ဟိုး ငယ်နုစဉ်တုံးက လူငယ်စိတ်နဲ့ မှန်တယ်ဆိုတာကို စိတ်ထဲ ရှိတဲ့အတိုင်း လုပ်မယ် . . . . အဲလို စိတ်တွေ ရှိခဲ့တုန်းက ပေါ့ ကျနော်တို့နှင့် သဘောထားချင်း၊ ရပ်တည်မှု့ခြင်း မကိုက်ညီသော လူကြီး တစ်ယောက်ကို ပေးဖတ်ချင်လွန်းလှ စွာ ရှာခဲ့ဘူးသော စာအုပ်လေးထဲက article တစ်ခုကို ဝေမျှ ချင်ပါတယ်ခင်ဗျာ ။ အဲဒီ စာအုပ်လေးက မုံရွေးစာအုပ်တိုက်ကထုတ်တဲ့ အမှတ်စဉ် ၆၅ မြောက် “ သိပ္ပံ ပညာရှင် မွေးမြူနည်း နှင့် အိုင်စတိုင်း” ဆိုတဲ့ စာအုပ်လေးပါ။ စရေးဆရာ ၉ ဦး ရဲ့ သိပ္ပံပညာရှင်အိုင်စတိုင်းနဲ့ ပတ်သတ်ရာစာစုလေး တွေကို စုစည်းထုတ်ဝေတဲ့ စာအုပ်လေးပေါ့။ ခုမှ စာအုပ်လေးကို ပြန်ကြည့်မိတော့ ထုတ်ဝေတဲ့ ရက်စွဲက “မတ်၊ ၂၀၀၁” တဲ့ ဆယ်စုနှစ် တစ်ခုတောင်မပြည့်တပြည့်ရှိပြီ ရော . . . .
အဲဒီတုန်းက ၂၀၀၃ ခုနှစ် လောက်ပေါ့ . . အဲဒီစာအုပ်ကို ရှာလိုက်တာ ရန်ကုန်မြို့ထဲ နှံ့ရောပဲ။ ကျနော်မှတ်မိသလောက် အဲဒီတုန်းက မြေနီကုန်း ကားဂိတ်နားက “လောကနတ်” လက်ဘက်ရည်ဆိုင်ရှေ့နားမှာ “မုံရွေး” စာအုပ်ဆိုင်လေး ရှိခဲ့သေးတယ်။ အဲဒီဆိုင် မှာလည်း မရှိ။ “စာပေလောက” တို့ မြို့ထဲက စာအုပ်ဆိုင် တော်တော်များများမှာ လည်း မရ ။
လိုချင်တော့ မရတာပြောပါတယ် ။ စာအုပ်ကို ဘယ်အချိန်ကျမှ ရသလဲဆိုတော့ ၂၀၀၅ နှစ်ဆန်းပိုင်းလောက်ကျမှ မမျှော်လင့်တဲ့ အချိန်၊ မမျှော်လင့်တဲ့ နေရာ မှာ တွေ့ပြီး ရခဲ့ပါတယ်။ ကမ္ဘာအေး ဘုရား စောင်းတန်းက ဘုရားရှိခိုးစာအုပ်တွေနဲ့ အခြားစာအုပ်တွေ ရောင်းတဲ့ ဆိုင်လေးက ရခဲ့တာ။ အဲဒီတုန်းက စာအုပ်တန်ဘိုးက မှတ်မှတ်ရရ မူရင်းတန်ဖိုးအတိုင်း ၃၅၀ ကျပ် ပဲပေးးခဲ့ရတယ် ။ အဲဒီလူကြီး ကို ပေးဖတ်ဖြစ်ခဲ့ လားလို့ မေးချင် မလားပဲ . . .
“ဟင့်အင်း” လို့ပဲ ကျနော်ဖြေရမှာပါ။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာ လူက နဲနဲလေး ပိုရင့်ကျက်လာတယ်ပြောရမလား ပဲ . . . လူနပ် ချမ်းသာ လုပ်ဖို့ အတိုက်အခံ မလုပ်ခဲ့တာတော့ မဟုတ်ပါ။ ရိုးသားစွာ ပြောရရင် ကျနော့်ထုံးစံ အတိုင်း အဲဒီအချိန်မှာ ဥပက္ခော ဆိုတာကို လက်ကိုင်ပြုစ . . .
ဒီလိုနဲ့ပဲ အဲဒီစာအုပ်လေးက ဒီနေ့အထိ ကျနော်ထံမှာ ရှိနေဆဲ . . .။
ခုတော့ ကျနော်တို့ e-journal လာ မိတ်သဟာ များကို အဲဒီစာစုလေး ဝေမျှလိုက်ပါတယ် ခင်ဗျာ ။
ဆရာ “ညိုမြ”လက်ရာ “သိပ္ပံပညာရှင် မွေးမြူနည်း” ဆိုတဲ့ article ထဲက ပါ ။
သိပ္ပံပညာရှင်ဆိုတာ ဘယ်လိုလူစားလဲ။ သူတို့ကို မွေးမြူရင် စရိတ်စက ဘယ်လောက် ကုန်သလဲ။ သူတို့ ဘာကြိုက်သလဲ ။ ဘာ မကြိုက်လဲ။ သူတို့ ထွန်းကားအောင် ပျော်ရွှင်အောင် ဘယ်လိုထားမလဲ ။
ယခုခေတ်မှာ နိုင်ငံတကာ တိုးတက်ဖွံဖြိုးရေး စီမံကိန်း အမျိုးမျိုး ရေးဆွဲကြစမြဲ မဟုတ်လား ။ ဒီတော့ ကြက် ဘဲ မွေးမြူရေး ၊ ပျားမွေးမြူရေး ၊ ပိုး မွေးမြူရေး ၊ ကုံကုမံ စိုက်ပျိုးရေး ဌာနအသီးသီး ထားရှိသလို သိပ္ပံပညာရှင် မွေးမြူရေးကိုလည်း သီးခြား ထားရှိရမှာပ ။
အိုင်စတိုင်းလို လူရိုးလူဖြောင့် သိပ္ပံဆရာကြီး မွေးမြူရေးဟာ အမှန်တော့ ကြက် ဘဲ မွေးမြူရေးထက် စရိတ်စက သက်သာကြောင်း တွေ့ရှိခဲ့ရလေပြီ။ သူ့လခက မြန်မာငွေ ၉၀၀ ပဲကျတယ် ။ သူလိုအပ်တဲ့ ခဲတံနှင့် ဗလာစာအုပ်ဖိုးကိုလည်း သူပဲ အကုန်ခံတယ်။
အဲ . . . သိပ္ပံသမားများ အသုံးအဆောင်ဖြစ်တဲ့ မှန်ပြောင်းတို့၊ ဓါတ်အိုးတို့၊ ဓါတ်ခွက်တို့ကတော့ ဈေးကြီးသဗျ။ ဒါကြောင့် သူ့မိတ်ဆွေများက ဘဏ်တိုက်မှာ သီးခြား ငွေတသောင်း ရံပုံငွေ ဖွင့်ပေးထားရတယ် ။
နောက်ဆုံးမှာ အမေရိကန် အစိုးရက အဏုမြူဗုံး ထုတ်လုပ်ရေး အတွက် ဒေါ်လာ ကုဋေ ၂၀၀ စိုက်ထုတ်ပေးခဲ့တယ် ။ ဒီအထဲက အိုင်စတိုင်း တစ်ပြားမှ အသုံးမပြုခဲ့ပါ။ ဆိုင်ရာ ဌာန အကြီးအကဲများ အသုံးဘတ်ဂျက် အတိုင်းပါပဲ။ ဒါက သိပ္ပံပညာရှင် မွေးမြူရေးနှင့် မဆိုင်ပါ။ အကုန်အကျ များတယ်ထင်ရင် သိပ္ပံဆရာကို မခိုင်းရုံပဲ ရှိတော့မပေါ့။
အိုင်စတိုင်းက ပကာသနကို အလိုမရှိ။ အဲဒီအချက်ကတော့ ပြဿနာပဲဗျ။ လူတွေက များသောအားဖြင့် ပကာသနကို မလွန်ဆန်နိုင်ကြတော့ သူ့ကို ကြိုးကိုင်အုပ်ချုပ်သူများနှင့် စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ ဘာလုပ်မလဲ။
သူ့ကို အလုပ်လွှဲအပ်ပြီးချိန်မှာ လုပ်ငန်းတာဝန်များကို သူက တော်သင့်သလို လုပ်ဆောင်သွားမယ်တဲ့။ သူ့ကိုချုပ်ချယ်တဲ့ စည်းကမ်း ဘာမျှ မထားရှိရဘူး၊ ဘယ်သူမှ ၀င်ပြီး သြဇာမပေးရဘူး၊ ဆရာမလုပ်ရဘူးတဲ့။
အဲဒီတောင်းဆိုချက်မျိုးဟာ ခွမကျလား။ ဘယ်ကမ္ဘာမှာ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် နက်နဲစွာ ပြန်လှန် စဉ်းစားကြည့်လျှင် ဒီလို နှောင်ကြိုးမဲ့ တာဝန်လွှဲအပ်နည်းကို လူ့ပြည့်မှာ မကြာခဏ ကြုံတွေ့ရပါတယ်။ မြန်မာပြည် အပါအ၀င်ပေါ့။
သာသနာရေး လောကမျာ ဘုရားခေတ်မှစပြီး ရှင်ဘုရင်များ၊ သူဌေးသူကြွယ်များက မိမိယုံကြည်ကိုးကွယ်ရာ သံဃာတော်များထံမှာ ရွှေကျောင်း ငွေကျောင်းကြီးများကို ၀တ္တကမြေယာ ကျေးကျွန်များနှင့်တကွ လှူကြသဗျ။ ဆရာတော်များအပေါ်မှာ ဒါယိကာများက ဘာ အချုပ်အချယ်မျှ မထားပါ။ ပကာသနကို အလိုမရှိတဲ့ ဆရာတော်များက အလှူဒါန ကျောင်းတော်ကြီးများကို လက်ခံပြီး သူတို့မပျော်ပိုက်ချိန်မှာတော့ ထွက်ကြတယ်။ ၀ါဆိုကျောင်း၊ ၀ါးကျောင်းမှာနေပြီး ဘာဝနာတရား အားထုတ်ကြတယ်။ အိုင်စတိုင်းကတော့ လူအချင်းချင်း ဒါကိုပဲ တောင်းဆိုခဲ့တာ မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို ရိုင်းသည်မဆိုနိုင်ပါ
ကျွန်တော်တို့ မြန်မာပြည်မှာလည်း အိုင်စတိုင်းလို ပကာသန ကင်းမဲ့စွာနှင့် ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများ မနည်းပါဘူး။ ပုဂံခေတ်က အနော်ရထာမင်း၊ ရှင်ဒိသာပါမောက္ခ၊ အင်းဝခေတ်က တောင်ဖီလာဆရာတော်၊ ဆူးတွင်းပစ် ဆရာတော်၊ ကုန်းဘောင်ခေတ်က အလောင်းမင်းတရားကြီး နှင့် ဆရာတော် ဦးဗုဓ်၊ တွင်းသင်းမင်းကြီး၊ အမတ်ကြီး ဥိးပေါ်ဦး၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ မျက်မှောက်ခေတ်မှာ လယ်တီဆရာတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဘောင်ခတ်ထားစရာ မလိုသူများပါ။ သူတို့ကို လွှတ်ထားလျင် မဟုတ်တာ လုပ်မည့် လူစားတွေလား ၊ သူတို့ဟာ အလုပ်နှင့်တာဝန်ကို သိရှိသူများမို့ အိုင်စတိုင်းလို ရွက်ဆောင်သွားတတ်သူများပါ။
သို့သော် မြန်မာတို့ အနေနှင့် ဗုဒ္ဓတပည့်တော်များဖြစ်လို့ လောကီရေးမှာ လျှော့ပေါ့တတ်ပြီး လောကုတ္တရာကို ဦးစားပေးလေ့ ရှိခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံရေးရာမှာ နောက်ကျခဲ့ခြင်းပါ။
ခေတ်သစ် အစိုးရများ အနေနှင့် လောကီနှင့် လောကုတ္တရာ မျှတတဲ့ ရာသီဥတု ဖန်တီးပေးလျှင် ကောင်းမည်ထင်ပါတယ်။ ဒါမှ သိပ္ပံပညာရှင် မွေးမြူရေးစခန်းမှာ ဥပေါက်စ အိုင်စတိုင်းလေးများ ပြေးလွှားမြူးထူးနေပုံများ မုချ မြင်တွေ့ရပါမည်။
[ စာမော်ကွန်း၊ အမှတ်(၅)၊ ဇန်န၀ါရီ၊ ၁၉၈၆]
အားလုံး အဆင်ပြေချမ်းမြေ့ကြပါစေခင်ဗျာ ။
ခင်မင်လေးစားလျက်
တာတူး
ဆုံရပ် 1st Dec 2024
2 weeks ago
3 comments:
အချိန်ရှားပါးတဲ့ကြားက ကြိုးကြိုးစားစား ဝေမျှလာတာ နည်းတဲ့ စေတနာမဟုတ်တာ မြင်သာပါတယ်ခင်မျာ။
“သူ့လခက မြန်မာငွေ ၉၀၀ ပဲကျတယ်။” ဒီကနေ့ ပေါက်ဈေးနေ့ဆို သူ့ခမျာ တစ်ဒေါ်လာတောင် မရရှာပါလား။ ၁၉၈၆ မှာ ပုံနှိပ်တဲ့ဆောင်းပါးနော်။ နှစ်ပေါင်း (၂၄) နှစ်အကြာမှာ အစတစ်ထောင် (မြန်မာငွေ ၉၀၀၀၀၀) ကတောင် ဆရာတာတူးရဲ့လစာ အစွန်းထွက်မရှိတော့ပါလား။။ တကယ့်ကို အာရှအံ့မခန်းပါလား။ စွမ်းနိုင်ကြပါပေတယ်။
အေးဗျာ။ လာ။ ကျနော် ခင်များ ကိုယ့်အရှိန်သြဇာစက်ဝန်းအတွင်းက ကိုယ်စကြရအောင်။
ပထမဦးဆုံး ကိုယ့်ဘာသာ ချုပ်နှောင်ထားတဲ့ ဘောင်တွေဖြုတ်ကြရအောင်။ ချင်းတွင်းတိုက်ထွက် ဆောင်းပါးဆိုတော့ ချင်းတွင်းတိုက်ထွက် စကားနဲ့ပြောရရင် ဖြန့်ထွက်တွေးကြရအောင်။ ဖောက်ထွက်တွေးကြရအောင်။ ပြတင်းပေါက်ကကြည့်ကြရအောင်။ ကလေးတွေလို ကစားကြရအောင်။
ဒုတိယ အဲဒီလို ရာသီဥတု ကျနော်တို့ မိသားစုအတွင်းမှာ ပြုစုကြရအောင်။
ပြီးတော့မှ တဖြည်းဖြည်းချင်း အရှိန်သြဇာစက်ဝန်းကို ချဲ့ထွင်သွားကြရအောင်....
"သိပ္ပံပညာရှင်ဆိုတာ ဘယ်လိုလူစားလဲ။ သူတို့ကို မွေးမြူရင် စရိတ်စက ဘယ်လောက် ကုန်သလဲ။ သူတို့ ဘာကြိုက်သလဲ ။ ဘာ မကြိုက်လဲ။ သူတို့ ထွန်းကားအောင် ပျော်ရွှင်အောင် ဘယ်လိုထားမလဲ ။"
တန်ဖိုး၇ှိတဲ့ အသိပညာတွေအတွက် ကျေးဇူးပါ။
မြန်မာနိုင်ငံမှာ သိပ္ပံပညာရှင်တွေ များများမွေးထုတ်နိုင်ပါစေလို့။
ကျွန်တော်က အခုမှ ဒီနေ့ မှ ဖတ်မိသည်..
သူတို့ ၏ တန်ဖိုးသည်...ပို၍ထင်ပေါ်မြဲ...
ဘောင်ခတ်ထားစရာမလိုလောက် အောင်ကို...
အလုပ်နှင့်တာဝန်ကို သိရှိသူများ...
ဥပေါက်စ လေးတွေနှင့် မျှတသည့်ရာသီ
ဥတုကို ဖန်တီးကြမည်..
စာသားတစ်ခုကို ပေးနိုင်သည့်အတွက်
ဝမ်းမြောက်စွာ ကျေးဇူးတင်လျက်...
Post a Comment