အမေ၊အဖေ ကျေးဇူးနဲ့ အတူ တောသားလေးဖြတ်သန်းခဲ့ခြင်း ကျွန်တော်တောသားပါ။ မိဘတွေက လယ်သမားတွေဆိုတော့ကျွန်တော် မချမ်းသာပါဘူး။ မချမ်းသာပေမယ့် ဆင်းဆင်းရဲရဲကြီးလည်းမဟုတ်ဘူးဗျ။ ကျွန်နော့် မိဘက ရှေ့ ရေးမျှော်ပြီး ကျွန်တော့်ကို မြို့ ပေါ်သို့ လွတ်၊ပညာ တော်သင်သွားခိုင်းပါတော့တယ်။ကျွန်တော်မသွားချင်ပါဘူး။ ကိုယ့်ရွာ၊ကိုယ့်ဓလေ့၊ ကိုယ့်အပေါင်းအသင်းတွေနဲ့ ကိုယ့်လယ်တောမှာပဲပျော်တာကိုး။ ဒါပေမယ့် မရပါဘူး။ အမေက….” သားရေ….အမေတို့ အသက်ရှင်နေတုန်း၊လုပ်နိုင်၊ကိုင်နိုင်၊စားနိုင်တုန်း မြို့ တက်ပြီးပညာသင်စမ်းပါ။ ငါတို့ သေရင် ငါ့သားကိုပေးစရာအမွေ ဆိုလို့ ဘာတစ် ခုမှမရှိဘူး။ အခု ငါတို့ မသေခင်ပေးနိုင်တာ ပညာသင်စရိတ်ပဲ့ရှိတယ်။ အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုတတ်အောင်မြို့ တက်ပြီးသင်စမ်းပါ ”တဲ့။ ကျွန်တော်က“ ဟင့်…အင်း…” ပါပဲ။ ( “ ဟင့်…အင်း…”ဆိုတာ NO လို့ ပြောတာဗျ။) ပြီးတော့ ကျွန်တော်က ပြန်ပြောလိုက်သေးတယ်။ “ဟာ……….အမေတို့  အခုလုပ်ကိုင်စားသောက်နေတဲ့ လယ်လုပ်ငန်းက အသက်မွေး ၀မ်းကြောင်းပညာမဟုတ်ဘူးလား…….ကျွန်တော် ကောင်းကောင်းလုပ်တတ်ပါတယ်” လို့ ပေါ့လေ။ ဒီလိုငြင်းနေတုန်း အဖေက “ သား…..လိမ္မာပါတယ်ကွယ်….တဲ့ . ..အခုအဖေတို့ လုပ်နေတဲ့  လယ်ယာလုပ်ငန်း ကိုကြည့်..ဘယ်လောက်ပင်ပန်းလိုက်လဲ…တစ်မိုးလုံးလုပ်မှ စပါးတစ်ရာနှစ်ရာပဲ ရတယ်။ သား အဖိုး လက်ထက်ကတည်းကနေ လုပ်လာခဲ့တဲ့ ဒီလယ်လုပ်ငန်း အခုဆို အဖေတို့ သားတို့ လက်ထက်ရောက်လာပြီ…စားနိုင်သောက်နိုင်တာပဲ အဖတ်တင်တယ်။ တောက်တောက်ပြောင်ပြောင်ဖြစ်မလာဘူး မဟုတ်လား.. နောက်ဆို …သားလက်ထဲရောက်လာတော့မယ်။ သားအဖိုးကနေ လုပ်လာတဲ့  လယ်…အခု အဖေတို့ သားတို့ လက်ထဲမှာလည်း ဒုံရင်းဒုံရင်းဘ၀နဲ့ နေသွားတော့ မှာလား…တဲ့ …။ ( ကျွန်နော် တို့ ဒေသမှာ ရာသီသုံးရာသီမှာ မိုးရာသီ မှာပဲ့ လယ်လုပ်ကြတာဗျာ့။ နွေ၊ဆောင်း ကတော့ လယ်မလုပ်ကြဘူး၊ ဒါကြောင့်တစ်မိုးလုံးလုပ်ထားပြီးရထားတဲ့  စပါးတင်းတစ်ရာနှစ်ရာကိုဆောင်းနွေမှ နောက်တစ်နှစ်မိုးရာသီလယ်လုပ်ချိန်အထိ သိုထားပြီး၊ စားကြရတာလေ…) အဖေ့..လေလှိုင်းထဲ ကျွန်နော် မူးနေတုန်း..အမေက “ သားရေ….အမေကတော့ ငါ့သားကို သူများပညာတတ်တွေလို အေးအေးဆေးဆေး အရိပ်ထဲမှာနေပြီး ဘောပင်တစ်ချောင်းနဲ့  အဲယားကွန်းနဲ့ ဖုန်းနဲ့ ကားနဲ့ မြင်ချင်စမ်း ပါဘိ…ဒါကြောင့် မြို့ တက်ပြီး ပညာတတ်အောင်သင်စမ်းပါတဲ့။ ( ကျွန်တော်တို့ ရွာမှာ မိဘတိုင်းက မြို့ တက်ပြီး ကျောင်းတက်နိုင်ရင် ပညာရှိဖြစ်ပြီ၊ သူဌေးတစ်ယောက်လို နေနိုင်ပြီလို့ ဆိုရလောက်အောင် မြို့ ဆိုတဲ့ နေရာ ကို အထင်ကြီးကြ၊ အားကျကြတာဗျာ့) မြို့ တက်ပြီး ပညာတတ်အောင်သင်စမ်းပါ ..သားရယ်…အမေတို့ တစ်မျိုးလုံးမှာ သားတစ်ယောက်ကို ထွန်းထွန်းပေါက်ပေါက် ပညာတတ်တစ်ယောက် ဖြစ်တာ အမေတို့ မြင်ချင်စမ်းပါဘိ…………..တဲ့။ ( အမေ၊အဖေ တို့ က သူတို့ စိတ်ထဲမှာ တက္ကသိုလ်တက်ဘွဲ့ ရပြီးရင် သူများတွေလို ပညာတတ်ဖြစ်သွားပြီ၊ အေးအေးဆေးဆေးနေနိုင်ပြီလို့  တွေးထင်ထားတာ..) ဟုတ်လည်းဟုတ်ပါတယ်…လေ..တစ်မျိုးလုံးမှာ ဆယ်တန်း အောင်တယ်ဆိုလို့  ကျွန်နော်တစ်ယောက်ပဲ့ ရှိတာကိုး….မြို့ ဆိုတာဘယ်လိုလည်း..ဘာပညာကို တတ်အောင်သင်ရမှာလဲ..ဆိုတာ….ဘာဆိုဘာမှမသိဘူးဆိုပါတော့…ဒီအချိန် တုန်းကဆို မြို့ ကိုလည်းရောက်ဖူးချင်တယ်….ရွာနဲ့ လည်း မခွဲချင်ဘူး…. လူတော ထဲ တိုးရမယ်ဆိုတော့ ကြောက်တယ် ဗျာ့…ပြီးတော့ Knowledge ဆိုတာက ကိုယ့်ရွာကိုယ့်ဓလေ့နဲ့ ဖတ်ဖူးတဲ့ စာအုပ်နည်းနည်းပဲ့ရှိတာကိုး…..။ ကျွန်နော် ဒီလိုနဲ့ မငြင်းနိုင်တော့ပဲ ကိုယ်ချစ်တဲ့ ကိုယ့်အိမ်၊ကိုယ့်ရွာ၊ကိုယ့်ဓလေ့၊ ကိုယ့် အပေါင်းအသင်းတွေနဲ့ တကွ ကိုယ့်လယ်တောကိုပါမခွဲချင် ခွဲချင်နဲ ကြောက်လန့် စွာ၊ ရှက်ရွံ့ စွာ၊ သိမ်ငယ်စွာ မွေးကတည်းကစပြီး တစ်ခါမှမရောက်ဘူးတဲ့ မြို့ ပေါ်သို့  ပညာ တော်သင်ဆိုတဲ့ ခေါင်းစဉ်နဲ့ စလှမ်းကာ ကျောင်းဆက်တက်ခဲ့ပါတယ်လေ..။ အမေ့လက်ဆောင် စကားသုံးခွန်း (ဒါမှမဟုတ်) တောသားလေးနဲ့ စကားကြီးသုံးခွန်းဆိုပါတော့။ ဒီလိုနဲ့ ကျွန်နော် ကျောင်းတက်ဖြစ်ခဲ့ပါတယ်။ ကျွန်နော် ရွာကထွက်တော့ အမေက စကားသုံးခွန်းကို လက်ဆောင်ပေးပါတယ်။ ကျွန်နော် ကျောင်း တက်ခဲ့ တဲ့ တစ်လျောက်လုံး အမေမှာလိုက်တဲ့ စကားကြီးသုံးခွန်းကို မြေ၀ယ် မကျ နားထောင်ခဲ့ပါတယ်။ အခုလည်းနားထောင်တုန်း ဆိုပါတော့။ တခါမှ မရောက်ဖူးတဲ့ မြို့ ကိုရောက်တဲ့ အချိန်၊ ကျောင်းစတက်တဲ့ အချိန်ကဆိုရင် စကားကောင်းကောင်းမပြောတတ်ပါဘူး။ လူရိပ်လူခြေလည်း မကြည့်တတ် ဘူး။ နားမလည်ဘူး။ အရိပ်သုံးပါးနားမလည်ဘူးဆိုပါတော့။ ဘာမှလည်းမသိ ဘူး။ လူရည်မလည်သေးဘူးဆိုပါတောဗျာ့။ ဒီလိုဒီလိုနဲ့ ပေါ့လေ…… ကျွန်နော် ကျောင်းတက်ရင်း သူငယ်ချင်းတွေရလာပါတယ်။ သူငယ်ချင်း တွေ ရလာတယ်ဆိုရင်ပဲ့ ကျောင်းတက်ရတာ ပျော်လာတယ်ဗျာ့။ ပျော်လာ တယ်ဆိုရင်ပဲ့ တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေက ကျွန်နော့်ကိုသိလာတယ်ဗျာ့။ တွေ့ တဲ့ သူတိုင်းကလည်း ကျွန်နော့်ကိုမှတ် မိသွားလေ့ရှိတယ်ဗျာ့။ ဘာဖြစ်လို့ လဲဆိုတော့ အမေ့ရဲ့ စကားကြီးသုံးခွန်းကို မြေ၀ယ်မကျဂရုစိုက်စွာ ထိန်းသိမ်းထားလို့ ပေါ့။( မယုံလည်းနေပေါ့နော်..ဟိဟိ ) ကျွန်နော်ဟာ ကျွန်နော် သိပ်ကိုခင်တွယ်တဲ့ မွေးရပ်နဲ့ ဝေးတဲ့နေရာ ရောက်နေတော့ အဖေ၊အမေကို၊ အိမ်ကို၊ မွေးရပ်ကို၊ အပေါင်းအသင်းသူငယ် ချင်းတွေကို သတိရလိုက်တာ၊ လွမ်းလိုက်တာ မငိုဘဲနဲ့ မျက်ရည်ကျတဲ့ အထိပေါ့။ (ကျွန်နော် အသံထွက်အောင်မငိုပါဘူး။ မငိုမိအောင်အံကြိတ်တင်းထားပေမယ့် မျက်ရည်က အလိုလိုတိုးထွက် ထွက်ကျလာတာ) ကျွန်နော့်ရဲ့ အချို့ သူငယ်ချင်း တွေက သတိရရင်၊ လွမ်းရင် (သူတို့ မွေးရပ်ကို)ဖုန်းတွေဆက်ပြီးအလွမ်းတွေဖြေ၊ အသံထွက်အောင်ငိုနေကြတာတွေမြင်ဖူးပါတယ်။ ကျွန်နော်သူတို့ ကိုကြည့်ပြီးတော့ သူတို့ လိုလိုက်မလုပ်ပါဘူး။ ကျွန်နော့် အမေက ကျွန်နော့်ကို မှာလိုက်တယ်။ “ သား………ရောက်တဲ့ အရပ်မှာ ပျော်အောင်နေပါ……..တဲ့။…….” ကျွန်တော် ပျော်အောင်နေခဲ့ပါတယ်။ ဘယ်လိုနေခဲ့လဲဆိုတော့ အိမ်ကို လွမ်းလာပြီ၊ သတိရလာပြီ၊ငိုချင်လာပြီ၊ ခံစားရလာပြီဆိုရင် ကျွန်နော်နေတဲ့ ဘော်ဒါတစ်ဆောင်လုံးကို သန့် ရှင်းရေးစလုပ်ပါတယ်။ လမ်းထဲမှာရှိတဲ့  သောက်ရေအိုးတွေကို ရေလိုက်ဖြည့်တယ်။ သူငယ်ချင်းတွေအတွက် ရည်းစားစာတွေရေးပေးတယ်။ အိမ်ကို လွမ်းတဲ့ အကြောင်းစာတွေရေး ပေးတယ်။ ကျွန်နော် အမြဲတမ်းထမင်းစားတဲ့ ဆိုင်ကိုသွားပြီး စားပွဲထိုး လုပ်ပါတယ်။ ငိုချင်လာပြီဆိုရင် အချို့ သူငယ်ချင်းတွေလို အရက်မသောက် ပါဘူး။ ဒီိလိုနဲ့ ကျွန်နော် ပျော်အောင်နေတတ်လာခဲ့တယ်။ ခံစားမှုပျောက် အောင်နေတတ်လာခဲ့တယ်။ ဒါပေမယ့် အရက်မသောက်တတ်ခဲ့ဘူးဗျာ့။ ( ယုံမလား မသိဘူး…ကြုံတုန်း ရေးပြရတာဆိုတော့… တကယ်လုပ်ခဲ့ တာ၊ တကယ် အိမ်ကိုလွမ်းခဲ့တာ..မယုံရင် ဟာသလို့ မှတ်) နောက်ထပ်ဆက်ပါဦးမည်….မျှော်….
ဆုံရပ် 1st Dec 2024
2 weeks ago
No comments:
Post a Comment