Tuesday, August 9, 2011

ပေတံတစ်ချောင်း

ကျွန်နော်သည် ပတ်ဝန်းကျင်ဖြစ်၏။ ပတ်ဝန်းကျင်သည် ကျွန်နော် ဖြစ်နေ၏။ ကျွန်နော်သည်
လူ့ အဖွဲ့ အစည်းဖြစ်၏။ လူ့ အဖွဲ့ အစည်းသည်လည်း ကျွန်နော်ဖြစ်နေလေသည်။ ထို့ ကြောင့်
ကျွန်နော်သည် လူ့ အဖွဲ့ အစည်းလည်းဖြစ်ပါသည်။ ပတ်ဝန်းကျင်လည်းဖြစ်ပါသည် ဟုယူဆ
ပါသည်။
ကျွန်နော်သည် ပတ်ဝန်းကျင်ဖြစ်နေသဖြင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အကြောင်းအ
ရာများစွာကို ထိတွေ့ ခံစားနေရသည်။ ကျွန်နော်သည် လူ့ အဖွဲ့ အစည်းဖြစ်နေသဖြင့် လူ့ အဖွဲ့ 
အစည်း၏ အကြောင်းအရာများစွာကို ထိတွေ့ ခံစားနေရသည်။ ထိုအကြောင်းအရာများစွာသည်
မှန်သည်လည်းရှိမည်။ မမှန်သည်လည်းရှိမည်။ သို့ သော် ထိတွေ့ ခံစားနေရသည်ကတော့
တကယ့်အမှန်တရားဖြစ်နေသည်။

ပတ်ဝန်းကျင်သည် ဘောင်များခတ်ထားကြ၏။ လူ့ အဖွဲ့အစည်းဆိုသည်လည်း စည်းများ၊ မျဉ်းများ၊
နှင့် တားထား၊ ထိန်းထားကြ၏။ ထိုဘောင်များ၊ စည်းများ၊ မျဉ်းများ အတွင်းကျွန်နော် အသက်
ရှင်နေထိုင်ရလေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုသည့် အရေးသုံးပါးကိုလည်း အမြဲတမ်း
ဂရုတစိုက် အလေးပြုနေရလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရေးသုံးပါးသည်လည်း ပတ်
ဝန်းကျင်နှင့်လည်းကောင်း၊ လူ့ အဖွဲ့အစည်းနှင့်လည်းကောင်း ထပ်တူကျ တည်ရှိနေသောကြောင့်
ဖြစ်ပါသည်။ ထိုအရေးသုံးပါးသည်လည်း စည်းများ၊ ဘောင်များ၊ မျဉ်းများဖြင့်တည်ရှိနေလေသည်။
ထို့ ကြောင့် ကျွန်နော့် အတွက် မှန်လား၊ မမှန်လား ဟု အကဲဖြတ်ဖို့ ၊ တိုင်းတာဖို့ အတွက် ပေတံ
တစ်ချောင်းလိုအပ်သည်ဟု ယူဆလာပါသည်။
မည်သို့ သော် ပေတံ နည်း။ ဥပမာ ဆိုပါစို့ ။ တိုင်းပြည်တစ်ခုကို ကြည့်ပါမည်။ တိုင်းပြည်ခေါင်း
ဆောင်သည် ခေါင်းဆောင်ကျင့်ဝတ်နှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်နေသလား။ ဒါမှမဟုတ် မအုပ်
ချုပ်ဘူးလား။ ဒီလိုကြည့်ဖို့ အတွက် ပေတံတစ်ချောင်းသည် လိုအပ်လိမ့်မည်ထင်သည်။ ပေတံမရှိ
ခဲ့ရင် အဖြေတိတိကျကျမသိ၊ ထင်ရာမြင်ရာပြောကြ၊ရေးကြ၊ ဆိုကြတော့မည်။ အမှားအမှန်ကိုသိ
ဖို့ ၊ အကြောင်းပြချက်တွေကိုညှိယူဖို့ ၊ ရလာဒ်တွေကိုဖော်ပြဖို့ ၊အကဲဖြတ်ဖို့ ၊ လိုအပ်တာတွေကိုချိန်
ထိုးဖို့ ၊ ညှိနှိုင်းဖို့ ၊ တိုင်းတာဖို့ ပေတံတစ်ချောင်းသည် လိုအပ်လာပါတော့သည်။
ပေတံတစ်ချောင်းဖြင့် မည်သို့ တိုင်းတာမည်နည်း။ ချိန်ထိုးပါမည်နည်း။ မည်သို့ အကဲဖြတ်မည်
နည်း။ ခေါင်းဆောင်တစ်ယောက်သည် ခေါင်းဆောင်ကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်သလား။
ဆိုသည်ကို သိဖို့ အတွက် ခေါင်းဆောင်ကျင့်ဝတ်ဟူသော လောက သတ်မှတ်ထားသည့် စည်းမျဉ်း
များကို သိထားရတော့မည်။ ပမာဆိုသော..လောကသတ်မှတ်ထားသည့် ခေါင်းဆောင်ကျင့်ဝတ်
တရားဆယ်ပါးရှိလေသည်။ ဒီဆယ်ပါးကို သိခဲ့ လျင် ခေါင်းဆောင်တစ်ယောက်သည် ဘယ်လိုခေါင်း
ဆောင်နည်း။ သူ ခေါင်းဆောင်ခြင်းသည် မှန်လား၊ မမှန်လား ဆိုသည်ကို အကဲဖြတ်နိုင်တော့မည်။
တိုင်းတာနိုင်တော့မည်။ တိုင်းပြည်အုပ်ချုပ်သည့် ခေါင်းဆောင်ဆို တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်လဲ၊
မအုပ်ချုပ်ဘူးလဲ ဆိုသည်ကို မြင်လာတော့မည်။ ဒီလိုမြင်လာပြီဆို ထင်ရာမြင်ရာမရေးတော့။ မပြော
တော့ပေ။ ထိုသို့ ထင်လာမြင်လာအောင် ချိန်ထိုးပေးလိုက်သည့် အရာသည်ခေါင်းဆောင် ကျင့်ဝတ်
ဟူသည့် ပေတံနှင့် တိုင်းတာလိုက်ခြင်းပင် မဟုတ်ပါလား။
ထို့ အတူပဲ ဓမ္မအရေးကို ကြည့်မည်ဆိုလျင်လည်း ဓမ္မပေတံနှင့် တိုင်းတာရပါမည်။ ထို့ အတူ စီးပွား
ရေးကိုကြည့်မည်ဆိုလျင်လည်း စီးပွားရေးပေတံနှင့် တိုင်းတာရပါမည်။ လူမူရေးကိုကြည့်မည်ဆိုလျင်
လည်း လူမူရေး ပေတံနှင့်တိုင်းတာရပါမည်။ ထို့ ကြောင့် ဒီလို တိုင်းတာနိုင်ဖို့ အတွက် ကိုယ်ပိုင်ပေတံ
တစ်ချောင်း ကိုတော့ ဖန်တီးရလိမ့်မည်။ ဒီလို ဖန်တီးနိုင်ဖို့  အတွက်လည်း လောကသတ်မှတ်ထား
သည့်အရေးသုံးပါး အကြောင်း စည်းများ၊ မျဉ်းများ၊ ဘောင်များကို သိအောင်ဖတ်ထားရမည်။မှတ်ထား
ရမည်။ ထိုသို့ သိမှလည်း တိုင်းတာနိုင်မည်။ အကဲဖြတ်နိုင်မည်။ ချိန်ထိုးနိုင်မည်။ ချပြနိုင်မည်ဖြစ်ပါ
သည်။
လူ့ အဖွဲ့အစည်းဆိုသည် ဘက်နှစ်ဖက်ရှိစမြဲ။ သူ့ ဖက်ကြည့်သူမှန်၊ ကိုယ့်ဖက်ကြည့်ကိုယ်မှန် ဟု
ထင်ကြလေပြီ။ ဘယ်ဟာက အမှန်၊ ဘာဟာက မမှန်ဆိုသည်ကို သိဖို့ အတွက် ကိုယ်ပိုင်ပေတံ
တစ်ချောင်းနှင့် တိုင်းတာ ချင့်ချိန်နိုင်သည်။ ထို့ ကြောင့် ပေတံတစ်ချောင်း ကိုယ်ပိုင်ဖြစ်အောင် ဖန်
တီးနိုင်ဖို့ အတွက် လှုပ်ဆော်ရမည်။ အားပေးရမည်။ အခွင့်အရေးများကိုဖန်တီးပေးရမည်။ ပေတံ
ကောင်းတစ်ချောင်းကိုယ်ပိုင်ဖန်တီးနိုင်ခဲ့ လျင် လောကအရေးသုံးပါး၌ ပိုကောင်းလာမည်။ ပိုသာ
ယာလာမည်။ ဖန်တီးသူကိုယ်တိုင် အကျိုးခံစားရလိမ့်မည်။ ဤသို့ ဆိုလျင် ပေတံတစ်ချောင်းမည်
သို့ ဖန်တီးမည်နည်း။ ယခုပေးသည့် နည်းလေးသည် အရမ်းလွယ်၏။ သို့ သော် အရမ်းခက်၏။ သို့ 
သော် ဖန်တီးသူစိတ်ပေါ်၌သာ ခက်ခြင်း၊လွယ်ခြင်းသည်မူတည်နေ၏။ နည်းကား.............
“ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သီ၊ ဓါ ” ဟူသည့် အက္ခရာ ရှစ်လုံးကို နေ့ တိုင်းဆောင်ထားခြင်းပင်တည်း။
ထိတွေ့ ၊ ခံစား၊ ကြားသိ၊ ကြုံလာသမျှ အကြောင်းအရာအားလုံးကို လောက စည်းမျဉ်းနှင့်အညီ
ကိုယ်တိုင်ဖန်တီးထားကြသည့် ပေတံတစ်ချောင်းဖြင့်တိုင်းတာနိုင်ကြပါစေ။
ကျွန်နော် နေသည့် ပတ်ဝန်းကျင်အတွင်း၊ လူ့ အဖွဲ့ အစည်းအတွင်း ငြင်းခုန်မှုတွေများလွန်းလှ၏။
ကျွန်နော့်  ကိုယ်ပိုင်ပေတံတစ်ချောင်းသည် ကျွန်နော့်နေသည့် ပတ်ဝန်းကျင်အတွင်း၊ လူ့ အဖွဲ့ အ
စည်းအတွင်း ကျွန်နော့် အတွက် အခုဆို အားကိုးအဖော်တစ်ခုဖြစ်နေပါတော့သည်။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, July 22, 2011

ဒီနေ့အဖို့ ပျော်လိုက်တာ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ စတုတ္ထတန်းအောင်ပြီး အစိုးရအလယ်တန်းကျောင်းမှာ ပဉ္စမတန်းပြောင်းတတ်နေကြတဲ့ ကျောင်းသူ၊ကျောင်းသား (၁၆) ယောက်ရဲ့ လစဉ်ပညာသင်ထောက်ပံ့ကြေးကို သူငယ်ချင်းတွေ စုပေါင်းတာဝန်ယူထားတာ ဒီလ- ဇူလိုင်လအတွက် လွှဲလိုက်ရတာ ပျော်လိုက်တာ။


  • မနေ့ညက တစ်ရေးနိုး စာထဖတ်အပြီး လင်းအားကြီးမှ ပြန်အိပ်ထားရာက မနက် (၁၀) နာရီလောက်မှာ နေ့လည်စာဖိတ်တဲ့ ဖုန်းသတင်းတိုလေးကြောင့် နိုးထလာရတာ ပျော်လိုက်တာ။
  • အိမ်ကမထွက်ခင် ဟာနေတဲ့ဝမ်းကိုဖြည့်ဖို့ ပေါင်မုန့်တစ်လုံး အဆင်သင့်ရလိုက်တာ ပျော်လိုက်တာ။
  • ချိန်းထားတဲ့နေရာကိုအသွား လိုင်းကားပေါ်မှာ ဖုန်းထဲကတစ်ဆင့် ဘိုလို စိတ်ညှို့အိပ်မွေ့ချနေတာ ခံယူရင်း မြန်မာလို အပြည့်အဝ စိတ်ကူးပုံဖော်လို့ရနေတာ ပျော်လိုက်တာ။
  • လုပ်ငန်းခွင်ဆက်ဆံရေး အဆင်မပြေမှုအကြောင်း တကူးတက ထမင်းဖိတ်ကျွေးပြီး ရင်ဖွင့်လာတဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးအတိုင်ပင်ခံ နိုင်ငံခြားသားမိတ်ဆွေကို သူ့ ပြဿနာရဲ့အရင်းအမြစ်ကို သူဘာသာရှာတွေ့သွားသည့်တိုင် နှစ်သိမ့်နားထောင်ပေးရတာ ပျော်လိုက်တာ။
  • နေ့လည်စာစားတဲ့ ဂျပန်ဆိုင်မှာ ပိုက်ဆံအပိုဆောင်းပေးစရာမလိုတဲ့ ရေနွေးကြမ်း နဲ့ ချင်းအချဉ်ကို တော်တော်ခံတွင်းတွေ့တာ ပျော်လိုက်တာ။
  • မြန်မာတွေဆုံစည်းရာအသွား ခင်မင်ရင်နီးစွဲရှိခဲ့တဲ့ မိတ်ဆွေတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ပြန်ဆုံလိုက်ရတာ ပျော်လိုက်တာ။
  • အဲဒီမှာပဲ မသောက်ဖြစ်တာ တော်တော်ကြာပြီဖြစ်တဲ့ လက်ဖက်ရည်ကျစိမ့်တစ်ခွက်ကို သောက်လိုက်ရတာ ပျော်လိုက်တာ။
  • ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ စတုတ္ထတန်းအောင်ပြီး အစိုးရအလယ်တန်းကျောင်းမှာ ပဉ္စမတန်းပြောင်းတတ်နေကြတဲ့ ကျောင်းသူ၊ကျောင်းသား (၁၆) ယောက်ရဲ့ လစဉ်ပညာသင်ထောက်ပံ့ကြေးကို သူငယ်ချင်းတွေ စုပေါင်းတာဝန်ယူထားတာ ဒီလ- ဇူလိုင်လအတွက် လွှဲလိုက်ရတာ ပျော်လိုက်တာ။
  • အိမ်အပြန် ရထားပေါ်မှာ ကိုယ့်ဘာသာ ဖုန်းထဲမှာ အသံသွင်းထားတဲ့ မိမိကိုယ်မိမိအခိုင်အမာပြောဆိုချက်လေးတွေ အကြိမ်ကြိမ်ပြန်နားထောင်နေရတာ ပျော်လိုက်တာ။
  • ဘူတာရုံကအထွက်မှာ မိုးဖွဲဖွဲလေးတွေကျတော့ မဆောင်တာကြာပြီဖြစ်တဲ့ထီးကို မနက်ကမှ မှတ်မှတ်ရရ ကျောပိုးအိတ်ထဲ ထည့်ယူလာခဲ့မိတာကြောင့် ပျော်လိုက်တာ။
  • ဘူတာရုံကနေ အိမ်ကိုလမ်းအလျောက် ထီးရွက်ပေါ်တဖြောက်ဖြောက်ကျနေတဲ့ မိုးသံကို ကြားနေရတာ ပျော်လိုက်တာ။
  • အိမ်ရှေ့ဆင်ဝင်ကိုရောက်မှ မိုးက ဝေါခနဲ သည်းကြီးမည်းကြီးရွာချလိုက်တာကြောင့် ပျော်လိုက်တာ။
  • တံခါးဖွင့်ပေးတဲ့ သူတို့နိုင်ငံသားအရာရှိက လက်အုပ်ကလေးချီ၊ ကိုယ်ကလေးကိုင်းပြီး “သာဓု သာဓု သာဓု” လို့နှုတ်ဆက်တော့ ပျော်လိုက်တာ။
  • အပြင်ကနေ မိုးမိလာရင် ရေဖွားဖွား ခေါင်းပေါ်ကလောင်းချိုးပြီး အခိုးပွင့်ဆေးလေးသောက် နွေးနွေးထွေးထွေးနေဖို့ တဖွဖွမှာတတ်တဲ့ ဖွားဖွားဖြစ်နေပြီဖြစ်တဲ့ အမေ့ကို သတိရကာ ရေနွေးနွေးလေး ချိုးလိုက်ရတာ ပျော်လိုက်တာ။
  • အခု ဒါလေးရေးပြီးရင် မိုးအေးအေးနဲ့ ချိုးကွေးကွေးရမှာ ပျော်လိုက်တာ။


မာရေးသျှင်

။...........။ အခြားတစ်နေရာမှာ ကိုယ်ရေးကိုယ်တာဆန်ဆန်ရေးထားတာကို မိတ်ဆွေက E-Journal မှာ ပို့စ်အဖြစ် သိမ်းထားဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, July 6, 2011

မရိုက်ပါနဲ့ ....

ရုတ်တရက် စူးစူးဝါးဝါးအော်ငိုလိုက်သည့် ကလေးတစ်ယောက်၏ ငိုသံကြောင့် ကျွန်နော်
လက်ရှိပတ်ဝန်းကျင်ထဲ ပြန်လည်ရောက်ရှိခဲ့လေသည်။ ကလေးငိုသံ ။ မကြားရတာတောင်
အတော်ကြာခဲ့ပြီ။ ဘာကြောင့်ပါလိမ့်။ အသံထွက်ပေါ်လာရာ စူးစမ်းလိုက်တော့ သြော်...
ကျွန်နော့် နဘေးမှာ ထိုင်နေကြသည့် မိသားစုဆီကကိုး။ အဖေဖြစ်သူက နှစ်နှစ်သားအရွယ်
ကလေးတစ်ယောက်ကို လက်နှင့်တင်ပါးကိုရိုက်နေ၏။ ကလေးသည် ငိုလျက်မိခင်ရင်ခွင်ထဲ
ထဲသို့ တိုးဝင်ခိုလှုံရန်ကြိုးစားနေ၏။ ငိုလျက်ပေါ့ ။
ဆူညံနေသည့်ပတ်ဝန်းကျင်သည် ငြိမ်သက်သွားသည်ဟုထင်ရ၏။ ပတ်ဝန်းကျင်ရှိလူများ
၏ မျက်လုံးပေါင်းများစွာသည် ထိုမိသားစုအပေါ်သို့ ကျရောက်ကုန်၏။ ထိုအချိန်လေးသည်
သီးခြားကမ္ဘာတစ်ခုလိုတိတ်ဆိတ်သွား၏။ လူများသည် ထိုအဖြစ်အပျက်အပေါ်အခြေခံ၍ အ
မျိုးမျိုးတွေးကြလိမ့်မည် ထင်သည်။
မိဘများကလေးတွေကို ရိုက်ပြီးဆုံးမခြင်းရှိသည်အပေါ် ကျွန်နော်မနှစ်မြို့ ပေ။ တချို့ မိဘ
များသည် ကလေးတွေကို မရိုက်တတ်။ တချို့ သည် ရိုက်ပြီးဆုံးမတတ်၏။ ကျွန်နော်ငယ်ငယ်
က အဖေရိုက်ပြီး ဆုံးမတာ၊ အမေရိုက်ပြီး ဆုံးမတာ အကြိမ်အတော်များများခံခဲ့ရ၏။ ဒါကြောင့်
လားမသိ ကလေးတွေအပေါ်ရိုက်ပြီး ဆုံးမနေသည်ကိုမြင်လျင် ကျွန်နော် အရမ်းဝမ်းနည်းမိ၏။
နာကျင်မိ၏။ သနား၏။
ရိုက်ပြီးဆုံးမခြင်းဆိုတာကလည်း “ ချစ်လို့ ” ဟုအဖြေပေးကြလိမ့်မည်။ သားသမီးတွေအပေါ်
ချစ်ခြင်းဆိုသည် မိဘတိုင်းတူညီကြ၏။ ဒီလိုချစ်ခြင်း တူညီကြပါရဲ့နှင့် ဘာကြောင့်များ ဆိုဆုံးမ
နည်းလမ်းများ မတူညီကြပါနည်း။ နှစ်နှစ်အရွယ်ကလေးတစ်ယောက်အပေါ် အပြစ်ပုံချကြမှာ
လား။ ဘယ်မိဘကများ ကိုယ့်သားကိုယ့်သမီးတွေကို ရိုက်ပြီးဆုံးမချင်မည်နည်းဟု ဖြေကြလိမ့်
မည်ထင်သည်။
တချို့ မိဘများသည် ညင်ညင်သာသာ ဆုံးမတတ်၏။ တချို့ မိဘများသည် ခပ်ကြမ်းကြမ်း
လေး ဆုံးမတတ်၏။ ကလေးတစ်ယောက်ကိုနားလည်အောင် သူ့ အကြိုက်ဆောင်ပြီး ညင်ညင်
သာသာ စိတ်ရှည်စွာ ရှင်းပြသွန်သင်မည်ဆိုရင် ဒီကလေး မလိုက်နာပဲနေမည်မဟုတ်။ ဒီလိုမ
ဟုတ်ဘဲ ခပ်ကြမ်းကြမ်းရိုက်ပြီးဆုံးမခြင်း၊ တားဆီးခြင်းဆိုတာကတော့ကလေးငယ်တစ်ယောက်
၏ ဖြူစင်သည့်နှလုံးသားကို အကြောက်တရားဖြစ်အောင်အရောင်ဆိုးပြီး နိုမ့်ကွပ် ဆုံးမခြင်း
မဟုတ်ပါလော။ ပြီးတော့ ဒီလိုဆုံးမခြင်းသည် “ ချစ်လို့ ” ဟုပြောသော်လည်း အရင်ဦးဆုံးအတ္တ
ဆိုသည့် စိတ်က အရင်ဖြစ်သွားတတ်၏။ ”ဥပမာ ကလေးတစ်ယောက်ပြောစကားနားမထောင်
ခဲ့ရင် ချက်ခြင်းစိတ်တိုသွားသလိုမျိုး။ ” စိတ်တိုသည့် စိတ်နှင့် ကလေးကိုရိုက်ခြင်းတည်း။ အမှန်
ပြောရရင် ချစ်လို့ ရိုက်တာမဟုတ်။ စိတ်တိုလို့ ရိုက်တာဟု မြင်မိသည်။ ရိုက်ပြီးမှ ၊ရိုက်ရင်းမှ
ကလေးမျက်နှာကြည့်ပြီး ကလေးကိုချစ်သည့်စိတ်၊ သနားသည့်စိတ်၊ ဝမ်းနည်းမိသည့်စိတ်၊
နောင်တစိတ်က ပေါ်လာတတ်သည်။ သို့ သော် ကလေးကိုတော့ ရိုက်ခဲ့ ပြီးပြီးမဟုတ်ပါလား။
ကလေးငယ်တစ်ယောက်၏ နှလုံးသားသည် အရာရာကိုသိချင်၏။ တတ်ချင်၏။ လေ့လာ၏။
စူးစမ်း၏။ အတုခိုး၏။ ဖန်တီးတတ်၏။ ပြီးတော့ သူလုပ်နိုင်သည်ဟု ချပြတတ်၏။ ပြီးတော့ အား
ပေးမှုကို မျှော်လင့်တတ်၏။ ကျန်သည့်အရာတွေကိုတော့ သေသေချာချာမသိ၊ မတွေးတတ်။
မိဘဟူသည် ကိုယ့်သားကိုယ့်သမီးကို ကောင်းတာ၊ တော်တာပဲ သိချင်၏။ မြင်ချင်၏။ တွေ့ 
ချင်၏။ ဖြစ်ချင်၏။ သို့ သော် သားသမီးတွေကို ဖြစ်စေချင်သည့် ပုံစံဖြစ်လာအောင် သွန်သင်
ပြုစုနိုင်သည့် နည်းလမ်းများကိုတော့ သိထားသင့်ပေသည်မဟုတ်လား။ တချို့ သိသည်။ တချို့ 
မသိ။ သိသူသည် နားလည်၏။ မသိသူကတော့ စိတ်မရှည်တတ်။ ထို့ ကြောင့်လေ့လာသင့်သည်
မဟုတ်ပါလား။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သည်ဆိုရာ၌ လွယ်သည့်ကိစ္စမဟုတ်ပေ။ အတ္တကိုအရင်
ခွာရ၏။ စိတ်ရှည်ရ၏။ သီးခံရ၏။ ဇွဲကြီးရ၏။ ဆင်ခြင်ရ၏။ ထိုအရာများသည် မိဘမေတ္တာဟူသော
စကားလုံးဖြင့်ထည်ဝါစွာဂုဏ်ယူနိုင်၏။ တန်ဖိုးကြီးလှ၏။ နှိုင်းတုလို့ မရပေ။ ထိုဂုဏ်များသည် မိဘ
ဖြစ်သူများအတွက် ဖြည့်ဆည်းရမည့်၊ ဖြည့်ဆည်းနေသည့်ပါရမီတရားများ မဟုတ်ပါလော့။ ဖြည့်
ဆည်းနိုင်ကြပါစေ။
ရိုက်ပြီးဆုံးမခံခဲ့ရသည့်ကလေးတစ်ယောက်၏ နှလုံးသားနှင့် မရိုက်ဘဲ ဆုံးမခံခဲ့ရသည့်ကလေး
တစ်ယောက်၏ နှလုံးသားမှာ တူညီနိုင်မည်မဟုတ်ပေ။ ရိုက်ပြီးဆုံးမခြင်းသည် မိဘမေတ္တာကို
ဖော်ပြ၏။ သို့ သော် အဖြူရောင်နှလုံးသားတစ်ခုကို ကြောက်လန့် သွားအောင်ရှင်းမပြဘဲ နိုမ့်
ကွပ်အနိုင်ကျင့်ခြင်းပေတည်း။ ညင်ညင်သာသာပြောဆိုဆုံးမခြင်းသည် မိဘမေတ္တာကိုဖော်ပြ၏။
သို့ သော် အဖြူရောင်နှလုံးသားတစ်ခုကို ပိုပြီးဖြူစင်သွားစေတတ်၏။ ပိုပြီးနူးညံ့သွားစေတတ်
သည်မဟုတ်ပါလား။ ပကတိ ဖြူစင်နေသည့် နှလုံးသားများကို လိုချင်သော အရောင်များဆိုးနိုင်
ကြပါစေ။
လူများလှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ရထားသည်ရပ်သွား၏။ ကျွန်နော့် နဘေးမှမိသားစု
လည်းမရှိတော့။ ကျွန်နော့်စိတ်သည် ဒုတိယမိ လက်ရှိပတ်ဝန်းကျင်ထဲ ပြန်လည်ရောက်ရှိ
လာသည်။ “ သြော်........ငါသွားမည့်ခရီးလည်း တစ်ဝက်ချိုးရာက်နေပြီကိုး”။
ညနေခင်းထဲ သူငယ်ချင်းအိမ်သို့ အလည်ခရီး။ ကျွန်နော့် စိတ်တစ်ခုလုံးသည် ကိုယ်ကျင့်
အဘိဓမ္မာစာတစ်အုပ်ထဲ နစ်မြုပ်လျက်။ ရုတ်တရက် ကလေးငိုသံတစ်ခု။ စာအုပ်ထဲနစ်မြုပ်
နေသည့် ကျွန်နော့်စိတ် လက်ရှိပတ်ဝန်းကျင်ထဲ ပြန်ရောက်လာ၏။ သေချာသည် ။ ကျွန်နော်
အိပ်မက်တစ်ခု မက်ခဲ့သည်မဟုတ်ပါ။










ဆက်ဖတ်မယ်ဆိုရင် ...

Sunday, July 3, 2011

ဝမ်းတွင်းစုန်း - ကိုသျှပ် (ကန့်ဘလူ)


သင်လို့ တတ်ခဲ့တာ မဟုတ်ဘူး
မွေးရာပါ မှားတဲ့သန္ဓေဟာ
ကြာကြာဝါးတော့ ခါးတယ်
တူးလိုက်
နား ... နားပြီး ဆက်တူးလိုက်
မိုက်တွင်းတွေ နက်သထက်နက်ခဲ့ပေါ့ ... ။
ယုံကြည်လို့
ကျားစွယ်ကို သွေးသောက်ခဲ့
ယုံကြည်လို့
သစ်ပင်ကို ခုတ်ပြီး
သစ်ငုတ်ကို ကိုးကွယ်ခဲ့
ယုံကြည်လို့
ဆေးမှင်ကြောင်တွေ ဖျက်ခဲ့
ယုံကြည်လို့
သစ္စာတရားကို အဆိပ်ခပ်ခဲ့
ယုံကြည်လို့
ကိုယ်စားရမယ့် ညစာထဲ
ကိုယ်တိုင် အပင်း သွင်းခဲ့
အလျော်အစားမရှိတဲ့ ကစားပွဲမှာ
ချစ်တော့ ချစ်လို့
မုန်းတော့ မုန်းလို့
တစ်ဖက်မှာ ပြုစားခံရစမြဲ။...........။


ကိုသျှပ် (ကန့်ဘလူ)

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, June 22, 2011

မိုးရာသီထဲမှ တောသာလေး၏....

ဥတုသုံးပါးအနက် မိုးဥတုသည် နူးညံ့လွန်းသည့် မိုးဖွဲ့ လေးများကို ပိုင်ဆိုင်၏။ မိုးပြေးလေးများကို
ပိုင်ဆိုင်၏။ ခွန်အားရှိသည့် မိုးစက်များကိုလည်းပိုင်ဆိုင်၏။ ရှင်းသန့် သည့် လေညှင်းကိုလည်းပိုင်
ဆိုင်၏။ ကျယ်ကျယ်လောင်လောင်ထစ်ချုန်းမှုကိုလည်းပေးတတ်၏။ မှိုင်းညို့ ညို့ ကိုလည်းဖော်ပြ
တတ်၏။ အလင်းရှိကြောင်းကိုလည်းပြတတ်၏။ မိုးဥတုသည် စွတ်စို၊စိုထိုင်း၊ အေးချမ်း၊ချမ်းအေး၊
လွမ်းဆွေး၊ သတိရ၊ တမ်းတ၊ နွေးထွေး အစရှိသည့်ခံစားမှုတွေကိုလည်းပေးတတ်၏။ အထူးသဖြင့်
မိုးဥတုသည် မိုးကိုချစ်တတ် သူနှလုံးသားပိုင်ရှင်များအတွက် ပိုပြီးပြည့်စုံ၊ပြည့်ဝ၊အသက်ဝင်လျက်
အရေးပေးဖော်ပြခြင်းဖြင့်ထင်ရှားနေသည်မဟုတ်ပါလား။
မိုးရာသီကိုကျွန်နော်ချစ်သည်။ ဘာကြောင့်ချစ်တာလဲဟု မေးခဲ့လျင် ကျွန်နော်မဖြေတတ်။
ဘာဖြစ်လို့ လဲဆိုတော့ ရင်ဘတ်ထဲကလာသော ချစ်သည်ဟူသည့်စကားလုံးသည် ကျွန်နော့်၏
သွေးတွေနှင့်အတူ ညီမျှစွာစီးဆင်းနေသောကြောင့်ဟု ဆိုရပါမည်။ အကယ်၍ ကျွန်နော် မိုးကို
ချစ်သည့်အကြောင်းစကားတစ်လုံးနှင့်ဖွင့်ဆိုခဲ့လျင် ကျွန်နော်ချစ်သည့် မိုးရာသီအပေါ် ကျွန်နော်
ချစ်သည့် “အချစ်” ဆိုသည့်အဓိပ္ဖါယ်လွဲသွားနိုင်ပါသည်။ဒါကြောင့်ချစ်သည် ဆိုသည့်အကြောင်းကို
စကားလုံးနှင့်အဓိပ္ဖါယ်မဖွင့်ချင်။ “ချစ်သည်” ဆိုသည့်စကားလုံးသည် တခါတရံမှာ အဓိပ္ဖါယ်ဖော်ဖို့ 
စကားလုံးမရှိ။ ဒီလိုဖော်ပြဖို့ စကားလုံးမရှိသည်ကိုက ကျွန်နော် မိုးရာသီကို ချစ်သည်ဆိုသည့်
အဓိပ္ဖါယ်ကို ကိုယ်စားပြုနေခဲ့ပြီ။ ထိုကြောင့် မိုးရာသီကို ချစ်တတ်သူ နှလုံးသားပိုင်ရှင်များသည်
ကျွန်နော် မိုးရာသီကို ဘာကြောင့်ချစ်သည်ဆိုသည့်အဓိပ္ဖါယ်ကို ပိုပြီးသိလိမ့်မည်ဟုထင်ပါ၏။

တချို့ သည် ဆောင်းကိုချစ်၏။ တချို့ သည် နွေကိုချစ်၏။ ကျွန်နော် မိုးကိုချစ်သည်။
ဆောင်းကိုချစ်တတ်သူနှင့် ကျွန်နော်တွေ့ လျင် အမြင်တစ်မျိုးရ၏ ။ နွေကိုချစ်တတ်
သူနှင့် ကျွန်နော် တွေ့ လျင် ရသတစ်မျိုးရ၏။ မိုးကိုချစ်တတ်သူနှင့်ကျွန်နော်တွေ့ လျင်
ခံစားမှုတွေမျှဝေတတ်လာ၏။ အမြင်တွေ၊ ရသတွေ၊ ခံစားမှုတွေမျှဝေရင်း ကျွန်နော်
အတွေးတွေကို ချရေးတတ်လာသည်။
ကောင်းကင်ပေါ်မိုးရိပ်တွေတက်လာပြီ။ လေတဖြူးဖြူးတိုက်လာပြီ။ လောက၀န်းကျင်
မှောင်လာပြီ။ ပတ်ဝန်းကျင်သည် ငြိမ်သက်အေးချမ်းလာပြီဆိုရင် ကျွန်နော်စိတ်သည်
အေးချမ်းလာ၏။ တစ်စုံတစ်ရာကိုလွမ်းလာ၏။ ပျော်သလိုလို၊ ၀မ်းနည်းသလိုလို ဖြစ်လာ
၏။ ဒီလိုခံစားမှုများသည် သည်လိုအချိန်ကျမှ ပေါ်ပေါက်လာတတ်သည်။ မိုးမရွာခင်ဖြစ်
ပေါ်လာသည့် ခံစားမှုကိုကျွန်နော်ချစ်တတ်လာပြီ။ သို့ တဆက်တက်၍ မြတ်နိုးတတ်
လာပါသည်။ ထို့ အတူ ညိုးနွမ်း သစ်ပင်လေးတွေဆို ဘယ်လောက်ပျော်နေလိုက်မလဲ။
မိုးစက်လေးများ တဖြောက်ဖြောက်ကျလာပြီ။ ပြီးတော့ တဖြည်းဖြည်းသည်းလာပြီ။
ပြီးတော့ တဝေါဝေါနှင့် မိုးရွာချလာပြီဆိုရင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးစိုထိုင်းသွားပြီ။
စွတ်စိုသွားပြီ။ မြေပြင်ရှိညစ်ဌေးမှုများ မိုးရေနှင့်အတူ စီးဆင်းသွားပြီ။ အဲဒီအချိန်လေး
ဆို “ ဘယ်လောက် ဖြူစင်သန့် ရှင်းလိုက်သည့် လောကဖြစ်နေမလဲ” ကျွန်နော်သိသည်။
အဲဒီအချိန်ဆို ကြည်လင်၏။ သန့် ရှင်း၏။ အေးချမ်းလှ၏။ လောကရှိ သစ်ပင်လေးများ
အညစ်အကြေးကိုယ်စီခါချလျက် ခေါင်းတညိမ့်ညိမ့် လုပ်နေပုံများ လှပလွန်း၏။
ဒီအချိန်ဆို ပျော်သည့်စိတ်နှင့်အတူ ကျွန်နော်မိုးရေထဲ ထွက်ကစားပြီ။ ပူလောင်နေ
သည့် ခန္ဒာအပေါ်ကျလာသည့် ချမ်းအေးသည့် မိုးစက်လေးများ။ ရှင်းသန့် မှု့ ၊ကြည်နူး
မှု့ ၊ချမ်းအေးမှု့ ၊ ငြိမ်းအေးမှု့ တို့ ပေါင်းစည်းလျက်ပေါ့။ ဒီလိုအချိန်လေးမှာ ကျွန်နော်
စိတ်တင်းကျပ်မှုမှ လွတ်မြောက်လျက်။ ကျွန်နော့် စိတ်နှင့် ခန္ဒာသည် လွတ်လပ်ပေါ့ပါး
လိုက်သည်ဖြစ်ခြင်း။ ဒီလိုခံစားမှု့ မျိုးကို ကျွန်နော်ချစ်သည်။ သို့ တဆက်တက်၍ မြတ်
နိုးတတ်လာပြီလေ။ “မိုးရွာသည့်အချိန် မိုးရေထဲထွက်ပြီး စိတ်နှင့်ခန္ဒာကို ဖြေလျော့ကြည့်
စမ်းပါ မိတ်ဆွေ။ ပြီးတော့ သစ်ပင်လေးတွေ မိုးရေချိုးရင်း ပြုံးနေသည်ကို စူးစမ်းကြည့်
စမ်းပါ။ ရေစိုနေသည့် ကိုယ်ထည်နှင့် ရှက်နေတတ်သည့် အပြစ်ကင်းစင်သောသဘာဝ
အလှကို မြင်နိုင်ပါရဲ့ ။”
ကျွန်နော် ဒီလို မိုးရေထဲ ကစားရင်း ရင်ထဲက ထွက်ပေါ်လာသည့် ပျော်ရွှင်မှု့ ၊ကျေနပ်
မှု့ ၊ လွတ်လပ်မှု့ တွေက မိုးစက်၊ မိုးပွင့်တို့ နှင့်အပြိုင်၊ မိုးသံလေသံတို့ နှင့်အပြိုင်ပေါ့လေ။
မိုးရေထဲမှာ ကျွန်နော် ရေဖွေးနေသည့်မြေပြင်အပေါ် ပက်လက်အိပ်သည်။ ဟိုဖက်သည်
ဖက်လူးလိမ့်သည်။ ဂျွမ်းထိုးသည်။ ထိုင်သည်။ ရပ်သည်။ ကိုင်းသည်။ ကွေးသည်။ခုန်သည်။
မိုးစက်လာရာ ကောင်းကင်ကို မော့ကြည့်သည်။ သူငယ်ချင်းတွေနှင့်အတူ ပျော်ရွှင်မှုတွေ
ကို အော်ဟစ်ဖော်ပြသည်။ ဒါကတော့ ကျွန်နော် ငယ်ငယ်က မိုးရေထဲ လွတ်လွတ်လပ်
လပ် ပျော်ရွှင်ခဲ့ သည့် အတိတ်မြင်ကွင်းတစ်ခု။ ကလေးများ၏ ဖြူစင်သန့် ရှင်းမှု့ ၊ပေါင်း
စည်းနိုင်မှု့ ၊တူညီသည့် ခံစားမှု့ ကိုယ်စီနှင့် အထိန်းအချုပ်မရှိ ပျော်ရွှင်မှု့ တွေပေါ့လေ။
ကလေးလေး တွေကို ပေးစွမ်းနိုင်ပါစေ။
“ ဂျိမ်း......ဒိန်း...ဒလိန်း..............”
တဝေါဝေါ တဖြောက်ဖြောက်နှင့်အတူ မိုးကြမ်းလာပြီဆိုရင်..........
“ မိုး မိုး ဘာကြောင့် ရွာ....ဖားအော်လို့ ရွာ။
ဖား ဖား ဘာကြောင့်အော်...မြွေကိုက်လို့ အော်။
မြွေ မြွေ ဘာကြောင့်ကိုက်...အစာငတ်လို့ ကိုက်။ ......”
ဆိုသည့် အဲသည်လို ကဗျာတွေအော်ဆိုကြလေရဲ့။ အရွယ်တူ သူငယ်ချင်းတွေနှင့်
အတူပေါ့။ အဲဒီအချိန်တုန်းကဆို ကဗျာတို့ သီချင်းတို့ ကို စိတ်လွတ်လပ်မှု့ ကတဆင့်
ပျော်လို့ စိတ်ကျေနပ်လို့ အော်ဆိုခဲ့ ကြာတာလေ။ တပိုင်းတစတွေပေါ့...ဒီတပိုင်း
တစ တွေကလည်း ဘယ်က ဘယ်လိုတတ်လာမှန်းမသိခဲ့ ဘူးလေ။ ကလေး များ၏
ပျော်ရွင်မှု့ နှင့်သီကျူးသံများ နားဆင်နိုင်ပါစေ။
မိုးရေထဲ အနေကြာလို့ နည်းနည်းချမ်းလာပြီဆိုရင်တော့ အဖေ၊အမေတို့ ၏ခေါ်သံ
ထွက်ပေါ်လာစမြဲ။.......“ သား.....လူလေး.....” ဘာညာပေါ့။
..”လာ ....နားတော့.....ဖျားတော့မယ်....တော်တော့ ကစားတာ....” ဘာညာပေါ့လေ။
အဲဒီအချိန်က အဖေ၊ အမေ တို့ ၏မေတ္တာကို မသိခဲ့ ပါဘူး။ ပျော်နေတာကို “တားတယ်၊
ဆီးတယ်....၀အောင် တောင် မကစားရဘူး ”ဆိုပြီး တွေးနေခဲ့ သပေါ့။ အဖေ၊အမေတို့ 
က မိုးရေထဲ ကစားတာ နားခိုင်းသည့်အချိန်ဆို ကျွန်နော် အပါအ၀င်သူငယ်ချင်းတွေ
အော်ဆိုကြတာက........“ မိုး ရွာရင် မိုးရေချိုးမယ်...
......ဖေဖေလာရင်အုန်းသီး ခွဲစားမယ်....
.......မေမေလာရင် နို့ စို့ မယ်........” တဲ့ ။
ကျွန်နော်လည်း မမှတ်မိတော့ပါဘူး။ ဒီလိုကဗျာတစ်ပိုင်းတစ်စတွေ ဘယ်လိုတတ်လာသလဲ
ဆိုတာကိုပေါ့။ ဒီလို အော်ဆိုပြီးရင် အိမ်တံစက်မြှိတ်ကကျနေသည့်ရေတံလျောက်ကမိုးရေ
ကို ခေါင်းမော့ချိုးပြီးတာနှင့် အိမ်ထဲဝင်တော့တာပဲ့။ လူကချမ်းလို့ တုန်နေပြီ။ နှုတ်ခမ်းတွေ
ပြာနေပြီ။ လက်ချောင်းတွေပိန်ကုန်ပြီ။ မိုးထဲရေထဲ ကစားချင်သည့်စိတ်ကမကုန်သေးဘူး။
အဲသည်လောက်ထိ မိုးရာသီကိုချစ်တာ၊ မိုးကိုချစ်တာ၊ မိုးရွာတာကိုချစ်ခဲ့တာလေ။ တွေး
ကြည့်ပေါ့။ “ ဘယ်လောက်ပျော်ရွှင်ကြည့်နူးဖို့ ကောင်းတဲ့ ကလေးဘ၀နှင့်မိုးရာသီကိုပေါ့။
အဲဒီကတည်းက မိုးရာသီကို ချစ်တဲ့ စိတ် အမြတ်တွယ်ခဲ့ လေသလားမသိ။
အိမ်ထဲရောက်တော့ ခေါင်းကိုခြောက်အောင်အ၀တ်နှင့်သုပ်၊နွေးထွေးသည့်အ၀တ်ကို
ဝတ်ပြီး အမေကျွေးသည့် ထမင်းပူပူနွေးနွေးကိုစားရတာကရော အမေ့ မေတ္တာနှင့်အတူ
ရောနှယ်ထားသည့်အာဟာရ၊ စိတ်ကျေနပ်စွာစားရသည့်ကျွန်နော့်အတွက် အိမ်အပြင်
ဖက်က တဝေါဝေါရွာနေသည့် မိုးသံ၊လေသံ၊ရေဖွေးဖွေးမြေပြင်၊ စိမ်းလန်းနေသည့်သစ်ပင်
များလှုပ်ရှားမှု၊ ရှင်းသန့် သည့်လေညှင်းကိုရှူရှိုက်ရင်း အဖေ၊အမေတို့ ၏ မေတ္တာနွေးနွေး
အောက်မှာ နေထိုင်ရသည့်ကလေးငယ်တစ်ယောက်၏ ဘ၀ဟာ မိုးရာသီနှင့်အတူ ထင်ရှား
စွာ အဓိပ္ဖါယ်ပြည့်ဝခဲ့တာပေါ့။
မိုးသံလေသံနားထောင်ရင်း၊ ရှင်းသန့် လေညှင်းတွေကိုရှူရှိုက်ရင်း မိုးရေထဲကစားခဲ့
သည့်နွမ်းနယ်မှုတွေနှင့်အတူ ခန္ဒာပြေလျော့ရင်း အိပ်ယာထဲ ခေါင်းချလိုက်တာနှင့်
အိပ်ပျော်သွားတာပါပဲ့ လေ။ ကျွန်နော် အိပ်ပျော်သွားသည့်အချိန်ဆို အမေက အဖေ့ ကို
“ မိုးရေထဲ ကစားတာ ကြပ်ကြပ်ခွင့်ပြု.....ဖျားရင်ဘယ်လိုလုပ်မလဲ ” ဆိုပြီး ဂရုဏာဒေါသ
နှင့်ပြောနေကျအသံက မိုးရာသီကုန်မှပဲ ပျောက်ကွယ်သွားတတ်လေရဲ့။ ဒါပေမယ့်
ကျွန်နော် တစ်ခါမှ မဖျားခဲ့ ဘူး၊ နေမကောင်းမဖြစ်ခဲ့ဘူး၊ မိုးရေထဲကစားလို့ ပေါ့လေ။
အလုပ်လုပ်နိုင်သည့်အရွယ်ဆိုရင်လည်း လယ်ယာလုပ်ငန်းမှာ အဖေ့ ကိုကူရင်း မိုးရာသီ
ထဲမှာ ပျော်ခဲ့ တာပါပဲ့ ။ မိုးရာသီ လယ်လုပ်ရင်း အလုပ်ခွင်ထဲ မိုးသံ၊လေသံ၊ ထစ်ချုန်းသံ
တွေနှင့်အပြိုင် လယ်ထွန်ရင်း၊ သံရှည်ဆွဲ သီချင်းငြီးရင်း၊ လယ်နားနီးခြင်း သူငယ်ချင်းတွေကို
အော်ပြောနောက်ပြောင်ရင်း မိုးနှင့်အပြိုင် အလုပ်ကိုကြိုးစားခဲ့ ရတာပေါ့လေ။ ဘာဖြစ်လို့ လဲ
ဆိုတော့ မိုးက အချိန်ကျရွာတယ်၊ လယ်ကလည်းဒီအချိန်ကျမှလုပ်ရတယ်ဆိုတော့ အလုပ်က
ဒီအချိန်ကျမှမပြီးရင် ဘယ်လိုလုပ်မတုန်း။ လယ်နားနီးခြင်း ဘ၀တူသူငယ်ချင်းတွေ၏အော်သံ၊
ငေါက်သံ၊ သီချင်းငြီးသံ၊ဆိုသံ တွေကိုနားထောင်ရင်း ကိုယ်တိုင်လည်း ဆိုရင်း၊ ငြီးရင်း ၊စရင်း၊
နောက်ရငှ်းနှင့်မိုးတွင်းလယ်ယာလုပ်ငန်းခွင်က မိုးရေတွေနှင့်အတူ စိုစွတ်လှသပေါ့လေ။ “
ကျွန်နော်လည်း မောရမှန်းကိုမသိဘဲ မိုးနှင့်အပြိုင်လုပ်ကိုင်ရင်း ဘ၀တူသူငယ်ချင်းတွေနှင့်
လယ်ကွင်းထဲ ပွဲစည်ခဲ့တယ်လေ။ ဒါကတော့ အဖေ့ကိုကူရင်း လယ်လုပ်ခဲ့ သည့်အချိန်က
ိမိုးရာသီ လယ်လုပ်ခဲ့ သည့်အတွေ့ အကြုံဒါမှမဟုတ် မိုးရာသီနှင့်ရင်းရင်းနှီးနှီးရှိနေခဲ့သည့်
အတိတ်ထဲက မိုးရာသီနှင့် လယ်လုပ်ငန်း။ မိုးရာသီမှာ လယ်လုပ်ခြင်းဟာ တောသား
လေး ကျွန်နော်အတွက် အရမ်းကို တန်ဖိုးရှိခဲ့ ပါတယ်လေ။
ကျွန်နော်အခု မိုးရာသီနှင့်ကွဲကွာနေတာ နှစ်နှစ်တောင်ကြာနေခဲ့ ပြီ။ မိုးရှားသည့်ဒေသတစ်ခု
၏ အလုပ်ခွင်ထဲမှာနေရင်း မိုးကိုတမ်းတရင်း၊ မိုးကိုလွမ်းရင်း ရွာမှာရှိသည့် အိမ်သို့  လွမ်းလျက်။
ဒီလိုနှင့် မိုးရွာသည့်နေ့ တစ်နေ့  အိမ်သို့ ဖုန်းဆက်ဖြစ်ခဲ့ ၏။ အဖေ ဖုန်းလာကိုင်၏။
ကျွန်နော် အဖေ့ ကို မေးလိုက်သည်။
......“ အဖေ နေကောင်းကျန်းမာရဲ့လား.........မိုးရာသီရောက်နေပြီမဟုတ်လား....
မိုးရောရွာရဲ့လား.....လယ်တွေရောလုပ်နေပြီလား.............” လို့ ပေါ့။
အဖေက..............လေသံလေးလေးနှင့်
“..........အေး..........သား အဆင်ပြေရဲ့လား.......အခုအဖေတို့ ဆီမှာမိုးတော်တော်ရွာနေပြီ
......လယ်တွေလည်းလုပ်နေပြီ .....”တဲ့ ။......ဒါပေမယ့်.........သားရေ ........
အဖေတို့ လယ်ကွင်းတွေထဲမှာ အရင်လို မစည်တော့ဘူး။ ပျော်စရာမကောင်းတော့ဘူး....”တဲ့ ။
“ ဘာဖြစ်လို့ လဲ အဖေ.............”
ကျွန်နော်ပြန်မေးလိုက်တော့..........“ ဒီလိုသားရေ...........
အခု လယ်ကွင်းတွေထဲမှာ မိုးသံလေသံနှင့်အပြိုင်အဆိုင်လုပ်နေတာကတော့ လူတစ်ယောက်နှင့်
စက်တစ်လုံး.....လယ်ဆယ်ဧကကို နိုင်နိုင်နှင်းနှင်းလုပ်နေကြပြီ..လယ်ကွင်းတွေထဲ စက်သံတညံ
ညံနှင့် အရင်လို လူသံတွေနှင့်မစည်ကားတော့ဘူးသားရေ.........လယ်ကွင်းထဲမှာ လူလည်းသိပ်
မရှိတော့ဘူး။။။။။။။။။။ကျွဲနွားတွေကိုလည်းသိပ်မသုံးတော့ဘူး..သားရေ..........”တဲ့ ။
သြော်.........ဒီလိုကိုး.............ဆိုပြီးတော့ ကျွန်နော့် အတွေးမှာတော့ ရွာနှင့်ကင်းကွာခဲ့သည့်
နှစ်နှစ်အတွင်း ရွာအခြေအနေ တော်တော်ပြောင်းလဲသွားပါလား။ ရွာက လယ်ကွင်းတွေထဲမှာ
လည်း ပြောင်းလဲသွားကြပါလား။ အရင်က လယ်ကွင်းတွေထဲ လူသံ၊ကျွဲနွား အော်သံ၊ မိုးသံလေသံ
တွေနှင့် ညံစည်နေသည့်နေရာမှာ စက်သံတညံညံတွေအစားထိုးဝင်ရောက်လာပါလား။
အဖေ ပြောမယ်ဆို ပြောစရာပါပဲ့ လေ။ဒီလိုနှင့် ကျွန်နော် စိတ်ထဲ ပျော်သလိုလို၊၀မ်းနည်းသလိုလို
ခံစားမှုဖြစ်ပေါ်လာပါတော့တယ်လေ။
ပျော်သလိုလိုဆိုတာက ကျွဲနွားတွေနှင့်ရုန်းကန်လုပ်ရှားရသည့်နေရာမှ စက်မှုထွန်းကား
ထိုးဖောက်ဝင်ရောက်လုပ်ကိုင်လာတယ်ဆိုတော့ အရင်လိုမပင်ပန်းတော့ဘူးပေါ့လေ။ ၀မ်းနည်း
သလိုလို ဆိုတာက ကျွဲနွားတွေနှင့်ရုန်းကန်လုပ်ရှားနေသည့် မြင်ကွင်းပျောက်ကွယ်သွားတော့
မည်.။ ပြီးတော့...........ပြီးတော့...........အဖေအတွက်..........အဖေ့အတွက်....
လယ်ထွန်စက်တစ်လုံး..............။
မိုးရာသီကို ရောက်နေပြီ.........အိမ်မှာလယ်လုပ်နေကြပြီ။ကျွန်နော် အိမ်နှင့်အဝေးကို
ရောက်နေသည်။ အဖေအမေကို လွမ်း၏။ အခုမိုးတွေရွာနေပြီ။ ငယ်ငယ်တုန်းက မိုးရေထဲ
ကစားခဲ့ ဖူးသည့်မြင်ကွင်းတွေကိုပြန်မြင်လာသည်။ ပြန်မြင်လာတိုင်း.........
မိုးရာသီကိုချစ်သည့်စိတ်။ မိုးကို မြတ်နိုးသည့်စိတ်တွေဟာ ညိုးနွမ်းသစ်ပင်လေးများ
မိုးကိုတမ်းတသည့်စိတ် ထက်ပိုမည်ဟုတွေးလျက်။ ရင်ထဲ ......................ပေါ့လေ။
......................မိုးကိုချစ်တတ်ကြပါစေ...................................................။



ဆက်ဖတ်မယ်ဆိုရင် ...

Friday, June 3, 2011

နှလုံးလှဖို့ အလှဆုံးသို့ (၁၀)



ရှင်အာနန္ဒာသည်
“ဗုဒ္ဓ၏အလိုတော်အရ ဘုရားရှင်၏ အဆုံးအမတည်းဟူသော ဤသာသနာ၌ ကောင်းမွန်သောဘဝ၏ တစ်ဝက်သည် လှပတင့်တယ်သော အရာတို့ကို နှလုံးသွင်း ဆင်ခြင်နေရမှုဖြစ်၏”
ဟု ကြေညာတော်မူ၏။

ရှင်အာနန္ဒာသည် ဤသို့ကြေညာပြီးရုံဖြင့် မကျေနပ်သေးဘဲ တစ်နေ့သောအခါ မြတ်စွာဘုရားထံ သွားရောက်၍ ထိုကြေညာချက် မှန် မမှန်ကို မိန့်ကြားတော်မူပါရန် လျှောက်ထား၏။

ဗုဒ္ဓက
“မဟုတ်ဘူး အာနန္ဒာ ငါ၏ အဆုံးအမတည်းဟူသော ဤသာသနာ၌ ကောင်းမွန်သော ဘဝတစ်ခုလုံး၊ ကောင်းမွန်သော ဘဝတစ်လျှောက်လုံးသည် လှပတင့်တယ်သော အရာတို့ကို နှလုံးသွင်း ဆင်ခြင်နေရမှုနှင့် သက်ဆိုင်ပေ၏”
ဟု ဖြေကြားတော်မူ၏။


(ကိုယ်တော်မြတ်နှစ်ပါး၏ အထက်ဖော်ပြပါ စကားများမှာ ၁၉၆၁ ခုနှစ် အောက်တိုဘာလထုတ် အိန္ဒိယရုပ်စုံမဂ္ဂဇင်းတွင် ပါရှိသော ဒေါက်တာ ဗီအက်စ် နရဗာနေရေးသားသည့် ”အနုပညာနှင့် သဘာဝအပေါ် ဂန္ဓီကြီးထားရှိသော သဘော” ဟူသော အင်္ဂလိပ်ဘာသာဆောင်းပါးမှ ကောင်နုတ်၍ တိုက်ရိုက်ပြန်ဆိုထားခြင်းဖြစ်ပါသည်)။



ဗုဒ္ဓ နှင့် အလှပြဿနာ - ဘသန်း (ဓမ္မိက) ချင်းတွင်း မဂ္ဂဇင်း ၊ အမှတ် (၆၃) ၊ ဇွန်လ ၊ ၂၀၁၁ မှ ထုတ်နုတ်ပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, May 20, 2011

အိပ်မက်



နေလုံးကြီးသည် မြေကြီးထဲသို့ ညှိုးငယ်စွာ တိုးဝင်သွားပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးသည် ငြိမ်သက်လာ၏။ အမှောင်ထုသည် အေးစက်စွာ ဖြစ်ပေါ်လာလေပြီ။ အမည်မသိပိုးမွှားကောင်များသည် သဘာဝသံစုံတီးဝိုင်းကြီးဖြင့် ငြိမ်သက်နေသည့် ပတ်ဝန်းကျင်ကို အန်တုလျက်။ ညမုဆိုးများဟုခေါ်သော အမည်မသိငှက်များ၏ တောင်ပံခတ်သံများကို မကြာမကြာ ကြားနေရပြီ။

ကြည့်မိသည့် နေရာတိုင်းမှောင်မည်းလျက်။ ကောင်းကင်ပေါ်၌ ကြယ်များသည် ယခုညမှ ပိုပြီးတောက်ပနေလေသည်ဟု ထင်မိသည်။ မှောင်မည်းသည့်လောကထဲ ဦးတည်ရာမဲ့ တိုက်ခတ်နေသည့် လေပူများ၊ ညမုဆိုးများ၏ အော်သံများနှင့် ညတစ်ည။ တိတိကျကျ ပြောရမည်ဆိုလျင် လမိုက်ညတစ်ညပေါ့။


လမိုက်ညပေါင်းများစွာသည် ကျွန်နော့်အတွက် ဘာမှ မထူးဆန်းခဲ့ပေ။ လမိုက်ညများသည် ထူးပြီးဆန်းနေသည်ဟုလည်း ကျွန်နော် ဘယ်သောအခါမှ မတွေးခဲ့။ လမိုက်ညများသည် ကျွန်နော့်အတွက် ခံစားမှုတစ်ခုခုကို ပေးနိုင်ခဲ့သော ခေါင်းစဉ်တစ်ခုလည်း မဖြစ်ခဲ့ပေ။ သို့သော်……..သို့သော်……..ဤယခုညသည် ကျွန်နော့်အတွက် အမည်မသိဝေဒနာတစ်ရပ် ဖြစ်ပေါ်အောင် ဖန်တီးပေးနေလေပြီ။ ခံစားနေရသည့် ဝေဒနာက ဘာလဲဆိုတာ အတိအကျမသိ။ သေချာစွာ သိနေသည်က ယခုလမိုက်ညသည် ကျွန်နော်နဲ့ မရင်းနှီးတော့ပေ။ ငယ်ပေါင်းတွေ မဟုတ်တော့သည့်အလား သူစိမ်းဆန်လျက်။


ယခု ကျွန်နော် ရောက်နေသည့်နေရာသည် ရွာကလေးတစ်ရွာ။ တောင်တန်းကြီးတစ်ခု၏ အခြေ၌ တည်ထား၏။ ထိုရွာကလေးသည် နေရောက်ခြည်ကို ပထမဦးဆုံးရရှိပြီး ပထမဦးစွာဖြင့် စောစီးစွာ လက်လွတ်ရသည့်ရွာကလေး။ ရွာထဲရှိလူများတွင် မိရိုးဖလာ ဓလေ့ထုံးတမ်းများကို အသေဖက်တွယ်ထားသူများ၏။ လယ်ယာလုပ်ငန်း လုပ်ကိုင်ရင်း အနာဂတ်သည်လည်း ပြောင်းလဲနိုင်သည်ဟု မမြင်နိုင်သော လူများနေထိုင်ကြသည့် ရွာကလေး။ လမိုက်ညတွေကို သေသည့်တိုင်အောင် ပိုင်ဆိုင်ခဲ့သူတွေ နေထိုင်သွားခဲ့ကြသည့်နေရာ။ တိတိကျကျဆိုရသော် ကျွန်နော့်ကိုမွေးဖွားခဲ့သည့် ဇာတိချက်မြှုပ်ရာ ရွာကလေးတစ်ရွာပေါ့လေ။


ကျွန်နော်ထိုင်နေ၏။ အိမ်အတွင်းမှာပေါ့။ ကျွန်နော်ငယ်ငယ်က အဖေထိုင်နေကျသစ်သား ခေါက်ကုလားထိုင်တစ်လုံးပေါ်မှာပေါ့။ ကုလားထိုင်၏ ဘယ်ဘက်မှာ ပြတင်းပေါက်တစ်ခု။ ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ပေါ့။ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ကြည့်လိုက်မိသည်။ ဘာကြောင့်လဲမသိ။ အပြင်ဘက်၌ ကျွန်နော့်မျက်လုံး အနီးအနားမှာရှိသော မြင်ကွင်းများသည် မည်းမှောင်လျက်။ေ၀၀ါးလျက်။ ဘာမှမမြင်ရပေ။ သို့သော်လည်း….ဟိုးအဝေးသို့ မျှော်ကြည့်လိုက်တော့ တလက်လက်တောက်ပနေသည့် ကြယ်များကို မြင်ရ၏။ ကျွန်နော် စဉ်းစားလို့မရ။ အနီးအနား ပတ်ဝန်းကျင်ကိုမမြင်ရဘဲ ဟိုးအဝေးက အရာတွေကိုပဲ မြင်နေရသည်။ ဘယ်နှယ်ကြောင့် မြင်နေရပါလိမ့်။ သေချာတာကတော့ ကျွန်နော့်မျက်လုံးတွေ မအိုသေး။ အဖြေမသိတော့ လမိုက်ညကိုပဲ အပြစ်ပုံချလိုက်မိပါရဲ့။


ခေါက်ကုလားထိုင်၏ အရှေ့မှာ ကျွန်နော်ငယ်ငယ်က စာထိုင်ဖတ်ခဲ့သည့် လေးချောင်းထောက် သစ်သားစားပွဲတစ်လုံး။ စားပွဲပေါ်မှာ ရှိနေသည်အရာက ရေနံဆီမီးခွက်ငယ်လေးတစ်လုံး။ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကျွန်နော့်ကိုမမှတ်မိဘဲ ဖြစ်နေတာလား။ ဒါမှမဟုတ် ကျွန်နော် အပြစ်ပုံချတာကို သိနေတာလားမသိဘူး။ သူက ကျွန်နော့်မျက်နှာကို မှိတ်တုတ်မှိတ်တုတ်နဲ့ တဖျတ်ဖျတ်ကြည့်လို့။ ဒါကြောင့် “မင်းတာဝန်ကျေပါတယ်ကွယ်”လို့ ကျွန်နော် မလုံမလဲ တိုးတိုးလေး ပြောလိုက်မိ၏။


ကျွန်နော်ထိုင်နေသည့်နေရာ၏ ညာဘက် လက်တစ်ကမ်းအကွာမှာ အမေသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ၀ါဝါ၊ ဖြူဖြူပန်းပွင့်များကို သပ်ထားသည့် အုန်းလက်အကြောတံတစ်ခုဖြင့် ကောက်သီလျက်။ အမေ့နံဘေးတွင် ကျွန်နော့်ညီမ၊ ပန်းပွင့်များကို ရိုးတံဖြင့် ကောက်သီရင်း တိတ်ဆိတ်လို့။ အမေနှင့်ညီမအကြား ခြေတံရှည်ရှည် ဆီမီးခွက်ငယ်လေးတစ်လုံး။ သူလည်းတိတ်ဆိတ်လို့။ အမေတွေးနေမှာပေါ့။ မနက်ကျရင် ဘုရားပန်းကပ်မယ့် ပန်းတွေမညှိုးအောင် ရေဖြန်းထားရဦးမယ် ဆိုတာကိုပေါ့။ ညီမလေးလည်း တွေးနေမှာပေါ့။ အမေ ဘုရားဆွမ်းကပ်ဖို့ မနက်စောစေထပြီး ထမင်းချက်ရမယ်ဆိုတာမျိုးကိုပေါ့။ မီးခွက်ခြေရှည်လေးလည်း တွေးနေမှာပေါ့။ တစ်ခုခုပေါ့။ တစ်ခုခုအကြောင်းပေါ့လေ။


အမေထိုင်နေသည့်နောက်ကျောဘက် တစ်လန်ကျော်ကျော်အကွာမှာ အိမ်ဦးဘုရားစင်။ ပန်းတွေဝေလို့။ မီးတွေထိန်လို့။ မီးခိုးတွေထူလို့။ ဘုရားစင်၏အောက်ခြေမှာ ထိုင်နေသည်က အဖေ။ ဘုရားစင်ပေါ်မှ ရေနှံဆီမီးခွက်၏အလင်းရောင်ကို အားပြုပြီး အလုပ်တွေရှုပ်နေသည်။ အဖေ့အရှေ့မှာ အရောင်ပြယ်နေသည့် ယွန်းကွမ်းအစ်တစ်လုံး။ ကွမ်းအစ်နံဘေးမှာ ခပ်ညစ်ညစ်စာအုပ်တစ်အုပ်။ ထိုစာအုပ်အပေါ်မှာ အသံ တက်လိုက်ကျလိုက်မြည်နေသည့် ရေဒီယိုတစ်လုံး။ အဖေသည် တချက်တချက် အမေ့ကို လှမ်းမေးလျက်။ တချက်တချက် ကျွန်နော့်ကို စကားလှမ်းပြောလိုက်နဲ့။ ကွမ်းယာကို ကိုယ်တိုင်ယာလျက်။ ရေနံဈေးတွေတက်နေသည့်အကြောင်း ပြောနေကြသည်ကို နားထောင်လျက်။ တချက်ချက်ပေါ့လေ။ တချက်ချက်ပေါ့လေ။


ကျွန်နော် အိမ်ပေါ်သို့ ပြန်ရောက်နေသည်မှာ ယခုညနဲ့ဆို နှစ်ညရှိပြီ။ သို့သော် မှောင်မည်းသော ညများ၊ လမိုက်ညများသည် ကျွန်နော့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံတုန်း။ ကျွန်နော် အိမ်လေးနဲ့ ခွဲခွာခဲ့တာ အတော်ကြာခဲ့သောကြောင့်လား။ ခွဲခွာနေခဲ့ရသည့်အချိန်အတွင်း လမိုက်ညများမရှိသည့်မြို့ပေါ်သို့ ကျွန်နော် ရောက်ရှိသွားခဲ့သည်ကို သိနေလို့လား။


……………….. “လမိုက်ညများမရှိသည့်မြို”့။………………………………….


ဒီလို ကျွန်နော် ခေါ်လိုက်ရသည့်အကြောင်းကတော့ ကြည့်လိုက်သည့်နေရာတိုင်း မီးများထိန်လင်းလျက်။ အလင်းရောင်များလွှမ်းမိုးလျက်။ နေရာတိုင်း၊ အချိန်တိုင်းပေါ့လေ။ မှောင်မှဲနေသည့် အချိန်ဆိုလို့ ကျွန်နော့်မျက်လုံးများပိတ်သွားပြီး အိပ်မောကျသွားသည့်အချိန်ပဲရှိမည်။ မီးရောင် သို့မဟုတ် အလင်းရောင်ကို မမြင်ရပါဟု ပြောလို့ရသည်။ ရေနှံဆီမီးခွက်ဆို ဝေလာဝေး။ ညဆိုသည်မှာ အာရုံထဲက မေ့ပျောက်လျက်။ အချိန်တိုင်းသည် ကျွန်နော့်အတွက် လင်းကျင်းလျက်ပေါ့။ ထိုမြို့ပေါ်မှာ အတော်ကြာကြာနေထိုင်ခဲ့သည်။ အလုပ်လုပ်ရင်း ၀မ်းဝရေး အတွက်ပေါ့။ သေချာတာကတော့ ကျွန်နော့်ရွာလေးဆီ စိတ်အမြဲရောက်လျက်ပေါ့လေ။


ငယ်ငယ်က လမိုက်ညဆိုသည်မှာ ကျွန်နော့်အတွက် မထူးဆန်းခဲ့။ ယခု ထူးဆန်းနေလေပြီ။ လမိုက်ညများသည် ကျွန်နော့်ကို စိန်ခေါ်နေတာလား။ ဒါမှမဟုတ် မနှစ်မြို့တော့တာလား။ ကျွန်နော်ကပဲ လမိုက်ညများကို ဖယ်ရှားဖို့ သင်ကြားတတ်မြောက်ခဲ့သည့် အတတ်ပညာကြောင့်လားမသိ။ သေချာသည်က လမိုက်ညများကို ကြည့်ရင်း ကျွန်နော် ဖယ်ရှားပစ်ချင်နေပြီ။ အကြောင်းပြချက်ဘာလဲဟု မေးလာခဲ့လျှင် ကျွန်နော် ရေရေရာရာ မဖြေချင်တော့ပါ။ သို့သော် …. အတင်းအကျပ် မေးလာခဲ့လျှင် အမေကိုလည်းကောင်း၊ အဖေကိုလည်းကောင်း၊ ညီမကိုလည်းကောင်း၊ ရေနံဆီမီးခွက်ငယ်ကိုလည်းကောင်း၊ ထိုသို့သော “လည်းကောင်း” တွေအများကြီး ခေါင်းစဉ်တပ်ထားရသည့် သူတို့အကြောင်းတွေကို ပြောပြရတော့မည်။


“……….ဒေါက်ဒေါက်ဒေါက်………ဒေါက်ဒေါက်……………”

တစ်စုံတစ်ယောက် တံခါးကို ခေါက်နေသည့်အသံသည် ကျွန်နော့်နားထဲ ကျယ်လောင်စွာ တိုးဝင်လာခဲ့သည်။


“………..ဘယ်သူလဲကွ………………..” ဟု ပါးစပ်ဖွင့် အော်မေးရင်း မျက်လုံးနှစ်လုံးကိုပါ ဖွင့်လိုက်မိသည်။


“အ…………………………………………………………………….”

စူးရှသော အလင်းရောင်များ မျက်လုံးထဲသို့ အရှိန်ပြင်းစွာဝင်လာသည်။

မီးအလင်းရောင်များကို မုန်းသည်။ အမြဲတမ်းလင်းနေသည့် အခန်းမီးများကို မုန်းသည်။


“…………အလုပ်သွားဖို့ အချိန်ရောက်ပြီကွ………………..” တဲ့ ။

သြော်………သူငယ်ချင်းက အလုပ်သွားဖို့ လာနှိုးတာကိုး။


ခုနက ရွာကိုရောက်သွားခဲ့သည် မဟုတ်ပါလော။


“…..သြော်……….ငါ အိပ်မက်မက်နေပါလား……….”

။.....................။


မင်းရဲရှင်

ဆက်ဖတ်မယ်ဆိုရင် ...