သိမ်းထားတဲ့ကဗျာများကို သိမ်းခြင်း
လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်၊ (၁၅)နှစ် ဝန်းကျင်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးတွေပါ။ ကျနော်ဘာသာဆို ရှိတော့မှာ မဟုတ်ပါ။ အမေ တကူးတက သိမ်းထားပြီး တကူးတက ပို့ပေးလို့သာ ကျနော် ပြန်ဖတ်ရတာပါ။ ဟိုးအညာက အမေ့အိမ်ရဲ့အဝေး ရန်ကုန်(နေရာစုံ)မှာနေခဲ့တဲ့ ကျနော့်စာအုပ်အတိုအစ၊ ကဗျာအတိုအစတွေကို အမေ ဘယ်အချိန်က ဘယ်လို သိမ်းထားခဲ့လဲ ကျနော်မသိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ်တစ်ခုစာ အမေ တခုတ်တရ သိမ်းထားခဲ့တဲ့ ကဗျာလေးတွေကို E-Journalမှာ သိမ်းထားဖို့ စိတ်ကူးရလာကာ အကောင်အထည်ဖော်ဖြစ် နေတာပါ။ နောင် ရာစုနှစ်တစ်ခုစာ အဓွန့်ရှည်ကြာသော် ရှည်ကြာငြား အမေ့ရဲ့မြေးမြစ်များအတွက်ပေါ့ ခင်မျာ။
အဲဒီ ကဗျာတော်တော်များများ ဟာ ခေါင်းစဉ်ပေးမထားပါ။ ဒါကြောင့် “သိမ်းထားတဲ့ကဗျာ” ဟုသာ သိမ်းထားလိုက်တာပါ။
သိမ်းထားတဲ့ကဗျာ (၃)
မှန်းဆလို့ပြောရဲအောင်မရှိတဲ့ ပကတိတရား
မှန်သားပြင်ပေါ်က မျက်နှာ
ထိတွေ့မှု ရှာမရသလို
ပွေ့မရ ပိုက်မရ
စိတ္တဇသခင် .....
လေတိုက်လည်းမရွေ့
မိုးရွာလည်းမစို
နေပူလည်းမနွမ်း
မျက်ဝန်းမှာပင် အစဉ်လွှမ်း
ရွှင်လန်းတဲ့ သူ့မျက်နှာ ...
မျက်စိမှိတ်လည်း ပေါ်ဆဲ
မျက်ဝန်းထဲက ပုံရိပ်
အိပ်မက်၌နေရာယူ
ကိုယ်လေ .....
ငြူစူခြင်းမရှိ ပကတိကျေနပ်ခြင်းနဲ့ပေါ့။..........။
မာရေးသျှင်
(ဒီကဗျာလေးဟာ လွန်ခဲ့တဲ့ (၁၅)နှစ်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကျနော်ရဲ့ ပထမဦးဆုံးသော ကြီးကောင်ဝင်စကဗျာလို့ ထင်ပါတယ်။ အဲဒီအတိုင်းအမှန်ပဲဆိုရင် ဒါဟာ မာရေးသျှင်ရဲ့စတင်ခြင်းကဗျာလည်း ဖြစ်ပါတယ်။ ဘယ်တော့မှ မဆုံးမယ့်အရာဟာ မာရေးသျှင်ဆိုတာ အဲဒီကတည်းက သေချာခဲ့တာပါ။.........။)
KuchingTrip
1 week ago
2 comments:
သိမ်းထားတဲ့ကဗျာလေးကောင်းလိုက်တာ
စာတွေအတိုးချဖတ်သွားတယ်ဗျာ
Post a Comment