လူတစ်ချို့က ဒီလိုမျိုးတွေအတွက် ငွေကုန်ခံနေကြတယ်။ သဘောကတော့ ဗေဒင်မေးစရာမလို၊ ဒါလေးကိုဖတ်ကြည့်ပါ။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ အချိန်လည်းသိပ်မပေးရဘူး။ တစ်ခုတော့ရှိတယ်။ သိပ်မခံစားပါနဲ့။ အပျော်ပေါ့။ အဖြေလေးတွေက အခုလက်ရှိ ခင်ဗျားကိုပြောတာနော်။ အရင်ကခင်ဗျားမဟုတ်ဘူး။
ကဲ၊ ခဲတံလွယ်မယ်ဆိုရင်လည်း ခဲတံ။ ဘောလ်ပင်လွယ်မယ်ဆိုလည်း ဘောလ်ပင်ပေါ့။ စာရွက်တစ်ရွက်လည်း ဆောင်ထားလိုက်နော်။ မေးခွန်း(၁၀)ခုရှိမယ်။ တစ်ခုခြင်းစီရဲ့ မေးခွန်းနံပါတ်နဲ့ အဖြေခေါင်းစဉ်လေးတွေကို ရေးမှတ်ထားလိုက်ပါ။ အစဉ်လိုက်လေးပေါ့။ ကဲစကြမယ်။
(၁)
ခင်ဗျားအတွက် နေ့တနေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
(က) မနက်ခင်း
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန်
(ဂ) ညဉ့်နက်ချိန်
(၂)
ခင်ဗျား လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …
(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန်
(ဂ) ပုံမှန်လှမ်းရင်းနဲ့ ခေါင်းမော့ထားမယ်။ လောကကြီးကို ရင်ဆိုင်တော့မဲ့ပုံ
(ဃ) ပုံမှန်လှမ်းတယ်။ ခေါင်းငုံထားရင်း။
(၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ ခင်ဗျားရဲ့အမူအရာက …
(က) မတ်တတ်ရပ်ရင်း လက်ပိုက်ထားမယ်။
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ်။
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက်ထားမယ်။ ဒါမှမဟုတ် ဘောင်းဘီအိတ်တွေထဲကို နှိုက်ထားမယ်။
(ဃ) ခင်ဗျားရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း။
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ် မျက်နှာကို ပွတ်သပ်နေရင်း။
(၄)
ခင်ဗျား အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …
(က) ဒူးခေါင်းကိုကွေးလို့ ပူးကပ်ထားမယ်။
(ခ) ခြေချိတ်ထားမယ်။
(ဂ) အကြောတွေဖြေလျော့လို့ ခြေဆင်းထားမယ်။
(ဃ) ခြေတစ်ဖက်ကွေးလို့ ဖိထိုင်ထားမယ်။
(၅)
ပျော်ရွှင်စရာ တစ်ခုခုတွေ့တဲ့အခါ ခင်ဗျားတုံ့ပြန်ပုံက …
(က) အားပါးတရ ရယ်မောမယ်။
(ခ) ခပ်ကျယ်ကျယ်မဟုတ်ပဲ ရယ်မောမယ်။
(ဂ) အေးအေးပုံမှန်လေးပဲ ရယ်မောမယ်။
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ်။
(၆)
ခင်ဗျားက ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုခုကို သွားရတဲ့အခါမှာ …
(က) လူတွေသတိထားမိအောင် နှုတ်ဆက်သံ ကျယ်ကျယ်လောင်လောင်နဲ့ ဝင်သွားတတ်တယ်။
(ခ) တိတ်တဆိတ်ပဲဝင်သွားတတ်တယ်။ ခင်ဗျားအသိ တစ်ယောက်ယောက်များ ရှိနေမလားလို့ ဟိုဒီရှာရင်းနဲ့။
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှသတိမထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ်။
(၇)
ခင်ဗျား အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား လုပ်နေချိန်မှာ တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်) ခင်ဗျားက …
(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ်။
(ခ) အရမ်းစိတ်ဆိုးသွားတတ်တယ်။
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့ တုံ့ပြန်တတ်တယ်။
(၈)
ဘယ်အရောင်လေးကို ခင်ဗျား အနှစ်သက်ဆုံးလည်း။
(က) အနီရောင် (သို့) လိမ္မော်ရောင်
(ခ) အနက်ရောင်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့
(ဃ) အစိမ်းရောင်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင်
(စ) အဖြူရောင်
(ဆ) အညိုရောင် (သို့) မီးခိုးရောင်
(၉)
ခင်ဗျားညအိပ်ရာဝင်တဲ့အခါ အိပ်မပျော်ခင်အချိန်လေးမှာ ခင်ဗျားလှဲနေတတ်တဲ့ ပုံလေးက …
(က) ပက်လက်ကလေး ဖြေလျော့နေတတ်တယ်။
(ခ) မှောက်ခုံလေး ဖြေလျော့နေတတ်တယ်။
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ်။
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက်ခုရင်း နေတတ်တယ်။
(င) ခေါင်းအုံးအောက်မှာ ခေါင်းကိုဝှက်ရင်း နေတတ်တယ်။
(၁၀)
မကြာခဏ ခင်များကိုယ်ခင်ဗျား အိမ်မက်တတ်တာက …
(က) ကျဆုံးနေသူ
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေရတတ်တယ်။
(ဃ) လေထဲမှာ ပျံသန်းနေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ်။
(င) ခင်ဗျား အိမ်မက် မက်လေ့မရှိဘူး။
(စ) ခင်ဗျား စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ်။
ကဲ မေးခွန်းလေးတွေကတော့ ကုန်သွားပြီ။ ခင်ဗျားမှတ်ထားတဲ့ နံပါတ်နဲ့ အဖြေလေးတွေအလိုက် အမှတ်လေးတွေရှိတယ်။ တစ်ခုခြင်းစီကို အမှတ်လေးတွေမှတ်ပြီး အားလုံးပေါင်းလိုက်အုံးနော်။ ရလာတဲ့ အမှတ်ပေါင်းအလိုက် ခင်ဗျားဟာ ဘယ်လိုလူလည်းလို့ ဖတ်ကြည့်လိုက်ပါအုံး။ အပျော်ပေါ့။ ခင်ဗျားရဲ့ ရမှတ်လေးကို ကွန်မန့်မှာ ရေးပေးသွားအုံးနော်။ အားလုံးလည်း သိရတာပေါ့။
နံပါတ်စဉ်အလိုက် အမှတ်လေးတွေကတော့ ….
(၁) (က)၂ (ခ)၄ (ဂ)၆
(၂) (က)၆ (ခ)၄ (ဂ)၇ (ဃ)၂ (င)၁
(၃) (က)၄ (ခ)၂ (ဂ)၅ (ဃ)၇ (င)၆
(၄) (က)၄ (ခ)၆ (ဂ)၂ (ဃ)၁
(၅) (က)၆ (ခ)၄ (ဂ)၃ (ဃ)၅ (င)၂
(၆) (က)၆ (ခ)၄ (ဂ)၂
(၇) (က)၆ (ခ)၂ (ဂ)၎
(၈) (က)၆ (ခ)၇ (ဂ)၅ (ဃ)၄ (င)၃ (စ)၂ (ဆ)၁
(၉) (က)၇ (ခ)၆ (ဂ)၄ (ဃ)၂ (င)၁
(၁၀) (က)၄ (ခ)၂ (ဂ)၃ (ဃ)၅ (င)၆ (စ)၁
အမှတ်ပေါင်းကြည့်ပြီးသွားပြီဆိုရင်တော့၊ ဖတ်ကြည့်လိုက်ပေတော့။ ခင်ဗျားဘယ်လိုလူလည်း ဆိုတာကိုး) …
အမှတ်(၆၀)ကျော်တယ်ဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားကို ဂရုတစိုက် ပေါင်းသင်းဆက်ဆံရမဲ့လူလို့ မြင်ကြတယ်။ ခင်ဗျားက မာနကြီးတယ်၊ အတ္တကြီးတယ်၊ ပြီးတော့ သူတစ်ပါးကို အပေါ်စီးကနေ ပြောဆိုချင်တယ်။ လူတစ်ချို့က ခင်ဗျားကို လေးစားကြမယ်၊ နှစ်သက်ကြမယ်။ ဒါပေမဲ့ ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဖို့ကို စိတ်မပါကြဘူး။ ဒါမှမဟုတ် ချီတုံချတုံ ဖြစ်နေတတ်တယ်။
အမှတ်(၅၁)ကနေ (၆၀)အထိဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားဟာ စိတ်လှုပ်ရှားလွယ်တယ်။ ဒါမှမဟုတ် စိတ်ထက်သန်သူ၊ တစ်ခါတရံမှာလည်း အလွယ်တကူ လက်လျော့တတ်တယ်လို့ မြင်ကြမယ်။ စိတ်ကူးရနေရင်တော့ ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်လို ပါပဲတဲ့။ ဆုံးဖြတ်ချက်တွေကိုလည်း မြန်မြန်ပေးတတ်တယ်။ အဲဒီအခါမျိုးတွေမှာ ခင်ဗျားဟာ ရဲရင့်သူတစ်ယောက်၊ နောက်ပြီးတော့ စွန့်စားမှုတစ်ခုခုကို လုပ်နေတတ်တယ်။ ဥပမာ အပြောင်းအလဲတစ်ခုခု၊ ဒါမှမဟုတ်လည်း စွန့်စားမှုတွေနဲ့ ပျော်နေတတ်တယ်။ ခင်ဗျားနဲ့ အပေါင်းအသင်းဖြစ်ရမှာကိုလည်း လိုလိုချင်ချင်ရှိနေကြတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားရဲ့ စိတ်ထက်သန်မှုတွေက တခြားသူတို့အပေါ် စိုးမိုးနိုင်(နှိုးဆွနိုင်)လို့ပါပဲ။
အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊ စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့ လက်တွေ့ဆန်ဆန်နေတတ်ပြီး အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။ နောက်ပြီးခင်များဟာ အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။ လူတွေက ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့ နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့ ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။
အမှတ်(၃၁)ကနေ (၄၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို ဆင်ခြင်ဆုံးဖြတ်နိုင်သူ၊ သတိရှိသူ၊ ဂရုတစိုက်နေထိုင်တတ်ပြီး လက်တွေ့ဆန်သူလို့ မြင်ကြတယ်။ နောက်ပြီး ခင်ဗျားဟာ ပါးနပ်လိမ္မာသူ၊ မွေးရာပါ ပါရမီကိုက ကောင်းသူ၊ အရည်အချင်းရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ခေတ်ဆန်ဆန်လည်း နေတတ်ပါတယ်။ ခင်ဗျားဟာ အလွယ်တကူနဲ့ မြန်မြန် အပေါင်းအသင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ အပေါင်းအသင်းကို အရမ်းပဲ သစ္စာရှိစွာ ပေါင်းသင်းတတ်ပါတယ်။ ကိုယ့်အပေါ်မှာလည်းပဲ သစ္စာရှိစွာ ပေါင်းသင်းသူတွေကိုသာ အဲဒီလို ပြန်လည်ပေါင်းသင်းတတ်သူပါ။ ခင်ဗျားကို နားလည်လိုသူတွေဟာ ခင်ဗျားနဲ့ တစ်ကယ်ကို ယုံကြည်စွာ ပေါင်းသင်းနေသူ ဖြစ်မှ နားလည်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလိုအချက်တွေကြောင့်ပဲ ယုံကြည်မှုပြိုလဲသွားရင် ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပေါ်ထားတဲ့ စိတ်ခံစားချက်ကို ကျော်လွန်နိုင်ဖို့ အချိန်ယူရတတ်သူပါ။
အမှတ်(၂၁)ကနေ (၃၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို လုံလရှိသူတစ်ယောက်။ ဒါပေမဲ့ ပျာယာခတ်ပြီး ဇီဇာကြောင်တတ်သူလို့ မြင်ကြတယ်။ သူတို့တတွေက ခင်ဗျားဟာ သတိရှိသူ၊ အမြဲတမ်းလိုလို ဂရုတစိုက်လုပ်တတ်သူ၊ ဖြည်းဖြည်းမှန်မှန်နဲ့ မနားမနေ အလုပ်လုပ်တတ်သူလို့လည်း မြင်ကြတယ်။ တစ်ခါတစ်ရံ ခင်ဗျား စိတ်ကူးရသလိုလုပ်နေတတ်တာ၊ ဒါမှမဟုတ် ခင်ဗျားတိုက်တွန်း နှိုးဆွလိုက်တဲ့ ကိစ္စတွေအတွက် တစ်ခြားသူတွေက သဘောကျ နှစ်ခြိုက်နေတတ်ပါတယ်။ ခင်ဗျားရဲ့ ပြဿနာတွေကို အသေအချာ ချဉ်းကပ်ပြီး မထင်ရတဲ့ ပုံစံနဲ့ ဆုံးဖြတ်ချက်တွေကိုလည်း နှစ်ခြိုက်ကြပါတယ်။ သူတို့တွေက ခင်ဗျား ဒီလိုချဉ်းကပ် ဖြေရှင်းနိုင်တာကိုက ခင်ဗျားရဲ့ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့်ကြောင့်လို့လည်း တွေးကြတယ်။
အမှတ်ပေါင်းက (၂၁)ရဲ့ အောက်မှာဆိုရင်တော့ …
တစ်ခြားသူတွေက ခင်ဗျားကို ရှက်တတ်သူ၊ စိုးရိမ်ကြောင့်ကြတတ်သူ၊ အဆုံးအဖြတ်မပေးနိုင်သူ၊ အတိတ်ကို အမြဲတမ်း ပြန်ကြည့်နေတတ်သူတစ်ယောက်။ တစ်စုံတစ်ယောက်ဆီကနေ အမြဲပဲ ဆုံးဖြတ်ချက်တွေကို လိုချင်နေသူ။ တစ်ခြားသူတွေနဲ့ ပေါင်းသင်းရမှာ ကိစ္စအသစ်တွေမှာ ပါဝင်ဆင်နွှဲရမှာကို မလိုလားတတ်သူလို့ မြင်ကြတယ်။ ပိုဆိုးတာက သူတို့တစ်တွေရဲ့ အမြင်မှာ ခင်ဗျားဟာ အမြဲတမ်း တစ်ခုခုကို စိုးရိမ်နေတတ်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို စဉ်းစားပြီး တွေးကြောက်နေတတ်သူလို့ မြင်နေတတ်တာပါ။ အပျင်းကြီးတယ်လို့ကလည်း ထင်ကြသေးတယ်။ တစ်ခုတော့ရှိပါတယ်။ ခင်များကို ကောင်းကောင်းသိတဲ့ နားလည်တဲ့သူတွေကသာ ခင်ဗျားဒီလိုမဟုတ်တာကို သိကြမယ်။
ကဲ။ မေးခွန်းနဲ့ အဖြေတွေကတော့ ပြီးသွားပါပြီ။ ဘာရယ်မဟုတ်ပါဘူး။ စာဖတ်သူတွေကို အပျင်းပြေစေချင်တာ တစ်ခုပါပဲ။ Forward mail တစ်ခုကနေ ရလာတာလေးကို တတ်နိုင်သလောက် ဘာသာပြန်ပေးလိုက်ပါတာ။ (တတ်နိုင်သလောက် အဘိဓါန်လှန်လိုက်တယ်ဆိုရင် ပိုမှန်မလားပဲ။) တစ်ကယ်တော့ လူဆိုတာ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံးပါ။ ဒါပေမဲ့ စကားလေးတစ်ခုလည်း ရှိနေတာကိုး။ လူဆိုတာ ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်ဘူးတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကွန်မန့်မှာ ကိုယ်ရတဲ့ အမှတ်ပေါင်းလေးကိုတော့ ပြောပြပေးသွားနော်။ ကိုယ်ရေးကိုယ်တာတွေကို စပ်စုသလိုများ ဖြစ်သွားမလားပဲ။ ကျွန်တော်ကတော့ တွေ့ခါစတုန်းက စမ်းကြည့်တာ အမှတ်က ၃၁-ကနေ ၄၀အတွင်းရှိတယ်။ ဘာသာပြန်ပြီး ထပ်စမ်းကြည့်တာလည်း ဒီလိုပဲဗျ။ သူပြောထားသလိုလည်း ဟုတ်တော့ဟုတ်သလိုလို။
ကဲ… ပျော်ရွှင်အဆင်ပြေကြပါစေ ခင်ဗျာ။
သုခမိန်။…..။
Thursday, October 30, 2008
just 4 fun
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 6:57 PM 18 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, ပျော်စရာလေးတွေ
Monday, October 27, 2008
ခံစားမိသောသီချင်းများ....
Data လိုလို့  CD အဟောင်းတွေပြန်ကြည့်ရင်းနဲ့ 
ပုံလှလှလေးတွေ ....
သီချင်းတွေ ......
ပြန်တွေ့ တာနဲ့ Movie လေးလုပ်ပြီးတင်ပေးလိုက်ပါတယ်....
အကုန်လုံးကို Internet ကနေယူထားပေမဲ့
Source ကိုတော့မသိတော့ဘူး...
မယ်ကြိုက်တဲ့သီချင်းမို့ အမှတ်တရတင်ပေးလိုက်ပါတယ်...

မယ်(26.10.08)
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 5:36 PM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, ဝေမျှခြင်း သီချင်းများ
Saturday, October 25, 2008
From . . . . To . . . .
သို့ . နတ်ဆိုးလေး
လကွယ် လမိုက်
ဂရုစိုက်ဖို့မေ့ရင်း
ရင်တွင်းက စကားတွေ
ဂစ်တာပွေ့ပြီး အံထုတ်
မိုးဘယ်လောက် ချုပ်ချုပ်
လိုက်ကာ လှုပ်မှ ပြန်တဲ့ သူရယ် . . . . .
မေ့ အခန်းဆီ ငေး
ဖြေးလေးစွာ တီးခတ်
ဖြာထွက်လာတဲ့ သံစဉ် အစ
မေ့ရင်ကို ထိရှတာ
သူလည်း သိမှာပါလေ ။
ဟော . . . ခုညဆိုကြည့်ကွယ်
ခြင်ကလည်းကိုက်
နှင်းလည်း ရိုက်သေး
ဒီလောက်အေးတဲ့ လမ်းပေါ်
မော်ကြည့်လျက် သံစဉ်ထုတ်
မေ ဘယ်လို လုပ်ရပါ့ . . . . .
ကုတင်ပေါ် စောင်ခြုံကွေး
စာအုပ်လေး ဖတ်ပြီး
သံစဉ်လေး နားဆင်
ဒီလိုနေချင် ပေမယ့်
မသနားတတ်တဲ့ နှင်းကြား
သူ့ကို မထားရက်တာကြောင့်
ကဲပါလေ . . . . . ခန်းဆီးလေး လှပ်ပြီး
ဝရံတာထွက် မတ်တပ်ရပ်လိုက်မယ် . . . ။ ။
ဖြတ်သန်းခဲ့ဘူးသော ကျောင်းသားဘ၀ရဲ့
သပြေ၊ တောင်ဇလပ် ( အင်း စိန် GTI)
သဇင် ၊စဥ့်ကူ (RC2)
ကျနော်တို့အားလုံးရဲ့ အသဲကျော် G-Hall ( RIT)
မန်းချယ်ရီ ၊မန်းသီရိ၊ မန်းသဇင် (ယ္ခင် ပြင်စည်) (MIT)
ခေတ်ပြိုင် အဆောင်သူများ အတွက် အမှတ်တရ ပြုံးရယ် စရာ ၊ အဆောင်သားများအတွက် လွမ်းစရာ ညများ ၊ အထူးသဖြင့် ကျနော့်ရဲ့ ဒုက္ခကို ခါးစည်းခံခဲ့ကြရသော ကိုကြီးဟန်၊ ဦးမံ ၊ ဦးစိုး၊ ရင်ခွင်ငြိမ်း (ဧရာ အနောက်) တို့အတွက် အမှတ်တရ ပါခင်ဗျာ ။
ကိုမျိုးကျော့မြိုင် ရဲ့ သီချင်းလေး “ . . . ကိုယ်တကယ်ချစ်သောမိန်းကလေးနဲ့ အတူရှိတဲ့ ဘ၀ ဘယ်လောက်ကောင်းလိုက်မလဲ” လို့ စိတ်ကူးယဉ် သလိုပေါ့ခင်ဗျာ ကျနော်လည်း အဲလိုသာဆို ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်ခြင်း သတ်သတ်မျှ နဲ့ ဖွဲ့ထားတဲ့ ကဗျာလေးပါ။
ခင်မင်လေးစားလျက်
တာတူး
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 9:23 PM 10 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, တာတူး (ဝါ) အမေ့ခံလူတစ်ယောက်
Friday, October 24, 2008
to my lovely Mom!
အနှိုင်းမဲ့ မေတ္တာရှင်
မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
နေကောင်းပါစေ မွေးမေမေ။
(၁)
မေမေ…
အားအင်တွေကိုဖြည့်ဆည်း
ချစ်သမီးရဲ့ ဘဝခရီး လမ်း
ကြမ်းတမ်းမှုတွေကင်းဝေး
ပန်းခင်းထားတဲ့လမ်း ဖြစ်စေဖို့အရေး
ကိုယ် ကိုယ်တိုင်ကတော့
ခရောင်းလမ်းကိုဖြတ်
ဆူးခင်းလမ်းဖြစ်လည်း ခရီးဆက်ခဲ့တယ်။
(၂)
ချစ်ရတဲ့သား
ကြီးတဲ့အခါ အားဖြစ်စေဖို့။
ချစ်ရတဲ့သမီး
ကြီးတဲ့အခါ ထီးဖြစ်စေဖို့။
ဘဝရဲ့လှိုင်းဒဏ် ရုန်းကန်လို့ရင်ဆိုင်ရင်း
သားလေးမျက်နှာ သော်တာငွေစင်
သမီးလေးမျက်နှာ သီတာရေစင် လို့
စိတ်မှာစွဲမှတ်
သားသမီးတွေအတွက် ပေးဆပ်ခဲ့တယ်။
(၃)
မိဘတို့ဝတ္တရား ငါးပါးထက်မက
ပိုပြီးများလှတဲ့ အနန္တမေတ္တာတွေနဲ့
လုပ်ကျွေးပြုစု ယုယပိုက်ထွေး
လိုချင်တာတွေ ဖြည့်ဆည်းပေးရင်း
ကိုယ်ပိုင်တဲ့ ကိုယ့်နေရာလေး
သေချာစွာ ရဖို့အတွက်
ဘွဲ့တစ်ခုကိုလည်း အပ်နှင်း လို့ပေးခဲ့သေးတယ်။
(၄)
ဆယ်ကျော်သက်အရွယ်
အသိဉာဏ် မကြွယ်သေးခင်က
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းပဲရောက်
မတောက်တခေါက် အတွေးတွေကြောင့်
လမ်းပျောက်လို့ မသွားရအောင်
နူးညံ့တဲ့အပြုံး ချိုသာတဲ့စကားလုံးတွေနဲ့
လမ်းမှန်ပေါ်ကိုဆွဲတင်
အရာရာကိုမြင်တတ်အောင်
မေမေက သင်ပေးခဲ့တယ်။
(၅)
မေမေပေးလိုက်တဲ့ ဘွဲ့တစ်ခု
ကိုယ်ကိုယ်တိုင် အသုံးပြုဖို့
လောကကြီးထဲကိုတိုးဝင်
ခြေချလို့မှ မရသေးခင်မှာ
လူတွေရဲ့အကြောင်း လောကရဲ့အကြောင်း
ကောင်းကောင်းသိစေဖို့အရေး
လက်တွေ့ကျကျ ပညာရအောင်
မေမေက သင်ပြပေးခဲ့သေးတယ်။
(၆)
လောကရဲ့ဇာတ်ခုံမှာ
ဘဝအဖုံဖုံနဲ့ လှုပ်ရှားရင်း
ကယ်မလိုနဲ့ ဖယ်ခွာ
ကူမလိုနဲ့ ရှုတ်ချ
ဝမ်းနည်းသယောင်နဲ့ ဟားတိုက်ကြတဲ့
တချို့တချို့သော လူတွေရဲ့
ဟန်ဆောင် မျက်နှာဖုံးအတုတွေအကြောင်း
မေမေကိုယ်တိုင် သိစေခဲ့တယ်။
(၇)
တစ်ခါတစ်ခါ လူတွေနဲ့အဆင်မပြေ
လောကကြီးနဲ့ မကြေလည်လေတော့
အရာရာကို စိတ်တိုင်းမကျ
အဆိုးဘက်ကချည်း မြင်လေတဲ့အခါ
အမေ့ဘဝကိုပမာပြု
သမီး အံတုနိုင်အောင် အားပေးခဲ့တယ်။
….. ကံကြမ္မာဂြိုဟ်ဆိုးဝင်လို့
အဆိုးတွေနဲ့ ရင်ဆိုင်၊ အရှုံးတွေကို ဆင်နွှဲ
လူတွေလည်း ဝိုင်းပြီးပြစ်တင်ချိန်မှာ
မေမေ့ရင်မှာ ခေါင်းဝှက်စေရင်း
သမီးဘက်ကအမြဲ
ရပ်တည်လို့ပေးမဲ့ အမေ
အရှုံးမပေးစတမ်းတဲ့လေ။
(၈)
ဘယ်အရွယ်ပဲရောက်ရောက်
အမေ့ရဲ့မျက်စိအောက်မှာတော့
သမီးက ကလေးပဲရှိသေးတယ်။
ဘယ်လိုပဲနေနေ
အမေ့မျက်လုံးထဲမှာတော့
သမီးက အလှဆုံးပဲတဲ့လေ။
သမီးပျော်ရင် အမေလည်းပျော်သလို
သမီးငိုကြွေးတဲ့အခါမှာလည်း
အမေက ပူဆွေးတတ်သေးတယ်။
မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ ကျေးဇူးဆပ်ခွင့်ပြုပါအမေ။
မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
အမေနဲ့သမီး၊ သမီးနဲ့အမေ
ဘယ်လိုဘဝမှာပဲနေနေ
အမြဲထာဝရ အမေ့ရဲ့သမီးဘဝ
ရပါရစေ မာတာမိခင် မွေးမေမေ။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက Rhyme at 5:01 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Rhyme, ကဗျာ့ ပန်းခင်း
Thursday, October 23, 2008
Specific & Absolute Values
လူတွေမှာ ‘ဇ’ ကို အထူးတန်ဖိုး လို့သချာင်္မှာလို သတ်မှတ်လို့ရမလား။ “သိပ်လုပ်စရာမလိုလိုက်ဘူး၊ လွယ်လွယ်ကူကူ ပြီးသွားတယ်။” ဆိုတာမျိုးဟာ သူ့ရဲ့ ပင်ကိုဗီဇအစွမ်းကြောင့်လား။ မေးခွန်းနဲ့စရတာက သူငယ်ချင်းတွေ ဆွေးနွေးကြည့်တဲ့သဘောပဲ။
ပကတိဆိုရာမှာ ‘အပေါင်း’ ‘အနှုတ်’ တွေကို မျက်ကွယ်ပြုကြည့်တာ။ ဇ မှာလည်း ကောင်းတာ ဆိုးတာ ဒွန်တွဲမြဲပဲ။ ကောင်းတာ ဆိုးတာ ဖယ်ထုတ်ပြီး စွမ်းတာ တစ်ခုပဲ ယူကြည့်မှာ။
အခြားတို့ နုစဉ်ကစပြီး ကိုယ်လျှောက်နေတဲ့လမ်းကို မရဲတရဲ ပြန်ပြန်ကြည့်တတ်ကြတယ်။ ဒီလမ်းက ဘယ်ကိုဦးတည်နေတာလည်းပေါ့။ ကိုကတော့သွားနေတာ အသေအခြာပဲ။ ရှေ့ကိုလား၊ နောက်ကိုလား။ အပေါ်ကိုလား၊ အောက်ကိုလား။ ဘေးကိုပဲ ထွက်နေတာလား။ ဒါမှမဟုတ် ဝင်္ကပါထဲမှာ လည်နေတာလား။
အရေးတကြီး ဇ ရဲ့အကြောင်း ဆွေးနွေးရတာက ဘဝရဲ့လမ်းတွေလျှောက်ရာမှာ သူ့ရဲ့ နေရာက အရေးကြီးတယ်လို့ ယူဆလို့ပဲ။
နောက် ဇ ကို ဓါးလိုပဲ သွေးပေးလို့ရတယ်။ တုံးသွားအောင် လုပ်လို့လည်း ရတယ်။ ပျောက်ကွယ်အောင် လုပ်ဖို့ပဲ ခက်မှာ။
နောက် ဇ က အခြေအနေ အချိန်အခါ ပေါ်မှာလည်း မူတည်ပြီး အစွမ်းပြတတ်တယ်။ အဲဒါကတော့ ဇ ပိုင်ရှင်တွေကိုယ်တိုင် သတိမထားမိတတ်တာပဲ။ အဲဒါကြောင့် အထူးသတိထားပြီး ထိန်းကြောင်းသွားဖို့ပဲ။
နောက်ဆုံး အနေနဲ့က ဇ ကို နေ့စဉ်လုပ်ငန်းတွေမှာ သုံးပုံပဲ။ သချာင်္ညီမျှခြင်းတစ်ခုမှာ အထူးကိန်းသေတန်ဖိုး ထည့်သလိုပဲ။ ညီမျှခြင်းက သာမန် အပေါင်း၊အနှုတ်လား အမြှောက်၊အစားလား ထပ်ကိန်းတွေနဲ့လား။ အဲဒီညီမျှခြင်းမှာ ဇ က ဘယ်နေရာက ပါဝင်ရမှာလည်း။ နေရာပေါ်မူတည်ပြီး ရလဒ်တွေ အမျိုးမျိုး ထွက်လာမယ်။ ကွာဟမှူ တွေ တွေ့ရမယ်။ အံ့ဩလောက်စရာ ဘာထူးခြားမှူမှ မရှိပါဘူး။
အခြားတို့ အနေနဲ့ လုပ်နိုင်တာက သွေးနေဖို့၊ အခြေအနေ၊အချိန်အခါ သဘောပေါက်ဖို့နဲ့၊ ညီမျှခြင်းကို ရွေးခြယ်တတ်ဖို့ပဲ။ နောက် ကိုယ့်ရွေးခြယ်မှူမှာ ကျေကျေနပ်နပ် နေထိုင်သွားဖို့ပဲ။
လေးစားလျှက်။ ။
The other.(ကိုအခြားကို ခွင့်မတောင်းဘဲ ပြန်တင်လိုက်တာပါ။ မဖတ်ရသေးသူများအတွက် ရည်ရွယ်ပါတယ်။ -- သုခမိန်)
ခံစား၊ ဝေမျှ၊ တင်ပြသူက အခြား at 10:55 AM 14 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အခြား, အရောင်စုံ အတွေးများ . . . . .
Wednesday, October 22, 2008
အားမာန်
ဒီတစ်ခါတော့ အဖေ့ရဲ့ကဗျာ တစ်ပုဒ်ကို ထုံးစံအတိုင်း ကျနော်မှတ်မိသလို ဝေမျှပါရစေ။
ဒီကဗျာလေးဟာ ကျနော်ထက် အသက်ကြီးတာ သေချာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိအောင် ကြီးလည်းတော့ ကျနော်မသိပါ။
E-Journal မှာ အမေရဲ့ ကဗျာတွေကို အရေအတွက်တစ်ခုထိ မျှဝေခဲ့ပြီး ဖြစ်ပေမယ့် အဖေ့ရဲ့ကဗျာ တစ်ပုဒ်သာ မျှဝေရပါသေးတယ်။
တစ်ကယ်တော့ ကျနော်တို့တစ်မိသားစုလုံးဟာ အဖေ့ကြောင့်သာ စာပေအနုပညာနဲ့ အတိုင်းအတာတစ်ခုအထိ နီးစပ်မှုရှိခဲ့ကြတာပါ။ မဝင့်မဝါပြောရရင် ကျနော်တို့မြို့ကလေးတစ်ဝိုက်က လူတော်တော်များများအဝင်အပါလို့ ဆိုနိုင်ပါတယ်။ အဲဒီအတွက် အဖေဟာ တစ်ဘဝလုံးပေးဆပ်ထားခဲ့တာပါ။ အဖေ့ရဲ့ ဘဝဆိုတာ ကျနော်တို့ တစ်မိသားစုလုံးပါ။
ဒီအဖေ၊ ဒီအမေရဲ့သားဖြစ်ရတာကို ကျနော်ဘယ်အရာနဲ့မှ မလဲနိုင်ပါ။
အားမာန်
ချိုင့်တွေ့ရင်ဖို့
တောင်ပို့ကိုဖြို
ချောင်းအိုကို တံတားခင်း
တို့သွားခြင်းကို မတားနဲ့။
တို့ရည်မှန်းထား
ပန်းတိုင်သွားဖို့
အင်အားအပြည့်တို့မှာရှိတယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 5:51 PM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Tuesday, October 21, 2008
မျှော်လင့်မထားသောဖြစ်ရပ်များသို့ .....
ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ်….
အကောင်းဆုံးတွေကိုမျှော်လင့်ပြီးလုပ်ခဲ့ကြ…
ဆုံးဖြတ်ချက်ခဲ့ကြမှာပါ….မယ်ကိုယ်တိုင်လည်းအကောင်းဆုံးကိုမျှော်လင့်ပြီးဆုံးဖြတ်ခဲ့…လုပ်ခဲ့ဖူးပါတယ်…
အကောင်းဆုံးတွေပဲဖြစ်လာမယ်လို့ ထင်ခဲ့တယ်…
ဒါပေမဲ့မယ်မျှော်လင့်ခဲ့သလို အကောင်းဆုံးတွေဖြစ်မလာခဲ့ဘူး….
နောက်ဆုံးရလဒ်ကတော့ထင်ထားတာရဲ့ 
မျှော်လင့်ထားခဲ့တာနဲ့ ဆန့် ကျင်ဖက်တွေပဲ…
ဘာကြောင့်အဲဒီလိုဖြစ်ခဲ့ရလည်းဆိုတဲ့အဖြေကိုသေချာပြန်စမ်းစစ်ကြည့်မိတော့
မယ်ကအကောင်းဆုံးတွေကိုမျှော်ပဲမျှော်လင့်ခဲ့မိတာကို…
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး
အရိုးသားဆုံးဝန်ခံရရင် အဲဒီအချိန်တုံးက နှလုံးသားကိုပဲအားကိုးခဲ့ပြီး
ဦးနှောက်ကိုသုံးဖို့ မေ့နေခဲ့တယ်…..
အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရလာမဲ့ရလဒ်က အကောင်းဆုံးဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုသေချာမစိစစ်မိခဲ့ဘူး…
အဲဒီကိစ္စနဲ့ ပတ်သက်ခဲ့ဖူးတဲ့ဇစ်မြစ်တွေကို သေချာမဆန်းစစ်ခဲ့မိဘူး…
လူတွေကအကောင်းဆုံးတွေသာမျှော်လင့်ခဲ့ကြပြီး…
အကောင်းဆုံးတွေရနိုင်မရနိုင်ဆိုတာကိုသေချာမတွက်ဆခဲ့လိုတာ အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ လွဲခဲ့ကြတာနေမယ်….
မယ်အတွက်ကတော့….သင်ခန်းစာရလိုက်တာက….
ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဆုံးကိုသာမျှော်လင့်မထားပဲ …
ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် သေချာဆုံးဖြတ်ပြီးလုပ်ရမယ်…
နှလုံးသားတခုကိုပဲအားမကိုးပဲ ဦးနှောက်ပါသုံးရမယ်…
ရှောင်လွဲမရတဲ့ကိစ္စတွေကလွဲလို့ …
အကောင်းဆုံးဖြစ်နိုင်ချေမရှိတဲ့အရာတွေအတွက်
မျှော်လင့်ချက်ထားမနေတော့ဘူး…
အကောင်းဆုံးကိုပဲမျှော်လင့်ပြီးလုပ်မနေတော့ဘူးလို့ လေ….
မယ်(20.10.08)
**** မျှော်လင့်မထားခဲ့သောအဆိုးဆုံးဖြစ်ရပ်များသို့ 
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 8:54 AM 8 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, အရောင်စုံ အတွေးများ . . . . .
Sunday, October 19, 2008
I really dislike U, MR.
“မမ”အတွက် ချစ်ခြင်းပါတဲ့ အမုန်း။
ကျွန်တော်ရဲ့ ခံစားချက်အပိုင်းအစတွေကို “မမ”ကတော့ သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ “မမ”ရေ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတစ်ဦးဆီမှာ “မမ”အကြောင်းကို ရင်ဖွင့်ချင်မိတာ သက်သက်လေးပါ။ “မမ”နားလည်နိုင်မယ် ထင်ပါရဲ့။ တစ်နေရာကနေများ “မမ”ကြားနိုင်ခဲ့ရင်၊ ကျွန်တော့်ရင်ဖွင့်သံတွေကို နားဆင်နိုင်ခဲ့ရင်၊ နားလည်ပေးစေချင်တာ။ ဒါအရိုးသားဆုံးနဲ့ ကျွန်တော့်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုအပါအဝင်ပေါ့။
“မမ”ကို မတွေ့တာကြာပြီ ပြောချင်ပေမဲ့ တတ်နိုင်သလောက် အဝေးဆုံးမှာ ကျွန်တော်နေခဲ့တာပါ။ ကျွန်တော်ဝန်ခံရမှာပါပဲ။ “မမ”ရဲ့ ပတ်ဝန်းကျင်၊ အပြုအမူတွေ၊ နောက်ပြီးတော့ “မမ”မှာက ဘာမဟုတ်တဲ့ကိစ္စ ကျွန်တော့်မှာတော့ ရင်နဲ့အမျှတွေလေ။ ဒါတွေကြောင့်ပေါ့ “မမ”ရေ။ အဝေးတစ်နေရာကနေ “မမ”ရဲ့ ကြည်နူးစရာဘဝကို မသိမသာပဲ ကျွန်တော် ရောင်ပြန်ဟပ်ခဲ့တာပါ။ အချစ်ကြီးသူတွေက အမုန်းကြီးတတ်သတဲ့ “မမ”ရယ်။ ကျွန်တော်ကတော့ အမုန်းတွေကို တတ်နိုင်သလောက် ဖြေဖျောက်ပါတယ်။ အမုန်းဆိုတာ ကမ္ဘာကိုပျက်သုန်းစေသတဲ့လို့ မပြောချင်ဘူး၊ အမုန်းကိုသာရင်ဝယ်ပိုက်ကြည့် အမုန်းက ရင်ခွင်ကိုစားသုံးပြီး ပိုင်ရှင်ကိုယ်တိုင် ပျက်သုန်းတတ်စေတာလေ။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။
အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့၊ ဘဝဆိုတာ ဂျီသြမေတြီ ပုဒ်စာတစ်ပုဒ်မှ မဟုတ်တာတဲ့။ ကျွန်တော်နှစ်သက်လို့ မှတ်မိနေတဲ့စကားပေါ့။ “မမ” – “မမ”ကိုတွေးကြည့်စေချင်တာပါ။ စကားတစ်ခွန်းကိုတောင် နှစ်သက်လို့ မကြာခဏသတိရစေတယ်ဆိုရင် “မမ”အပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်နှစ်သက်မှုကို ဘာမှ သက်သေပြစရာမလိုတော့ပါဘူး။ ဟိုး.. ငယ်စဉ်ကလေးဘဝကတည်းက “မမ”ရဲ့ဖမ်းစားမှုမှာ ကျရှုံးနေပြီးသားလေ။ ဘာမဟုတ် ညာမဟုတ် အရုပ်ကလေးတွေကိုတောင် တစ်ကယ့်“မမ”လိုပဲ ခံစားမိခဲ့တာ။ ပထမဆုံး “မမ”ကိုထိတွေ့ခွင့်ရတဲ့နေ့က ဘဝမှာ ခဏတာကြီးကျယ်သွားခဲ့မိသေးတယ်။ “မမ”ရဲ့ဘဝထဲကို ဘာမှနားမလည်တတ်သေးတဲ့ ပါမွှားလေးကျွန်တော် စီးဝင်လို့ ပျော်ခဲ့ဘူးလေရဲ့။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။
မုန်းဖို့ကြိုးစားရင်း မေ့ဖို့ကြိုးစားရင်း ရင်မှာပိုပို သတိရလာတယ်တဲ့။ ဇော်ဝင်းထွဠ်ရဲ့ သီချင်းအပိုင်းအစ ကျွန်တော့်အတွက် ဖြစ်နေရပြီ။ “မမ”ကိုမုန်းကြောင်းပြောမယ်ဆိုမှ ချစ်ခဲ့ဖူးတာတွေကိုပဲ ပြန်သတိရနေမိပြန်တယ်။ ကျွန်တော့်ရဲ့ ကျောင်းသားဘဝတစ်လျှောက် “မမ”နဲ့ ထိတွေ့ဖူးတာလေးတွေ။ ကျောင်းပိတ်ရက်တိုင်းရဲ့ အကောင်းဆုံးအဖော်လို့ ကျွန်တော်တွေးခဲ့တာ မှားတော့ မမှားခဲ့ပါဘူး။ မေမေ့ရင်ခွင်ပြန်တိုးချင်လို့ မြို့ငယ်လေးကို အပြေးပြန်တိုင်းမှာ “မမ”နဲ့အတူ ရင်းနီးခဲ့ဘူးတာတွေဟာ ပျော်စရာအတိတ်တွေပါ။ ကြည့်လိုက်စမ်းပါ “မမ”ရယ်။ ပြန်တွေးရင်းအခု ကြည်နူးမှုတို့ စီးဝင်နေတာများ မုန်းဖို့တောင် ခက်လှချည်ရဲ့။ အချိန်ကိုစီးနင်းရတော့ ကျွန်တော် စကားတတ်သွားတယ်ထင်ပ။ “မမ” – “မမ”ကိုပြုပြင်လို့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကျွန်တော်မြင်ချင်လွန်းလှတယ်။ တစ်ကယ်မြင်ချင်တယ် “မမ”ရယ်။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။
မုန်းတယ်“မမ”ရေ။ တစ်ကယ်ကိုမုန်းတယ်။ မုန်းလွန်းလို့ ဝေးဝေးကိုတောင် ရှောင်ပုန်းခဲ့ပါတယ်။ တိုက်ဆိုင်တဲ့ ဒီတစ်ရက် ကျွန်တော် “မမ”ဆီကို ပြန်ဆင်းသက်ခဲ့ရတယ်။ ဘာလို့လည်း“မမ”ရယ်။ ဘာလို့ ကျွန်တော်တို့ထိတွေ့မှုက မနွေးထွေးတာလည်း။ ဘာလို့ စိတ်ရှိတိုင်း“မမ” ပျက်စီးနေရတာလည်း။ မကောင်းဘူး“မမ”ရယ်။ “မမ”မကောင်းဘူး။ ကျွန်တော်အရင်လို မနှစ်သက်တော့ပေမဲ့ ချစ်ခင်လျှက်ပါ။ ဝေးဝေးမှာနေရင်း “မမ”ရဲ့တိုးတက်မှုကိုမကြားမိတာလို့ ထင်နေတဲ့ ကျွန်တော့်ရဲ့စိတ်တွေ ပြုတ်ကျကုန်ပေါ့။ အချိန်တွေဆိုတာ “မမ”ဆီမှာနယ်ကျွံလို့ မျဉ်းကွေးတစ်ခုနဲ့ စကြဝဠာအပြင်များ ထွက်သွားလေသလား။ လူလူချင်းဆိုတဲ့ ယဉ်းကျေးမှုကိုရော “မမ”မသိကျိုးကျွန်ပြုနေနိုင်တယ်။ နွမ်းပါးမှုကို လက်ညိုးမထိုးချင်ပါနဲ့လား။ အဆင်ပြေတဲ့ အဖြေတစ်ခု အမြဲရှိနေတတ်တာပဲဟာ။ ဘယ်လိုပြောပြော ကျွန်တော် “မမ”ကိုမုန်းတယ်။ မစွန့်ပယ်ချင်တဲ့ အမုန်း။ ချစ်ခြင်းဖွဲ့အမုန်းတွေပါ။ “မမ”များကြားသိနိုင်မယ်ဆိုရင် ကျွန်တော်လေ “မမ”ကိုပြုပြင်စေချင်လိုက်တာ။
ဟုတ်တယ်“မမ”၊ အချိန်တွေလမ်းလျှောက်တော့ ကျွန်တော့်စကားတွေ “မမ”အတွက် အဆိပ်လိုတောက်ချင်နေတယ်။ ကဲထားတော့လေ၊ နော်။ ကျွန်တော့်မိတ်ဆွေကို ကျွန်တော်စကားပြောလိုက်အုံးမယ်။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 8:39 PM 10 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အားယူနေဆဲ အဖူးအပွင့်များ
ကန္တာရမှ စိမ့်စမ်းရေ
ကျနော် တကယ်ကို အလုပ်များနေပါတယ်။
ဘာပဲဖြစ်ဖြစ် မင်းကွန်းဆရာတော်ထုံး နှလုံးမူကာ “သူများတွေ ကွမ်းစားချိန်၊ ဆေးလိပ်သောက်ချိန်လေးတွေ ရအောင်ယူသလို” ကျနော်လည်း E-Journal အတွက် အချိန်ရအောင်ယူပြီး ပို့စ်ကလေးတွေ တင်သွားမှာပါ။
ကျနော့် အမေရေးခဲ့တဲ့ ကဗျာလေးပါပဲ။
လွန်ခဲ့တဲ့ (၂၅) နှစ်ကျော်ကျော်က ကဗျာလေးပါ။
အမေစစ်စစ်တစ်ယောက်ရဲ့ ရင်တွင်းဖြစ်ကဗျာစစ်စစ်တစ်ပုဒ်ပါ။
ကျနော်ဟာ အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူ ဖြစ်ပါကြောင်း ဒီကဗျာနဲ့ ထပ်လောင်း သက်သေပြုခြင်းဖြစ်ပါတယ်…..
ကန္တာရမှ စိမ့်စမ်းရေ
နေ့ဖို့ညစာ၊ ဖွေရှာပူမော
သောကကမ္ဘာ၊ လူးလိမ့်ကာဖြင့်
မနားမနေ၊ ရင်ဆိုင်နေလည်း
ရင်ခွင်ထဲမှာ၊ မေ့သည်းချာ၏
မျက်လွှာပိတ်ဆိတ်၊ အိပ်တော့မယောင်
ပြုံးယောင်ယောင်ကို၊ မြင်ယောင်ခဏ
ချစ်မဝ၍၊ ဖွဖွမေနမ်း
ပန်းသမျှပြေ၊ ကန္တာရမှ စိမ့်စမ်းရေ။……….။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 8:26 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
chit chat
သူတစ်ချို့နဲ့ စကားစမည်
“သူတစ်ချို့နဲ့ စကားစမည်”
(၁)
ဆာလောင်မှု
နှလုံးသားနဲ့ ရေအသက်လား
တစ်နံနက်စာ သွေးမှာတောင်းတာ
ကဗျာ… ကဗျာပါဗျာ။
(၂)
ကဗျာဆိုတာမှာက
ကာရန်လည်းရှိ
သာမာန်ချစ်ကြည့် စရာအကြောင်းလေးတွေ။
အသံအားကြည့်
ရင်တွင်းဟစ်မိ နေချင်စရာလေးတွေ။
စကားလုံးမိ
နှလုံးသားထိ အားပြုစရာလေးတွေ။
အလင်္ကာညီ
မိုးထိမြင့်ပီ(ပြီ) စာပန်းချီလေးတွေပေါ့။
(၃)
ဒီမှာဒီမှာ ကံကြမ္မာနတ်သမီး
နင်မပေးရဘဲနဲ့ငါအဆိပ်မိနေလို့
ခံတွင်းကိုထိုး တစ်မျိုးလုံးအန်
ကဲ..ဆိုတဲ့ပြီး အမျိုးစပ်ရန်ကြံတော့
(သြော်)
အတော်တိုးတက်ရန်လိုသေးပါပကော။
(၄)
ဘာပြောချင်တာလည်း… ဟုတ်လား။
ရင်ထဲရှိလို့ ပွင့်အန်ချတာ
ဒီရင်ခုန်နှုန်း အများသုံးမှာ
ကဗျာတစ်ပုဒ် စာတစ်ပုဒ်ပါ။
(၅)
ဟေ့ဟေ့၊ ဒါကမ္ဘာ့ရွာကြီးပါကွ (ဆိုရင်ရော)
ဟင့်အင်း၊ မဟုတ်
အတင်းမလုပ် ငါ့သရုပ်ကို
အများမြင်သာ လမ်းဆုံမှာ
… မိတ်ဆွေရာ (ကျုပ်လေ)၊
မျောက်ပွဲသာကချင်တော့တယ်။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 1:28 AM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, သုခမိန်