၁၃၊ ဂ၊ ၁၀
သားကြီးရေ
အမေလေ
အသက်သာငါးဆယ်ကျော်
ငါ့သားလောက် မတော်တော့
ရှက်လိုက်တာ သားရယ်။
မျှော်လင့်ချက်တွေတသီကြီးနဲ့
ပြည့်တယ်လို့ကို မရှိ
လောဘကြီးခဲ့မိတယ်။
အမေလေ
မျက်နှာကိုမော့ ခါးကိုကော့ပြီး
လက်မကိုထောင် အတ္တကောင်ပီပီ
ကြွားချင်ခဲ့မိပေါ့။
တကယ်တော့
အနတ္တခန္ဓာ အနိစ္စပါလို့ မမြင်
နိစ္စလို့ထင်ခဲ့။
ဒုက္ခကို သုခလိုမင်ပြီး
ပင်ပန်းခြင်းကိုမသိခဲ့။
ပီတိကိုစားအားရှိ နွမ်းရိတဲ့ကိုယ်ခန္ဓာ
ဝေဒနာမျိုးစုံနဲ့ချိနဲ့၊
အဝိဇ္ဇာ တဏှာ ထောက်တိုင်နဲ့ ကျားကန်
အမှားအမှန်မခွဲခြား တရားသဏ္ဍာန်မကွဲပြား
အမေ့သားလို မငြိမ်းချမ်းခဲ့။
အခုတော့
သားညွှန်တဲ့လမ်း အမေလှမ်းလျှောက်
လမ်းမပျောက်တော့ပါဘူးကွယ်။...........။
မေမေ (နဝဒေး)
ထုံးစံအတိုင်း အမေလက်တန်းရေးပြီး လူကြုံနဲ့ပေးလိုက်တဲ့ စာ(သို့)ကဗျာပါ။ ဒီစာကို ဟိုး မိုင်ထောင်ချီဝေးတဲ့အမေ့အိမ်ကနေ တကူးတက သယ်ယူလာပေးခဲ့တဲ့ သူငယ်ချင်း ဖြူမရဲ့ ကျေးဇူးတရားကို ဒီကဗျာနဲ့အတူ ဂုဏ်ယူစွာ မှတ်တမ်းတင်ထားပါရစေ။..........။
KuchingTrip
1 week ago
No comments:
Post a Comment