Sunday, November 25, 2007

ရီစရာ မောစရာ ဟာသများ (၂)

ခေါင်းတွေကိုစားလို့.....

စာမေးပွဲတစ်ခုတွင် မှား၊မှန် မေးခွန်းအမျိုးအစားများကိုသာမေးလေသည်။
ကျောင်းသားတစ်ယောက်သည် ပိုက်ဆံအကြွေစေ့တစ်စေ့အားမြောက်ကာ အဖြေများအားချရေးလေသည်။
ပရော်ဖက်ဆာက စဉ်းစားလေသည်။
- သူကတော့ အရင်ဆုံးပြီးတော့မှာပဲ။
စာမေးပွဲအချိန်ပြည့်သွားလေသည်။
ကျန်ကျောင်းသားများသည် အဖြေများရေးပြီး၊ အဖြေစာရွက် အပ်ကာထွက်သွားသော်လည်း ယင်းကျောင်းသားမှာ အကြွေစေ့အားဆက်၍မြောက်နေဆဲပင်ဖြစ်လေသည်။
ပရော်ဖက်ဆာသည် စိတ်တွင် မရိုးမရွှဖြစ်လာကာ၊ ကျောင်းသားအားမေးလေသည်။
- မင်း မေးခွန်းအားလုံးကို ဖြေပြီးပြီမဟုတ်လား။
- ဟုတ်ကဲ့ဖြေပြီးပါပြီ။
- အေး ဒါဆို ဘာဆက်လုပ်နေတာလဲကွ။
- အဖြေပြန်စစ်နေတာခင်ဗျ။


မောင်ခေါ်ရာလိုက်ခဲ့တော့.....

အမျိုးသမီးမှ သူမ၏ အမျိုးသားကိုပြောသည်။
- တို့လည်းနော် ဘယ်မှလည်း မထွက်ဖြစ်၊ မသွားဖြစ်ဘူးနော်။
- အေး၊ မနက်ဖြန်ခါ အမှိုက်ပစ်သွားမယ်၊ မင်းကိုငါနဲ့အတူခေါ်မယ်နော်။

ကိုယ့်ကလေးကျတော့သိတတ်လိုက်တာ...

- မိန်းမရေ၊ တို့ကလေးဘယ်နှစ်ယောက်ရှိတာလဲကွ။
- နှစ်ယောက်လေ။
- အခန်းထဲမှာ ခြောက်ယောက်ဖြစ်နေပါ့လား။
- အော် သူတို့ သူငယ်ချင်းလေးတွေ ရောက်နေတာ။
- ဘယ်လိုလုပ်ပြီး တို့ကလေးနဲ့ တစ်ခြားကလေးကို ခွဲရမှာလဲကွ။
- အော် ကျမ အမှတ်အသားလုပ်ထားတယ်။ ထိပ်ကွက်ပြီး အနီရောင်ဆေးဆိုးထားတာက တို့ကလေးတွေ မဟုတ်ဘူး။

အပေါင်းအသင်းကောင်းဆိုတာဒီလို..

- အမျိုးသမီး အပေါင်းအသင်းများ
မိန်းမတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်းမ တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
ယောက်ျားမှ မိန်းမနှင့် အခင်မင်ဆုံး သူငယ်ချင်းမ ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၁၀ ယောက်လုံးသည် ညတုန်းက သူမတို့ဆီတွင် အိပ်မသွားပါဟု ဖြေကြလေသည်။
- အမျိုးသား အပေါင်းအသင်းများ
ယောက်က်ျားတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်း တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
မိန်းမမှ ယောက်ျားနှင့် အခင်မင်ဆုံး သူငယ်ချင်း ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၅ ယောက်မှ သူတို့ထံတွင်အိပ်၍ ပြန်သွားပြီးဟုဖြေပြီး၊ ကျန် ၅ ယောက်က ယခုဖုန်းဆက်သည် အချိန်ထိ သူ့တို့ဆီတွင်ရှိသည်ဟု ဖြေကြလေသည်။

ဆက်ဖတ်မယ်ဆိုရင် ...

ယောက်ျားဘသား လူကလေးများသို့ ... .. .

မြန်မာဘလောဂ့် တစ်ခုကနေ ကျွန်တော်တို့ မြန်မာယောက်ျားလေးတွေကို ဖြစ်စေချင်တဲ့၊ ဖြစ်လဲဖြစ်သင့်တဲ့ အယူအဆလေးတွေ အတွေးအခေါ်လေးတွေ ဖတ်ရတော့ ကျွန်တော် အမကြီးတစ်ယောက်ဆီကနေ ရဖူးတဲ့ ကဗျာလေးတစ်ခုကို ပြန်မျှဝေလိုက်တယ်။
ထူးဆန်းတာ တစ်ခုကိုလဲ သတိထားမိရဲ့။ ကျွန်တော့်ကို ကဗျာပေးဖတ်တာကလဲ အမကြီးပဲ၊ ဘလောဂ့်မှာရေးထားတာလဲ အမကြီးပဲလေ။ (ငယ်ရင်လဲငယ်အုံးမှာပါ၊ သေချာမသိလို့နော … စိတ်ဆိုးနဲ့ :P) ဒီကဗျာကို အရင်ခံစားတုန်းက (ပထမဆုံးဖတ်ရတုန်းက) ချရေးထားတာလေးတွေပါ ဒီပို့စ်မှာထည့်ပေးလိုက်တယ်။ စိတ်ဝင်တစား ဆွေးနွေးထားတဲ့ ပို့စ်က ဒီမှာဖတ်ပါ။

“လူကလေးများအလိုရှိသည်”
ထက်မြက်သော၊ စေတနာအသာရှိသော လူကလေးများ
ကိုယ်ရောစိတ်ပါ အားကောင်းမောင်းသန်များ
ဘာမဆို ကျော်နင်းအောင်မြင်ဖို့ စွမ်းသူများ
ထိုသူများအား အချိန်တိုင်း နာရီတိုင်း အလိုရှိသည်။
အားနည်းသူကို အလိုမရှိ၊ အကျိုးမပြီး အချည်းနှီးငြီးတွားနေသူ
အခက်အခဲများကို ပုံကြီးချဲ့သူ
‘ ငါမတတ်နိုင်ဘူး ‘ ယင်းစကားလုံး လက်စွဲသုံးသူများ အလိုမရှိ
‘ ငါကြိုးစားမယ် ‘ ထိုမြင့်မြတ်သော စကားတစ်ခွန်းသာ အလိုရှိသည်။
လုပ်စရာရှိသည်တို့ကို လုပ်၊
အမှန်တကယ် စွဲမြဲသဒ္ဓါ ဇွဲရှိလျှက်သာလုပ်၊
လုပ်ရေးဆောင်တာကို ခွန်အားဗလနှင့်လုပ်ကာ
ကြိုးပမ်းလျှက်သာ ထမ်းလော့။
တာဝန်ဟာ ခက်ခဲစေကာမူ
ကံမကောင်းဟူ၍ မမှတ်ယူလင့်၊
သန့်ရှင်းဖြူစင်သော ဆောင်ကြဉ်းစရာဖြစ်လျှင်
သန့်ရှင်းဖြူစင်သော မနောနှင့်ဆောင်ရွက်လော့။
အလုပ်ရုံ၌ဖြစ်စေ၊ လယ်ကွင်းထဲ၌ဖြစ်စေ
စားပွဲ၌ဖြစ်အုံး၊ ရောက်လေသမျှနေရာတိုင်း
သင်တို့၏ အားထုတ်မှု၌သာ
နိုင်ငံကံကြမ္မာ တည်နေပါတယ် လူကလေးတို့။ ။

ကိုယ်တိုင်က အဲဒီလို လူငယ်တစ်ယောက် မဟုတ်တာကတော့ သေချာတယ်။ “အကျိုးမပြီး အချည်းနှီးငြီးတွားနေသူ၊ အခက်အခဲများကို ပုံကြီးချဲ့သူ၊ ‘ ငါမတတ်နိုင်ဘူး ‘ ယင်းစကားလုံး လက်စွဲသုံးသူ” အဲဒီမှာတင် စာမေးပွဲကျတယ်ဗျာ။ လူက အပျင်းရောဂါ စွဲနေပေါ့။ ဘာလုပ်လုပ် ကိုယ်တိုင် အားမရတာတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အားနည်းတာတွေနဲ့လေ။ အချိန်အားရပြီဟေ့ဆိုလဲ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောရတာ အမောပဲ။
တစ်ကယ်က ကျွန်တော်တို့ အသက်အရွယ်ဆိုတာ တစ်ကယ့် အားကောင်းမောင်းသန်၊ အရာရာကို စိတ်ဝင်စားပြီးတော့ ကဲလုပ်လိုက်ကြမယ်ဟေ့ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ တက်ကြွတဲ့ လူငယ်တွေ ဖြစ်ရမယ်။ ဒီနေ့ခေတ် ကမ္ဘာ့လူငယ်တွေကြားမှာ တို့တတွေလဲ ရင်ဘောင်တန်း လက်ခမောင်းခတ်နေရမှာ။ ကိုယ်တိုင်အရကတော့ အားရစရာမရှိဘူးဗျ။ ငါမကောင်းတာနဲ့ သူများမကောင်းဘူး ပြောလိုတာမဟုတ်ဘူး။ ဒီနေ့ ဒီအချိန်မှာ အားရစရာ အားကျစရာ လူငယ်တွေလဲ ပြည့်လို့။ ဒါပေမဲ့ အားမနာပဲ ဝေဖန်ကြည့်ရရင်တော့ အများနဲ့ ရင်ဘောင်တန်းရအောင်ဆိုရင် ရေအတွက်က နည်းနေသလိုပဲ။ သိသလောက်ကတော့ ရောင်ဝါးတွေနဲ့ ဘေးထိုင်ဘုပြောတွေ၊ အနာဂတ်ဆိုတာ နောက်ဖေးလမ်းကြားက ဘိလယက်ခုံလောက် စိတ်ဝင်စားစရာ ကောင်းပုံမပေါ်ဘူး။ ဒါတွေက ကိုယ့်အချင်းချင်း သက်တူရွယ်တူချင်း ကိုယ်ကပြန်ပြီး မကောင်းပြောနေတာ။ (အဲဒါကြောင့် ကြိုပြောထားသားပဲ သူများမကောင်းကြောင်းဆို မောနေအောင်ပြောတယ်လို့။)
လူကြီးတွေကတော့ တောင်းဆိုကုန်ပေါ့။ လူငယ်တွေ၊ တန်ဖိုးရှိတဲ့ လူငယ်တွေ လိုချင်သတဲ့။ ဘယ်လိုပဲပြောပြော သူတို့ကလဲ ငယ်ခဲ့ဘူးတယ်။ တို့တွေရဲ့ ခံစားချက်တွေကို နားလည်မှာပါ။ အားမလို အားမရနဲ့ ကြိုးစားကြစမ်းပါလို့ ပြောယူနေရတဲ့ အဆင့်ကိုတော့ ရောက်နေလို့ ဖြစ်မှာပေါ့။ သူတို့ အားမရခဲ့တာတွေကို တို့တတွေနဲ့ ဖြည့်ဆည်း၊ အင်း… တဖြည်းဖြည်းနဲ့ ငါတို့ကလဲ ပခုံးပြောင်းဖို့နီးနီးလာတော့ အမှိုက်တွေပဲ ပေးမလား၊ နောက်က (တို့တွေက) လူငယ်ခေါ်ရမဲ့သူတွေကို လက်ဆောင်ကောင်းကောင်းပဲ ပေးမလား။ လက်ဆောင်ကောင်းကောင်း ဆိုရင်တော့ ငယ်ငယ်ကတည်းက ကြားဘူးတဲ့ သီချင်းစာသားတစ်ခုကို ကိုယ်တိုင်အတွက် ဆိုရတော့မှာပဲ။
ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး……

သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, November 24, 2007

ပန်းဝင်ခွင့်မရသူ

မြေးလေး ဖွား အမွေပေးချင်ပြီပြောတော့
ရှက်ရှက်နဲ့ရီရင်း
ဖွား အသက်ရှည်စေချင်လို့ပါ အကြောင်းပြ . . . . .
လူလေး အမေ စိတ်အေးချင်ပြီ ဆိုလာတော့
မချိပြုံးနဲ့ ရယ်ပြီးပြုံးပြ
အမေက ကြည်နူးဖွယ်ရာ အပြုံးနဲ့
ငါ့သားက အ သုံးလုံးမှ မကျေပဲတဲ့ . . . . .
ညီ ညီမတွေကလည်းတီးတိုးဆို
ကိုကို လူပျိုကြီးလုပ်မှာလားတဲ့ . . . . .


ဟား . . . . လောကကြီးကိုက မတရားတာပါကွယ်
ငါချစ် သူချစ် အတူချစ်ကြသူတွေကြားမှာ
ဘာ့ကြောင့်များ သူပြန်မချစ်သလဲကွယ်
အတူရှိလည်း လွမ်း . . . အတူမရှိလည်း လွမ်း
တမ်းတနေရချိန် ချည်း . . . . .
ခြေလှမ်းလှမ်းတိုင်းလည်း အရာမထင်
မြတ်နိုးမှူ့တွေ သူမမြင်လို့များလား
ဝေေ၀၀ါးဝါးနဲ့ တွေးမရ
သြော် . . . . .
တကယ်တမ်းကျတော့
ငါက ပန်းဝင်ခွင့်မရတဲ့ ပြေးသူ ။ ။ ။


ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 23, 2007

ဘလွတ်ရွှတ်တမေးခွန်းများ

အချိန် . . .
အချိန်ဆိုတာ ဘာလဲ ?
အိုင်းစတိုင်းရဲ့ သဘောတရားအရ နှိုင်းရနှိုင်းမဲ့သဘောလား ? သူ့ကိုဘာနဲ့နှိုင်းရမလဲ ။ လူ့ဘ၀ရဲ့သက်တမ်းတစ်ခုလား ? အဆောက်အအုံတစ်ခုရဲ့ သက်တမ်းလား ? သမိုင်းဖြစ်စဉ်တစ်ခုရဲ့ သက်တမ်းလား ? ကမ္ဘာကြီးရဲ့ သက်တမ်းလား ? . . . . . . လား ? ဘာလဲ ?


အလင်းထက်မြန်တာ သီအိုရီအရမှာ မရှိတဲ့ -
ဒါပေမယ့် စိတ်ကကော . . . ? သူက အလင်းထက်ပိုမြန်သလား ? အလင်းနဲ့နှိုင်းလို့လား ?
စိတ်ကကော ဘယ်သူ့စိတ်ကပိုမြန်သလဲ ? သူ့စိတ်နဲ့သူ့ကိုယ်နဲ့ မခွဲမခွာအတူတူရှိနေရဲ့လား? ဒါကတော့သိပ်မထင်ဘူးနော်။ ဘာလို့လဲဆိုတော့ တစ်ချို့ကပြောတယ်လေ. . .
င်္ဟင်း . . . မင်းစိတ်ကဘယ်ရောက်နေလို့လဲ တဲ့ . . .

လူဟာ ရယ်စရာသတ္က၀ါလား ? သနားစရာသတ္က၀ါလား ? ကြောက်စရာသတ္က၀ါလား ? မသိကျိုးကျွန်ပြုထားရမယ့်အရာလား ? ဒါပေမယ့်တစ်ချို့က လူဟာလူပါပဲ တဲ့။

အဖြေရှိပြီးသားပုစ္ဆာမေးခွန်းနဲ့ အဖြေလုံးဝမရှိတဲ့မေးခွန်းပုစ္ဆာကို ဘယ်လိုသဘောရလဲ ? ပထမမေးခွန်းက အဓိပ္ပါယ်ရှိသလား? ဒုတိယမေးခွန်းက အဓိပ္ပါယ်ရှိသလား? မေးခွန်းတိုင်းဟာ အဖြေကိုလိုအပ်သလား? အဖြေမရှိတဲ့မေးခွန်းကကောမေးဖို့လိုအပ်သလား?

လုပ်ချင်တဲ့အရာကိစ္စနဲ့ လုပ်သင့်တဲ့ကိစ္စအလုပ်မှာ ဘယ်ဟာက ပိုအရေးကြီးသလဲ ? လုပ်ချင်တာလုပ်တာကောင်းသလား ? လုပ်သင့်တာလုပ်တာကောင်းသလား ?

ခံစားချက်မဲ့နေတဲ့အတိတ်နဲ့ ခံစားချက်ပြင်းထန်တဲ့အတိတ်တို့နှစ်ခုမှာ ဘယ်ဟာကို မှတ်ဥာဏ်ထဲမှာ သိမ်းထားသင့်ပြီး ဘယ်ဟာကို မေ့ပစ်လိုက်သင့်သလဲ ?
အတိတ်ဆိုတာ တကယ်ရှိသလား ? မနေ့က ရှိနေခဲ့သလား ? အခုကော ရှိနေတုန်းပဲလား ? မနေ့ကနဲ့ ဒီနေ့နဲ့ အတူတူပဲလား ?

မသိသေးတဲ့သူက မေးခွန်းတွေများတတ်ပြီး သိပြီးသားလူက နှုတ်ဆိတ်တယ်တဲ့။ ဒါဆို စကားများပြီး အမေးအမြန်းထူတဲ့ပညာရှင်တွေက သိပ်မသိသေးဘဲ နှုတ်ပိတ်တိတ်ဆိတ်နားထောင်နေတဲ့သူက ပညာရှိပေါ့နော်!

သူတပါးခံစားရတာကိုကြည့်ပြီး ကိုယ်တိုင်ခံစားရတာကို ကိုယ်ချင်းစာစိတ်ရှိတယ်တဲ့ . . . ဒါဆို ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေက သူတပါးခံစားရတာကို ကိုယ်တိုင်လိုက်မခံစားတာပေါ့နော် . . . အဲဒါဆို ကိုယ်ချင်းစာနာစိတ်ရှိတဲ့သူဖြစ်ချင်လား ? မရှိတဲ့သူဖြစ်ချင်လား ?

လူဆိုးလူမိုက်နဲ့ လူကောင်းလူတော်ဆိုတာ ဘယ်လိုခွဲရသလဲ ? လူတစ်ယောက်တည်းမှာကော တစ်မျိုးတည်းရှိနေတာလား ? ဒီလူဟာ လူဆိုးလူမိုက် ၊ ဒီလူဟာ လူတော်လူကောင်းဆိုတာရှိနိုင်ရဲ့လား ? အဲဒါကကော အချိန်အပိုင်းအခြားနဲ့ဆိုင်မလား . . . ?

ပျင်းတဲ့လူနဲ့ တက်ကြွတဲ့လူကိုကော ခွဲခြားလို့ရလား ? ရှင်သန်နေတုန်း (အားလုံးနဲ့ဆိုင်သော) အလုပ်တွေလုပ်နေပြီးမှ သေသွားတဲ့လူတွေလား ? ဒီလိုဒီလိုပဲ စားလိုက်အိပ်လိုက် ထိုင်ခုံတစ်လုံးမှာ စာအုပ်ပေါင်းစုံဖတ်ပြီး သေသွားတဲ့လူကိုလား ?
မရေရာမသေချာတဲ့ဘ၀ကို (သို့မဟုတ်) ဒီဟာတစ်ခုကို (ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ဗျာ) ဦးတည်စဉ်းစားပြီး ဆုံးဖြတ်လုပ်ကိုင်မှာလား ? ဒါမှမဟုတ် ဘာသာတရားကိုစွဲကိုင်ပြီး (စဉ်းစားတွေးခေါ်ပြီး) တန်ဖိုးရှိလှပါပြီဆိုတဲ့ အလုပ်တွေလုပ်ကိုင်ပြီး နာမည်မသေ - ဘ၀မသေတဲ့အရာတွေကို ဆုပ်ကိုင်ပြီး ဆက်သွားနေဦးမှာလား ?

ကျနော်ကတော့ သိပ်မထင်ပါဘူးဗျာ . . . ကဲ ! ခင်ဗျားကကော ဘယ်လိုအဖြေထုတ်ပြီး ဘယ်လိုစဉ်းစားရှင်သန်သွားမှာလဲ ? အခု ကျနော်ကကော (မေးခွန်းတွေထုတ်ပြီး) ယောင်တောင်တောင်နဲ့စာတွေရေးနေတဲ့လူလား ? ဒါမှမဟုတ် အလေးအနက်တွေးခေါ်ပြီး လူတွေသိအောင် သဘောတရားတစ်ခုကို အဖြေရှာနေတဲ့လူလား ?
မစဉ်းစားတဲ့လူနဲ့ စဉ်းစားတဲ့လူကော ဘာကွာလဲ ?
မသိဘူးဗျာ . . . မသိဘူးဗျာ . . . လို့တော့ မပြောလိုက်ပါနဲ့ ။

ကဲ - ရောက်တဲ့နေရာမှာ ခံစားပျော်ဝင်ကြည့်လိုက်ပါ။ အရာအားလုံးဟာ မရှိမဖြစ်တစ်ခုမှမရှိပါဘူး။ ပြီးတော့ အားလုံးဟာ ဘယ်ရောက်သွားမှာလဲ ? ရေရာသေချာရဲ့လား ? သိပ္ပံပညာရှင်တွေ ၊ သင်္ချာပညာရှင်တွေ ၊ တစ်ခြားပညာရှင်တွေကကော ဘာပြောလဲ ? သူတို့ကကော ယုံကြည်လောက်ရဲ့လား ? ဘာသာရေးခေါင်းဆောင်တွေကကော ဘယ်လိုတဲ့လဲ ? သူတို့ကိုယ်သူတို့ကော ဘယ်လိုထင်ပြီး ဘယ်လိုယုံကြည်ရှင်သန်နေကြလဲ ? အလေးအနက်လား ? အရူးအမူးလား ?
ဟုတ်ပါပြီ - ကဲ ! အရူးအမူး အလေးအနက်ပဲဆိုကြပါစို့။ ပြီးတော့ သူတို့ဘယ်ရောက်သွားလဲ ?
ဒီကမ္ဘာကြီးပျက်သုဉ်းသွားပြီး နောက်တစ်ခုရှိဦးမှာလား ? ရှိလာလို့ရှိရင် နောက်ကမ္ဘာက ပညာရှင်တွေက ဒီကမ္ဘာကြီးက လက်ကျန်လေ့လာစရာတွေကိုကော ဆက်ရှာဖွေလေ့လာနေဦးမှာလား ? သူတို့လေ့လာစရာမရှိတော့လောက်အောင် ပျက်သုဉ်းသွားခဲ့ရင်ကော သူတို့က ဘယ်အထိလိုက်လေ့လာမှာလဲ ?

အခုကျနော်က ဘာသာတရားအသစ်တစ်ခု တီထွင်နေတာလည်းမဟုတ်ဘူး။ အတွေးအခေါ်သစ်တစ်ရပ် တည်ဆောက်နေတာလည်းမဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျားတို့ကပြောဦးမယ်။ ငါဖတ်နေလို့ ငါစဉ်းစားနေတာ. . .၊ ဒါကြောင့် ငါရှိနေတာပဲရယ်လို့တော့ မပြောလိုက်ပါနဲ့ဗျာ . . .

ကဲ ! အခုခင်ဗျားဖတ်လိုက်ရတဲ့စာပိုဒ်အစကို ပြန်မှတ်မိရဲ့လား။ ကျနော်ကတော့ မှတ်မိမယ်မထင်ပါဘူး။ အဲဒါဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ မေးခွန်းတွေကို မနှစ်သက်တတ်ကြပါဘူးဗျ။ အဲဒါကြောင့် ခင်ဗျားမေ့ပစ်လိုက်တာ။
ကျနော်ကတော့ ဒီလိုဗျ ၊ ခင်ဗျားကိုယုံတယ်။ ရှင်သန်နေရတာကို ယုံတယ်။ ခင်ဗျားရှိနေတာကို ယုံတယ်။ ခင်ဗျားမရှိတော့ရင်လည်း အဲဒါကို ယုံတယ်။ လူဆိုးဆိုတာကိုလည်း ယုံတယ်။ လူကောင်းဆိုတာတွေကိုလည်း ယုံတယ်။ အလုပ်တွေရှုပ်နေတဲ့လူကိုလည်း ယုံတယ်။ ငပျင်းဆိုတဲ့လူတွေကိုလည်း ယုံပါတယ်ဗျာ။ မေးခွန်းတွေကို မေးသာမေးနေတာ မဖြေလည်းရပါတယ်။ အဖြေမရှိလို့ပဲဖြစ်ဖြစ် ၊ မဖြေချင်လို့ပဲဖြစ်ဖြစ် ယုံပါတယ်ဗျာ။ ခင်ဗျားစဉ်းစားနေတယ်ဆိုတာကိုလေ . . . . . .။

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

ရေနွေးထဲက ဖားလေး

သူမသွားတော့မယ်လို့နှုတ်ဆက်ရင်း ပြတင်းတံခါးကခုန်ချသွားတယ်
မသွားခင်မှာ သူမရဲ့ နှလုံးသားကို အရင်ပစ်ချခဲ့တယ် . . .
မြူခိုးတွေဝေ့နေတဲ့ ကုန်းမြေတစ်ခုမှာ သူ့ကိုရှာဖွေတွေ့ရှိခဲ့တယ်
သူဟာငြိမ်သက်ခြင်းနဲ့ အေးချမ်းမှုကို ယူဆောင်လာခဲ့တယ် . . .


ကမ္ဘာလောကကြီးဟာ ပင်လယ်ကြီးဖြစ်သွားလိုက်
သဲကန္တာရကြီးဖြစ်သွားလိုက်
မြို့ပျက်ကြီးများနဲ့ ရှုပ်ထွေးလိုက်
သတ္တ၀ါဆန်းတွေနဲ့ ပြည့်နှက်နေလိုက်နဲ့ . . .

ဘာကိုဘာမှ မခံစားနဲ့လို့ပြောရအောင်ကလည်း
ဘာကိုခံစားရမှန်းမသိအောင် ခံစားမှုတွေများတဲ့ကမ္ဘာကြီးကိုး . . .
လက်ရှိကမ္ဘာက ဘာဖြစ်နေလဲဆိုတာ မခံစားနိုင်ကြဘူး
ကမ္ဘာကြီးရှေ့ဘာဖြစ်မလဲဆိုတာပဲ တစ်ချိန်လုံးတွေးနေတယ် . . .
ကဲ! ဘယ်လိုလဲ ?
ကမ္ဘာကြီးက ပူနွေးလာပြီတဲ့ !!!
ရေနွေးထဲက ဖားလေးကမေးနေပြီ
ဖြေတော့ဗျာ . . . . . ။

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, November 21, 2007

ရီစရာ မောစရာ ဟာသများ

ချစ်တတ်လိုက်တာ....
စားသောက်ဆိုင်တွင် စားပွဲထိုးမှ မိန်းမလှလေးတစ်ယောက်ရှေ့တွင် စာရွက်တစ်ရွက်ချပေးလိုက်သည်။
"မင်းကိုမြင်မြင်ခြင်းကိုချစ်မိသွားတယ်၊မင်းမရှိဘဲနဲ့ ဘ၀မှာတစ်ယောက်တည်းမနေပါရစေနဲ့။ မနက်ဖြန် ညနေစာ အတူစားဖို့ ဖိတ်ခေါ်ပါရစေ။ အကယ်၍ မနက်ဖြန်ခါမှာ မင်းမအားဘူးဆိုရင် မင်းရဲ့ညာဖက်မှာထိုင်နေတဲ့ ကောင်မလေးလှလှဆီကို ဒီစာရွက်လေးကမ်းပေးပါ။"


အမျိုးသမီးတွေဘောလုံးကန်သတဲ့....
အမျိုးသမီးတွေ ဘောလုံးကန်တာတော့ မယုံချင်ဘူးကွာ။ စဉ်းစားကြည့် ၀တ်စုံဆင်တူဝတ်နိုင်တဲ့ အမျိုးသမီး ၁၁ ယောက်ကို ဘယ်သွားရှာမှာလဲ။

အပြောမတော်တော့...
- မောင်ရေ နောက်တစ်ကြိမ်သာ မေ့ကို အနမ်းတစ်ပွင့်ပေးမယ်ဆိုရင်တော့၊ မေ့ဘ၀တစ်ခုလုံးက မောင့်အတွက်ပါပဲ။
- သတိပေးတာ ကျေးဇူးတင်ပါတယ်ကွာ။

ခန္ဓာဗေဒ စာမေးပွဲမှာ....
ခန္ဓာဗေဒ စာမေးပွဲတွင် ပရော်ဖက်ဆာမှ ကျောင်းသူတစ်ယောက်အား မေးခွန်းတစ်ခုမေးသည်။
- လူ့ရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းက အချစ်သင်္ကေတအဖြစ် ရည်ညွန်းသလဲ။
- အမျိုးသမီးရဲ့ အင်္ဂါအစိတ်အပိုင်းကို မေးတာလား၊ အမျိုးသားရဲ့အင်္ဂါအစိတ်အပိုင်းကိုမေးတာလား။
- ဘုရားရေ- ဆရာဝန်မှ သက်ပြင်းချကာ ပြော၏ - တို့ခေတ်တုန်းကတော့ အသည်းလို့ပဲ ရိုးရိုးပြောတာပါကွာ။

ဂရန်တီရှိတာပဲ...
ကွန်ပျုတာဆိုင်သို့ အမျိုးသားတစ်ဦးရောက်လာသည်။
- ကျနော် မနေ့က ဒီဆိုင်က ကွန်ပျူတာ ၀ယ်သွားခဲ့ပါတယ်ဗျ။
- ဟုတ်ကဲ့၊ ဘာဖြစ်လို့ပါလဲ။
- လောင်သွားလို့ဗျ။
- ပြဿနာမရှိပါဘူးခင်ဗျ။ ဂရန်တီရှိသေးတာပဲဗျ။ ဘာလောင်သွားပါလိမ့်။
- အကုန်ပေါ့ဗျာ။
- အဲလိုတော့ မဖြစ်တတ်ပါဘူးခင်ဗျ။ ပရိုဆင်ဆာ လောင်သွားတာလား။
- လောင်သွားပါတယ်။
- ဟာ့ဒစ်ရော။
- လောင်သွားပါတယ်။
- မန်မိုရီရော။
- လောင်သွားပါတယ်။
- မော်နီတာရော။
- လောင်သွားပါတယ်။
- လူကြီးမင်း၊ ခင်ဗျား ဘာများလုပ်လိုက်လို့လဲဗျာ။
- အင်းဗျာ မနေ့ကအိမ်မီးလောင်သွားတာဗျ။

ဆက်ဖတ်မယ်ဆိုရင် ...

မြန်မာ့ အငြိမ့်နှင့်ဟာသ။

ဒီရက်ပိုင်း ကျွန်တော်တို့ အလုပ်နားက ထိုင်နေကျ လ္ဘက်ရည်ဆိုင်လေးမှာ တီဗွီတစ်လုံးရောက်လာတယ်။ ရောင်းကောင်းတယ် ထင်ပါတယ်။ စဖွင့်ခါစတုန်းကဆို လ္ဘက်ရည်ဆိုင် ခေါ်သာရုံလေးပါ။နောက်တော့ ဒီဗွီဒီစက်ဝယ်တယ်။ သီချင်းတွေဖွင့်တယ်။ တစ်ခါတလေ အဲဒီဆိုင်မှာထိုင်ပြီး သီချင်းတွေနားထောင်၊ သူငယ်ချင်းတွေနဲ့ လေကန်လိုက် ဝေဖန်လိုက်ပေါ့။ ဟောအခုတော့ တီဗွီတစ်လုံးပါ ထပ်ရောက်လာပြန်ပြီ။ ဆိုင်လေးမှာထိုင်ရတာ အပျင်းပိုပြေလာတယ် ပေါ့ဗျာ။

ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ဆိုင်လေးက ခပ်ကျဉ်းကျဉ်းရယ်။ တစ်ဆိုင်လုံးမှ စားပွဲက ခြောက်လုံးလောက်ရှိတာ။ စားပွဲတစ်ခုနဲ့ တစ်ခုကလဲ ရုတ်တရက်ထလို့မရဘူး။ ဟိုဘက်ဝိုင်းဒီဘက်ဝိုင်းက မလွတ်မလပ်လေ။ ဆိုင်ရှင်မိသားစုကလဲ ကြိုက်လိုက်တဲ့ တီဗွီ။ တစ်ချိန်လုံး ဒါပဲ ကလိနေတာ။ ရုပ်ရှင်၊ ပြဇာတ်၊ အငြိမ့်၊ သီချင်းမျိုးစုံ၊ အိုဗျာ… စုံလို့ပဲပြောပါတော့။ ကျွန်တော်တို့ အလုပ်နားမှာကလဲ သူတို့တစ်ဆိုင်တည်းရယ်။ တစ်ခုတော့ရှိတယ် ဒီနားမှာကလဲ ကျွန်တော်တို့ အလုပ်တစ်ခုတည်းလေ။ ကိုင်းကျွန်းမှီ - ကျွန်းကိုင်းမှီ ပေါ့ဗျာ။ အော်.. အရေးကြီးတာတစ်ခု ပြောအုံးမယ်၊ ကျွန်တော်တို့ အလုပ်မှာက မိန်းကလေးများတယ်။ အဲဒီတော့ ဆိုင်မှာက မိန်းကလေး တစ်ယောက်နှစ်ယောက်တော့ ရှိနေတတ်တာပဲ။ ပြဿနာက အဲဒီမှာစတာ။
ရုပ်ရှင်ကြည့်တယ် ပျော်စရာဟာသကားလေးလား၊ ဘဝသရုပ်ဖော်လား၊ စုံထောက်ကားလား၊ ဒါမှမဟုတ် လူ့ဘဝအကြောင်း (အလွန်အကြူး) ဖွဲ့ဆိုထားတတ်တဲ့ ဦးကျော်ဟိန်း ရိုက်တတ်တဲ့ ဇာတ်လမ်းမျိုးလား၊ ဒါမှမဟုတ်လဲ ဟိုတချိန်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းကြပုံတွေလား။ ဘယ်လို ရုပ်ရှင်ဖြစ်ဖြစ်ပါ။ ရုပ်ရှင်တစ်ခုကို ကြည့်ရင် ဇာတ်လမ်းရှိမယ်။ သရုပ်ဆောင်ကြပုံတွေ၊ စကားလုံးတွေကနေ ရသတွေပေးမယ်။ တစ်ကွက်နှစ်ကွက် မကောင်းရင်၊ ရိုင်းပြသွားရင် ဇာတ်လမ်းကြီးတစ်ခုလုံးခြုံပြီး မေ့ပေးလို့ရနိုင်ကောင်းတယ်။ ကျွန်တော်က အဲဒီလိုလဲထင်တယ်။ အဲ.. ခက်တာက အငြိမ့်ဗျ။ သေသေချာချာတော့ မြန်မာ့အငြိမ့်ကို နားမလည်ပါဘူး။ အဆို၊ အက၊ တင်ဆက်ပုံတွေ ကောင်းလား မကောင်းဘူးလား ပြောရအောင်ကို အခြေခံမရှိတာ။ ဒါပေမဲ့ဗျာ၊ ကျွန်တော်တို့က ပရိတ်သတ်လေ။ အားလုံးနားလည်နေစရာ လိုမှမလိုပဲ။ တစ်ခုပဲ၊ ပရိတ်သတ်ကို ရသတစ်ခုခုနဲ့ ပျော်ရွှင်မှုတော့ ပေးနိုင်ရမယ်။ မြန်မာ့အငြိမ့်ကို အဲဒီလိုနားလည်တယ်။ မြေဝိုင်းအဆင့်ကနေ အခုလိုစင်မြင့်အခြေအနေ၊ စင်မြင့်အခြေအနေမှာလဲ ဒီနေ့ခေတ် တခြားနိုင်ငံတွေက ပြဇာတ်တွေလို မသားနားတာ အပြစ်မှမဟုတ်တာ။ ဖြစ်အောင်လုပ်နေရတယ်ဟ ရှိတာလေးနဲ့။ အဲဒီလို နားလည်ပေးလို့ရတယ်။ ပြောချင်တာက နားလည်မပေးနိုင်တာ ရှိနေလို့ဗျ။ ဘယ်လိုမှလဲ ခွဲခြားထားလို့မရတဲ့ အငြိမ့်နဲ့ဟာသ၊ မြန်မာ့အငြိမ့်နဲ့ မြန်မာ့ဟာသလေ။
ဟာသဆိုတာကလဲ လူတွေအတွက်က သဲခြေကြိုက်။ မကြိုက်တဲ့လူဆိုတာကလဲ အင်း.. ခပ်ရှားရှားကိုး။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အငြိမ့်ကြည့်သွားရမယ်ဆို ပျော်တာဗျ။ ရယ်ရတာကိုး။ လူရွှင်တော်ကြီးတွေကို ကြည့်ရတာကိုက ပြုံးချင်စရာဖြစ်နေပြီ။ အဲ မင်းသမီးများကပြီဆိုရင် အိပ်ချင်တော့တာ။ ငယ်ငယ်တုန်းကလို့သာပြောရတာ။ မတိုးတက်ပုံများ အခုထိအဲဒီလိုပဲ။ မင်းသမီးလေးက လှရင်တော့ နည်နည်းကြည့်မိသား။ နောက်ရှိသေးတယ် ဘယ်ကနေဘယ်လိုကြားဘူးတဲ့ သီချင်းစာသားလဲ မသိဘူး၊ မှတ်မိနေတာရှိသေးတယ်။ “မြန်မာဆိုတာ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ”တဲ့။ ခက်လိုက်တဲ့ ခံစားချက်ဗျာ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းစာသားတစ်ခုလို “ရှက်တတ်ရင်လဲသေဖို့ကောင်းတယ်” လို့ပဲပြောရမလား။ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျွန်တော်တို့မြန်မာတွေရဲ့၊ ဖျော်ဖြေမှု အနုပညာတစ်ခုကဟာသတွေမှာ ညစ်ညမ်းစကားလုံးတွေ လွှမ်းမိုးနေလေရဲ့။ သတိထားမိသလောက် မျိုးဆက်သစ် လူရွှင်တော်ဆိုတာလဲ ခပ်ရှားရှားပဲ။ ဝါရင့် သဘာရင့်တွေဗျ။ သူတို့အတွက် ပြက်လုံးမရှားပါဘူး။ ခွင်ကျကျလေးဆိုရင် သိပြီးသားပြက်လုံးတောင် ရယ်ရပါတယ်။ အခုဟာက အသစ်လဲရှား၊ ပျက်လိုက်ရင်လဲ မောင်နှမသားချင်းမှ အတူပြုံးရ ရယ်ရလို့မသင့်တော်။ ကျွန်တော်တို့တွေကရော အဲဒါတွေနဲ့မှ ရယ်တတ်ကြတာလား။ မဟုတ်ဘူး၊ မဟုတ်ဘူးထင်တယ်ဗျ။ ဟာသတစ်ခုဟာ ညစ်ညမ်းဖို့မှ မလိုအပ်ပဲ။ သူ့ရဲ့အဓိကအချက်က လူတွေကို ပြုံးပျော်ဖို့၊ ကြည်နူးသွားစေဖို့လေ။ အခုတော့ဗျာ ဆိုးပလို့ပဲပြောရတော့မယ်။နောက်ရှိသေးတယ် ဆရာတော်တစ်ပါးရဲ့ မွေးနေ့မှာ ကပြတဲ့အငြိမ့်ဆိုပဲ။ တော်သေးရဲ့ ရိုးရိုးလူတစ်ယောက်အတွက် ပွဲသာဆို ဘယ်လိုပျက်လုံးတွေလာမလဲမသိဘူး။ အဆဲအဆိုတွေတောင် ပါရဲ့ဗျာ။ အစတုန်းက ဒီပို့စ်မှာ ဟာသတွေကိုပါ ချရေးရင်ကောင်းမလား စဉ်းစားသေးတယ်။ နောက်တော့ စာရိုက်ရတာပျင်းတာနဲ့ မလုပ်ဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်ဘာပြောချင်လဲ နားလည်ကြမယ်ထင်ပ။ အဲဒီလိုဟာသတွေနဲ့ အငြိမ့်တစ်ခုကို လ္ဘက်ရည်ဆိုင် သေးသေးလေးတစ်ခုမှာ မိန်းကလေးတွေ ရှိနေတုန်း ဘယ်မျက်နှာထားပြီး အားပေးရမလဲ။ ကျွန်တော်ကိုယ်တိုင် အဲဒီပွဲထဲမှာဆိုရင်ရော ဘေးဘီကိုကြည့်ပြီးမှ ပြုံးရမဲ့ဟာသတွေလား။ ဒါမှမဟုတ် မြန်မာ့အငြိမ့်ဆိုတာ နောက်ဆိုရင် တစ်ယောက်တည်းကြည့်ရတဲ့ တိပ်ခွေ၊ စီဒီအဆင့်မှာ ရောက်နေမှာလား။ လွတ်လပ်ယဉ်ကျေးစွာ၊ ဟာသတွေနဲ့ ကြည်နူးရရင် ပိုမကောင်းပေဘူးလားဗျာ။ ဘယ်လိုပဲပြောပြော အဲဒီဆိုင်မှာ အငြိမ့်ကြည့်ရင်း ပြုံးခဲ့ဘူးတယ်။


သုခမိန်

**ဒီပို့စ်ကို ရေးချင်နေတာ၊ စိတ်ထဲမှာ ရေးထားတာကြာပေါ့။ ပီစီကအဆင်မပြေတာရယ် (သုံးရတဲ့ အချိန်ကနည်းတာရယ်)၊ အွန်လိုင်းသုံးရတာ အချိန်နည်းနည်းမှာ လုပ်ချင်တာတွေများနေတော့ အသစ်မတင်ပဲ ဟိုဖတ်ဒီဖတ်လုပ်နေတာ ပိုများတယ်။ ဒီနေ့တော့ ကိုရွက်ဝါဆီမှာ ကျွန်တော်ချစ်သော အငြိမ့်သဘင် ဆိုတာကို ဖတ်လိုက်ရမှ၊ အင်း… ပြီးပြတ်အောင် ရေးအုံးမှပါ ဆိုပြီးချရေးဖြစ်တာပါ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, November 20, 2007

ရီစရာ မောစရာ

အသွားမတော်တော့ တစ်လှမ်း။


အသိမ်းအဆည်းကောင်းပုံက ဒီလို။

Group Photo တော့ရိုက်ချင်ပါ့။ ဒီလိုကြီးကျလည်း တစ်မျိုးကြီးပဲ။ကျုပ်တို့ ဘာလုပ်မိလို့လဲဗျာ။

ကိုင်း ဒီလိုဆို ပို မရှင်းပေဘူးလား။

စားသတိ၊သွားသတိ.. သတိရှိကြနော်။

ကိုင်း.. မှတ်ပြီလား။

ဟဲဟဲ...ကိုယ့်ဝမ်းစာ ကိုယ့်ဟာကိုရှာရတယ်။

အမလေး ဘုရား၊ဘုရား။



အတုံ့အလှဲ့ပေါ့ဗျာ။

ဆီမရှိရင် မြင်းတပ်မောင်းမယ်။

ကားမရှိလို့များ စိတ်မညစ်နဲ့။


ပျောက်မှာဆိုးသတဲ့လား။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, November 19, 2007

အချစ်နှင့် . . . . .

အချစ်နှင့် တွဲဖက်မစားသင့်သော အရာများ . . .
အချစ်နှင့် တွဲဖက်ဖွယ်ရာ အမြိန်အရသာများ . . . ကို အစီအစဉ် လိုက် နံပတ်ထိုးထားပါကြောင်း နှင့်
လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပြုပါကြောင်း . . . .

(ကလောင်အပိတ်ခံထားရသော ကျနော်တို့ My e-journal ၀ိုင်းတော်သား ကိုဗာဘို အတွက်အမှတ်တရ )

အချစ်နှင့် တွဲဖက်မစားသင့်သော အရာများ
၁) မာန
၂)သံသယ
၃) ဥစ္စာပစ္စည်း
)စွဲလမ်းစွာအချစ်ကြီးခြင်း ( ကိုဗာဘို မှကျေးဇူးပြုပါသည် )
)စိတ်ဆတ်၍ အရှည်မကြည့်ခြင်းများ( အရွဲ့တိုက်ခြင်း)
၆) တကိုယ်ကောင်းဆန်ခြင်း

. . . . . . .? ? ? ? ?

အချစ်နှင့် တွဲဖက်ဖွယ်ရာ အမြိန်အရသာများ
၁) အလွမ်း
၂)နားလည် ၊ တန်ဖိုးထားခြင်း
၃)ကြင်နာယုယခြင်း
၎)ခရီးသွားခြင်း
၅)အနုပညာရပ်များကို ခံစားခြင်း
၆)အားကစား လှုပ်ရှားခြင်း
. . . . . .? ? ? ? ?


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 18, 2007

" ငုံးဥကျုတ်တွေ . . . ညေပဲကျုတ်တွေ " (၁)

ငါတို့မှာကား
ကမ္ဘာတစ်လွှား ၊ မကြည့်အားနိုင်
ကိုယ်သွားသောလမ်း ၊ကိုယ့်စခန်းနှင့်
မိမိဓလေ့ ၊ မိမိမွေ့လျက်
နေ့နေ့ညည၊ လျှောက်လှမ်းကြသည်
ဓမ္မသံဝေ ၊ စိတ်ကိုဖြေရင်း
နွေနွေမိုးမိုး ၊ ဆောင်းနှင့်တိုးတိုး
နေရိုးနေစဉ် နှစ်များစွာ ။ ။ ။

စာတွေဖတ်ဖြစ်တော့လည်း မျက်စိလေးနည်းနည်းကျယ်လာသလိုပါပဲဗျာ ။
ကမ္ဘာပြားပြီ စာအုပ်ဖတ်ပြီးတော့ Outsourcing တို့ Off shoring တို့ကိုသဘောကျလှသဗျာ ။ အိုးမကွာ အိမ်မကွာ စီးပွားရှာလို့လည်းရသမို့ ငါတို့တော့ ကော်တာပဲလို့ အတွေးလေးက ၀င်လာသဗျ ။အဲဒါနဲ့ ရွာက သူငယ်ချင်း ကျောင်းဆရာကို ပြောပြတော့ ပြားလည်း ပြားပြားကွာ တဲ့ ငါတို့ကတော့ လုံးတာတောင် ယုံအောင်ပြောလို့ မပြီးသေးဘူးတဲ့ ။ အင်း ဟုတ်တော့လည်း ဟုတ်သားလား ကျုပ်တို့ က ပညာလေး မြို့တက်ပြီးသင်လာတော့ တောမရောက် တောင်မရောက် အတွေးလေး က အနည်အနှစ် ကြွကြွလာတယ်ထင်ပါ့ ။ ခက်တာက ကျုပ်တို့ တကယ်အလုပ်လုပ်မှ ရမယ်ဆိုတာသိပေမယ့် ခုထိ ဝေလေလေထဲက မထွက်နိုင်ကြသေးတာပါပဲ။ တစ်နိုင်တစ်ပိုင်လေးလုပ်ရအောင်ဆိုတော့လည်း
ရေနံဆီ မီးခွက်မှမကယ်ရင် ညစာတောင် လရောင်ရှိမှစားရမယ့် ဘ၀မှာ
ဘယ်လိုလုပ်ပြီး High Tech တွေက ထမင်းကြွေးမတုံးဗျာ ။
အိမ်ကဟင်းစား တစ်ခွက်ရအောင် ကျောင်းမတက်ပဲ မြောင်းထဲမှာ ငါးပက်နေကြတဲ့ ကလေးတွေ၊ တစ်ဝမ်းတစ်ခါးအတွက် "ငုံးဥကျုတ်ရမယ် ညေ ပဲကျုတ်ရမယ် "ဆိုနေရတဲ့ ကလေးတွေ ၊ ယပ်တောင် ကော်ကပ်နေရတဲ့ ကလေးတွေ ၊ စားပွဲထိုးနေရတဲ့ ချာတိတ်ပေါက်စတွေ ၊ အများကြီးမှ အများကြီး ။

" ကလေးတွေ အင်ဖက်ကောက်တာ၊ အင်ဥဖော်တာက ပိုက်ဆံရတယ်ကျောင်ဆရာရဲ့ " လို့ပြောတဲ့ ရွာထိပ်နားက ကလေးတွေတစ်ပြုံတစ်မနဲ့ မပြုံးရီကို သူ့ကလေးတွေ ကျောင်းကိုလွှတ်အောင် ကျုပ်တို့ ဘယ် လို များပြောကြမလဲ ။ ကျုပ်တို့ယုံကြည်တဲ့ ပညာကရော ဒီဘ၀တွေကို တကယ်ပဲ လွတ်မြောက်စေနိုင်ပြီလား။ဘယ်မှာလဲ ပညာ။ ဘယ်မှာလည်း ပညာ့တန်ဖိုး ။ သူများတွေ တစ်ဖွဖွရွတ်တဲ့ ပညာခေတ်မှာ ကျုပ်တို့ မွန်းတည့်ပါဦးမလား ။
တွေးရင်လည်း ရင်မောပါရဲ့ဗျာ ။


ဆက်ဖတ်မယ်ဆိုရင် ...