အမှတ်တရရက်များမှ အမှတ်တမဲ့အတွေးစတစ်ချို့
ကျွန်တော်တို့တစ်တွေရဲ့ ရက်တွေလတွေ နှစ်တွေမှာ အမှတ်တရနေ့ရက်လေးတွေ ရှိတတ်ပါတယ်။ ကိုယ့်တစ်ဦးတည်းနဲ့ဆိုင်တဲ့ နေ့တွေ၊ အများနဲ့ပါ သက်ဆိုင်တဲ့နေ့တွေ၊ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ကိုယ်နဲ့ဆိုင်သလိုဖြစ်နေတတ်တဲ့နေ့တွေ။ အများကြီးပါပဲ။ အားလုံးကိုမှတ်မိနေဖို့ဆိုတာ မလွယ်သလို အားလုံးကို ဂရုတစိုက်လည်း သတိရမနေနိုင်၊ မကျင်းပနိုင်ပါဘူး။ တစ်ခါတစ်လေမှာ တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်နဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။ တစ်ချို့က မွေးနေ့ဆိုတာလေးကို အမှတ်တရ အမြတ်တနိုးရှိတတ်ကြပေမဲ့ တစ်ချို့ကတော့ သူ့ဘာသာသူ နှစ်စဉ်ရောက်နေတဲ့ နေ့တစ်နေ့ကို ဘာအထူးအဆန်းလုပ်နေရမှာလည်းလို့ တွေးတတ်ကြသေးတယ်။ ဒါပေမဲ့ မမေ့သင့်တဲ့ရက်တွေဆိုတာ အနည်းအကျဉ်းတော့ ရှိနေတတ်တာပဲမဟုတ်လား။
အခုကျွန်တော်ပြောချင်တာလေးက အွန်လိုင်းပေါ်မှာ (အထူးသဖြင့် မြန်မာဘလော့ဂ်တွေမှာ) စိတ်ထဲတစ်မျိုးလေး ခံစားနေရတာလေးကိုပါ။ သဘောအားဖြင့်တော့ မြန်မာဘလော့ဂ်လောကမှာ ကျင်လည်နေသူတွေက နိုင်ငံခြားရောက် မြန်မာအသိုင်းအဝိုင်းတွေပါ။ အသက်အရွယ်စုံ၊ အလေ့အထစုံလင်ပြီး အကြောင်းအရာကလည်း စုံလင်လှပါတယ်။ ကောင်းပါတယ်။ တစ်ချို့စာတွေဆို အလကားဖတ်ရတာ အားနာသလိုဖြစ်လောက်အောင်ကို ကောင်းပါတယ်။ ဘလော့ဂ်ရဲ့ သဘောတရားလေးအရ တူရာတူရာလေးတွေစုမိပြီး အဖွဲ့ကျသွားကြတာပါပဲ။ နောက်ပြီး ဘလော့ဂ်လေးတွေအပေါ်မှာ အမှတ်တရ ရေးတာလေးတွေ၊ ပြန်လည်ဝေမျှတာလေးတွေ ရှိလာပါတယ်။ ဘလော့ဂ်လေး တစ်နှစ်ပြည့်၊ ဘာနေ့ညာနေ့ စသဖြင့်ပေါ့။
ကျွန်တော်တို့တွေ ပြောလေ့ရှိတာလေးတစ်ခုကလည်း ရှိပါသေးတယ်။ ဘာတဲ့ ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတာ။ ဟုတ်ပါတယ် ပတ်ဝန်းကျင်တစ်ခုကို ဝင်ဆန့်နိုင်ဖို့လိုပါတယ်။ ကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင် ကြိုးစားသင့်တယ်လို့တောင် သုံးချင်ပါတယ်။ သဘောကတော့ နိုင်ငံခြားမှာနေတာပဲ ရောက်နေတဲ့ပတ်ဝန်းကျင်နဲ့ တစ်ထပ်တည်းမကျတောင် နီးစပ်အောင်၊ ဒီပတ်ဝန်းကျင်မှာ ကိုယ်က ကန့်လန့်ဖြစ်မနေအောင် နေတတ်ဖို့လိုပါတယ်။ ဥပမာ တရုတ်ပြည်ရောက်နေတယ်ဆိုရင် သူတို့နှစ်သစ်ကူးပွဲမှာ တတ်နိုင်သလောက်ဝင်ဆင်နွှဲ၊ နီးစပ်ရာ မိတ်တွေကိုလည်း နှစ်ကူးမင်္ဂလာစကားလေး ဘာလေး ပြောပေါ့။ ဒါကောင်းတာပဲ။ အဲလိုမဟုတ်ဘဲ မင်းတို့နှစ်ကူးလည်းကူးပေါ့ ငါတော့စိတ်မဝင်စားဆိုရင် ဘယ်ကောင်းမလဲ။
အဝေးရောက်တာကြာတော့ တစ်ချို့လည်းကိုယ့်နိုင်ငံက နေ့ထူးနေ့မြတ် သတိရစရာ အမှတ်ရစရာတွေကို မေ့နေရင်မေ့နေမှာ။ ဒါပေမဲ့ ကိုယ်ရောက်နေရာနိုင်ငံမှာ ကျင်းပလေ့ရှိတတ်တဲ့နေ့တွေကို သတိထားမိရင်းကနေ ငါတို့ဆီမှာဆိုရင် ဒီပွဲက ဘာပွဲနဲ့တူတာပေါ့ကွာ၊ ဘာညာနဲ့ မှတ်မိနေသင့်ပါတယ်။ တစ်နှစ်မမှတ်မိတောင် တိုင်းပြည်လွမ်းစိတ်နဲ့ သတိတွေထားမိလာရင်း မှတ်မိသင့်တဲ့ နေ့တွေရှိတာပေါ့။ ကမ္ဘာကြီးကလည်း ပြားလာတယ်ပြောတယ်၊ ရွာဖြစ်သွားတယ်လည်းပြောတယ် ထူးတော့ထူးဆန်းတယ်။ ဟိုးအရင်က ကမ္ဘာမပြားကြောင်းကို အသဲအသန်ငြင်းဆန်ခဲ့ရသူတွေများ ရုတ်တရက်ကြားရင် စိတ်ရှုပ်စရာ။ တိုးတက်တယ်လည်းပြောရဲ့ မြို့ကြီးဖြစ်မလာဘဲ ရွာဖြစ်သွားတယ်။ ဒီနေ့ခေတ်မှာက စိတ်ကိုသတိကပ်ထားမှကို တော်ကာကျမယ်ထင်တယ်။ ယဉ်ကျေးမှုတွေလည်း တိုးမိတိုက်မိတယ်ပြောတာကိုး။
ပြီးခဲ့တဲ့ တစ်လကျော်လောက်က မြန်မာနှစ်ကူးပါတယ်။ ဘလော့ဂ်တွေပေါ်မှာ သင်္ကြန်ရက်တွေရောက်မှပဲ စီဘောက်စ်တွေမှာ ရေလိုက်လောင်းတာတို့၊ သင်္ကြန်အမှတ်တရ ပိုစ့်တွေ၊ ကဗျာတွေ စသည်ဖြင့်တွေ့လာရတယ်။ ကျွန်တော် ဖြစ်စေချင်တာက သင်္ကြန်မတိုင်ခင်ခပ်စောစောလေးမှာ တို့တွေရဲ့နှစ်ကူးတော့ ရောက်တော့မယ်ဆိုပြီး ပိုစ့်တွေ ရေးစေချင်တာပါ။ မတွေ့ရသလောက်ပဲ။ ခရစ်နှစ်ကူးမှာဆိုရင်တော့ ပြားသွားတဲ့ ကမ္ဘာ့ရွာကြောင့်လား၊ ရောက်နေတဲ့နေရာရဲ့ ယဉ်ကျေးမှုကြောင့်လားတော့မသိဘူး ခပ်စောစောကတည်းက ဟက်ပီးနယူးရီးယားနေတာ မျက်စိတောင်နောက်ချင်ချင်ရယ်။ ဒါပေမဲ့ ဘလော့ဂ်ဂါအမတစ်ယောက်ကတော့ ပြောပါတယ် - စီးပွားပျက်ကပ်ကြောင့် ရွှေမြန်မာတွေလည်း တည်မြဲရေးကြိုးစားနေရတယ်။ အဲဒါကြောင့်ထင်ပါသတဲ့။ ဒါလည်း ဟုတ်တော့ဟုတ်တာပါပဲ။
အဲဒီလိုဖြစ်နေတဲ့ စိတ်ထဲမှာပြောချင်ချင်ရက်တွေက အများသားပါ။ နှစ်ကူးဆိုတာကလည်း သဘောပြောတာပါ။ မနေနိုင်မထိုင်နိုင် ရေးဖြစ်အောင်ဖြစ်သွားတာက လွန်ခဲ့တဲ့ ကဆုန်လပြည့်ကြောင့်ပါ။ ခရစ်စမတ်ဆိုတာ ကမ္ဘာ့ပွဲကြီးလိုပါပဲ။ ဘာသာရေးပွဲဆိုပေမဲ့ အတော်လေးကို လူစိတ်ဝင်စားတဲ့ပွဲတစ်ခုပါ။ ချမ်းသာတဲ့နိုင်ငံတွေရဲ့ လူအများစု ကိုးကွယ်ရာဖြစ်နေလို့လားပဲ။ ထားပါ။ ဘယ်လိုဖြစ်ဖြစ်ပေါ့။ ကိုယ်နဲ့ဆိုင်မယ်ထင်တဲ့ နေ့လေးတွေကိုတော့လည်း မှတ်မိသင့်တယ်။ သတိပြုသင့်တာလေးတွေဆိုရင်လည်း သတိပြုသင့်ပါတယ်။ ဂေါတမဗုဒ္ဓဆိုတဲ့ ကျွန်တော်တို့ရဲ့ ဘုရားရှင်ဟာ ကဆုန်လပြည့်မှာမွေး၊ ကဆုန်လပြည့်မှာ ဘုရားဖြစ်တော်မူ၊ ကဆုန်လပြည့်မှာပဲ ပရိနိဗ္ဗာန်စံတော်မူပါသတဲ့။ ရိုးသားတဲ့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အိမ်မှာပဲ မြန်ပြည်ကဘုရားတွေကိုမှန်းဆလို့ ဘုရားရှိခိုးဖြစ်ကြသလား၊ မေ့ပဲနေသလားတော့ မပြောတတ်ပါဘူး။ ဘာမှမဟုတ်တောင် အနည်းအကျဉ်းတော့ ညောင်ရေသွန်းပွဲလေးကို အမှတ်ရသင့်ပါတယ်။ တိုးတိုက်မိသူခြင်း အင်အားကွာသွားကြတာများလား။ စဉ်းစားမိတာပါ။
အင်း.. ဒီလိုနေ့တွေ အများသားဗျ။ အကုန်မမှတ်မိနိုင်သလို ပတ်ဝန်းကျင်ဆိုတာကလည်း ရှိသေးဆိုပေမဲ့ ထိန်းသိမ်းသင့်တယ်ထင်တာတွေကိုတော့ ထိန်းသိမ်းစေချင်ပါတယ်။ နိုင်ငံခြားရောက်တွေက ပိုလို့တောင်သိသင့်ပါတယ်။ များများသိလေ ကောင်းလေပေါ့ဗျာ။ သူများနဲ့ပြောစရာကြုံလာရင် အင်..အဲ…တွေအများသားနဲ့ ခွေးအလှည်းနင်းနေရင် ရှက်စရာမဟုတ်လားဗျာ။ တစ်ချို့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးရဲ့ နေ့လေးတွေကို အမှတ်တရရှိစေချင်ပါတယ်။ ရေးစေချင်တယ်၊ ဝေမျှစရာတွေရှိတယ်ဆိုရင် ဝေမျှစေချင်ပါတယ်။ ပြောသာပြောရတာပါ ကျွန်တော်ဆိုလည်း ဘာနေ့ ညာနေ့ဆိုတာမျိုးတွေကို မသိတာများပါတယ်။ တကယ်က ဗဟုသုတနည်းတာပါ။ အမှတ်တရတွေလုပ်ရတာကိုက သိပ်ဝါသနာပါတာ။ တစ်ချို့လူတွေကျတော့လည်း ရောင့်ရဲနိုင်တာလား၊ အသည်းမာတာလားဆိုတာကို မပြောနိုင်လောက်အောင် သတိတရ အမှတ်တရဖြစ်သင့်တဲ့နေ့တွေကို မေ့ထားနိုင်တယ်။ ဟန်ဆောင်တောင်မှ လုပ်လေ့မရှိဘူး။
ဒါပေမဲ့ ကိုယ်က ဘာမှမတတ်နိုင်ရင် (မပြောနိုင်ရင်တော့လည်း) မသိသလို နေလိုက်ရတာပဲလေ။ ကျွန်တော်က မွေးနေ့ဆိုတာလေးကို မျှော်လင့်ပြီး အမှတ်တရရှိသလောက် ကျွန်တော်သဘောကျနေတဲ့ကောင်မလေးက ဘာမှလည်း အဓိပ္ပါယ်မရှိပဲနဲ့တဲ့။ ကဲ.. မခက်လားဗျာ။
သုခမိန်
ဆုံရပ် 1st Dec 2024
2 weeks ago
7 comments:
ကျနော်သိသလောက်ပြောရရင်တော့ အကိုပြောသလိုပဲ ရောမရောက်ရောမလိုကျင့်
ကြတာလဲရှိသလို၊ မြန်မာပြည်ပြန်မရောက်တာ
နှစ်ကြာလာတော့ ဘယ်နေ့ဟာ ဘာမှန်းမသိ
တော့တာတွေလဲရှိသဗျ။ပြီးတော့ ကိုယ့်လက်တကမ်းမှာ မြန်မာပြက္ခဒိန်မရှိတာလဲ ပါမယ်ထင်တာပဲ။ ချွင်းချက်အနေနဲ့ နိုင်ငံခြားကို
အရမ်းအထင်ကြီးပြီး မြန်မာစိတ်ပျောက်နေတဲ့သူတွေကလွဲရင် ကျန်တဲ့မြန်မာတွေ ကျနော်ထင်သလိုဖြစ်နေမယ်
ထင်တာပဲဗျ။ကျနော်ဆို သင်္ကြန်ကျတော့မယ်
ဆိုတာသူများပြောလို့သိတာဗျ ဟီး...။
ဒါကလဲ ပွင့်ပွင့်လင်းလင်းပြောရရင်တော့
နိုင်ငံရပ်ခြားမှာ ရပ်တည်နိုင်ဖို့ အချိန်နဲ့အမျှ
အလုပ်ပေါ်မှာပဲ အမြဲစိတ်ထားရတာတချက်
ကျနော်အပေါ်မှာပြောခဲ့သလိုအချက်တွေနဲ့
ကိုယ့်ပါတ်ဝန်းကျင်မှာ မြန်မာမရှိတာတချက်
(စလုံးတို့၊ မလေးတို့၊ ဂျပန်တို့ ကိုရီးယားတို့မှာ
လိုမြန်မာ သိပ်မများဘူးလေ ကျနော်သိသလောက် ကျနော်နေတဲ့နိုင်ငံမှာ
ရွှေဆိုလို့ ၅ယောက်ပဲရှိတယ်လို့ထင်တာပဲ
အဲဒီ၅ယောက်တောင် ဗုဒ္ဓဘာသာ၂ယောက်
ခရစ်ယာန်၂၊ မူစလင်တယောက်ဖြစ်နေသဗျ)
ဆိုတော့ကာ... သူများတွေတော့ ဘယ်လိုဆင်ခြေ ဆင်လက်၊ ဆင်နားရွက်ပေးမလဲတော့ မသိဘူး ကျနော်ကတော့ အဲဒီအချက်တွေရယ်ကြောင့်
မေ့ကိုနေပြီဗျ.... ဟိ..
နိုင်ငံရပ်ခြားမှာနေတာကြာလို့ နိုင်ငံခြားသားစိတ်တော့ လုံးဝမရှိပါဘူး။ မြန်မာစိတ်မှ မြန်မာစိတ်အပြည့် ဘယ်လောက်ပြညိ့်လဲဆို ရည်းစားထားဖို့တောင် ကိုယ့်နိုင်ငံသူပဲ ရှာထားမှာ.. ခုထိတော့ မတွေ့သေးဘူးဗျ..ဟိ
တချို့လုပ်ဖော်ကိုင်ဖက်တွေတောင်ပြောကြတယ်
ထားပါလားရည်းစားတဲ့ ရုရှားမတွေ၊ ဘူဂေးရီးယားတွေ၊ ရိုမေးနီးယားတွေ၊ ခေါမတွေ ပေါမှပေါကို မထားလို့ ကျနော့်ကို အရူးတဲ့... ကဲ.... ဟီ..ပြောရင်းနဲ့ဘေးရောက်တော့မယ် တော်ပြီဗျာ ဒီလောက်ပဲ..
အမှတ်တမဲ့ အတွေးစလေးတစ်ချို့ကို စေ့စပ်စွာ ဖတ်ရှုသွားပါတယ်။ မှတ်ချက် မပေးတတ်တော့။ အဆင်ပြေပါစေ။ အားပေးနေလျက်။
ဆရာ သုခမိန်
မြန်မာတွေရဲ့ရိုးရာယဉ်ကျေးမှု ပွဲတော်တွေဟာ ၁၂ လ
( တနှစ်လုံး ) ရှိနေပါတယ်။ နိုင်ငံခြားကို အကြောင်းအမျိုး
မျိုးနဲ့ရောက်နေကြတဲ့ရွှေမြန်မာတွေဟာ အလုပ်များတဲ့ကြား
ကနေ ဘလောဂ်ဂင်းကြပါတယ်။
ကမ္ဘာ့ရွာကြီးဖြစ်နေကြတော့ ကိုယ်သန်ရာတွေစုမိပြီးရေး
ကြအားပေးကြ။ကိုယ်ရောက်ရှိနေတဲ့အရပ်ဒေသတွေကို
ရေးပြကြ။ ဗဟုသုတတွေဖလှယ်ကြပေါ့။
ဆရာသုပြောသလိုပါပဲ။ ကိုယ့်မြန်မာရိုးရာယဉ်ကျေးမှုပွဲတော်
တွေကဖြင့် ၁၂လလုံးရှိနေပေယ့်။ ကျမအပါအဝင် ရွှေမြန်မာ
တွေလည်း သတိမေ့လျော့နေမိကြမှာအမှန်ပါ။
ထောက်ပြတဲ့အတွက်ကျေးဇူးပါရှင်။
အစ်ကိုရေ လာဖတ်သွားပါတယ်နော်...
ကျွန်တော်တို့ကတော့ ပြည်တွင်းမှာဆိုတော့ ၁၂ လရာသီပွဲတော်တိုင်း လိုက်ပြီး ပျော်ပါးနေလျှက်ပါပဲ....။ ပိုစ်ကတော့ စိတ်ထဲဝင်လာမှ တင်ဖြစ်ပါတယ်...၊ ထောက်ပြထားတာလေး မှန်ကန်ပါတယ်
-“တိုးတက်တယ်လည်းပြောရဲ့ မြို့ကြီးဖြစ်မလာဘဲ ရွာဖြစ်သွားတယ်။ ယဉ်ကျေးမှုတွေလည်း တိုးမိတိုက်မိတယ်ပြောတာကိုး။”
-“ခရစ်စမတ်ဆိုတာ ကမ္ဘာ့ပွဲကြီးလိုပါပဲ။ ဘာသာရေးပွဲဆိုပေမဲ့ အတော်လေးကို လူစိတ်ဝင်စားတဲ့ပွဲတစ်ခုပါ။ ချမ်းသာတဲ့နိုင်ငံတွေရဲ့ လူအများစု ကိုးကွယ်ရာဖြစ်နေလို့လားပဲ။”
ဆရာသုရေ… ပြောလောက်အောင်ကောင်းတဲ့ အရေးအသားတွေပါပဲ။
ကဆုန်လပြည့်(ဗုဒ္ဓနေ့) နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ (အထူးသဖြင့် ဘလော့ဂ်လောကမှာ ကျင်လည်နေကြတဲ့ နိုင်ငံခြားရောက် မြန်မာအသိုင်းအဝိုင်းတွေအပေါ်) ဆရာသုစိတ်ထဲ တစ်မျိုးလေး ခံစားနေရတာလေးကိုရော “ရိုးသားတဲ့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေ” ဆိုတဲ့ အသုံးအနှုန်းလေးကိုရော သတိထား ခံစားမိပါကြောင်း။
ဆရာသုရေ သြဇဂုဏ်မြောက်ရင်များ ပိုပြီးတော့ သြဇာသက်ရောက်မလားဗျာ နှော။ ဟဲ ဟဲ ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးပေါ့ခင်ဗျာ။
ဆရာသုရေ.. (ကိုမာရေးသျှင် ခေါ်သလို လိုက်ခေါ်တာ)
ဖတ်ရတာ ကောင်းလိုက်တာ..
နိုင်ငံခြားတိုင်းပြည်ရောက်လို့ ကိုယ့်တိုင်းပြည်က နေ့ထူးနေ့မြတ်တွေ မမေ့သင့်သလို ပိုပြီး ထိမ်းသိမ်းသင့်တဲ့အကြောင်း ကိုသုခမိန်ပြောသွားတာ သိပ်ကိုမှန်ပါတယ်။ သင်္ကြန်အကြောင်းကို မတိုင်ခင်ကြိုပြီး တက်တက်ကြွကြွ မရေးမိတဲ့အထဲမှာ ကျွန်မလည်း ပါပါတယ် (အဲဒီအချိန်တုန်းကတော့ သင်္ကြန်တွင်းရေးတာ ပိုကောင်းမယ်ဆိုတဲ့ အတွေးကြောင့်ပါ) နောင်ကို အဲလိုမဖြစ်အောင်ပဲ ဂရုစိုက်ပြုပြင်ရမယ်လို့ ကိုယ့်ကိုကိုယ်လည်း သတိပေးမိပါတယ်။ ဒီပို့စ်အတွက် အထူးကျေးဇူးတင်ပါတယ် ကိုသုခမိန်ရေ...
Post a Comment