မှတ်ချက်။…..။ စာမရေးဖြစ်တာ ကြာပြီဗျ။ ကျွန်တော်ကိုယ်တိုင် အတွေးတွေ မငြိမ်ဖြစ်နေလို့ပါ။ ဒီနေ့တော့ ရေးအုံးမှပါဆိုပြီး ချရေးတော့ အရင်စဉ်းစားထားတဲ့ အကြောင်းအရာတွေ အများကြီးက ပေါ်မလာတော့ဘူး။ ဖြစ်နေကျအတိုင်းပါပဲ။ စိတ်ကူးထဲပဲ မှတ်မှတ်ထားတတ်တော့ ရေးကြည့်မယ်လည်းလုပ်ရော ဘာမှမရှိတော့ဘူး။ ဒါနဲ့ပဲ ဒီရက်ပိုင်းတွေမှာ တိတ်ဆိတ်စွာဆူညံနေတတ်တဲ့ ကျွန်တော်နဲ့ ကျွန်တော့်ကိုယ်ထဲက ကျွန်တော်တို့ရဲ့ စကားစစ်ထိုးနေမိတာလေးကို ချရေးမိပါတယ်။ ဘာမှမဟုတ်ဘူးဆိုလည်း ဆရာ-ကိုတာရဲ့စကား ယူသုံးရမှာပဲ။ “တောင်ရောက်မြောက်ရောက်ပေါ့ခင်ဗျား” ။။
ကျွန်တော်နှင့် စကားစမည်
ကြာပါပေါ့လား။ ပိုစ့်အသစ်တွေမလုပ်မိတာ။ ဘယ်လိုတွေဖြစ်နေလို့လဲ။ အကောင်းဆုံးတွေများ ဖန်တီးနေလား။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အသစ်ဆိုတာနဲ့တော့ ဧည့်ခံနေမှလေ။ စာဖတ်သူ စာကိုဆာလောင်သူကတော့ လာကြည့်မယ်ထင်တယ်။ ကြည့်စရာလေးမှမရှိရင် ပရိတ်သတ်ကို စိတ်ပျက်စေမယ်လေ။ အော်.. တစ်ယောက်ရှိရင်လည်း ဒါ- ပရိတ်သတ်ပါပဲ။ အများကြီးလည်း မျှော်လင့်လို့ ဘယ်ရမလဲ။ တွေးမိသမျှ ချပြဖို့ခက်နေတယ်ဆိုရင်တော့ ဒါ- အကြောင်းပြချက်ဖြစ်သွားပြီ။ ဟုတ်တယ်။ အများပြောသလိုဆိုရင် ဆင်ခြေပေါ့။ ပန်းပုဆရာရဲ့လက်မှာ ပုံမပေါ်နိုင်တဲ့ ကျောက်တုံးတို့ သစ်တုံးတို့ မရှိဘူးလေ။ ပြောစရာရှိရင် ပြောလို့ရတယ်။ မြင်တာရှိရင် ပြန်ပြော။ အော်.. အမြင်မတော်ရင်တော့ ကြည့်ပြော။ တစ်ချို့က စိတ်ဆိုးတတ်တယ်။
အင်း.. မလုပ်ဖြစ်ဘူးဗျာ။ မလုပ်ဖြစ်ဆို ပိုစ့်အသစ်လည်းမလုပ်ဖြစ်၊ တစ်ခြားသူတွေရဲ့ စာတွေတောင် လျှောက်မဖတ်ဖြစ်တာ ကြာသွားတယ်။ သိပ်ဖြေရခက်တယ်။ ဒါမှမဟုတ် လူတွေက ပြောစရာများပြီး ရုတ်တရက်စိတ်မှာ မပြောချင်သေးရင် ဒီလိုပဲ ပြောတတ်ကြလားမသိပါဘူး။ အော်.. “ဒီလိုပါပဲဗျာ” ဆိုတဲ့စကားလေ။ အဲဒီလိုပဲ ဖြေရတော့မှာ။ ဘာရယ်။ ဟားဟ။ အကောင်းဆုံးဆိုတာ ကိုယ်သတ်မှတ်လို့မရပါဘူးဗျာ။ သူများသတ်မှတ်လိမ့်မယ်။ တစ်ခုတော့ရှိတယ်၊ အားရတယ်ဆိုတာမျိုးပေါ့။ နောက်တာပါ။ ဘာအကောင်းဆုံးမှလည်း မလုပ်ဖြစ်ဘူးရယ်။ ဘယ်ဟာမှလည်း အားမရပါဘူး။ အင်း.. ဟုတ်တော့လည်းဟုတ်တယ်ဗျ။ မျက်စိလည်လာတာပဲ ဖြစ်ဖြစ်။ တမင်တကာ လှည့်လာတာပဲဖြစ်ဖြစ် ရောက်လာသူတွေကိုတော့ စိတ်အဆာပြောစေချင်တာအမှန်ပါ။ ပြောသာပြောနေရတာ အီးဂျာမှာလည်း ပရိတ်သတ်ဆိုတာ ..အင်း၊ ပရိတ်သတ်ပေါ့ဗျာ။ စာတစ်ကြောင်းတစ်လေအတွက် တစ်ယောက်သောသူလောက် စိတ်ကျေနပ်သွားတယ်ဆိုရင်ကို ပျော်သဗျို့။ တစ်ခါတစ်လေကျတော့လည်း စိတ်မှာတွေးမိတာတွေကို ချပြဖို့ခက်နေပြန်ရောဗျ။ စိတ်ရှိတိုင်းသာ ချပြနေရရင်၊ ပုံဖော်ပြနေနိုင်ရင်လည်း ကောင်းသားဗျ။ ဟင်.. ဆင်ခြေပေးတယ်လို့ ပြောချင်တာလား။ အေးဗျာ အများပြောသလို ဆင်ခြေတွေဆိုရင်တော့ အသုံးမဝင်လို့မပေးပါဘူး။ ဟုတ်တယ်လေ ကြက်ခြေထောက်ဆိုမှ သုပ်စားလို့ရအုံးမယ်။ ဟိုးဆရာဟိုး။ ပုံဖော်နိုင်လောက်အောင် အစွမ်းအစနဲ့ ဆရာမဟုတ်ဘူးဗျ။ သူများထုပြီးသား လောကနတ်ရုပ်ချပြရင်တောင် “ဟေ့-ဟေ့ နတ်သားရုပ်ကို စည်းဝါးလိုက်ခိုင်းစရာလားကွ..”လို့ ရုပ်တည်နဲ့ သတိပေးတတ်သူပါဗျာ။ ပြောတော့လည်းလွယ်သားလား။ ပြောချင်တာတွေ၊ မြင်တာတွေရှိတယ်။ ဒါပေမဲ့ ပြောချင်တာကို ပြောလိုက်ရင်၊ မြင်တာကိုအမြင်အတိုင်း ပြောလိုက်ရင် မတော်ပါဘူးဗျာ။ ပြောချင်တာလည်း အဲဒါပဲ။ စိတ်ဆိုးတတ်သူတွေမှာ ကျုပ်ကိုယ်တိုင်လည်းပါတယ်လေ။ ကျုပ်ဘက်ကနေကျုပ် စိတ်ဆိုးလွန်းလို့ တစ်ခါတစ်လေဆို ..အင်း၊ အဲဒီတစ်ခါတစ်လေမှာပဲ ထားပါစို့ဗျာ။ ဘာလို့လည်း မမေးနဲ့အုံးနော် - ဒီလိုပါပဲဆိုတာ ဖြေမှာ။ ကြိုပြောထားတာ။
ပြောလိုက်ရင်တော့ သင့်တယ်ဆိုတာကြည့်ပါပဲ။ စလုပ်လိုက်ဖို့ကျတော့ ခက်နေပြန်ရော။ အခြေအနေ၊ အချိန်အခါဆိုတာနဲ့ စိတ်ဆိုတာတွေကလည်း ခက်သားလား။ ဟုတ်တယ် အဖေနဲ့အမေပေးတဲ့ တစ်သက်စာအမွေအပြင် ကိုယ့်ဘာသာကိုယ် မွေးယူကြည့်မှ တယ်လည်းမလွယ်ပါ့လားလို့ သိရတာ။ အစကတော့ ကိုယ့်အသိနည်းနည်းခေါ် လ္ဘက်ရည်လေးတိုက် မုန့်လေးနည်းနည်းကျွေးလိုက်ရင် ဖြစ်ပြီထင်တာ။ ဟုတ်ရိုးလားဗျာ။ ပေးချင်တယ်ဗျာ။ ပေးချင်ပါတယ်။ လဲနေသူထူဖို့ ကိုယ်တိုင်လည်း မတ်မတ်ရှိနေရမတဲ့။ မိတ်ဆွေတစ်ယောက်က ပေးဖူးတဲ့ဒဿန။ တွေးကြည့်မိတော့လည်း ကိုယ်တိုင်က ခပ်ယိုင်ယိုင်လေ။ နောက်တစ်ချက် ခက်တာရှိသေးတယ်။ လူတွေလေ၊ ကိုယ်ကကောင်းစေချင်လို့ပြောရင် မင်းကရောဘာမို့လို့လဲဆိုတာမျိုး တွေးပလိုက်တာ။ အတော်တော့ ညစ်ဖို့ကောင်းတဲ့ အတွေးအခေါ်တွေ။ အင်း.. ကျွန်တော်လည်း ဒီအနုပညာနဲ့ ဘဝကိုနေထိုင်ဖြတ်သန်းချင်တာပါပဲ။ ဟုတ်တယ် စာဖတ် စာရေးကို ဝါသနာမပါသေးသူဟာ ဘဝကိုကောင်းကောင်း မနေထိုင်ရသေးတာပါပဲ။
အေးဗျာ.. လုပ်သင့်တာလေးတွေတော့ လုပ်နေရမှာပဲ။ အော်.. ဒီဆင်ခြေတွေက ပါလာပြန်ပလား။ ခင်များမှာ ခင်များနောက်တစ်ယောက် ရှိနေပြီလေ။ နာမည်ဆိုတာ သေသွားတတ်တယ်နော်။ သူ့ကိုမသေအောင် အသက်ဆက်နေအောင်လုပ်ရတာ ပိုခက်သဗျ။ တတ်နိုင်သလောက်လေးတော့ အသိတွေပေးချင်သေးဆို။ ယိုင်တာမယိုင်တာ ပြဿနာမှမဟုတ်တာ။ သူတို့မမြင်သေးတာဆိုရင် ဒါ- အခြားတစ်ဖက်မှ ဆင်ခြင်ခြင်းပဲပေါ့။ လူတိုင်းကိုတော့ ဘယ်စည်းရုံးနိုင်မလဲ။ အိုဘားမားတောင် အတိုက်အခံနဲ့လေ။ ၉၀ရာနှုန်းကျော်တာမှ မဟုတ်တာ။ ကဲ.. ထားပါ။ စာတွေဖတ်ကွ ကောင်းတယ်။ ဖြစ်နိုင်ရင် ပြန်ချရေးကြည့်။ ဒါလည်း အနုပညာတစ်ရပ်ပဲလေ။
သုခမိန်။…..။
ဆုံရပ် 1st Dec 2024
2 weeks ago
5 comments:
ကိုသုခမိန်ရေ ...
ကျွန်တော်နဲ့ စကားစမည် ကို နားထောင်ကြည့်တော့
လူအမျိုးမျိုး စိတ်အထွေထွေကြားမှာ စာပေအနုပညာနဲ့ ပတ်သက်လို့ ခံယူချက်ဆိုတာတွေက
သိသိသာသာတစ်မျိုး၊ မသိမသာ တစ်ဖုံ ရှိနေတတ်ကြမယ်လို့ ကျွန်တော်တော့ ယူဆမိပါတယ် ...
တစ်ချို့တွေရဲ့ အမြင်တွေက အပြုသဘောဆောင်နေပြီး ...
တစ်ချို့တွေကတော့ ဆန့်ကျင်ဘက်သဘောဆောင်နေကြမှာကတော့ သေချာပါတယ် ....
အဲအပေါ်မှာ ပြန်မူတည်ပြီး သူတို့ သုံးသပ်ထင်မြင်ချက်တွေက ထပ်ကွဲမယ်လို့ ထင်မိတယ် ... နောက်
“စာဖတ် စာရေးကို ဝါသနာမပါသေးသူဟာ ဘဝကိုကောင်းကောင်း မနေထိုင်ရသေးတာပါပဲ” ဆိုတဲ့ ဒဿနလေးကိုတော့ တော်တော်လေးကို နှစ်ခြိုက်သွားမိတယ် ...
အတိုက်အခံရှိမှ တိုးတက်မယ်ဆိုတာလေးကို ထပ်ဆင့်ထောက်ခံသွားပြီး ... အသိဥာဏ်မျှဝေခြင်းဆိုတာနဲ့ ပတ်သက်လို့ အလေးအနက်တွေးတောစရာတွေ တစ်ပုံတစ်ခေါင်း ပိုက်ပြီး ပြန်သွားကြောင်းပါ ...
ခင်မင်လေးစားစွာဖြင့်
ကိုသုခမိန်ရေ---
စာဖတ် စာရေးကို ဝါသနာမပါသေးသူဟာ ဘဝကိုကောင်းကောင်း မနေထိုင်ရသေးတာပါပဲ။
ဆိုတဲ့ ဒဿနလေးကို ကြိုက်တယ်---
ကျမ အခန်းကျဉ်းလေးတခုလုံးဟာ --ကျမချစ်တဲ့
စာအုပ်တွေပါပဲ--
ဘဝကို ကျမ အေဖ်ါစာအုပ်တွေနဲ့ ကောင်းကောင်းနေထိုင်တတ်ပြီလေ--
ပျော်ရွှင်ပါစေ--
ပြောချင်တာကို ပြောလိုက်ရင်၊ မြင်တာကိုအမြင်အတိုင်း ပြောလိုက်ရင် မတော်ပါဘူးဗျာ။
အဲဒါ လည်းမှန်တယ်--
မြိုသိပ်ရတော့လည်း ရင်ကွဲတော့မယ်---
စာဖတ် စာရေးကို ဝါသနာမပါသေးသူဟာ ဘဝကိုကောင်းကောင်း မနေထိုင်ရသေးတာပါပဲ....တဲ့လား။
အင်း...စာဖတ်၊ စာရေးတာတော့ ၀ါသနာပါပါတယ်။
မရေးတတ်တာပဲရှိတာ။
ဒါဆိုရင်တော့ ဘ၀ကိုကောင်းကောင်း
နေထိုင်ရသူမဟုတ်တောင်
မဆိုးတဲ့ထဲတော့ပါမယ်ထင်ပါရဲ့။ နှော။
အမြဲလာဖတ်လျှက်ပါ။ Comment မရေးဖြစ်ခဲ့တောင် C-box မှာတော့ရေးခဲ့ပါတယ်နော်။
စကားစမည် ပြောတာကို နားထောင်ကြည့်တယ်။ “အကြောင်းပြချက်-ဆင်ခြေ..၊ ဒီလိုပါပဲဗျာ..” ဘဝမှာ အားပျော့လှတဲ့ စကားလုံးများ.။ ရှောင်ကြဉ်ပါမယ်။ ဒီထက် အားအင်ပြည့်တဲ့ စကားလုံးတွေ သုံးစွဲနိုင်အောင် ကြိုးစားပါမယ်။
တွေးမိတာလေး နည်းနည်းရေးမိလိုက်ပြီဗျာ။ တည်ငြိမ်လှပတဲ့ အနုပညာတစ်ရပ် ဆက်လက် ဖန်ဆင်းနိုင်ပါစေ ခင်ဗျာ။ လေးစားလျက်..။
Post a Comment