Saturday, May 10, 2008

ဖိုးအေးလေး ရေးတဲ့စာ


ဦးဦး စစ်ဘိုကြီး ဘဘ ဘိုချုပ်ကြီးများခင်မျာ သား က ပြင်စလူရွာက ၄ တန်းကျောင်းသားလေး အေးကိုပါ။ သားတို့အမေအပျိုပေါက်တုံးကတော့ မြ၀တီဆိုတဲ့ စာစောင်ထဲမှာ ပြင်စလူရွာသူဆိုပြီး ဖော်ပြခံရဘူးတဲ့ ပင်လယ်ဝက တံငါရွာလေးကပါ။ ပင်လယ်လေတဖြူးဖြူးနဲ့ ဆားချက်၊ ငါးဖမ်း၊ ပိုက်ထမ်းလာတဲ့လူ တစ်ပုံတစ်ပင်နဲ့ ပျော်စရာရွာလေးပါ။



ခုဆို ရွာကို ဘယ်နေရာမှာ ရှာရမယ်တောင် မသိတော့ ပါဘူးဗျာ။
ရွာထဲကလူတွေကလည်း ဘယ်ဆီရောက်လို့ ရောက်တယ်ကို မသိတော့ပါဘူး။ခုဆို သားမှာ ထမင်းမစားရတာလည်း ၄ ရက်ကျော်ဘီ။ ရေကတော့ လယ်ထဲက ရေနောက်တွေပဲ သောက်ရတာပေါ့ ။ယောက်ကျားပဲ သေတစ်နေ့မွေးတစ်နေ့ပေါ့ ဆိုပေမယ့် သားက ဆရာဝန်ကြီးဖြစ်ချင်သေးတယ်။ ခုဆို သားတို့ကျောင်းလေးလည်း ဘယ်ဆီမှာ ရောက်လို့ ဘာတွေဖြစ်ကုန်ပလဲ မသိတော့ပါဘူး။ ဆရာလေး ကိုအောင်ထက်ရော ဘယ်မှာများလဲ။ ဆရာမလေး ဒေါ်ကေသီရော ကျန်းမာပါ့မလား။ ဆရာမက မပေါ့မပါးကြီး ဖြစ်နေတာတောင် ဆရာ မလုံလောက်လို့ ကျောင်းကိုလာပြီး သင်ပေးရှာတာလေ။ စိတ်ထားကောင်းတဲ့ ဆရာလေးနဲ့ ဆရာမလေးကတော့ ဘေးကင်းမယ်ထင်တာပါပဲဗျာ။ သားတို့လို အစွန်အဖျားကရွာလေးကို လာသင်ပေးမယ့် ဆရာရော ရှိပါဦးမလား ။ သားတို့ရွာက သက်ကယ်မိုး ထရံကာ ကျောင်းလေးကရော ပြန်ဖြစ်လာပါဦးမလား ။ သားရော ဆရာဝန်ကြီး ဖြစ်ပါဦးမလား ။ ကျောင်းဆရာမကြီး လုပ်မယ့် ရွှေစင်ကတော့ ၀မ်းပျက်တာနဲ့သေရှာပြီ ။ သင်္ဘောသား လုပ်ပြီး ကမ္ဘာပတ်မယ့် အောင်ကျော်ကတော့ ပင်လယ်လှိုင်းထဲပါသွားပြီ။ ပင်လယ်လုပ်သားပဲလုပ်မယ်ဆိုတဲ့ မျက်ပြူး၊ သူနာပြူလုပ်မယ်ဆိုတဲ့ မသီတာ၊ ငါကတော့ အင်ဂျင်နီယာဆိုတဲ့ ၀တုတ်၊ ကျောင်းဆရာမလေး ဖြစ်ချင်တဲ့ ကြည်ပြာ ၊ သားနဲ့ ကစားဖော် ကြီးကြီး ငယ်ငယ်တွေ သေကုန်ကြပြီဗျ။သားနဲ့ ကြွက်တူးဖော် အိမ်က နီကျား ကတော့ မုန်တိုင်းထဲမှာ ပျောက်သွားပြီ။ အိမ်က ကျွဲတရှဉ်းကလည်း သေလို့ပွတောင်နေရောပေါ့ ။ မြင်နေကြ ရေပြင်ကြီးကိုတောင် ခုဆို သားမုန်းနေပါပြီ။ ဘယ်ကိုသွားလို့ သွားရမယ်ကို သားမသိတော့ပါဘူး ။သားဗိုက်ထဲမှာလည်း တစ်ကျုတ်ကျုတ်မြည်နေပြီ။ မေခလာဆိုတဲ့ နတ်သမီးကလည်း လာခဲလိုက်တာ ဦးတို့ရယ်။ ဦးပေါ်ကြီးကတော့ ကောင်းကင်ကနေ လေယဉ်ကြီးတွေ နဲ့ သားတို့ကိုလာခေါ်မှာဆိုပဲ ။ကောင်းတာပေါ့ဗျာ လေယဉ်စီးပြီး မြို့ကို သွားဘူးတယ်ရှိတာပေါ့။ ခက်တာက လေယဉ်ကလည်း ကိုထူးတို့အိမ်ကထော်လာဂျီလောက်တောင် မမြန်ပါလားဗျာ။ ကိုထူးတို့ ထော်လာဂျီတောင် မြို့နဲ့ရွာကို တစ်နေ့နှစ်ခေါက်ပြန်နိုင်သေးတယ်။ ခုထိကို မလာနိုင်သေးပါတဲ့ လေယဉ်လည်း ကျန်းမာ ပါစေဗျာ။ လေယဉ်ကသေးသေးလေးဆိုရင်တောင် လောက်ပါတယ်ဦးရယ်။ လူက ခုဆို သားနဲ့မှ ၉ယောက်ပဲရှိတာ။ ကျန်တဲ့ လူတွေကတော့ သေတဲ့လူကသေ၊ ပျောက်တဲ့လူကပျောက်ကုန်ပြီ။ ၉ယောက်ထဲဆို ခရီးမသွားကောင်းဘူးဆိုတော့. . . အင်းဗျ . . . မောင်ကျောက်ခဲလေးကို ခေါ်သွားဦးမှ ။ သားတို့တိုင်းပြည်မှာက စစ်တပ်မှာပဲ ရဟတ်ယဉ်ဆိုလား ပုဇင်းလိုကောင်ကြီး ရှိတယ်လို့ ဆရာလေးက ပြောဘူးလို့ ဦးတို့ကို တရတာပါဗျာ။ မင်းသားတွေ မင်းသမီးတွေ စီးတဲ့ လေယဉ်ကတော့ ဒီလိုဗွက်ထဲကို မဆင်းနိုင် မတက်နိုင်ဘူးလို့ ဦးပေါ်ကြီးကပြောတယ်ဗျ။ သားတို့ရွာ က ဘိုသင်တန်းတက်တဲ့ ကိုသန်းစိုးရော လာကယ်ပါ့မလားပဲ။ သူတို့ ကုန်စုံဆိုင်ကတော့ ကုန်ပြီဗျ။ ဆိုင်ဘေးက မန်ကျည်းပင်ပိတာနဲ့ ပြားသွားရှာတာပဲဗျာ။ သူတို့တင် မဟုတ်ပါဘူးဗျာ။ အားလုံး ခံရတာပါပဲ။လာမယ့် မိုးဦးကျ ကြရင် ဘယ်က နွားနဲ့ ကျွဲနဲ့ လယ်ထွန်ကြမယ် မသိပါဘူး။ မျိုးစပါးကရော ဘယ်ကလာပါ့မလဲ။ မျိုး အနေသာသာ ခုဆို သားတို့စားစရာ ဆန်တောင် ရှိတော့တာမှ မဟုတ်ပဲဗျ။ တွေးရင်တော့ သားတော့ ငိုချင်တာပါပဲ။ သားကျောင်းတက်ဖို့ ပိုက်ဆံတွေကလည်း မရှိတော့ဘူး။ လေထဲပါကုန်ပြီဗျာ။ သား ဆရာဝန်ကြီး ဖြစ်ချင်သေးတယ် ဦးတို့ ဘတို့ရယ်။ ဖြစ်နိုင်ရင်တော့ ကယ်ကြပါဦး။ ကူကြပါဦး ။ ပုံမှန်ဆို သားတို့က စားနိုင်သောက်နိုင်ထဲကပါ။ သားရှက်လည်း ရှက်ပါတယ် ရှက်လည်း မရှက်နိုင်တော့ပါဘူး။ ခုဘယ်က စလို့ စရမှာလည်း ။ အားလုံးကုန်ပြီလေ။ လယ်လုပ်သားကလည်း အစကတည်းကရှားတာ။ ခုဆို သားပါမှ တစ်ရွာလုံး ၉ ယောက်ပဲကျန်တာ။ ဒီပုံအတိုင်းဆို ၃နှစ်လောက် မနေမနား လုပ်တောင် ဒီလယ်တွေ စိုက်လို့ ပီးပ မလား။ နောက်ပြီး ဆားကွင်းတွေ၊ ငါးဖမ်းစက်လှေတွေ၊ လှေတွေကရော ဘယ်ကရမှာလဲ။ လူတွေကရော ဘယ်ကရမလဲ ။ ခုဆို ပိုက်ဆံကလည်း မရှိတော့ဘူး။ လူအငှားရရင်တောင် ဘယ်ကပိုက်ဆံနဲ့ အခ ပေးရမလဲ ။ ဦးတို့ စစ်သားတွေကလည်း လယ်တော့ လုပ်တတ်မယ် မထင်ပါဘူး။လုပ်တတ်တောင် အားမှာမှ မဟုတ်ကြတာနော ။ လူတွေကလည်း အစကတည်းက မြို့တက်ဖို့ပဲ စိတ်ဝင်စားကြတာပါ ။ ခုဆို ဘယ်လို လုပ်ကြမလဲ ။ ခက်ပါတယ်ဦးတို့ ဘတို့ရယ်။ ဆေးခန်းလေးကလည်း လေကြောင့်ပြားချပ်လို့။ သားတို့မှာ နေ့ဆို အောက်ကရေပူ အပေါ်ကနေပူ၊ ညကျတော့ လေက တဗြန်းဗြန်းနဲ့ ချမ်းမှ ချမ်းပဲ ။ ဆေးလေး ဘာလေးကလည်း မရှိ၊ ခြင်ကလည်းပေါ ။
ကြာရင် ၉ ယောက်တောင် ကျန်ပါဦးမလား ။ ကယ်ပါဦး ဦးတို့ ဘတို့ရယ် ။ ပုဇင်းလေးနဲ့ လာကယ်လှဲ့ပါ။ဦးပေါ်ကြီးလေဒီယိုလေးက ကြားရတာကတော့ ဦးတို့က မ၀င်ခိုင်းလို့ ပုဇင်းတွေ ၀င်လို့မရတာဆို။ ဘာဖြစ်လို့လည်း ဦးတို့ ဘတို့ရယ်။ သားတို့ကြာရင် သေ တော့မယ်။ ကျောသားရင်သား မခြားပဲ ကာကွယ် စောင့်ရှောက် ကြတယ်ဆို၊
သားလည်း ဦးတို့ ဘတို့ သားတွေ မြေးတွေလို ကျောင်းတွေအေးအေးလူလူတက်ပြီး ပညာတတ်ကြီး ဖြစ်ချင်ပါသေးတယ်။ သား ကို မေ့မထားပါနဲ့ဗျာ ။


(သတင်းတွေထဲက ကလေး အလောင်းတွေကိုမြင်ရပြီး စိတ်မကောင်းလွန်းလို့ ကလေးတစ်ယောက်နေရာက စိတ်ကူးယဉ်ထားမှူ့ပါ ။ အားလုံး တတ်နိုင်သမျှ ကူပေးကြပါဦးခင်ဗျာ ။)


5 comments:

ဆိုးသွမ်း said...

ကိုတာတူး နည်းတူ ကျွန်တော်လည်း ခံစားရပါတယ်ဗျာ။ အခု ပို့စ်လေးက ကလေးတစ်ယောက်ရဲ့ စိတ်ဓတ်ကို ခံစားကြည့် ရေးကြည့်ပေမယ့် တကယ့်လက်တွေ့မှာလည်း ဒီလိုပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အတက်နိင်ဆုံး ကူညီကြတာပေါ့။

အဆင်ပြေပါစေ အစ်ကို

mm thinker said...

တကယ်ခံစားရတဲ့ ကလေးတစ်ယောက်ရဲ့ အတွေးဟာ ဒီ့ထပ်ပိုပြီး ကြေကွဲ နာကျင်စရာကောင်းပါလိမ့်မယ်။

အဆိုးဆုံးကတော့ စိတ်ဒဏ်ရာအနာတရပါ။

ဘယ်လိုကုစားကြမလဲ။

သင်ကာ

တန်ခူး said...

ကိုတာတူးရေ…ရင်နဲ့ မဆန့် ကြေကွဲဝမ်းနည်းရပါတယ်…

Han Thit Nyeim said...

ခံစား ကြေကွဲရပါတယ်။ ခင်ဗျားလိုမျိုး ရေးတာ နောက်တစ်ယောက်ရှိပါသေးတယ်။
http://zerotrash21.blogspot.com/2008/05/blog-post_12.html

စိတ်မကောင်းဘူးဗျာ။ ဒါတွေအားလုံး မကြာခင် လွန်မြောက်မယ်လို့ ထင်တယ်ဗျာ။

အောင်ကောင်း said...

အတွေး အရေး လေးကောင်းတယ်ဗျာ မြန်မာပြညိ က ကလေးတွေ အဲလို တကယ်ဖြစ်နေတာပါ။ :(