Thursday, July 22, 2010

နှစ်ဆယ့်ခြောက်နှစ်အရွယ် သူမ …..

မိန်းကလေး တစ်ယောက်အဖို့ ချစ်သည်ဟု သူစိမ်းယောက်ျားလေး
တစ်ယောက်ကို အဖြေပေးရသည်မှာ စွန့် စားမှုတစ်ခုပင်ဖြစ်လေသည်
မဟုတ်လား။
သူမ…..
ဤမြို့ သူမဟုတ်။ သို့ သော် အလုပ်လုပ်နေသူတစ်ယောက်။ သူမမှာညီမတစ်ယောက်
ရှိသည်။ အတူနေ၏။ သူမ၏ အလုပ်သည် တစ်ပတ်မှာ နှစ်ရက်နားရ၏။ သူမဖြတ်လျောက်
နေကြ သဲခင်းလမ်းလေးသည် သူမ ကိုသိ၏။ ဤမြို့ ရဲ့လေးညင်းလေးများသည် သူမကို
ကြည်နူးစေ၏။ ကုက္ကိုပင်အိုကြီးသည် သူမကို မြင်လျင် အမြဲတမ်း ခေါင်းငြိမ့် လျက်
ကြည့်နေတတ်သည်။
ကောင်လေးတစ်ယောက်…..
တနေ့ ကောင်လေး တစ်ယောက်သည် ကုက္ကိုပင်အိုကြီး၏ ရင်ခွင်ထဲထိုင်၍ သူမကိုစိုက်
ကြည့်နေခဲ့၏။ ထိုနေ့ က သူမ တီရှပ်အဖြူတစ်ထည်ကိုဝတ်လာခဲသည့်နေ့ ။

ကောင်လေးသည် တွေတွေလေး သူမကိုစိုက်ကြည့်နေ၏။ မိန်းကလေး တစ်ယောက်
အဖို့ သူစိမ်းယောက်ျားလေး၏ တွေတွေလေး အကြည့်သည် ကိုယ့်ကိုယ်ကို သံသယ
ဝင်စေတတ်၏။ ခြေလှမ်းမှားတတ်၏။ ကျေနပ်သည့်အပြုံးနှင့် ခေါင်းလေးကိုပိုပြီးငုံ့ သွား
တတ်၏။ မကျေနပ်သည့်မျက်စောင်းနှင့် ကောင်လေးကို အသိအမှတ်ပြုတတ်၏။
တနေ့ ထိုကောင်လေးသည် သဲခင်းလမ်းတစ်လျောက် သူမ၏နောက်နဘေး ခပ်ခွာခွာ
လေး ကပ်လိုက်လာခဲ့လေသည်။ ထို့ နေ့ က သူမ အနက်ရောင်အစင်းကြောင်းပါသည့် တီရှပ်
ကိုဝတ်လာခဲ့သည့်နေ့ ။ မိန်းကလေးတစ်ယောက်အဖို့  သူစိမ်းယောက်ျားလေး၏
နောက်ယောင်ခံလိုက်ခြင်းသည် ခြေလှမ်းကို နှေးစေ၏၊ မြန်စေ၏။ ကိုယ်ယောင်
ဖျောက်တတ်၏။ ကျေနပ်သည့်မျက်စောင်းနှင့် ရန်လုပ်တတ်၏။
တနေ့ ထိုကောင်လေးသည် သူမကို လှသည်ဟု ပြောလာ၏။ ထိုနေ့ က သူမ
ပန်းအနီရောင် အနွေးထည်လက်ရှည်ကိုဝတ်လာခဲ့သည့်နေ့ ။ကောင်လေးကပြော၏။
“သိပ်လှတာပဲ” တဲ့ …မိန်းကလေးတစ်ယောက်အဖို့  ထိုစကားလုံးသည် စိတ်ကိုရွှင်စေ
၏။ ပြောသူကိုတိတ်တခိုးကျေးဇူးတင်၏။ ရှက်ပြုံးလေးနှင့် ငြင်းဆိုတတ်၏။
ဒီလိုနဲ့ ပေါ့….
တနေ့ ဟူသည့်နေ့ ပေါင်းများစွာသည် ကောင်လေးနှင့်ကောင်မလေးကို ပိုပြီးရင်းနှီး
သွားစေခဲ့သည်။ နွေ၊မိုး၊ဆောင်း တွင်သည့် ဥတုသုံးဦးသည် သူတို့ နှစ်ဦး၏ ခင်မင်ရင်း
နှီးမှုကို အသိမှတ်ပြုခဲ့ပြီ။ သူမကို တွေ့ တိုင်း ကောင်လေးသည် ရယ်စရာတွေပြော
တတ်၏။ အလိုက်သိ၏။ ဂရုစိုက်၏။ ကြင်နာ၏။နွေးထွေးမှုပေး၏။ ယုယတတ်၏။
ထို့ ကြောင့် သူမသည် ကောင်လေး အကြောင်းကို အလုံးစုံမသိသော်လည်း ကောင်
လေးနှင့် တွေ့ လျင် သူမ ပို၍ ပျော်ရွှင်မိသည်။ ကျေနပ်မိသည် မဟုတ်ပါလား။
သဲခင်းလမ်းလေးသည် သူတို့ နှစ်ဦး၏စကားသံကို တိတ်တိတ်လေး
နားစွင့်တတ်ခဲ့ပြီ။ လေညင်းလေးများသည် သူတို့ နှစ်ဦး၏ရယ်သံများကြား ကခုန်လျက်။
ကုက္ကိုပင်အိုကြီးသည်ကား သူတို့ နှစ်ဦးကို အကဲခတ်လျက် ပြုံးနေခဲ့သည်။
ဒီလိုနဲ့ ပေါ့…
အလုပ်နားသည့်တစ်ရက်၊ မှတ်မှတ်ရရ စနေ နေ့ ၊ တိမ်တွေ ငိုနေ၏။ ထိုနေ့ က သူမ၏
ခေါင်းပေါ် ထီးနီနီတစ်လက်ကို မိုးထားလျက် ကောင်လေးသည် စကားတစ်ခွန်းကို ခပ်
တိုးတိုးလေးပြောလာ၏။ “ငါ နင့်ကို ချစ်တယ်” တဲ့ …သံစဉ်သည် တိုးသက်ညက်ညော
ပေမယ့် သူမအတွက် တစ်ကိုယ်လုံးကို ပူရှိန်းရှိန်းဖြစ်သွားစေသည်။ အချက်မကျသည့်
နှလုံးသား၏ စည်းချက်ကြောင့် သူမကို မောဟိုက်စေပြီ။ နှုတ်သည် ဆွံ့ အလျက်
ခေါင်းလေးကို ပိုပြီး ငုံ့ သွားစေခဲ့သည်။ သူမ အရမ်းကို အံ့သြစေခဲ့သည့်နေ့ တစ်နေ့ 
ဖြစ်ခဲ့သည်မဟုတ်ပါလား။
အဲဒီနေ့ က …..
သဲခင်းလမ်းလေးသည် တိမ်တွေ၏ မျက်ရည်တွေထဲ နှစ်မြုပ်နေ၏။ လေညင်းလေး
သည် အလိုက်သိစွာ ငြိမ်သက်လျက်။ ကုက္ကိုပင်အိုကြီးမှာကား…….
မိန်းကလေးတစ်ယောက်၏ နှလုံးသားသည် လှပသည့်သံဇဉ်များနှင့် ရင်ခုန်ကြည်နူး
စေသည့် အသက်ရှိတေးတစ်ပုဒ်ကို ထပ်ခါထပ်ကြားရခြင်းဖြင့် သီဆိုသူကို စွဲလမ်း
တတ်စေသည်လား…..ဘာကြောင့်ကောင်လေးသည် သူမ၏ခင်မင်မှုကို အရင်းအနှီး
လုပ်ပြီး သူမ၏ နှလုံးသားကို သိမ်းပိုက်ချင်ရတာလဲ။ ခင်မင်မှုကို ဘာကြောင့် ချစ်တယ်
ဆိုသည့်စကားလုံးနှင့် အဆုံးသတ်ထိန်းကွပ်ချင်ရတာလဲ……ဟူသည့်အတွေးများနဲ့ ပေါ့။
သူမ….
သူမအတွက် ချစ်တယ် ဆိုသည့်စကားလုံးသည် သူမကို တာဝန်တွေ ပိုစေခဲ့ပြီ။
သူတကယ်ပဲ့လား …ဆိုသည့်အတွေးနှင့်ညတိုင်း ကောင်လေးကို သတိရခဲ့ပြီ။
သူမ နေ့ တိုင်းလုပ်ရသည့် အလုပ်တွေထဲ အလှပြင်ခြင်း ဆိုသည့်အလုပ်တစ်ခု
ပိုလာခဲ့ပြီ။ မိန်းကလေး တစ်ယောက်၏ ကျင့်ဝတ်ဆိုသည့် ခေါင်းစည်းတစ်ခုကို
ခေါင်းမှာ ပန်ဆင်ရင်း ကောင်လေးနှင့်တွေ့ တတ်ခဲ့ပြီ။ ကောင်လေးတစ်ယောက်၏
တန်ဖိုးထားချစ်သည်ဟု ပြောခံရသူ မိန်းကလေးတစ်ယောက်၏ ဘဝသည်
ပြောင်းလဲတတ်သည်လား သူမကိုယ်တိုင် မသိတော့။
မိုးကုန်သည့် ဆောင်းညတစ်ည၊ ဒီနေ့ က လပြည့်နေ့ မဟုတ်၊ ကြယ်တွေစုံနေ၏။
လောကတစ်ခုလုံး ငြိမ်သက်လျက်.. ညချမ်းအေးအေးမှာပေါ့….
သူမသည် ညီမ ကျူရှင်အပြန်ကိုစောင့်ရင်း
အိမ်ရှေ့ခုံတန်းလေးပေါ်ထိုင်ပြီး ကောင်လေးအကြောင်း တွေးနေမိသည်။
မနက်ဖြန်ကျရင် ကောင်လေးကို အဖြေပေးမည်။။။။သူမတွေးပြီးပျော်နေ၏။။။
ရုတ်တရက်လေအဝှေ့ ....အရက်နှံ့ တစ်ခု သူမနှခေါင်းထဲ တိုးဝင်လာသည်။
သူမ ဆက်ကနဲ ခြံတံခါးဝကို ကြည့်လိုက်၏်။ ပုံရိပ်တစ်ခု သူမကိုလက်ရပ်
ခေါ်နေသည်။ ညီမ ကျူရှုင်က ပြန်လာသည်ဟုထင်၏်။ သို့ သော်မဟုတ်…
သူမတွေးနေသည့်ကောင်လေး ခြံတံခါးဝနားရပ်နေသည်မဟုတ်ပါလား။
သူမ အံ့သြသွားမိ၏။ ခြံတံခါးအနား မရဲတရဲလေးကပ်ပြီး ကောင်လေးကို
မေး၏။ပြီး နှင်၏။ သို့ သော်…ကောင်လေးမသွား…ဗလုံးဗထွေးအသံနှင့်
ခြံထဲဝင်ချင်သည်ဟုပြောလာသည်။ ကောင်လေး အရက်တွေ အတော်မူးနေ
သည်လား သူမမသိ…သူ ခြံတံခါးကိုတွန်းဖွင့်နေပြီ။ သူမ ကြောက်ရွှံ့စွာနဲ့ 
ကောင်လေး ကိုမဝင်ဖို့ ပြော၏။ ထွက်သွားဖို့ နှင်၏။ သူတို့ နှစ်ဦးသည်
ခြံတခါးတစ်ခုကို အလည်၌ထားပြီး လိုချင်သည့်ဆန္ဒတစ်ခုစီကို ထုတ်ဖော်ပြော
ဆိုနေကြသည့်အချိန်……ညီမသည် ကျူရှင်ကနေ ပြန်လာခဲ့ပြီ။ ပြီးတော့…
ကြောက်သည့်မျက်လုံးတွေနှင့်စိုက်ကြည့်၏။ ထို့ နောက်အော်ငိုလေပြီ။
မိန်းကလေး တစ်ယောက်၏ အရှက်သည်ဒေါသနှင့်ပေါင်းစပ်ပြီး ငြိမ်သက်
နေသည့် လောကကို ပေါက်ကွဲစေတတ်၏်။ သူမ၏ အတွေးများနှင့် လှပနေသည့်
ညချမ်းလေးသည် ပတ်ဝန်းကျင်၏ အကြည့်များကြား ကျကွဲခဲ့ပြီ။
သူမ…သူမ…အခုတော့ နှလုံးသားအမာရွတ်တစ်ခုနှင့်……
မိုးဖွဲလေးတွေ ကျနေ၏။ သဲခင်းထားသည့်လမ်းကလေးသည် တိတ်ဆိတ်ငြိမ်သက်
လျက်။ ထီးနီနီဆောင်းထားသည့်ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေး
ရွေ့ လျားနေ၏်။ အေးချမ်းမှုတို့ သယ်ဆောင်လာသည့်လေညင်းလေးတစ်အုပ်
လစ်ကနဲ သူမကို ဖြစ်ကျော်တက်သွားသည်။ လမ်းနဘေးထိုင်နေသည့် ကုက္ကိုပင်အိုကြီး
သည် ဘာကြောင့်လဲမသိ ခေါင်းယမ်းလိုက်လေသတည်း။....

No comments: