲ့ နှလုံးသားထဲ ကိုလွမ်းမိုးလာခဲ့တယ်ပေါ့ လေ....
အေးချမ်းတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ "စ " သုံးလုံးဆိုတဲ့  ဌာနက လူတစ်ယောက်
ကျွန်တော်တို့ ကျောင်းကို အလည်လာခဲ့တယ်..ထူးခြားစွာပဲ့အေးချမ်းတဲ့ မနက်ခင်းမှာ
သူမ အစောကြီးနိုးနေခဲ့ တယ်...အေးချမ်းတဲ့ ဆောင်းတွင်းရေဟာ သူမ အတွက်အရမ်း
ကိုနွေးထွေးစေခဲ့ တယ်..ထူးခြားစွာပဲ့  သူမ ဒီနေ့ အလှပြင်နေခဲ့တယ်..ထူးခြားစွာပဲ့ 
သူမ နှုတ်ခမ်းနီ ဆိုးထားတယ်...အေးချမ်းတဲ့ ဆောင်းတွင်းမနက်ခင်းဟာ သူမရဲ့ 
နိုးကြားတဲ့  ထကြွလုံ့ လမှု့ အောက်မှာပြားပြားဝံ့နေခဲ့ ရတယ်...သူမဟာထူးထူးခြား
ခြား တစ်နေ့ လုံးပျော်ရွင်နေခဲ့ တယ်လေ.....
ဆောင်းရက်တွေ တဖြည်းဖြည်း အေးစက်လာခဲ့ ပြီ...သူမ လည်းတဖြည်း
ဖြည်း ပြောင်းလဲခဲ့ ပြီလေ...ညနေတိုင်းသူမဟာ ဖုန်းကိုမျှော်တတ်နေပြီ...ညနေတိုင်း
စက်ဘီးစီး မြို့ အနှံ့ လည်တာ ပျက်ကွက်ခဲ့ပြီ..နေ့ တိုင်းအချစ်သီချင်းတွေဆိုငြီးတတ်
နေပြီ...ညတိုင်းအချစ်အဓိပါယ်တွေ ဖွင့် ပြတတ်နေတတ်ပြီ...
အချစ်ဆိုတာ အရမ်း ထူးဆန်းတာပဲ့ ..သူ့ အကြောင်းတွေးရင်း အလိုလိုပျော်လာ
တယ်..သူ့ ကိုတွေ့ လိုက်ရင် တစ်ကိုယ်လုံးနွေးထွေးလာစေတယ်...အရာရာတိုင်းလှပ
နေတယ်...သူ့ အသံဟာ သူမ အတွက်ကြည် နူးစေတဲ့  အိပ်မက်တစ်ခုပဲ တဲ့ ....
ငါသူ့ ကိုချစ်မိခဲ့ ပြီ..ဒါကြောင့်ငါဟာ သူရဲ့ မျက်ဝန်းအောက်မှာကျရှုံးခဲ့ ပြီတဲ့ ...
သြော်.....အချစ်ဆိုတာ ချစ်နေမိတဲ့ သူအတွက် တစ်ဘဝလုံးအရှုံးတွေပိုက်ထားရင်း
မျှော်လင့်နေမှု့ ပါတဲ့ .............
ဒီလိုနဲ့ အေးစက်တဲ့ ဆောင်းရက်တွေ နွေးလာခဲ့ ပြီ...သူမလည်း ကောင်လေး
အကြောင်းစုံစမ်းတတ်နေပြီလေ...သူမချစ်တဲ့ ကောင်လေးက 'စ "သုံးလုံးဆိုတဲ့ ဌာန
မှာ အလုပ်လုပ်တာတဲ့ ...အပေါင်းသင်းလည်းများတယ်တဲ့ ..လူချစ်လူခင်လည်းပေါ
တယ်တဲ့ ဘီယာလည်းသောက်တတ်တယ်တဲ့ ..သူမိဘက သိပ်အချမ်းသာကြီးမဟုတ်
ပေမဲ့  တစ်ဦးတည်းသောသားတဲ့ ...သူမ အတွက် သတင်းတွေလေ....
ပြောရအုံးမယ်..သူမရဲ့ စန်းပွင့်ပုံက
သူမ ကို ကျွန်တော်တို့ မြို့ လေးမှာ ရှိတဲ့ ဂုဏ်ရှိတယ်လို့ အထင်ခံရတဲ့ ဆရာဝန်ကအစ
စစ်ဗိုလ် အဆုံး ယောက်ျား အတော်တော်များများက စိတ်ဝင်စားကြတယ်..ဘာာဖြစ်လို့ 
စိတ်ဝင်စားကြတာလဲ ကျွန်တော် မသိပေမဲ့ ...သတိထားမိတာ တစ်ခုကတော့...
သူမ မှာ လှပတဲ့ မျက်ဝန်းတစ်စုံရှိတယ်..နွေးထွေးစေတဲ့ အပြုံးရှိတယ်...စေတနာပါတဲ့ 
တည်ငြိမ်မှု့ တွေရှိတာပါပဲ့ ....
ဒီလိုနဲ့ နွေးထွေးစေတဲ့  နေ့ ရက်တွေရဲ့  မနက်ခင်းတစ်ခုမှာပေါ့ သူချစ်ရတဲ့ 
ကောင်လေးက ချစ်ခွင့် တောင်းလာခဲ့တယ်..လက်ထပ်ခွင့် တောင်းလာတယ်ပေါ့ ....
တိုတိုလေး ပြောကြပါစို့ သူတို့ ချစ်သူတွေ ဖြစ်သွားကြတယ်...သူမ ဟာ အရမ်းပျော်
နေခဲ့ တယ်..သူမ ချစ်ရတဲ့ ကောင်လေး က သူမ အပေါ်သိပ်ချစ်တာကိုး....
သူမ ချစ်သူ ကောင်လေး ဟာ ကျောင်းဆင်းချိန် ညနေတိုင်း မြို့ အနှံ့ လည်ဖို့ 
လာခေါ်တယ်....သူမလည်း ညနေတိုင်း အလှဆုံးပြင်ပြီး စောင့် မျှော်ရင်း ချစ်သူ
ကောင်လေး အကြောင်း ပြောပြတတ်နေပြီလေ...
သူက သဘောထားကြီးတယ်တဲ့ ...ပျော်စရာတွေလည်း ဖန်တီးတတ်တယ်တဲ့ ..
သူအလုပ်က သူငယ်ချင်းအပေါင်းအသင်းတွေအများကြီးနဲ့ လုပ်ရတာတဲ့ ...တခါတရံ
အပေါင်းအသင်းတွေ နဲ့ ဘီယာသောက်တာ နားလည်ပေးနိုင်တယ်တဲ့ ..သူဟာ ငါ့ ကို
သိပ်ချစ်တယ်တဲ့ ..ငါလည်းသူနဲ့ နေရတာ အရမ်းပျော်တယ်တဲ့ ...သူတို့ စုံတွဲဟာ
အရမ်းပျော်နေခဲ့ တယ်လေ...
ဒီလိုနဲ့  ပူလောင်တဲ့ နွေရဲ့ နေလည်ခင်းမှာပေါ့ .....
သူရဲ့ ကျောင်းနေဖက်ချစ်သူဟာ သူမ ဆီကို ရောက်လာခဲ့ တယ်...သူမ ဟာ အံ့သြတဲ့ 
မျက်ဝန်းတွေနဲ့ တည်ငြိမ်နေခဲ့ တယ်......ဘယ်တုန်းက ရောက်လာတာလဲ...
ဖုန်းလည်းကြိုမဆက်ပါလား...ငါဒီမှာနေရတာပျော်နေပြီတဲ့ ...ငါ့မှာ နင့် ကိုပြောစရာ
တွေ ရှိတယ်...ငါ့ ကို ခွင့် လွတ်ပါသူငယ်ချင်းတဲ့ ...နင့် ကို ငါ လက်မထပ်နိုင်တော့ဘူး.
အရင် က ငါဟာ သိပ်ရင်းနှီးတဲ့ သူငယ်ချင်းသံယောဉ်ကို အချစ်လို့ ထင်ခဲ့ တာ..အခု
အချစ်ဆိုတာ ငါ့ နှလုံးသားက သိလိုက်ပြီတဲ့  ...အခု ငါ့ မှာ ချစ်ရမည့် သူရှိနေပြီ...
ငါသူ့ ကို လက်ထပ်မှာတဲ့ လေ...သြော်....အချစ်ဆိုတာ အပြောင်းလဲမြန်လိုက်တာ...
ပူလောင်တဲ့ နေ့ လည်ခင်းမှာ တည်ငြိမ်တဲ့ စကားလုံတွေဟာ မျှော်လင့်မှု့ တွေနဲ့ 
လာတဲ့ သူငယ်ချင်းချင်းရဲ့ နှလုံးသားကို လောင်ကျွမ်းစေမယ်ဆိုတာ သူမ သိနေခဲ့ တယ်
ဒါပေမဲ့ သူငယ်ချင်း ချစ်သူရဲ့ မျက်ဝန်းတွေ ထဲမှာ မြူတွေ ဆိုင်းနေတာကိုတော့ မသိ
သလိုနေခဲ့တယ်လေ...သြော်...အချစ်ဆိုတာ ပြတ်သားစေတယ်လေ...
ဒီလိုနဲ့ ပူလောင်တဲ့ နွေညနေခင်းတစ်ခုမှာ သူမမိဘတွေ ရောက်လာခဲ့ ကြတယ်..
အံ့သြစေတဲ့ သတင်းတွေနဲ့ အတူ ပြောင်းလဲနေတဲ့ သူမရဲ့ စိတ်တွေကိုမေးမြန်းဖို့ 
ပေါ့ ...သူမ ဟာ တည်တည်ငြိမ်ငြိမ်လေးနဲ့ ပြန်ပြောနေခဲ့တယ်လေ...
အမေတဲ့ ....အမေ အမေတို့ ဟာ သမီးကို တင့်တင့်တယ်တယ်နေတာကိုပဲ့ 
မြင်ချင်တာပဲ့ တဲ့ ..ဒါပေမဲ့ သမီးရဲ့ ပျော်ရွင်မှု့ စိတ်ခံစားချက်တွေကို လက်လျှူ
ရှူထားကြတယ်တဲ့ ...သမီးတို့ ချမ်းချမ်းသာသာ နေမှ သမီးတို့ ပျော်မယ်လို
အမေ တို့ ထင်နေတာ မဟုတ်လားတဲ့ ...အမေ ...သမီးလည်းအရွယ်ရောက်နေ
ပြီ..စဉ်းစားဆုံဖြတ်နိုင်တဲ့ ခေတ်ပညာတတ်တစ်ယောက်ပါတဲ့ ...အမေတို့ သမီး
ကိုချစ်ရင် သမီးရဲ့ အိမ်ထောင်ရေးကို သမီးဘာသာ သမီး ဆုံးဖြတ်ပါရစေတဲ့ လေ...
သြော် ...အချစ်ဆိုတာ အခက်ခဲတွေကိုရင်ဆိုင်ရဲတဲ့ သတ္တိတွေလည်း အလိုလို
ပြည့်စုံလာစေပါလား.........
ဒီလိုနဲ့ သူမဟာ ချစ်ရတဲ့ သူနဲ့ မိုးရက်တွေကုန်ဆုံးတဲ့ အထိချစ်သက်တမ်း
ဖြစ်ခဲ့တယ်...အေးချမ်းတဲ့ ဆောင်းညနေခင်းမှာ လက်ထက်ခဲ့ကြတယ်..သူမ ဟာ
အရမ်းကြည် နူးနေခဲ့ တယ်..သူမရဲ့ အိပ်မက်ဟာဖြစ်လာခဲ့ ပြီလေ..သူမတို့ စုံတွဲ
ဟာ ကိုယ်ပိုင်အိမ်လေးနဲ့  နေကြတယ်...တီဗွီ အတူတူကြည့်တယ်...ညနေတိုင်း
ဆိုင်ကယ် စီးပြီး မြို့အနှံ့လည်တယ်..သူမ ကိုမနက်ဆိုရင်ခင်ပွန်းက ကျောင်းကို
လာပို့ တယ်...ကျောင်းဆင်းချိန်ကျရင် သူမကို လာကြိုတယ်..ညနေစာ အတူတူ
စားကြတယ်....တစ်ဦးကိုတစ်ဦး ကြည်နူးနှစ်သိပ်မှု့ တွေပေးရင်း တစ်နေ့ တာ
အတွက်နွမ်းနယ်မှု့ တွေကို ဖြေသိပ်ကြတယ်လေ.....
ဒီလိုနဲ့ ပေါ့ ...သူမတို့ ရဲ့ အိမ်ထောင်ရေးဟာ အချစ်တွေနဲ့ နားလည်မှု့ တွေ
နဲ့ ကြည်နူးမှု့ တွေနဲ့ တည်ဆောက်ရင်း သူမမှာ ခလေးတစ်ယောက်ပိုင်ဆိုင်လာမဲ
လက္ခဏာတွေပြလာခဲ့ ပြီလေ...သူမရဲ့ စိတ်ကူးရင်အိပ်မက်ဟာအမှန်တကယ်ဖြစ်
လာခဲ့ ပြီ...သူတို့နှစ်ယောက်စလုံးဟာ အရမ်းကိုပျော်ရွှင်ခဲ့ တယ်လေ...
သူမ ဟာ အရင်ကထက်အနေအထိုင်အစားအသောက်ကအစ ပိုပြီးဂရုစိုက်ခဲ့ 
တယ်....ခင်ပွန်းကလည်း အရင်ကထက် ယုယမှု့ တွေ ပိုပြီးပေးခဲ့ တယ်....
ဒါပေမဲ့ လေ သူမ မျှော်လင့် ထားတဲ့ အိပ်မက်ဟာ အေးစက်တဲ့ ဆောင်းညတစ်ညမှာ
ကျကွဲခဲ့ ရတယ်...သူမဟာ ငိုကြွေးနေခဲ့ တယ်...သူမရဲ့ မျက်လုံးတွေဟာ နီရဲနေ
တယ်...မျက်ရည်တွေဟာ ပူပြင်းလို့ အငွေ့ ပျံခြောက်ခမ်းနေပြီ...သူမရဲ့ မျက်ဝန်းလှ
လှတွေဟာ ခြောက်သွေ့ ညိုမွဲနေခဲ့ ပြီ...သူနာပြု ဆရာမတစ်ယောက် ခေတ်ပညာ
ဆိုတဲ့ အသိတွေနဲ့ ကိုယ်ဝန်ပျက်ကျခဲ့ ပြီလေ....
ဘာကြောင့် မျှော်လင့်သလိုမဖြစ်လာတာလဲဆိုတဲ့ မေးခွန်းတစ်ပုဒ်ကိုဖြေဆိုရင်း
ဆောင်းညတွေဟာကုန်ဆုံးခဲ့ ပြန်ပြီလေ...ဒီလိုနဲ့ ပူလောင်တဲ့ နွေရက်တွေထဲ အဖြေ
ရှာရင်း ခင်ပွန်းရဲ့ ဂရုစိုက်မှု့ ဟာ အရင်ကထက်လျော့နည်းလာတယ်လို့ သံသယ
အတွေးတွေလည်းဝင်လာတတ်ခဲ့ ပြီ...အရင်က နေ့ ရက်တွေဆို ညနေတိုင်း သူမကို
ခေါ်ပြီး အပြင်သွားလည်တယ်...အခုနောက်ပိုင်း သူမ ကို တစ်ယောက်တည်း အိမ်မှာ
ထားခဲ့ တယ်...သူပြန်လာရင်ဘီယာ အနံ့ နဲ့ အတူ ညနက်မှ အိမ်ပြန်ရောက်လာတယ်.
သူမ ဟာ အခုဆို အထီးကျန်တစ်ယောက်တည်း နွေးထွေးမှု့ နှစ်သိပ်မှု့ တွေလိုအပ်နေ
မိတယ်...ခင်ပွန်းအလုပ် ကို နားလည်ပေးနိုင်တယ်ဆိုတော့ သူမပဲ့ တစ်ယောက်တည်း
ကျိတ်ခံစားနေရတာပေါ့လေ...အခုဆို ညတိုင်းညတိုင်း အထီးကျန်စွာတစ်ယောက်
တည်းတီဗွီကြည့်ရင်း ..ခင်ပွန်းဘယ်အချိန်လာမလဲ..ဆိုင်ကယ်စက်သံကြားတိုင်းပြေ
ပြေးကြည့်တတ်တဲ့ ပြတင်းပေါက်လေးနားကက်လျက်ထိုင်ရင်း အတိတ်တွေထဲအလည်
ပြန်ရင်း ကြည်နူးမှု့ တွေ ကို တူးဆွရင်း အားပေးနှစ်သိပ်မည့်သူ..ရင်ဖွင့် တာကိုနား
ထောင်ပေးမည့်သူကိုစောင့် မျှော်ရင်း နားလည်မှု့ နဲ့ အတူ အားငယ်နေတဲ့ 
သူမ တစ်ယောက်အကြောင်းပေါ့လေ...

ဆက်ဖတ်မယ်ဆိုရင် ...

Friday, June 4, 2010

ကြယ်တွေငိုလျှင် - နေမျိုး



ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ကြယ်တွေငိုလျှင် ကျွန်တော် ဝမ်းနည်းသည်။ လမ်းများပေါ်မှာ ကျွန်တော် လျှောက်သွားမည်။ ခြေလှမ်းတွေရဲ့စေရာကို လိုက်ပါသွားတော့မည်။ ကောင်းကင်ဆီ မော့ကြည့်လိုက်လျှင် တရုတ်ဝတ္ထုတစ်ပုဒ်ထဲက ကြယ်တွေမှာ ဝမ်းနည်းဟန်ဖြင့် မှိုင်းရီနေကြသည် ဆိုသောစာသားကို အမှတ်ရလာတော့သည်။ ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။ ကျွန်တော့်ဇနီးသည် ကြယ်တစ်ခုဖြစ်သွားလျှင် မည်းမှောင်သော အာကာသဆီမှ ကျွန်တော့်ကို ငုံ့ကြည့်ကာ မျက်ရည်လည်နေပေလိမ့်မည်။ အကယ်၍ ဤစိတ်ကူး၏ ရူးနှမ်းမှုသာ မှန်ကန်ခဲ့ပါက ကျွန်တော်သည် ကလေးသုံးယောက်ကိုခေါ်ငင်ကာ အာကာသထဲသို့ လက်ညှိုးညွှန်၍ ဟိုမှာမြင်နေရတဲ့ကြယ်ဟာ သားတို့မေမေပေါ့ဟု ပြောမိပေလိမ့်မည်။ ခုတော့ကလေးတွေက သူတို့အဘိုးအဘွားနှင့် အိပ်မောကျနေရော့မည်။ ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ပြန်လာနိုင်မည့် ခရီးတစ်ခုဖြစ်လျှင် ကျွန်တော့်ဇနီးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော်တို့ထံ ပြန်လာပေလိမ့်မည်။ ဤသို့ပင် ကျွန်တော့်ကို ယုံကြည်စေသည်။ ညသည် မှိုင်းမှိုင်း ရီရီဝေဝေ။ လေတဟူးဟူးက ကျွန်တော့်ကိုယ်ခန္ဓာထဲနစ်ဝင်ကာ ထွင်းဖောက်တိုက်ခတ်သွားတော့သည်။ လမ်းမများဟူသမျှ ဆုံးအောင်လျှောက်စမ်းချင်သည်။ နေ့များ၊ ညများ၊ သန်းခေါင်ယံများ၊ မွန်းတည့်များ ရောက်လာပေဦးမည်။ မြို့ဟောင်းဈေးဘက်သို့ ကျွန်တော့်ကို သယ်ဆောင်ပါ။ ထပ်၍ လိုက်စမ်းပါရစေ။ နှစ်များစွာ ..........။

နေမျိုး
၂၀၀၃၊ ၆၊ ၂၄

မြည်နေတဲ့ထရမ်းပတ်(ဝတ္ထုတိုငယ်စု)၊ ပထမအကြိမ် ၊ ဇန်နဝါရီလ၊ ၂၀၀၆



ဖြစ်နိုင်ရင် ဒီလိုအနုပညာတွေကို မကြိုက်ချင်ဘူး။ ဒါပေမယ့် မဖြစ်နိုင်တော့ ကြိုက်တယ်။ မကြိုက်ဘဲနေလို့ မရလို့ ကြိုက်တယ်။ အလွတ်နီးပါးရနေတယ်။ လေးနှစ်ကျော်ကျော် အောင့်အည်းထားတဲ့ကြားက အခု မဝေမျှဘဲ မနေနိုင်လို့ ဝေမျှတယ်။ ဖြစ်နိုင်ရင် ဒီလိုအနုပညာတွေကို မခံစားချင်ဘူး။ ဒါပေမယ့် မဖြစ်နိုင်တော့ ရင်ထဲမှာ စူးဝင်နေတယ်။ ဖြစ်နိုင်ရင် .......

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...