ဝေးကွာနေသည့် အချိန် သတိရစွာ လွမ်းနေသည်။ သန့် ရှင်းစိုအေးသည့်မြေသင်းအနံ့ ကို လွမ်းလျက်။
တောင်စဉ်တန်းကြီးသည် မြောက်မှ တောင်သို့ သွယ်တန်းနေ၏။
တောင်ခြေရင်း၌ ရွာကလေး တစ်ရွာ။ ရွာအလယ်လမ်းမကြီးသည် တောင်စဉ်တန်းနှင့်အပြိုင်
မြောက်မှ တောင်သို့ ဖောက်လုပ်ထားလေသည်။ မြေနီလမ်းကလေး တစ်ခုသည် ရွာအလယ်
လမ်းမကြီးမှ ခွဲထွက်ပြီး တောင်ကုန်းလေး တစ်ခုအပေါ်သို့ တက်သွား၏။
တောင်ကုန်းလေး အပေါ်ညီညီညာညာရပ်နေကြသည့် သစ်တိုင်ခြံစည်းရိုးလေးတစ်ခု၊
တံခါးစောင့်တစ်ယောက်လို စူးစမ်းနေတတ်သည့် မချက်စုခေါ်သရက်ပင်အိုကြီးတစ်ပင်၏
အနောက်နား သဲဖြူပါးပါးခင်းထားသည့် ခပ်ကျယ်ကျယ် မြေကွက်လပ်အဆုံးမှာတော့ ဓနိမိုးထား
သည့် ခြေတံရှည်ရှည် သစ်အိမ်လေးတစ်ဆောင် သို့ မဟုတ် အမေ့အိမ်..........။
မိဘ၏ မေတ္တာရနံ့ များထုံသင်းနေတတ်သော၊ ညီအစ်ကို မောင်နှမများ၏ နွေးထွေးမှု
များလွမ်းခြုံနေတတ်သော နေရာလေးတစ်ခုပေါ့......။
အေးစိမ့်စိမ့် လေတိုက်လျက် မှိုင်းဝေနေသည့် ကြယ်ရောင်အောက် အမေ့အိမ်ခေါင်မိုး
ထက်မှာ မြူတွေ နားနေတတ်၏။ ဒီလို မနက်စောစောဆို ပတ်ဝန်းကျင်က အိပ်မောကျနေလေရဲ့။
အွတ်....အီး.......အီး........
ကြက်ဖကြီး၏ သြကာသလောကကိုပထမဆုံး နိုးလိုက်တဲ့ အချိန်မှာတော့ အိပ်မောကျနေသည့်
ပတ်ဝန်းကျင်က အိပ်မှုံစုံဖွား အလန့် တကြားနိုးထခဲ့လေရဲ့။ ချမ်းအေးလန်းဆန်းလှသည့် မနက်ခင်း
အာရုံတက်ချိန်မှာ မီးခိုးတအူအူနှင့် ငါ့လင်၊ငါ့သားစားဖို့ ချက်ပြုပ်နေသည့် အမေအိုနား ရေနံဆီမီး
ခွက်ငယ်လေးတစ်လုံးက မှိန်တုတ်မှိန်တုတ်အဖော်ပြုနေလေရဲ့။
သြကာသမှအစ၊ အမျှအမျှ....သတ္တဝါများကျန်းမာပါစေ၊ သတ္တဝါများချမ်းသာပါစေ၊
အမေ့ရဲ့ မေတ္တာပို့ သံအဆုံးမှာတော့" ကျွတ်...ကျွတ် " လို့ အိမ်မြှောင်စုတ်ထိုးသံလေးကို အမေအို
နားထောင်ရင်း ပြုံးနေမှာပေါ့လေ။
အဖေ့ရဲ့ မျက်နှာသစ် ပလုပ်ကျင်းသည့်အသံ၊ အမေ့ရဲ့ "သားထတော့ စာကျက်ချိန် ရောက်
ပြီ "ဆိုတဲ့ အသံက စိမ့်အေးအေးတိုက်နေသည့် ဆောင်းလေနှင့်အပြိုင် အိပ်ယာထဲ ဆက်ကွေးချင်နေ
သည့် ငပျင်းလေးတွေကို " ငါတို့ သေရင် သားတို့ ကိုပေးဖို့ ပစ္စည်းဥစ္စာမရှိဘူး...ငါတို့ ပေးနိုင်တာ
ကျောင်းပညာပဲ့ရှိတယ်။ စာကြိုးစားကြ၊ စာထကျက်ကြ " ဟု ခပ်ငေါက်ငေါက်အော်နိုးနေသည့်
အမေ့ရဲ့ အသံက ပညာတတ်ဖြစ်စေချင်သည့်ဆန္ဒတွေနဲ့ အတူ တစ်အိမ်လုံးကိုလွှမ်းမိုးနေလေရဲ့။
သားတို "့လာကြည့်ကြ "ဆိုတဲ့ အဖေ့ရဲ့အသံနှင့်အတူ.............
အမေ့အိမ်လေသာစင်မှ အရှေ့ကို မျှော်ကြည့်လိုက်ရင် မျက်စိတစ်ဆုံးမှာ မှိုင်းပြပြအရှေ့ရိုးမ
တောင်တန်းကြီးက ဝါဂွမ်းလိုခပ်ထူထူ မြူနှင်းတွေကို ခြုံရင်းလဲလျောင်းနေလေရဲ့။ ရုတ်တရက်
ပတ္တမြားလို နီရဲရဲနေလုံးကြီးက မြူနှင်းခြုံထားသည့် တောင်တန်းကြီး၏ ခေါင်းရင်းမှ ဖြည်းညင်းစွာ
ခေါင်းပြူ၍မဝံ့မရဲချောင်းကြည့်နေလေရဲ့။ နေလုံးကြီး မဝံ့မရဲဖြစ်နေသည့်အချိန် မှိုင်းညို့ညို့ကောင်းကင်မှာ
ပန်းချီဆရာတစ်ယောက်က ဆေးရောင်စုံကိုအဝတ်ဖြူတစ်ခုအပေါ်ပက်ဖျန်းလိုက်သလို နီ၊ဝါ၊ရွှေ၊ပြာ
ရောင်စဉ်တန်းတွေနဲ့လှပနေလေရဲ့။ ဆေးရောင်စုံနှင့်လှပနေသည့်တိမ်လွှာများ
လည်းပျော်ရွှင်စွာကခုန်နေလေရဲ့။ ရှင်းသန့် လတ်ဆတ်သည့် လေနုအေးအေးတစ်အုပ် မြူနှင်းပါးပါး
ခေါင်းပေါ်ခြုံအိပ်မောကျနေသော ရွှေဝါရောင်စပါးခင်းလယ်ကွင်းများအပေါ်တိုးဝှေ့ နေလေရဲ့။
ရွာလယ် လမ်းမကြီးတစ်ဖက်တစ်ချက် တောသူတောင်သားလယ်သမားတို့ ရဲ့
မှိန်တုတ်မှိန်တုတ်မီးရောင်နဲ့ အတူ ညီညီညာညာဝပ်နေကြသည့် ဓနိမိုးအိမ်လေးများ၏ ခေါင်မိုး
ပေါ် မီးရထားစက်ခေါင်းလိုတလူလူထွက်နေသည့် မှိုင်းညစ်ညစ်မီးခိုးများ ယှက်သိုင်းလျက်ပေါ့။
ခွန်အားအသစ်တွေနဲ့အတူ နိုးထလာကြသည့် ကျေးငှက်တွေရဲ့ နှုတ်ခွန်းဆက်သံ မာဂဓဘာသာ
စကားနဲ့ အတူ သဘာဝပန်းချီကားဟာ အသက်ဝင်နေလေရဲ့။
ငယ်ငယ်က ငပျင်းလေး၏ အသက်ဝင်နေသော အမေ့အိမ်နံနက်ခင်းအာရုံတက်ချိန်လေးပေါ့။
အမေ့အိမ်ကို လွမ်းသည်။ နံနက်ခင်းလေးကိုလွမ်းသည်။ သားလာကြည့်ဆိုသည့် အဖေခေါ်ပြသည့်
အသက်ဝင်နေသည့်ပန်းချီကားကို လွမ်းသည်။
ဆုံရပ် 1st Dec 2024
2 weeks ago
No comments:
Post a Comment