Sunday, March 7, 2010

သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့  - “တုံ့မယူလို”


အကုသိုလ်သမားတွေဟာ ပင်ကိုသဘာဝအရ ကောက်ကျစ်စဉ်းလဲနေကြတာမဟုတ်ပါဘူး။ သူတို့ရဲ့ မသိနားမလည်မှု အဝိဇ္ဇာကြောင့်သာ သူတို့ခမျာ မကောင်းမှုတွေ လုပ်နေကြတာပါ။” လို့ ဗုဒ္ဓမြတ်စွာက မိန့်မှာခဲ့ပါတယ်။

ဒါကြောင့် သူတို့ခမျာ သွန်သင်လမ်းပြသြဝါဒ လိုအပ်လှပါတယ်။



သူတစ်ပါးကို မုန်းတီးတယ်ဆိုတာ ကိုယ့်ကိုလွှမ်းမိုးဖို့ အခွင့်အာဏာ သူ့တို့ကို အပ်နှင်းလိုက်တာပါပဲ။ ကိုယ့်ကို ဒုက္ခရောက်စေတဲ့သူတွေကို မမုန်းတီးတာ၊ မဖိနှိပ်တာဟာ လူကြီးလူကောင်းပါ။ သူတို့ခမျာ အမျက်ဒေါသ အာဃာဒတွေ၊ မနာလို မုန်းထားမှုတွေ၊ မသိနားမလည်မှုတွေရဲ့ လမ်းမှားဆီခေါ်ဆောင်ခြင်းဒဏ် ခံနေကြရရှာပါလားလို့ နားလည်သဘောက်ပေါက်ဖို့ရာ အရေးပါပါတယ်။ ဒါကြောင့် (တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာ အဲဒီလို စိတ်ပျော့စိတ်ညံ့ စိတ်ယုတ်စိတ်ပုပ်တွေရဲ့ ဦးဆောင်ရာနောက် တကောက်ကောက် လိုက်ခဲ့ဖူးတဲ့) တစ်ခြားတစ်ပါးသော ပုထုဇဉ်လူသားတွေနဲ့ အဲဒီလူတွေဟာ တကယ်တော့ ဘာမှ မကွာပါဘူး။

သူတို့ကို ဆဲရေးတိုင်းထွာ ကျိန်စာတိုက်ဖို့ဆိုတာ မသင့်လှပါဘူး။ အဲဒီလိုလူတွေ အမြဲတစေ ဒုက္ခပယ်လယ်ဝေနေကြပါစေလို့ ပြောခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့ တရားမျှတမှုကင်းမဲ့ခြင်းပါပဲ။ ဘာလို့လဲဆိုတော့ကာ သူတို့ကို ပြုပြင်ဖို့ရာ ဘယ်တော့မှ၊ ဘယ်တော့မှ နောက်မကျသေးလို့ပါ။

ဒီလို သဘောပေါက် နားလည်မှုနှင့်သာ အကုသိုလ်သမားတွေကို ရောဂါဝေဒနာခံစားနေကြရှာတဲ့ ပြုစုကုသမှုလိုအပ်နေကြရှာတဲ့ လူမမာတွေပမာ ပြုမူဆက်ဆံနိုင်မှာပါ။ ရောဂါပျောက်သွားတဲ့အခါ အဲဒီလူနာအဝင်အပါ အများဝေနေယျာ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြရမှာပါ။ မသိနားမလည်မှုအဝိဇ္ဇာကို အသိဉာဏ်ပညာဝိဇ္ဇာနဲ့ ပြုပြင်သွန်သင်ရမှာပါ။ “နေပျော်တဲ့ဘဝဆိုတာ ချစ်ခြင်းမေတ္တာက ခုတ်မောင်းကာ အသိဉာဏ်ပညာက ပဲ့ကိုင်တာပါ။”


တကယ်လို့ တစ်စုံတစ်ယောက်က နားလည်မှုလွဲမှားလို့ပဲဖြစ်စေ၊ လုံးလုံး မသိနားမလည်လို့ပဲဖြစ်စေ အမှားအယွင်းတစ်စုံတစ်ရာ ကိုယ့်အပေါ်ပြုမူလာပြီဆိုရင် ဒါဟာ အဲဒီအကုသိုလ်သမားကို မေတ္တာပွားဖို့ရာ အချိန်အခါပါ။ တစ်နေ့နေ့မှာ အဲဒီမကောင်းမှုကို မကောင်းမှုမှန်း သဘောပေါက်နားလည်ပြီး အကုသိုလ်အပြစ်ကွယ်ကာ ကုသိုလ်အမြစ်တွယ်လာမှာပါ။ သူ့ကို ကောင်းမွန်လာဖို့ အခွင့်အရေးပေးလိုက်တာဟာ မြတ်သောမင်္ဂလာပါ။

“နားလည်သဘောပေါက်မှုခေါင်းပါးတဲ့ အကုသိုလ်သမားတွေအတွက် စာနာထောက်ထား ကိုယ်ချင်းစာတရား ပေါများရပါမယ်။”


(Dr. K Sri Dhammananda ၏ “Forgive and Forget” ဆောင်းပါးမှ ထုတ်နုတ်ပြီး “Notes for Saddha San to Read” အဖြစ် အခြားတစ်နေရာတွင် အင်္ဂလိပ်လို မျှဝေခဲ့သည်ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆိုမျှဝေခြင်းဖြစ်ပါသည်။)


မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, March 2, 2010

သတင်းနှင့် အတွေးအမြင် ... .. .


၁၉၄၆ ခုနှစ်၊ ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပြီးခါစလောက်ကဖြစ်သည်။

ပြည်သူ့ရဲဘော်အဖွဲ့မှ ကွန်မြူနစ်လိုလားသောတပ်နီများ ခွဲထွက်သွားရာ၊ အောက်ခြေရဲဘော်ချင်း ပဋိပက္ခတွေရှိလာသည်။ အချို့နေရာများတွင် လက်နက်ကိုင် အချင်းများရသည်များပင် ရှိသည်။

ဤတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ညီညွတ်ရေးတရားဟောခဲ့ရသည်။

တစ်နေ့ ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်ထွန်းလင်း ဗိုလ်ချုပ်အိမ်လာပြီး၊ အောက်ခြေတပ်နီများ အကြောင်းလာတိုင်ရာ၊ ဗိုလ်ချုပ်က “မီးလောင်ရာလေမပင့်နဲ့” ဟု ငေါက်သည်။

ဤအခိုက်မှာပင် သခင်သန်းထွန်းရောက်လာတော့၊ ဗိုလ်ချုပ်က ချက်ချင်းခါးတောင်းကျိုက်ကာ ၊ ယခုလို ရယ်ရယ်မောမောပြောလေသည်ဟူ၏။ “ကိုင်း ကိုသန်းထွန်းရေ ခင်များနဲ့ကျုပ်နဲ့ နပန်းလုံးဖို့ပဲ ကျန်တော့တယ် ...”။

(အကယ်၍ ဗိုလ်ချုပ်သာ မကျဆုံးခဲ့လျှင် ...)

**ဒီမိုကရေစီ၏အလှတစ်ပါး ၊ EDITOR'S SKETCH. THE WAVES MAGAZINE. 1/10. FEBRUARY. 2010 မှ ထုတ်နုတ်ကူးယူပါသည်။





ဆက်ဖတ်မယ်ဆိုရင် ...

Saturday, February 27, 2010

သိမ်းထားတဲ့ကဗျာ (၃)


သိမ်းထားတဲ့ကဗျာများကို သိမ်းခြင်း

လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်၊ (၁၅)နှစ် ဝန်းကျင်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးတွေပါ။ ကျနော်ဘာသာဆို ရှိတော့မှာ မဟုတ်ပါ။ အမေ တကူးတက သိမ်းထားပြီး တကူးတက ပို့ပေးလို့သာ ကျနော် ပြန်ဖတ်ရတာပါ။ ဟိုးအညာက အမေ့အိမ်ရဲ့အဝေး ရန်ကုန်(နေရာစုံ)မှာနေခဲ့တဲ့ ကျနော့်စာအုပ်အတိုအစ၊ ကဗျာအတိုအစတွေကို အမေ ဘယ်အချိန်က ဘယ်လို သိမ်းထားခဲ့လဲ ကျနော်မသိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ်တစ်ခုစာ အမေ တခုတ်တရ သိမ်းထားခဲ့တဲ့ ကဗျာလေးတွေကို E-Journalမှာ သိမ်းထားဖို့ စိတ်ကူးရလာကာ အကောင်အထည်ဖော်ဖြစ် နေတာပါ။ နောင် ရာစုနှစ်တစ်ခုစာ အဓွန့်ရှည်ကြာသော် ရှည်ကြာငြား အမေ့ရဲ့မြေးမြစ်များအတွက်ပေါ့ ခင်မျာ။

အဲဒီ ကဗျာတော်တော်များများ ဟာ ခေါင်းစဉ်ပေးမထားပါ။ ဒါကြောင့် “သိမ်းထားတဲ့ကဗျာ” ဟုသာ သိမ်းထားလိုက်တာပါ။



သိမ်းထားတဲ့ကဗျာ (၃)

မှန်းဆလို့ပြောရဲအောင်မရှိတဲ့ ပကတိတရား
မှန်သားပြင်ပေါ်က မျက်နှာ
ထိတွေ့မှု ရှာမရသလို
ပွေ့မရ ပိုက်မရ
စိတ္တဇသခင် .....

လေတိုက်လည်းမရွေ့
မိုးရွာလည်းမစို
နေပူလည်းမနွမ်း
မျက်ဝန်းမှာပင် အစဉ်လွှမ်း
ရွှင်လန်းတဲ့ သူ့မျက်နှာ ...
မျက်စိမှိတ်လည်း ပေါ်ဆဲ
မျက်ဝန်းထဲက ပုံရိပ်
အိပ်မက်၌နေရာယူ
ကိုယ်လေ .....
ငြူစူခြင်းမရှိ ပကတိကျေနပ်ခြင်းနဲ့ပေါ့။..........။


မာရေးသျှင်

(ဒီကဗျာလေးဟာ လွန်ခဲ့တဲ့ (၁၅)နှစ်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကျနော်ရဲ့ ပထမဦးဆုံးသော ကြီးကောင်ဝင်စကဗျာလို့ ထင်ပါတယ်။ အဲဒီအတိုင်းအမှန်ပဲဆိုရင် ဒါဟာ မာရေးသျှင်ရဲ့စတင်ခြင်းကဗျာလည်း ဖြစ်ပါတယ်။ ဘယ်တော့မှ မဆုံးမယ့်အရာဟာ မာရေးသျှင်ဆိုတာ အဲဒီကတည်းက သေချာခဲ့တာပါ။.........။)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, February 15, 2010

သတင်းနှင့် အတွေးအမြင် ... .. .



ဂန္ဓီက ရွေးကောက်ပွဲစနစ်ဟာ ၅၁ ရာနှုန်းရဲ့အာဏာရှင်ဆီ သွားတဲ့လမ်းပဲလို့ ပြောဖူးတယ်။

ဒီမိုကရေစီကို ရွေးကောက်ပွဲလုပ်ခြင်း(ဝါ) ဂဏန်းတွက်ခြင်း arithmatic electionism နဲ့ အတူတူပါပဲလို့ မတွက်ဖို့ပဲ။ အဲ .. ဒါပေတဲ့ လွတ်လပ်ပြီး တရားတဲ့ရွေးကောက်ပွဲကို အမနာပ မပြောသင့်ဘူးလို့လည်း သိဖို့ပဲ။

ခင်များတို့ စဉ်းစားစရာတစ်ခု ပြောပါရစေ။ ၁၉၉၀ ကနေ ၂၀၀၄ အတွင်း တရုတ်သန်း ၄၀၀ ဆင်းရဲတွင်းက လွတ်တယ်။ တရုတ်ပြည်သူလူထုဟာ အလုပ်လုပ်ရတယ်၊ ရုန်းကန်ရတယ်။ သူတို့လိုချင်တာကို ရွေးကောက်ပွဲတွေမရှိဘဲ ရတယ်လို့ ပြောချင်တယ်။ အဲဒီအချိန်မှာပဲ ကိုလံဘီယာမှာ ရွေးကောက်ပွဲလုပ်တယ်။ အဲဒီတိုင်းပြည်ရဲ့ ၆၀ ရာခိုင်နှုန်းသောပြည်သူလူထုဟာ ဆင်းရဲတွင်းထဲမှာ နစ်နေတုန်းပဲ။ ရွေးကောက်ပွဲဟာ ဘာမှမဟုတ်ဘူးလို့ ပြောရမလား။ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးတဲ့နောက် ရွေးကောက်ခြင်းက သယ်ဆောင်လာတဲ့ ခြစားခြင်းနဲ့ အဓမ္မလုပ်ခြင်းတွေကြောင့်လား။ လူတွေကို အပြစ်တင်ရမှာလား၊ ရွေးကောက်ပွဲကို အပြစ်တင်ရမှာလား၊ ပြောဖို့ခက်တယ်။




ဒီမိုကရေစီမှာ အနှစ်သာရတွေရှိတယ်။ ကျုပ်အမြင်မှာ သုံးခုပေါ့။

ပထမအနှစ်သာရ - အုပ်ချုပ်ခံရဲ့ဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်း၊(Rule by the consent of the Ruled)
ဒုတိယ အနှစ်သာရ - ပြဿနာပဋိပက္ခတွေကို အဓမ္မနည်းနဲ့မဖြေရှင်းတာပဲ။ (Nonviolent conflict Resolution)
တတိယ အနှစ်သာရ - အခြေခံလူ့လိုအပ်ချက်များနဲ့ အခြေခံ လူ့အခွင့်အရေးများကို စောင့်ရှောက်ရခြင်းပဲ။

“အုပ်ချုပ်ခံ”က ဒီမိုစ့်၊ အက်သ်နိုစ့်(Ethnos) မဟုတ်ဘူး။ အက်သ်နိုစ့်က ဓလေ့ထုံးစံတစ်ခုနဲ့ လူမျိုးတစ်စုကို ပြောတာ။ ဒီမို့စ်က အားလုံးကိုပြောတာ။ တစ်နေရာမှာ မှီတင်းနေထိုင်ကြတဲ့လူအလုံးစုံ အားလုံးပါဝင်တာကို ပြောတာ။ Ethnos တစ်ခုတည်း(ဝါ) လူမျိုးစုတစ်ခုတည်းကိုသာ ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ဆိုလိုတယ်။

(၁) တိုက်ရိုက် ဒီမိုကရေစီက အဲဒီလူသာအားလုံးက အစည်းအဝေး(assembly) တစ်ခုမှာ သူတို့ဆန္ဒကို ဖော်ထုတ်တာကို ခေါ်တယ်။
(၂) ကိုယ်စားလှယ်ရွေးပြီး ကိုယ်စားလှယ်ကတစ်ဆင့် စည်းဝေးပွဲမှာ ဖော်ထုတ်တာကို တိုက်ရိုက်မကျသော ဒီမိုကရေစီ (Indirect democracy) ကို ခေါ်မှာပေါ့။
(၃) ၄ နှစ်တစ်ကြိမ် ကိုယ်စားလှယ်ရွေးပြီး ဒီ ၄ နှစ်အတွင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်စားလှယ်တွေနဲ့ပဲ လွှဲထားတာကတော့ ပိုပြီး တိုက်ရိုက်မကျသော ဒီမိုကရေစီပေါ့။

ဒီသုံးခုစလုံးမှာ အုပ်စိုးသူဟာ အုပ်စိုးခံရဲ့ဆန္ဒနဲ့အညီ လုပ်ရတယ်။ ဒါမှ တရားဝင်တယ်၊ Legitimacy လို့ ခေါ်မှာပေါ့။ အုပ်စိုးခံရဲ့ဆန္ဒနဲ့မညီဘူး အုပ်စိုးသူဟာ တာဝန်မခံတော့ဘူးဆိုရင်၊ တာဝန်ခံနိုင်တဲ့ နောက်အုပ်စိုးသူ လူတစ်သိုက်နဲ့ အစားထိုးမယ်။

ဒီမိုကရေစီဆိုတာ နိုင်ငံရေးအရ ဖွဲ့တည်မှုပဲ (Political formation)။ အခြေခံ လူ့လိုအပ်ချက်ကို အားလုံးအတွက် ဖြည့်စည်းပေးဖို့ပဲ။ အထူးသဖြင့် အလိုအပ်ဆုံးလူမွဲတွေအတွက်။ ပြီးတော့ အားလုံးအတွက် အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ပဲ။ အထူးသဖြင့် အားအင်ချို့ တဲ့ဆုံးလူတွေအတွက်။

လူ့အတန်းအစားဖွဲ့မှုတွေကို (class formation) ဖျက်ပစ်ဖို့ လျော့နည်းဖို့ လုပ်တာပဲ။ လူ့အတန်းအစား (class) ဆိုတာ ပါဝါကို ညီတူညီမျှ ခွဲဝေမပေးခြင်းကို ပြောတာ။
၁။ ဆုံးဖြတ်ချက်ချခြင်းနဲ့ စပ်လျဉ်းတဲ့ နိုင်ငံရေးပါဝါ
၂။ စီးပွားရေးနဲ့ဆွဲဆောင်တဲ့ မုန်လာဥပါဝါ (carrot-power)
၃။ စစ်ရေးနဲ့လွှမ်းမိုးတဲ့ တုတ်ပါဝါ (stick-power)
၎။ ယဉ်ကျေးမှု ကျင့်ဝတ်သီလနဲ့လမ်းပြတဲ့ ဆွဲဆောင်ပါဝါ (Persuasion-power)
အကြမ်းဖျဉ်းအားဖြင့် အဲသလို ပါဝါ ၄ ခု ရှိတယ် ဆိုပါစို့ဗျာ။ နင်းပြားကျောမွဲ ဆင်းရဲသားတွေမှာ ပါဝါ ၄ ခုလုံး ချို့တဲ့တယ်။ ဒီမိုကရေစီဟာ အဲသလို ပါဝါမဲ့သူတွေကို ဆုံးဖြတ်ချက်ချမှတ်ခြင်းကိုစ္စမှာ ပါဝါအပ်နှင်းတာပဲ။

လူ့အခွင့်အရေးကတော့ ဒီမိုကရေစီရဲ့ မရှိမပြီးတဲ့ အစိတ်အပိုင်းပဲ။ “ရွေးကောက်ပွဲဒီမိုကရေစီ”မှာ ဖြစ်လေ့ရှိတဲ့ ၅၁ ရာခိုင်နှုန်းရဲ့ အော်တိုကရေစီ (ဝါ) အများစုရဲ့ ထင်ရာစိုင်းခြင်းကို ထိန်းရနိုင်သလောက်ထိန်းဖို့ လူ့အခွင့်အရေးက အရေးကြီးတာ။

ဒီမိုကရေစီဟူသည်မှာ အခြေခံလူ့အခွင့်အရေးများဖြင့် ထိန်းသိမ်းပဲ့ကိုင်ထားသော စနစ် ဖြစ်ပါသည်။ ထိုစနစ်သည် မဲပေးခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန်ဆွေးနွေး အဖြေရှာခြင်းများကိုသုံးလျက် အကြမ်းမဖက် အဓမ္မမလုပ်သောနည်းလမ်း၊ တီထွင်သောနည်းလမ်းများအားဖြင့် ပဋိပက္ခများနှင့် ဓနခွဲဝေရာတွင်ဖြစ်သော ပြဿနာများကို ဖြေရှင်းပါသည်။ အုပ်ချုပ်မည့်သူအား တင်မြှောက်ခြင်း၊ ဖြုတ်ချခြင်း၊ အသစ်တဖန်ရွေးကောက်ခြင်းကိုလည်း အကြမ်းမဖတ်သော နည်းလမ်းဖြင့်ပင် ပြုလုပ်ပါသည်။

သတိပြုရမှာလေးတွေတော့ ရှိတယ်။
(၁) ဒီမိုကရေစီဟာ ရွေးကောက်ပွဲလုပ်ခြင်းနဲ့ အတူတူပါပဲလို့ ညီမျှခြင်း မလုပ်ပါနဲ့။ (Democracy is not electionism)
(၂) ငြိမ်းချမ်းရေးဟာ စစ်မဖြစ်ရုံသက်သက်နဲ့ မတူပါ။ (Peace is not ceasefireism)
(၃) ဖွံ့ဖြိုးတိုးတက်ခြင်းဟာ တိုးတက်တဲ့နိုင်ငံတွေကို အမီလိုက်ခြင်းနဲ့မတူပါ။ အဲဒါကို deficitism ပဲလို့ ခေါ်ရမယ်။

(လမ်းပေါ်က လူတို့အတွက် ကိုရင်တာ နှစ်ပါးသွား၊ ကိုတာ၊ GUEST EDITOR, THE WAVES MAGAZINE, 1/10. FEBRUARY. 2010) မှ ထုတ်နုတ်ပါသည်။


ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, February 3, 2010

ရင်ကိုထိရှ ခံစားရသည် ..... “မချစ်ကြပါနဲ့”

“အချစ်အမုန်း ၊ အရှုံးအမြတ်
မသုံးမသပ် ၊ မဆုံးမဖြတ်
အဝေးဆုံးကပ် ရပ်နေသူ။” (မာရေးသျှင်)


“.......... လူတစ်ယောက်က အခြားတစ်ယောက်ကို ချစ်တယ်လို့ ပြောလိုက်တာဟာ ပြောလိုက်တဲ့လူရဲ့ ရိုးသားတဲ့ ဝန်ခံမှုတစ်ရပ်ပဲ။ ဥပမာ နင့်ကို ငါက ချစ်တယ်လို့ ပြောခဲ့ရင် အဲဒါဟာ ငါရဲ့ ရိုးသားတဲ့ ဝန်ခံချက်တစ်ရပ်။ ရိုးသားတဲ့ ဖော်ထုတ်ချက်တစ်ရပ် ... ပဲ .....

နင့်ကို ငါချစ်တယ်လို့ ပြောတဲ့အတွက် နင့်အနေနဲ့ ငါ့အပေါ်မှာ နင့်စိတ် နင့်သဘောနဲ့ ကြိုက်သလို တုံ့ပြန်နိုင်တယ်။ သဘောတူလက်ခံနိုင်တယ်။ ဆန့်ကျင် ငြင်းဆိုနိုင်တယ်။ ဒီလိုမှ မဟုတ်ရင် အသိအမှတ်ပြုရုံကလေး ပြုနိုင်တယ်။”



“တကယ်လို့ နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်ဆိုရင် နင်ဟာ ငါ့ရဲ့အဆိုကို အတည်ပြု လက်ခံတဲ့ သဘောပဲ။ ဒါပေမဲ့ နင့်ရဲ့ အတည်ပြုလက်ခံမှုဟာ ငါ့ကို ပိုင်းခြားကန့်သတ်လို့ မရဘူး။ ငါက နင့်ကို ချစ်တယ်လို့ ပြောတဲ့ စကားက နင်ဟာ တခြားလူကို မချစ်ရတော့ဘူးလို့ မတားနိုင်သလို နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်လို့ ဆိုတာဟာ နင်က ငါဟာ တခြားလူကို မချစ်ရတော့ဘူးလို့ အမိန့်ထုတ်တာ၊ ကန့်သတ်တာ မဟုတ်ဘူး။ လူတစ်ယောက်က တခြားလူတစ်ယောက်ရဲ့ အသိပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို မတားနိုင်ဘူး။ ထိန်းချုပ်ကန့်သတ် မပစ်နိုင်ဘူး။............”

.......... အဲဒီတုန်းမှာပဲ သူက ပြောတယ်။
“နင်ပြောသလို ဆိုရင်တော့ ချစ်တယ်ဆိုတဲ့စကားဟာ သိပ်အရေးမပါသလိုပဲပေါ့။ ငါက နင့်ကို ချစ်ပါတယ်လို့ ပြောပေတဲ့ နင့်ဘာသာ ချစ်ချင်ရာတွေ လျှောက်ချစ်လို့ ရနေသေးတာပဲ။ ဘာအဓိပ္ပာယ် ရှိတော့လို့လဲ။”...........

“.......... ချစ်ချင်ရာ လျှောက်ချစ်နိုင်တယ်ဆိုတာတော့ ဟုတ်တာတော့ဟုတ်တယ်။ ချစ်ပုံချင်းက တူမှာမဟုတ်ဘူး..........။ ငါ့ကို ချစ်တယ်ဆိုတာဟာ နင့်ဒယ်ဒီကို နင်ချစ်တာ၊ နင့်အမေကို နင်ချစ်တာ၊ နင်တို့အိမ်ရှေ့က ပိတောက်ပင်ကြီးကို နင်ချစ်တာ ချစ်တော့ ချစ်တာပဲ။ ချစ်ပုံချင်း ချစ်တဲ့ဒီဂရီ အတိုင်းအတာချင်းတော့ မတူနိုင်ကြဘူး။ တို့လူမျိုးမှာ အမြဲတမ်းမှားနေတဲ့ဟာ တစ်ခု ရှိတယ်။ ၁၅၀၀ ကို ၅၂၈ နဲ့ ရောပစ်တာ။ ပိဿာကို ပေါင်ချိန်နဲ့ ရောပစ်လိုက်တာမျိုးပဲ ရောပစ်လို့ မရနိုင်ဘူး။ ငါ နင့်ကို ချစ်တာဟာ တခြားသူတွေ၊ တခြားဟာတွေကို ချစ်တာနဲ့ မတူနိုင်ဘူး။”

“ပိုဆိုးတာတစ်ခုက ချစ်တယ်လို့ ပြောတာ။ တချို့ကျတော့လည်း သိတ္တိမရှိလို့ ရည်းစားစာရေးပြီး အသိပေးတာ။ ဘယ်လိုလုပ်လုပ် ဘာသာစကားဘောင်ထဲမှာတော့ သာမန်အဆိုတစ်ခုပဲ။ ချစ်တယ်ဆိုတာကို ပြောစကား၊ အရေးစကားနဲ့မှ မဟုတ်ဘူး။ ဘာသာစကားမပါပဲလည်း အမျိုးမျိုး ဖော်ထုတ်ပြနိုင်တယ်။ အသိအမှတ်ပြု လက်ခံနိုင်တယ်။”

“ဒါပေတဲ့ လူတွေက ချစ်ခြင်းဆိုတာကို အလွယ်တကူ သုံးပစ်လိုက်ကြတယ်။ လူတွေဟာ ချစ်ခြင်းရဲ့ နောက်ဆက်တွဲတွေကို ကြိုတွေးပြီး ချစ်တယ်လို့ ပြောတတ်ကြတာ။ နောက်ဆက်တွဲဆိုတာက ပိုင်ဆိုင်လိုတာ။ ကိုယ်ကာယချင်း နှီးနှောချင်တာ စတာတွေ အပုံကြီးပဲ။ နင် ခုနပြောတဲ့ လော့(ဒ)ဘိုင်ရွန်ပြောတဲ့ “ထိုထိုသော ချစ်ခြင်းတို့သည် အပြစ်ကင်း၏” ဆိုတာက နောက်ဆက်တွဲမပါတဲ့ ချစ်ခြင်းပဲ။ ရိုးသားတဲ့ ချစ်ခြင်းပဲ...........”


(“မချစ်ကြပါနဲ့” ၊ မြင့်သန်း၊ ချင်းတွင်း မဂ္ဂဇင်း အမှတ် (၄၆) ၊ ဇန်နဝါရီလ ၊ ၂၀၁၀ - မှ ထုတ်နုတ်ပါသည်။)

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, January 31, 2010

Love Marriage??? Arranged Marriage???


ကျွန်မမိတ်ဆွေတွေက ကျွန်မကိုမကြာခဏမေးခဲ့ဖူးပါတယ်...
ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်မှာလား???
မိဘကသဘောတူတဲ့သူနဲ့ လက်ထပ်မှာလား??? တဲ့...
ကျွန်မက ကိုယ်ကချစ်ပြီး မိဘကပါသဘောတူတဲ့သူနဲ့လက်ထပ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်...
ငယ်ရွယ်တဲ့အသက်အရွယ်မှာတော့ ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ချင်ကြတယ်...
ငယ်ရွယ်တဲ့အသက်အရွယ်မှာတော့ နှလုံးသားအလိုဆန္ဒကိုပဲ ဦးစားပေးကြတာများပါတယ်...
မိဘသဘောတူတူ မတူတူ ကိုယ်ချစ်တဲ့ ကိုယ့်ချစ်သူနဲ့ပဲ လက်ထပ်ဖြစ်ကြတာများမယ်လို့ ကျွန်မထင်ပါတယ်...
အသက်အရွယ်ရလာတော့ နှလုံးသားခံစားချက် ၊ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်လာနိုင်ကြပြီး ဦးဏှောက်နဲ့ စဉ်းစားဆုံးဖြတ်လာတာများလာတယ်...




ကျွန်မအမြင်ကတော့...
ကိုယ်ချစ်တဲ့သူနဲ့ဖြစ်ဖြစ် ...
မိဘက သဘောတူစီစဉ်ပေးတဲ့သူနဲ့ဖြစ်ဖြစ်...
လက်ထပ်တယ်ဆိုတာက သီးခြားစီဖြစ်နေတဲ့ ဘဝနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာပါပဲ....
ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းရပ်တည်နေတဲ့ ဘဝတစ်ခုမှာတောင် လိုအပ်ချက်တွေ အလိုဆန္ဒတွေများနေကြတယ်...
ဘဝနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အချိန်မှာ လိုအပ်ချက်... ဆန္ဒတွေကပိုပိုများလာမယ်...
ဘယ်အရာမဆို အဆိုးနဲ့အကောင်းဆိုတာကတော့အမြဲဒွန်တွဲနေတာပါပဲ...
လူတစ်ယောက်နဲ့ပတ်သက်မိပြီဆိုရင်လည်း သူ့ ရဲ့ကောင်းကျိုး ဆိုးကျိုးနှစ်ခုစလုံးကို ခံစားကြရတာပါပဲ...
ချစ်သောမျက်စိနဲ့ကြည့်ရင်တော့ ဘာပဲလုပ်နေလုပ်နေ အပြစ်မမြင် အပြစ်မတင်ရက်ပေမဲ့…
မချစ်တဲ့သူတစ်ယောက်ကိုတော့ အသေးအမွားကိစ္စလေးတွေမှာခွင့်လွတ်နိုင်ပေမဲ့ ကိစ္စကြီးတွေမှာတော့ ခွင့်လွှတ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး…
လက်ထပ်ပြီးတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ ကျွန်မကိုပြောဖူးပါတယ်…
လူနှစ်ယောက်လက်ထပ်ပြီးရင် ချစ်တာထက် တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားနိုင်ဖို့ရယ် နားလည်ပေးနိုင်ဖို့ရယ် အရေးကြီးပါတယ်တဲ့…
စဉ်းစားကြည့်တော့ သူပြောတာမှန်ပါတယ်…
ကိုယ်ချစ်တဲ့သူကို လက်ထပ်သည်ဖြစ်စေ… မိဘသဘောတူတဲ့သူကိုလက်ထပ်သည်ဖြစ်စေ သူ့ရဲ့စိတ်ထား … သူလုပ်ကိုင်တာတွေ… သူ့အပြုအမူတွေကို ကိုယ်ကနားလည်ပေးနိုင်တယ်… ကိုယ်နဲ့ပတ်သက်တာတွေကိုလည်း သူကနားလည်ပေးနိုင်တယ်ဆိုရင် နှစ်ယောက်
ရှေ့ ဆက်ရမဲ့ ဘဝတစ်ခုက အဆင်ပြေမှာပါ…
ခက်တာကလည်း “နားလည်ပေးပါတယ်” ဆိုတဲ့စကားတစ်ခွန်းက ပြောရတာသာလွယ်တာပါ… တကယ်နားလည်ပေးရတော့ခက်ပါတယ် ….
ကျွန်မသူငယ်ချင်းပြောသလိုပါပဲ ကိုယ်ကနားလည်ပေးထားတာကိုလည်း သူကအသိအမှတ်ပြုပြီး ကိုယ့်စေတနာကိုနားလည်ဦးမှတဲ့…. ကိုယ်ကနားလည်ပေးလိုက် သူကလုပ်ချင်တာတွေလုပ်လိုက်နဲ့ဆို နားလည်ပေးတဲ့သူအတွက် အခက်ကြုံနိုင်ပါတယ်…
လူ့သဘောသဘာဝအရတော့ သည်းခံခွင့်လွတ်တယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုအထိပဲဖြစ်နိုင်ပါတယ်…
ကျွန်မအနေနဲ့ကတော့ မိဘကသဘောတူသူ၊ ကိုကလည်း မေတ္တာထားနိုင်တဲ့သူ…
ကိုယ့်အပေါ်မှာ မေတ္တာထားနိုင်တဲ့သူကိုပဲလက်ထပ်ဖြစ်မှာပါ…

အားလုံးလည်း အခြေခိုင်မာတဲ့ အိမ်ထောင်ရေးများ ပြုစုပျိုးထောင်နိုင်၊ တည်ဆောက်နိုင်ကြပါစေလို့ . . . .

မယ်

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, January 10, 2010

မရည်လေး


“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး - တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ရောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။”

အမေ့ကဗျာထဲက ခြင်္သေ့နှစ်ကောင်
မောင်လေးတို့ တကယ်မဟောင်ခဲ့ကြဘူးနော်။



နေ့တူနာမ်တူ “အလတ်”ချင်းလည်းတူ
ဒါပေမယ့် အစ်မကတော့ ဘယ်တုန်းကမှ မလစ်လပ်ခဲ့သူ။
အကြိမ်အကြိမ်အခါခါ မှားနေတဲ့သူ့မောင်အား
မရမက ဂုဏ်ယူဝံ့ကြွားသူ။
တက္ကသိုလ်ဆိုတာ မမြင်ဖူးတဲ့မောင်လေးကို
မာစတာတန်းကသူငယ်ချင်းတွေနဲ့အတူ စာကူရှင်းဖို့ တောင်းဆိုသူ။
ဟိုယောင်ယောင် ဒီယောင်ယောင် သူ့မောင်
အစာအိမ်ပါယောင်တဲ့အခါ
သူ့နားကအဆောင်မှာခေါ်ထား
ရုံးသွားတိုင်း ထမင်းချိုင့်ထွက်ပေးခဲ့သူ။
သူ့ကျောင်းနေသက်ကို သိုးမွေးချည်တွေ၊ တက်တင်းချည်တွေနဲ့ ဆက်ခဲ့သူ။
သူ့အခန်းဖော်ဟူသမျှ၊ သူ့အတန်းဖော်ဟူသမျှ
သူ့လက်ရာအင်္ကျီတွေနဲ့လှနေကြပေမယ့်
သူ့အဝတ်သေတ္တာမှာ အမေဝယ်ပေးထားတာပဲရှိသူ။
သူဟာ ငါတို့အိမ်ရဲ့ထောင်မှာကျနေတဲ့ အိမ်ထောင်မရှိသူ အပျိုစင်
သူဟာ ငါတို့ရဲ့ မာသာထရီဇာ
သူ့ကိုယ်သူမှတစ်ပါး တစ်မိသားစုလုံးအား ပူပန်သူ။
အစ်မကြီးမဟုတ်သော်ငြား အမိအရာထားထိုက်သူ။
မိုးခါးရေထက်ခါးတဲ့ အမှန်တရားနဲ့ ရွတ်ရွတ်ချွန်ချွန်မှားနေသူ။
အရိုးသားဆုံးထက်ရိုးသား အကြိုးစားထက်ကြိုးစားကာ
ဘဝနေနည်းအနုပညာမှာ ခရတ်ဒစ်မပါသူ။
အလှတရားကို သနပ်ခါးထက် ပိုမသိသူ။
စိန်ဥမုန့်ဟင်းခါးပင် မသိသော်ငြား အမေ့ပါးကို ပြောင်စေသူ။
ထို သူ (သို့) သူမ….
ကိုးရက်တစ်လမှာ
အဖိုးဖြတ်မရတဲ့ ငါတို့အစ်မဖြစ်လာခဲ့တယ်။………။

မာရေးသျှင်
၉၊၁၊၂၀၁၀ (အစ်မရည်လေးမွေးနေ့)


ဆက်ဖတ်မယ်ဆိုရင် ...

Friday, January 8, 2010

Ubuntu ကို သုံးစေချင်တယ်




Ubuntu ကို သိသူတွေလည်း အများကြီးရှိမှာပါ။ ကျနော်သိသလောက်လေးကို ပြောပြချင်လို့ ဒီပို့စ်ကို ရေးရခြင်းသာဖြစ်ပါတယ်။ Ubuntu ဆိုတာ တောင်အာဖရိက စကားလုံးလို့ပဲ ပြောပါတော့။ သူ့အဓိပ္ပါယ်ကို ဝီကီပီးဒီယားမှာ "humanity towards others" လို့ပြောပါတယ်။ မြန်မာလို အဓိပ္ပါယ်ကတော့ လူသားခြင်းစာနာမှု လို့ပဲ ဆိုလေမလား။ သူ့အသံထွက်ကတော့ အူဘွန်းတူးလို့ ဆိုပါတယ်။ နည်းပညာပိုင်းတွေကို သိပ်မပြောဘဲ ကျနော်မြင်တဲ့ အပိုင်းလေးတွေကိုပဲ ပြောပြသွားပါမယ်။ စိတ်ဝင်စားလို့ ဆက်လေ့လာချင်တယ်ဆိုရင် အင်တာနက်ပေါ်မှာ လွယ်ကူစွာ ရှာဖွေလေ့လာနိုင်ပါတယ်။



အူဘွန်းတူးဆိုတာက ပိုက်ဆံမပေးရတဲ့ computer operating system တခုပါ။ Wikipdia မှာ အကျယ်ဖတ်ကြည့်လို့ရပါတယ်။ အော်ပရိတ်တီးစစ်စတမ် (အိုအက်စ်) ဆိုတာက Microsoft က ထုတ်တဲ့ Windows XP, Windows Vista, Windows 7 တို့လို အမျိုးအစားတွေကို ပြောတာပါ။

Windows 7၊ Vista၊ XP တွေကို လူအများစုက လိုင်စင်ဗားရှင်းတွေကို ဝယ်သုံးနေကြသလားဆိုတော့ ကျနော့်အထင်ပြောရရင်တော့ မြန်မာပြည်တွင်း လူအတော်များများကတော့ ဝယ်သုံးဖို့ဆိုတာ ခက်ခဲတယ်ထင်ပါတယ်။ ဒီတော့ ပိုင်းရိတ်ဗားရှင်း ဝင်းဒိုစ်တွေကို အသုံးများတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ပိုင်းရိတ်ဗားရှင်း ဝင်းဒိုစ်အခွေတွေကို မသုံးစေချင်ပါဘူး။ ငါးပါးသီလထဲက အဒိန္နာဒါနာကံကို တတ်နိုင်သမျှ စောင့်ထိန်းစေချင်တာပါပဲ။

အူဘွန်းတူးထဲမှာ အင်တာနက်ဘရောက်ဇာအဖြစ် Mozilla Firefox ကိုသုံးတယ်။ စာစီဖို့၊ အတွက်အချက် ပရင့်ဆန့်တေးရှင်းလုပ်ဖို့တွေအတွက် OpenOffice.org 3.1 ကို သုံးထားတယ်။ vector graphics editor အတွက်ဆိုရင် Inkscape ကိုသုံးကြပါတယ်။ Photoshop လို အသုံးပြုချင်ရင်တော့ GIMP ကို သုံးလေ့ရှိကြပါတယ်။

သိပ္ပံသမားတွေအတွက်ဆိုလည်း Matlab နဲ့ဆင်တူတဲ့ Scilab၊ Mathcad နဲ့ ဆင်တူတဲ့ Maxima အလကားပေးတဲ့ ဆော့ဝဲတွေလည်းရှိပါတယ်။

ဒီနေရာမှာ နဲ့ ဒီနေရာမှာ အင်စတော်လာတွေ စုစည်းထားတတ်ပါတယ်။ ဒါတွေက ကျနော်ရှာတွေ့တာပဲ ပြောတာပါ။ စိတ်ဝင်တစားရှာဖွေလိုက်ရင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အဲ.. ချက်တင်လုပ်ချင်ရင်လည်း ဂျီတော့လို အသုံးပြုစရာတွေလည်း ပါဝင်ပါတယ်။

မြန်မာတချို့တွေဖန်တီးထားတဲ့ အူဘွန်းတူးဆိုဒ်လည်း ရှိပါတယ်။ Ubuntu For Myanmar ဆိုတဲ့ ဆိုဒ်ကလေးပါ။

အူဘွန်းတူးရဲ့ တရားဝင်ဝက်ဆိုဒ်ကတော့ ဒီမှာပါ။ အိုအက်စ်ကို ဒေါင်းလုပ်လုပ်ပြီး အသုံးပြုနိုင်သလို၊ ဒေါင်းလုပ်ချပြီးသားလူတွေဆီကနေလည်း တောင်းယူသုံးစွဲနိုင်ပါတယ်။ သူတို့ကလည်း အမြဲတမ်းအလကားပေးမယ်လို့လည်း ပြောထားပါတယ်။ Netbook တွေအတွက်လည်း အိုအက်စ်သီးသန့်ရှိသလို Server Edition လည်းရှိပါတယ်။

ဒီနေရာမှာ စေတန်ဂေါ့ရေးထားတဲ့ အူဘွန်းတူးအင်စတောလုပ်ပုံ စာအုပ်ရှိပါတယ်။

ဒီနေရာမှာ Ubuntu Linux နဲ့ သူ့အမျိုးတွေအကြောင်း တစေ့တစောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ်တွေ့ပါတယ်။ မြန်မာလိုရေးထားတာပါ။ သူ့ကိုဖတ်လိုက်ရင်လည်း အူဘွန်းတူးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိသွားပါလိမ့်မယ်။ သူ့ဆီမှာပဲ ဇော်ဂျီကီးဘုတ် အင်စတောလုပ်တာကို ရေးထားပါသေးတယ်။ ဒီမှာ ဖတ်ပြီး ဖောင့်ကိုလည်း အင်စတောလုပ်နိုင်ပါတယ်။


နိဂုံးချုပ်အနေနဲ့ ပြောရရင် - ကွန်ပြူတာတော့ ဝယ်နိုင်ပါတယ်၊ အိုအက်စ် နဲ့ အခြား အသုံးပြုပရိုဂရမ်တွေကို မဝယ်နိုင်ဘူးကွာ၊ ပိုင်းရိတ်ဗားရှင်းတွေလည်း မသုံးချင်ဘူးဆိုရင်တော့ အူဘွန်းတူးကိုပဲ သုံးဖို့ အကြံပေးချင်ပါတယ်။


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, January 3, 2010

နံနက်ခင်းကဗျာများ (၂)



ဤနံနက်ခင်း
လေပြည်ညှင်းသည်
ချစ်ခြင်းတွေကို သယ်ခဲ့ပြီ။

ဤနံနက်ခင်း
နေခြည်လင်းသည်
ချစ်ခြင်းမေတ္တာရောင်ခြည်တည်း။

ဤနံနက်ခင်း
နိုးထခြင်းသည်
ချစ်ခြင်းတို့တွက် ရှင်သန်ခြင်း။


မာရေးသျှင်

(မနက်ခင်းမိုးအလင်း အိပ်ရာကထထချင်းတွေမှာ ဘာသာစကားတူသူ မိတ်ဆွေတစ်ချို့ထံ ပို့ဖြစ်ခဲ့တဲ့ SMS လေးတွေပါ။ အဲဒါလေးတွေကို နံနက်ခင်းကဗျာများ ခေါင်းစဉ်အောက်မှာ SMSကဗျာအဖြစ် ဝေမျှခြင်း (တစ်နည်း) သိမ်းထားခြင်းမျှသာဖြစ်ပါတယ်။)





ဆက်ဖတ်မယ်ဆိုရင် ...

Saturday, January 2, 2010

နှစ်သစ်ဆုတောင်း


သစ်လွင်ပျိုမျစ်
ဤနှစ်သစ်တွင်
စိတ်သစ်လူသစ် ဖြစ်ပါစေ ...
မေတ္တာသစ်ဖြင့်တောင်းဆုခြွေ။..........။


မာရေးသျှင်





ဆက်ဖတ်မယ်ဆိုရင် ...