ကျနော် ကဗျာဆရာမဟုတ်ပါ။ သို့သော် ကျနော်အချစ်ဆုံးဟာ ကဗျာပါ။
ကဗျာကြောင့် ကျနော့်ဘဝအလှည့်အပြောင်းတွေ ဖြစ်ခဲ့ရပါတယ်။ ကဗျာကြောင့် မိဘဆရာတွေကို စိတ်ဆင်းရဲဝမ်းနည်းစေခဲ့ရပါတယ်။ ကဗျာကြောင့်ပဲ မိဘဆရာ ဇာတိရပ်ရွာ ဂုဏ်ယူဝမ်းသာစေနိုင်ခဲ့ပါတယ်။ ကဗျာကြောင့်ပဲ မိဘဆရာ ဇာတိရပ်ရွာကို ခွဲခွာခဲ့ရတယ်။ ကဗျာကြောင့်ပဲ ချစ်သောအရာတွေနဲ့ ဝေးကွာခဲ့ရတာ နောက်ဆုံး ကဗျာတွေကိုယ်တိုင် အဝင်အပါ။
ကျနော် ကဗျာမစပ်ဖြစ်တာ နှစ်နဲ့ချီပြီးကြာပါပြီ။ (များသောအားဖြင့် ကဗျာတစ်ပုဒ်ဖြစ်လာဖို့ဆိုတာ စပ်ယူရတာပါ)။ တစ်ခါတစ်ရံတော့ သူ့အလိုလို စီးဆင်းပွင့်အန်လျှံကျဆဲပါ။ အဲ E-Journal မှာ ပါဝင်လာတာလည်း ကဗျာကြောင့်ပါပဲ။ ဆရာ အိမ်လွမ်းသူ (မှန်နီကုန်း) ရဲ့ ပို့စ်တစ်ခုကို ဖတ်အပြီးမှာ လျှံကျလာတဲ့ *“လူတွေရဲ့ မြို့” ကဗျာလက်ရေးမူလေးကို စကင်ဖတ်ပြီး အီးမေးပို့လိုက်မိရာက သူ့ကိုယ်စား ကျနော်ပါဝင်ရေးသားနေရတော့တာပါပဲ။ (ဟဲ ဟဲ ချစ်ခြင်းအားဖြင့်ပါ ဆရာအိမ်လွမ်းသူခများ…)
အဲဒီကဗျာလေးထဲက *“မြစ်ချောင်းတွေ မရှိတဲ့အဆုံး တစ်မြို့လုံးကလမ်းတွေကိုပဲ ကောက်ကွေ့ထား”တဲ့ မြို့ကလေးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျနော်ဟာ ကဗျာကြောင့် ဇာတိရပ်ရွာကို ခွဲခွာခဲ့ပြီးတဲ့နောက် မြစ်ချောင်းတွေ ထောင်းလမောင်းထရှုပ်ပွနေတဲ့ ဧရာဝတီတိုင်းမှာ မသွားဖူးတဲ့ မြစ်ချောင်းမရှိလောက်အောင် ခရီးပေါက်ခဲ့ပါတယ်။
စကားမစပ် မြန်မာပြည်မှာ ခရီးသွားရတာ (ကျနော့်အမြင်တော့) ရေလမ်းခရီးဟာ သက်တောင့်သက်သာအဖြစ်ဆုံး၊ အစဉ်အပြေဆုံးပါ။ ရေချိုးခန်း၊အိမ်သာတွဲရက်ပါ သီးသန့်အဲယားကွန်းအိပ်ခန်း၊ အခန်းထဲအရောက် စားသောက်ဆိုင်ဝန်ဆောင်မှု စသဖြင့်၊ စသဖြင့် တော်ရုံတန်ရုံ တည်ခိုးခန်း၊ဟော်တယ်မယှဉ်နိုင်တဲ့ ပုဂ္ဂလိကပိုင်မဟုတ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဆိုတာ ရှားမှရှားပဲ မဟုတ်လားဗျာ။ ပြည်တွင်းရေကြောင်းက အခန်းထိမ်းဝန်ထမ်းတွေ တကယ်ချီးကျူးစရာပါ။ အဲ ဒါပေမယ့် ကြွက်တွေ၊ ပိုးဟပ်တွေကတော့ ဖွားဖက်တော်တွေမို့လား မသိပါ။ လုံးဝ လုံးဝ မကင်းနိုင်ပါ။
ဘဏ်လုပ်ငန်းစနစ်မထွန်းကားသေး (သို့) ပြန်လည်မှေးမှိန်သွားတာကြောင့် ပမာဏဖောင်းပွနေတဲ့ငွေကြေးတွေကို ခရီးဆောင်အိတ်နဲ့အပြည့် ခပ်တည်တည်သယ်ယူသွားလာလုပ်ကိုင်နေရတဲ့ ခရီးသည်တစ်ဦးခမျာ စောစောက ပြည်တွင်းရေကြောင်းက ကောင်းမှကောင်းဆိုတဲ့ သင်္ဘောပေါ်က အဲယားကွန်းပြည့်အိပ်ခန်းထဲမှာ ပါသမျှငွေတွေအားလုံးနီးပါး ကြွက်ကိုက်သွားတာခံခဲ့ရဖူးပါတယ်။ သူက ပိုက်ဆံထည့်ထားတဲ့အိတ်ထဲမှာ စားစရာတစ်ချို့ ပါ ထည့်ထားမိတာကြောင့်ပါ။( အေးဗျ ဒါလေးတွေကို သီးသန့်ပို့စ်အဖြစ်ရေးရင် ပိုကောင်းမှာ။)
အဲ ပြောချင်တာက ကျနော်ဟာ သာမန့်သာမန် ကဗျာချစ်သူ၊ စာချစ်သူတစ်ယောက်မျှသာ ဖြစ်သော်လည်း ကဗျာကို ထုတ်ကုန်ပစ္စည်းတစ်ခုပမာ ကျနော့်ကို ကဗျာရေးပေးပါ(သို့)စပ်ပေးပါလို့ တောင်းဆိုလာတဲ့အခါတွေမှာ (စိတ်ဆိုးခြင်း၊စိတ်တိုခြင်းဟာ ကျနော့်နဲ့ ဘာမျှမဆိုင်တာမို့ စိတ်မဆိုး၊ စိတ်မတိုသော်လည်း) ကျနော့်ရင်မှာ ကျင်နေအောင်နာတာ အမှန်ပါ။ ဒါပေမယ့် တောင်းဆိုသူတို့ သိခွင့်မရပါ။
အောက်ပါ ကဗျာလေးဟာ အဲဒီလို ဧရာဝတီတိုင်းမှာ အဲဒီလို သင်္ဘောနဲ့ခရီးသွားကြစဉ် အဲဒီလို တောင်းဆိုခြင်းခံရအပြီးမှာ အဲဒီလို ကျနော်စပ်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကျနော် အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်က ဖျာပုံ-ဘိုကလေးခရီးစဉ်သွားစဉ်က ဖြစ်ပါမယ်။ ခုလို (၈)နှစ်ကြာပြီးတဲ့ အခါ … ဖျာပုံ၊ဘိုကလေးဟာ၊ ဧရာဝတီတိုင်းဟာ ………
ဧရာဝတီနိဂုံး
.
ဧရာဝတီ
မြစ်ရေကြည်လည်း
သည်ဆီရောက်၍
နောက်ခဲ့ပြီ ။
ရှိန်ဟုန်ပြင်းထန်
သူ၏မာန်လည်း
သွင်ဟန်ပြောင်းပျော့
လျော့ခဲ့ပြီ။
ဇမ္ဗူတစ်လူ
မင်းမူခဲ့သမျှ
ခဝါချ၍
တစ်ဝပင်လယ်
ရေပြင်ကျယ်၌
သိမ်ငယ်နွမ်းညှိုး
မြွေစွယ်ကျိုးသို့
တိုးလျှိုးဝင်ရောက်
ပျောက်တော့မည်။………။