သေခြာတာကတော့ ကောင်းတာတွေ လုပ်ချင်လို့ E-Journal ကိုလာတာပါ။
အခြားက ငယ်ငယ်တည်းက ကိုးလိုးကန့်လန့်ကောင်။
ဒီလိုပါပဲ ဇလည်းရှိ၊ အတုမြင် အတတ်သင် တွေလည်းရှိတာပေါ့။
နည်းနည်း လူလတ်ပိုင်း ဖြစ်လာတော့ ကောင်းတာ၊ မကောင်းတာ နည်းနည်းမျှပြီး လုပ်ကြည့်ဖို့ စိတ်ကူးရှိ လာ တယ်။
အဲဒါကတော့ E-Journal ကို ရောက်လာရတဲ့ အကြောင်းရင်း ပါ။
အခြားက Blog တွေ နဲ့ တော်တော်ကြီး ကို စိမ်းပါသေးတယ်။
သေခြာတာကတော့ ကောင်းတာတွေ လုပ်ချင်လို့ E-Journal ကိုလာတာပါ။
E-Journal သူငယ်ချင်း များကိုလေးစားလျက် ။ ။
The other .
Saturday, July 12, 2008
To E-Journal.
ခံစား၊ ဝေမျှ၊ တင်ပြသူက အခြား at 9:40 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အခြား, အရောင်စုံ အတွေးများ . . . . .
ဝဿန်နဒီအလွမ်း
ကျနော် စာမေးပွဲအတွက် အချိန်ပေးတော့မှာမို့
သြဂတ်စ်လလယ်လောက်ထိ ပို့စ်မတင်ဖြစ်ဖို့များပါတယ်။
(နေနိုင်မယ် မထင်ပါဘူး။)း-)
ဒါကြောင့်…
ကျနော့်နှလုံးသားကပဲ့ထွက်တဲ့
နှလုံးသွေးတစ်စက်
E-Journal အတွက် ဖော်ပြလိုက်ပါတယ်။
ကျနော့်ရဲ့ တစ်သက်တာဟာခင်များတို့အတွက် တစ်လစာတော့ လုံလောက်မယ်လို့ ယုံကြည်ရင်း….
ဝဿန်နဒီအလွမ်း
မှိုင်းပြာရီညို့
မိုးရိပ်တို့သည်
ဟို့… ဟိုတစ်ခွင်
ထက်ကောင်းကင်၌
သခင်ကိုလွမ်း
ရင်မှာကျွမ်းအောင်
စွမ်းဆောင်နှိပ်စက်
သက်သက်တမင်
တိမ်ရေးငင်ပြီ။…..။
လျဉ်လျဉ်စီးမျော
မြစ်ယဉ်ကြောလည်း
ဖြူသောလှိုင်းထိပ်
တလိပ်လိပ်ဖြင့်
တိမ်ရိပ်နှင့်တူ
စစ်ရေးကူပြီ။…..။
လေယူသိမ်းရာ
ယိမ်းရှာလေသော
မြက်စိမ်းတောလည်း
သဘောထားသေး
ဖိအားပေးပြီ။…..။
တိမ်ရေးငယ်ငင်
မိုးရေးစင်လျက်
မြစ်ပြင်မြက်တော
သဘောညီတူ
ဝိုင်းဝန်းကူတော့
မလွမ်း ဘယ်သူရှိပါအံ့။…..။
လွမ်းပြီသခင်…
ကျွမ်း သည်ရင်၌
အပူမြှိုက်သော
တိမ်တိုက်မည်းညို
ပြစ်မဆိုချင်
ကိုယ်ပင်လွမ်းတတ်လေသောကြောင့်။…..။
လွမ်းတတ်သောသူ
ကျွမ်းမြေ့ပူဆဲ
တစ်မူကဲပို
တေးဟစ်ဆိုရင်း
ဟိုသည်ရှေ့နောက်
ကဆုန်ပေါက်လျက်
စနောက်ကျီစယ်
ငါ့ကိုရယ်သည်
”လှိုင်းငယ်”… သင်ရော မလွမ်းလော။……….။
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 1:42 PM 3 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Thursday, July 10, 2008
Globalization and My Village!
ကျုပ်တို့ရွာနဲ့ ဂလိုဘယ်(လ်)လိုက်ဇေးရှင်း “Globalization” ဆိုတဲ့ စကားလုံး ကို ဒီဘက်ခတ်မှာ တော်တော်လေး လူသုံးများလာတာ တွေရပါတယ်။ အဲဒီမှာ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ရဲ အကြောင်းကို ဃဃဏဏ သိလို့ သုံးနေတဲ့သူတွေလဲ ရှိသလို..တော်ရိရော်ရိ သူများသုံးလို့ လိုက်သုံးနေသူတွေက ပိုများမယ်ထင်ပါတယ်.။မင်းကော ဘယ်အထဲကလဲ လို့မေးရင်တော့ ယောင်တောင်တောင် ထဲကပါပဲ..။ဘာပဲ ဖြစ်ဖြစ် ယနေ့ ကမ္ဘာမှာ သတင်းနဲ့ နည်းပညာ ကဏ္ဍ အရမ်းတိုးတက် တော့ နေ့စဉ် အချိန်နဲ့ အမျှ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံ တွေ ကို ကမ္ဘာ့နေရာတိုင်းလိုလိုက မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းသိနိုင်တယ်လို့ ဆိုကြသမို့လား။ ဒါကြောင့်လဲ ဒီ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ဆိုတာကြီးကို တပြောတည်း ပြောနေကြတယ် လေ..။ အိုင်တီ နည်းပညာမှာတော့ hacker လို့ ခေါ်မလားမသိဘူး။ ဒီလိုပြောလိုက်တော့ ခင်ဗျားတို့ အတော်များများက ကွင်းခနဲ ကွက်ခနဲ မြင်လိုက်မယ်။ တဒေါက် ဒေါက်နဲ့ လက်သွက်တဲ့၊ သတင်းနိုက်တတ်တဲ့ ပညာရှင်တွေကို။ ကျုပ်တို့ ရွာမှာတော့ ကြက်သရေဆောင်၊ သတင်းကင်းထောက်တွေ ဘယ်လောက်ထိကောင်းလဲ သိချင်ရင်တော့ ကျုပ်တို့ မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေကိုသာ မေးပေတော့လို့ ပြောပါရစေ။ အကြောင်းကဒီလိုပါ….. မိတ်ဆွေတို့ သိတဲ့ အတိုင်း.. ကျုပ်တို့ ၇ွာက မြို့နဲ့ ကပ်လျက် ရွာဆိုတဲ့ အကြောင်းလေ..။ အဲဒီတော့ မြို့နဲ့ ပတ်သက်တဲ့ ကောင်ကျိုး၊ဆိုးကျိုးဟူသမျှလဲ ကျုပ်တို့ ရွာနဲ့ သက်ဆိုင်တယ်ပေါ့ဗျာ။ ကျုပ် မှတ်မိသလောက်တော့ ဗျာ..ကောင်းကျိုး၊ဆိုးကျိုးလို့သာ ဆိုရတယ်… ကျုပ်တို့ ရွာက ဆိုးကျိုးသာပို ခံစားရတယ်ထင်ပါတယ်။ ဥပမာဗျာ.. လုပ်အားပေးဆိုပါတော့ (ငယ်ငယ်တုံးက) မြို့ထဲက အိမ်တွေ က လူပဲ လိုက်ရတာ များတယ်၊ ကျုပ်တို့ ရွာကတော့ လူတင်မကဘူး တခါတလေ လှည်းရောနွားရောပါ လိုက်ရတာဗျ.။ ထားပါ..ဒါတွေ က။ စောစောကပြောသလို ပေါ့ ….မြို့နဲ ပတ်သက်တဲ့ မီးသတ်ရန်ပုံငွေကစ၊ ဘာကြေးညာကြေး ဆို.. ကျုပ်တို့ ရွာလဲ ပေးရတာပေါ့…။အဲဒီလိုပဲ နွေရာသီရောက်ပြီဆိုရင် မီးသတ်တပ်ဖွဲဝင်တွေ က ကျုပ်တို့ ရွာ အပါ အဝင်၊ မြို့ပေါ်က ရပ်ကွက်ပေါင်းစုံ ကို အလှည့်ကျ မီးလိုက်စစ်လေ့ ရှိပါ တယ်..။ သူတို့ စစ်တာကလဲ တခြားမဟုတ်ပါဘူး. မီးချိတ်၊ မီးကပ်၊ ရေတဘက်၊ မီးသတ်သဲနဲ့ မီးသတ်ရေ စုံမစုံပေါ့ဗျာ။ အထူးသဖြင့် မီးကြွင်းမီးကျန် ရှိမရှိပေါ့..။ အဲ.. ပစ်မှုတစ်ခုတွေ့ရင်တော့ ပစ်မှုပေါ် မူတည်ပြီး ဒါဏ်တပ် တယ်လေ..။မီးသတ်ရေ ဖြည့် မထားရင် ဘယ်လောက်..၊ မီးကြွင်း မီးကျန်ဆိုရင် ဘယ်လောက်.. အစသဖြင့် ပေါလေ။ ကျုပ်တို့ ရွာကအိမ်ထောင်စု အားလုံးက တောသူတောင်သားတွေ ဆိုတော့ …မီးချိတ်၊ မီးကပ်၊ ရေတဘက်ဆိုတာကတော့ အထူး လုပ်နေစရာ မလိုပါဘူး။ သစ်တို့ ဝါးတို့ ပေါတာကိုး။ မီးသတ်ရေအိုး ကတော့ နွားသောက်၊ ဝက်သောက်နဲ့ ဆိုတော့ ကုန်နေတာက များပါတယ်၊ မီးကြွင်းမီးကျန်ကလဲ ကျေးရွာဓလေ့ဆိုတော့ လူကြီးတွေက ရေနွေးကြမ်းက အပြတ်မခံကြဘူးလေ..။ အမြဲတမ်း မီးဖိုနဲ့ ရေနွေးအိုးဖင် ခွာရတယ် မရှိဘူး။ အဲဒီတော့ အထူးသဖြင့် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့လာပြီဆိုရင် အဓိက လုပ်ရတာက မီးသတ်ရေအိုး ရေဖြည့်ပို့ရယ်နဲ့ မီးကြွင်းမီးကျန်သတ်ဖို့ ပါပဲ။ အဲပြောရအုံးမယ်.. မီးသတ်ရေအိုးက ရေတစ်ဂါလံ ကျော်ကျော်လောက်ဆံ့မယ်ထင်တယ် ၅လုံး..၊ မီးသတ်သဲကလဲ တစ်တင်း ထန်းခေါက်လောက်တောင်း အစုပ်တစ်ခုနဲ့ ထည့် ထားရတယ်ဗျ။ ကျုပ်မှတ်မိသလောက်ပြောရရင် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့ ဒါဏ်ရိုက်ခံရတယ် ဆိုတာ ရွာထိပ်က တစ်အိမ်နှစ်အိမ်နဲ့ ရွာနောက်ပိုင်း အစွန်က တစ်အိမ်နှစ်အိမ်ပဲ ကြားဖူးတယ်။ ဒါတောင် တစ်နှစ်လုံးနေမှ တစ်ခါလောက်ပါ။ တော်တော်လေးရှားပါတယ်။ ရွာလည်က အိမ်တွေ ဆိုတာကတော့ ပြောမနေနဲ့ တော့ ..။ တစ်ခါမှ အဖမ်းမခံရဖူး ဘူးလေ။ ဘာကြောင့် လဲ မေးရင်တော့ ကျုပ်တို့ ရွာကို ဝင်ဖို့ လယ်ကွင်းလျှို လေးကို ဖြတ်ရတာ က တစ်ကြောင်း၊ ကျုပ်တို့ ရွာရဲ hackers တွေ က လဲ နေရာတိုင်းမှာ ရှိနေတာက တစ်ကြောင်းလေ။ မီးသတ်ရဲဘော်တွေ လယ်ကွင်းကို ဖြတ်နေပြီဆိုတာနဲ့ သတင်းက ကျုပ်တို့ တစ်ရွာလုံး နှံ့ နေပြီ။ အဲဒီလို အချိန်ဆို ဆော့ နေတဲ့ ကလေး အားလုံးရပ် ပြီး “မီးသတ်ဗျို့ …….မီးသတ်ဗျို့….။” ရွာထဲ က လမ်းဟူသမျှ လူစုခွဲပြီးအော် ကြတာလေ..။ တစ်မျိုးပျော်စရာတောင် ကောင်းသေးဗျ။ လူကြီးတွေ ကလဲ ချက်ချင်းပဲ မီးသတ်ရေအိုးရေဖြည့်တယ်…၊ မီးကြွင်းမီးကျန်သတ်တယ်၊ ဟော့.. မီးသတ်ရဲဘော်တွေလဲ ရွာထဲ ရောက်ရော့ အားလုံး အဆင်သင့်ပဲ ။ မီးသတ်ရဲဘော်ကြီးတွေ ကြိုက်သလောက် ခြေတိုအောင် စစ်ပေတော့ ကျုပ်တို့ ရွာမှာ ဒါဏ်တတ်ခံရတယ်ဆိုတာမရှိဘူး။ အဲဒီလောက်ကောင်းတာ သတင်းကပို့တာ ဖြန့်ဝေတာက။ အဲ တစ်ခါတစ်လေ ရွာရှေ့ပေါက်က ဝင်ရင် အဆင်မပြေလို့ ရွာနောက်ပေါက်ကဝင်ဖမ်းလဲ မထူးပါဘူး။ ထိပ်ပိုင်းက တစ်အိမ်စ နှစ်အိမ်စတော့ တစ်ခါတစ်လေ အဖမ်းခံရတတ်ပါတယ်။ ဒါကလဲ ရှားပါတယ်။ သူတို့ ကလဲ ကျုပ်တို့ ရွာအကြောင်းသိထားတော့ တစ်အိမ်နှစ်အိမ်လောက် စစ်ပြီးရင် ဆက်မစစ်တော့ ပါဘူး။ တွေ့တဲ့ အိမ်ဝင်ထိုင်ပြီး အဲ့ဒီအိမ်က တိုက်တဲ့ ရေနွေးကြမ်းလေး သောက်လိုက်၊ ကြွေးတဲ့ လက်ဖက်ကလေး စားရင်း တောင်ပြော၊ မြောက်ပြောနဲ့ ပြန်သွားရတာများပါတယ်။ အဲဒါက မီးသတ်ကိစ္စပါ..။ နောက်ရှိသေးတယ် Google Search Engine တွေမှာ သုံးတဲ့ News ဆိုတဲ့ link လိုမျိုး ကျုပ်တို့ ရွာရဲ့ ပင်တိုင်စံ ရွာဆော် ကိုစိန်အောင်ပါ။ သတင်းစုံသိချင်ရင် သူ့သာမေးပေတော့။ သူကတော့ တကယ့် အစိုးရရဲ့ အခွန်အတုတ် ကိစ္စတွေ၊ ရပ်ရွာ သာရေး၊နာရေး ကိစ္စတွေနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ဆော်သြပေးရသူလေ။ အကြောင်းတစ်စုံ တစ်ရာ ထူးတာနဲ့ သူကရွာရိုးကိုးပေါက် ခြေပေါက်အောင် လှည့်ပြီးဟစ်နေရတာမို့လား။ ပြောရအုံးမယ် ကိုစိန်အောင်က ရွာဆော်လုပ်နေလို့ သာဗျ ၊ သူ့အသံက ကောင်းမှကောင်းပဲ။ တစ်ခါတစ်လေ “ဘာဗျို့ ….ညာဗျို့…..” အော်ပြီး ပြီဆိုရင် အလင်္ကာကျော်စွာရဲ အသံနဲ့ တစ်ပုဒ်လောက် ဟဲလိုက်သေးတယ်..ဗျို့။ ကျုပ်တို့ဆို သူတစ်ခုခုအော်ပြီးတာနဲ့ ဘာသီချင်းများ ဆိုမလဲ ဆိုပြီး နားစွန့်ရတာ အမောသားပဲ။ ဒါတင်ဘယ်ကမလဲ pop-up တွေလို သတင်းအချက်အလက်တွေ မဟုတ်တာတွေရော၊ ဟုတ်တာတွေရော၊ ရောပြွန်းသပြွန်း တစ်အိမ်တက်ဆင်း လိုက်ပြီး သတင် ဖလှယ်ရေး ကို အဓိကထားလုပ်နေတဲ့ မိန်းမတွေ က ရှိသေးတယ်လေ။ ဒီကနေ့ ဘယ်သူ့အိမ်က ဘာဟင်းချက်စားတယ်……ကစ၊ ဘယ်သူကတော့ ဒီနှစ်သီးနှံတွေ ဘယ်လောက်ရတယ်တော့.. ဆိုတာထိ။ ပြောမဆုံးပေါင် တောသုံးတောင် ဆိုတာတွေလေ။ တစ်ခါတစ်လေ “ဟယ်… ရွာလယ်ခေါင်က ခင်စန်းလေး ကလေးသုံးမွှာပူးမွေးလို့ တဲ့ တော့..။ အယ်… ဟုတ်လား။ နှစ်ယောက်က ချက်ချင်းသေသွားတာတဲ့ ။ အော်…။ ကျန်တာလေးက ယောက်ျားလေးတဲ့..။ ဟုတ်သလား….ဒါဆို"မောင်ကျန်”လေးပေါ့။” နောက်တစ်ခါ… “ဟို မြောက်ချောင်(ပိုင်း) က မြင့်ဆွေ မိန်းမလေး ကိုယ်ဝန် အရင့် အမာကြီးနဲ့ ဝက်စာအိုးကျိုတာလေ အဲ့ဒီ မီးဖိုနားလေးတင် ကလေးမွေးတာတဲ့ တော့ သနားပါတယ်။ ဟယ်..။ အယ်…ဟုတ်သလား၊ ဒုက္ခပါပဲနော်..။” “ဘာလေးတဲ့လဲ..” “ယောက်ျားလေး ဆိုလား ဟဲ့” အဲ့ဒီကလေးလဲ ချက်ချင်းပဲ အရပ်က ရေတစ်ခွက် မတိုက်ရပဲ နာမည်ပါ ကင်မွန်းတပ်ပေးလိုက်တယ် လေ… “ပြာလူး” တဲ့။ မြို့တွေမှာလို နာမည်တစ်လုံးပေးပို့ အရေး ဝိထာရ ချဲ့မနေပါဘူး..။ မိဘတွေ ကလဲ အရပ်က သဘောကျလို့ ပေးထားတဲ့ နာမည် တစ်လုံး ကြေကြေနပ်နပ်ပါပဲ..။ ဘယ်လောက် မြန်လဲ ကျုပ်တို့ ရွာက သတင်းကဏ္ဍမှာ..။ ဟော….. အခုဆိုရင် “ပြာလူး” တို့ ဆိုတာ ကျုပ်တို့ရွာရဲ့ ကြက်သရေဆောင် hacker တောင်ဖြစ်နေပြီလေ..။ ကျုပ်တို့ ရွာမှာ သဘောကျတာ တစ်ခု ရှိသေးတယ်၊ ရွာထဲ ကို သူခိုးဝင်တယ်ဆိုပါတော့..။ တစ်ရွာလုံး ရှိရှိသမျှလူ အကုန်ထွက်ပြီး လိုက်တာပဲ။ များသောအားဖြင့် မိတာပါပဲ။ မြို့တွေ မှာလို ကိုယ်ပစ္စည်းကို ဖင်ခုထိုင်ပြီး ကျီးကြည့် ကြောင်ကြည့် လုပ်မနေပါဘူး။ အဲ သူခိုးမိပြီဆိုရင်လဲ ကျုပ်တို့ရွာက ဘယ်တော့ မှ သူခိုးကို ရဲစခန်း မအပ်ဘူး။ နောက်တစ်ခါ ကျုပ်တို့ ရွာထဲ မလာရဲအောင် ကောင်းကောင်းဆုံးမ လွတ်တာပဲ။ ရွာထဲ ရှိရှိသမျှ လူငယ်ဟူသမျှကို… ပညာလဲပေးရင်း၊ ဝင်ပြီးရိုက် ခိုင်းတာလေ။ လူငယ်တွေကိုလဲ လူကြီးတွေက ခိုးစားတဲ့ “သူခိုး” ဆိုတာ ဒီလိုပဲ လို့ ခေါ်ပြတာလေ။ အခုနောက်ပိုင်းဆိုရင် ကျုပ်တို့ရွာကို သူခိုး ခိုးသံမကြားရသလောက်ပါပဲ..။ ကဲ ဘယ်လိုလဲ ကမ္ဘာရွာကြီးရေ.. ကျုပ်တို့ရွာကတော့ အဲ့ဒီလိုရပ်တည်လာတာ နှစ်တွေတောင်ဆွေးနေပြီ….။ ခင်များရော… ဘယ်လို ရှေ့ဆက်မလဲ ဆိုတာတော့ …..။ စာရှုသူအပေါင်းကို…… ပြာလူးတို့ ရွာက သတင်းနဲ့နည်းပညာတွေ လေ့လာရအောင် ဖိတ်ခေါ်ပါတယ်ဗျာ..။ ကြုံရင်ဝင်ခဲ့ကြပါအုံး။ စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။ အိမ်လွမ်းသူ (မှန်နီကုန်း)
ခံစား၊ ဝေမျှ၊ တင်ပြသူက အိမ်လွမ်းသူ(မှန်နီကုန်း) at 8:36 PM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အိမ်လွမ်းသူ (မှန်နီကုန်း), အရောင်စုံ အတွေးများ . . . . .
Tuesday, July 8, 2008
အဖေနဲ့ ကျနော်
ငါသေသွားလည်း
ဇနီးမယား သမီးသားတို့
ခရီးဆက်ရန်မပူပန်ပြီ။
ရှုံးရှုံးနိုင်နိုင်
ယိုင်ယိုင်လဲလဲ
ခိုင်ခိုင်မြဲမြဲ
ရင်ဆိုင်ရဲတဲ့
ယှဉ်ပြိုင်ရဲတဲ့
စိတ်ဓာတ်အမွေ
သတ္တိတွေကို
ပေးခဲ့ချေပြီ
ဒီအနေမှာ
ငါသေချင်လည်း သေပါစေ။
အမွေအစစ်ရယူစေ။……….။
ကျနော့်အမေရေုးခဲ့တဲ့ ”အမွေ” ဆိုတဲ့ ကဗျာလေးရဲ့ တစ်ပိုင်းတစ်စပါ။ ကျနော့်ရင်ထဲမှာ အလွတ်ရနေတာပါ။ အဲဒီကဗျာလေးနဲ့ အတူ အဖေနေ့(ဇွန်လ ၁၅ ရက်၊ ၂၀၀၈)မှာ Dr. Tian Dayton ရဲ့ The Quiet Voice of Soul စာအုပ်ထဲက From Father to Self ကိုဖတ်ပြီး ပြန်ချရေးထားတဲ့ တစ်ပိုင်းတစ်စကို တင်ပြလိုက်ပါတယ်။
ကျနော့်ရဲ့စိတ်အတွင်းပိုင်းထဲ နက်ရှိုင်းစွာ ၀င်လို့ရတဲ့ တစ်နေရာ ကျနော့်မှာရှိပါတယ်။
ဟိုး.. ကလေးဘ၀အိမ်ကလေးရဲ့ လသာဆောင်မှာ အဖေနဲ့အတူ ထိုင်ခဲ့ကြတယ်။ အဲဒီနေရာလေးမှာပဲ ကျနော်ဟာ ချစ်ခြင်းမေတ္တာဆိုတာကို ပထမဦးဆုံးအကြိမ် တိတိပပ မိမိရရ သိခဲ့ရတာပါ။ကျနော်က အဲဒီနေရာကလေးကို နေ့တိုင်း၊နေ့တိုင်း သွားရောက်ခဲ့သလို အဖေကလည်း အဲဒီမှာ မပျက်မကွက် ရှိနေလျက်ပါပဲ။
အဖေက ကျနော့်ကို အရုဏ်ဦးနဲ့ အထူးမိတ်ဆက်ပေးခဲ့တာဟာ အဲဒီနေရာလေးမှာပါပဲ။ ကျနော်တို့ဟာ မနက်ခင်းတိုင်းမှာ အရုဏ်ဦးကို ခရီးဦးကြိုပြုဖို့ လိမ္မော်ရည်တစ်ခွက်နဲ့ လသာဆောင်ဘက် ထွက်ထွက်ထိုင်ခဲ့ကြတယ်။ အဖေလိမ္မော်ရည်ညှစ်နေတဲ့အခါတိုင်း ချစ်ခြင်းမေတ္တာတရားနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အဖေရဲ့လက်များမှာ မှော်ဝင်စားနေတယ်လို့ ကျနော်ခံစားခဲ့ရတယ်။
အဖေရဲ့ တွယ်တာမြတ်နိုး တန်ဖိုးထားမှုကို ကျနော်ခံစားခဲ့ရတယ်။ အပြင်းပြေလမ်းလျှောက်ထွက်တဲ့ အခါတိုင်း အဖေက ကျနော့်ကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဖေ့ရဲ့ ငယ်စဉ်ဘ၀ တစ်ထောင့်တစ်ညတွေကို ပြောပြတယ်။ အဖေက ကျနော့်စိတ်ထဲမှာ ဖြစ်ရှိနေတဲ့အရာတွေကို စိတ်ဝင်တစားရှိခဲ့တယ်။ ကျနော့်ရဲ့ အတွင်းပိုင်းအကျဆုံး အတ္တတွေကို ဖွင့်ငှဖို့ သင်ကြားပေးခဲ့တယ်။ ကျနော့်မျက်နှာမှာ ၀မ်းနည်းရိပ်တွေ တွေ့တဲ့အခါ ဘာမှားယွင်းနေသလဲ တစ်မေးတည်းမေးနေတတ်တယ်။ အဖေက ကျနော့်ကိုယ်ကျနော် တန်ဖိုးရှိတယ်လို့ ခံစားရစေခဲ့တယ်။
အဖေဟာ ကျနော်စိတ်ပျက်အားလျော့တဲ့အခါ ကျနော့်အတွက် စိတ်ပူပြီး၊ ကျနော်ပျော်ရွှင်တဲ့အခါ ကျနော်နဲ့အတူ ပျော်ပွဲဆင်ခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ ဘယ်လိုခံစားရတဲ့အရာမျိုးလဲဆိုတာ အဖေက ကျနော့်ကို သင်ပေးခဲ့တာပါ။ အဲဒီရင်တွင်းဖြစ်ခံစားသိနဲ့ပဲ ကျနော့်ဘ၀ကြင်ဖော်ကို ရွေးချယ်ခဲ့တာပါ။ အဖေ့ဆီက ရခဲ့ဖူးတဲ့ ခံစားချက်မျိုး တစ်ခါထပ်တွေ့ကြုံလိုက်ရတဲ့အခါ … ဒီလူဟာ ငါ့ဘ၀တစ်လျောက်လုံး အတူတူကုန်ဆုံးချင်တဲ့သူပဲဆိုတာ အနက်ရှိုင်းဆုံး သိလိုက်ရပါတယ်။ ကျနော်တို့ဟာ အဲဒီနည်းနဲ့ ချစ်ခြင်းကို သင်ယူခဲ့ကြပြီး၊ အဲဒီနည်းနဲ့ပဲ ချစ်ခြင်းကို ပြန်လည်သင်ကြားပေးနေကြတာပါ။
မိဘဆိုတာ အပြောနဲ့မဟုတ် အလုပ်နဲ့ သင်ကြားပြသသူတွေပါ။စံပြုပြခြင်းဆိုတာ မိဘက သားသမီးဆီ လက်ဆင့်ကမ်းပေးတဲ့သင်ယူခြင်းမှာ အမြော်အမြင်အကြီးမားဆုံးသောအဆင့်ဖြစ်ပါတယ်။ ”လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ” သူ့ကိုယ်သူချစ်တဲ့၊ ဇနီးမယားသမီးသားတွေကို ချစ်တဲ့ ဖခင်တစ်ယောက်ဟာ သူ့သားကို ဖအေတူသားဖြစ်ဖို့ အသံတိတ်သင်ကြားပေးပါလိမ့်မယ်။ သမီးကိုချစ်တတ်တဲ့အဖေဟာ သူ့သမီးကို ယောကျာင်္းကောင်းတစ်ယောက်ရဲ့ ချစ်မြတ်လေးစားခြင်းနဲ့ ထိုက်တန်အောင် အလိုလိုသင်ကြားပေးပြီးသားပါ။
ကလေးရဲ့ရင်ထဲမှာ တစ်စိတ်တစ်ပိုင်းအမြစ်တွယ်နေတဲ့ အဖေရဲ့ပုံရိပ်ဟာ သူလူလားမြောက်တဲ့အထိ ပါသွားပါတယ်။ ကလေးတစ်ယောက်ရဲ့ အဇ္ဈတ္တမှာ အဖေကိုဘယ်လိုနေရာချမလဲ ဆိုတာ အလွန်အရာရောက်တာကြောင့် မိသားစုဘ၀မှာ အဖေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 7:25 PM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .
Monday, July 7, 2008
Me and My friend's Dialog
ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်ရဲ့ ဆွေးနွေးခန်း
တနေ့တုန်းက မြန်မာတွေရဲ့ အလှူနဲ့ပက်သက်ပြီး ပိုစ့်တစ်ခုတင်လိုက်တယ်။ နောက်ပြီးမှ ပိုစ့်က ဘာသာရေးတွေပါနေတော့ ဇာတ်ရှုပ်မှာ ဆိုးလာတယ်။ ဒါနဲ့ သူငယ်ချင်းတယောက်ကို အဲဒီပိုစ့်အကြောင်း ဆွေးနွေးလိုက်တာ။ သူငယ်ချင်းက စကားတွေပြောသွားလိုက်တာ နည်းမှ မနည်းပဲ။ နောက်ပြီး သူနဲ့ပြောလိုက်ရတာက ဗဟုသုတတွေလည်း ရသင့်သလောက်ရလိုက်တယ်။ ဒါနဲ့ G-talk မှာ ပြောထားတာတွေကို ဘလော့ဂ်မှာ တင်မယ်ဆိုတော့ လုပ်လေတဲ့ ရပါတယ်တဲ့။ ဒါနဲ့ပဲ သူငယ်ချင်းနဲ့ ပြောထားတာတွေကို ဖတ်ကောင်းအောင် (အပိုတွေ ကိုယ်ရေးကိုယ်တာတွေ ဖြုတ်ပြီး) နည်းနည်း ပြုပြင်ပြီး တင်ပေးလိုက်တယ်။ တစ်ခုတော့ရှိတယ်။ စာတွေက အရမ်းရှည်နေလိမ့်မယ်။ ဖတ်ရတာ မပျင်းပါနဲ့၊ ကျွန်တော်တို့ ဘာတွေပြောဖြစ်လည်း သိရတာပေါ့။ နည်းနည်းလေး တွေးစရာ ရသွားတယ်ဆိုရင်ကို စာတွေအများကြီး သေချာပြန်စစ်၊ ပြန်စီရကျိုး နပ်ပါတယ်။ ကဲ.. ဖတ်ကြည့်ပါအုံး။
frd: မောင် ## ရေ
ရှိလားဗျာ့
me: hote
frd: မေးမလို့
me: မေး
frd: နာမည်ကြီးကျောင်းတိုက်တွေမှာ အများဆုံးသိသလောက်ပေါ့ တနှစ်ကို ကထိန်ဘယ် နှစ်ကြိမ်ခင်းလဲ။
me: အာ။ ကထိန်ဆိုတာ တနှစ်တကြိမ်လေ ဟုတ်ဘူးလား။
frd: ဟုတ်တယ် ဒါပေမယ့် မောင် ##ေ၇းထားတာ အကြိမ်ကြိမ်များရနေလားလို့။
me: မှားနေလား။
frd: မှားပါဘူး။ သင်္ကန်းတွေ အထပ်လိုက်ဆိုတော့ အကြိမ်ကြိမ်များ ခင်းနေတဲ့ အဓိပ္ပာယ်လားပေါ့။ အဲဒါကြောင့်မေးတာ။
me: ဒီလိုပြောချင်တာပါ သူတို့တွေက ပြည့်စုံတယ် မလိုပဲ အလှူကရနေတော့ သိမ်းနေရတာ
frd: ပေါက်ပါတယ်။
me: အဲလိုမျိုး။
frd: မောင် ## ပြောထားတာကောင်းပါတယ်။
me: ဟာ မကောင်းဘူးကစဗျ အချင်းချင်းကို ပြောပေးမှ။
frd: မောင် ## သဘောပေါက်မှားနေလားလို့ မေးလိုက်တာ အလှူခံ ပုဂ္ဂိုလ်က မြတ်ရင် မြတ်သလို ဒါန ရဲ့ အကျိုးကျေးဇူးက ပိုကြီးတယ်ဆိုတာကို ဘယ်လိုသဘောရလဲ။ လက်မခံချင်အောင်ဖြစ်နေလား။ ဘယ်လိုမြင်လဲ။
me: မှန်တယ်။ ဒါပေမဲ့ အဓိက က စိတ်ဗျ။ ထင်တာပဲ လှူတဲ့သူရဲ့စိတ်။
frd: စေတနာလို့ပြောရင်လည်းရမယ်ထင်တယ်။
me: အင်းအင်း၊ အဲဒါ။
frd: အဲဒါကို ကျွန်တော်နားလည်သလိုရှင်းမယ်နော်။ အားရင်နားထောင်ဦး ကွန်မန့်ရေးရင် အရမ်းရှည်မယ်။
me: ရေးဗျ။ သူများတွေလည်း ဖတ်ရတယ်။
frd: ဘုရားက အလှူခံ ပုဂ္ဂိုလ်က မြင့်မြတ်လေ အလှူရဲ့ တန်ဖိုးက ကြီးလေးဆိုတာကို ဟောရတဲ့ အကြောင်းက သဘာဝ တရားဖြစ်စဉ်သက်သက်ကို ပြောခဲ့တာဖြစ်လိမ္မယ်။
သူ့တပည့်သား သံဃာတွေကို မြင့်မြင့်မြတ်မြတ် နေတတ်အောင်ပြောခဲ့တာဖြစ်လိမ္မယ်။
အလှူခံပုဂ္ဂိုလ်ဆိုတာကို လယ်ယာမြေ အလှူပြုခြင်းကို ဒါနမျိုးစေ့ချခြင်း အဲလိုပြောတာကိုဗျာ့
လယ်ယာမြေက ကောင်းလေ အကျိုးကျေးဇူးက ကြီးလေပေါ့။
me: အော်၊ နားလည်ပြီ။
frd: အဲဒီတစ်ချက်တည်းကိုကြည့်ပြီး အလှူပြုပုဂ္ဂိုလ်က လိုလို မလိုလို မြင့်မြတ်တဲ့နေရာပဲလှူမယ်ဆိုပြီး အဲဒီတရားတော်ရှူထောင့်တစ်ခုတည်းနဲ့တော့ အလှူခံပဂ္ဂိုလ်မရွေးသင့်ဘူးပေါ့။
me: အင်း ဒါပေမဲ့ ဒီလိုတွေများနေသလားလို့။
frd: အဲလိုဆိုရင်တော့ေ၇များရာမိုးရွာဖြစ်မှာပေါ့။ ဟုတ်တယ်။ အဲဒါဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လှူတဲ့ ဒါနရဲ့ အကျိုးကို ကြီးကြီးမားမားလိုချင်တာကိုး။ လိုချင်တယ်ဆိုကတည်းက
လှူတုန်းက လောဘဦးဆောင်နေတယ်။
me: ကျွန်တော် အဲဒါတွေကိုပြောချင်တာဗျ။ မြန်မာတွေ အဲလိုများနေတယ်။ ဟုတ်ဘူးလား။
အဲလို မခံစားမိဘူးလား။
frd: ကိုယ်လှူလိုက်တဲ့ ဒါနရဲ့ အကျိုးကို ကြီးကြီးမားမားရချင်တယ်၊ ခံစားချင်တယ်။
အဲဒါကြောင့် အဲဒီနေရာတွေကို လှူကြတာ။ အဲလိုလှူတယ်ဆိုမှတော့ သူ့အတွက်ဆိုတဲ့ စေတနာ ကဦးမဆောင်ဘူး။ ကိုယ်ရချင်တယ်ဆိုတဲ့ လောဘကဦးဆောင်နေတယ်။
me: ဒါဆိုမေးအုန်းမယ်
frd: ဟုတ် မေးမောင် ##
me: ဗုဒ္ဓဘာသာဝင်တစ်ယောက်က နိဗာန်ကို လိုချင်တယ်ဆိုတာ။ လိုချင်တယ်လို့ သုံးတယ်နော်။
frd: ဟုတ်။
me: စွဲလမ်းမှု၊ တက်မက်မှုလား။
frd: အဲဒါကိုလောဘ ခေါင်စဉ်တပ်မလို့လား။ မဟုတ်ဘူး။
me: မရှင်းလို့မေးတာ။ ပြောအုံး။
frd: အဲဒါက နိဗ္ဗာန်ချမ်းသာကို ရှင်းရခက်သလိုပဲ၊ အဲဒီအပိုင်းကလည်းခက်တယ်။ နိဗ္ဗာန်ချမ်းသာကို ခံစားချင်တယ်။ အဲလိုသုံးတာကိုး။ တကယ်တော့ နိဗ္ဗာန်ချမ်းသာဆိုတာကိုးက ခံစားခြင်းချမ်းသာမျိုးမဟုတ်ဘူး။ ငြိမ်းအေးခြင်းချမ်းသာတဲ့။
ဒါပေမယ့် ဘာသာစကားမှာ အဲဒီကောင်အတွက်၊ သင့်တော်တဲ့ စကားက မရှိတော့ မြင်သာအောင် နိဗ္ဗာန်ချမ်းသာခံစားတယ်လို့ပြောတာ။ အဲဒီချမ်းသာကို လိုချင်တာလဲ အဲလိုပဲ။ တကယ်တရားနားလည်လို့ လိုချင်တယ်ဆိုတာက၊ လောဘကနေကင်းတဲ့ လိုချင်မှုမျိုး။
me: ဒီလိုများဖြစ်မလား။ စိတ်ချမ်းသာတဲ့ လမ်းကို (ရှုခင်းကောင်းတဲ့လမ်းလိုမျိုးကို) လျှောက်မိတော့၊ စိတ်က အလိုလို တက်မက်မှုဆိုတာမပါပဲ၊ ကြည်နူးမှုနဲ့ ဆက်လျှောက်သလို။ နိဗာန်ကို ဆက်သွားရမှာ။ ဒီလိုလား။ စိတ်ရဲ့ အကြည်ဓါတ်လို့ သုံးကြတယ်။
frd: ဟုတ်မယ်ထင်တယ်။ ကောင်းကောင်းနားလည်အောင်တော့ ကိုယ်တိုင်ကျင့်မှသိမယ်ထင်တယ်။ တပ်မက်မှုဆိုတာရှိနေရင်တော့ နိဗ္ဗာန်က မရနိုင်ဘူးတဲ့။
အဲဒီအသုံးတွေက လက်တွေ့လုပ်မှ သိနိုင်တာတွေဖြစ်မယ်လို့ထင်တယ်။
me: ပုံမှန်အားဖြင့်တော့ နိဗာန်ဆိုတာကို လူတွေက၊ တက်မက်နေကြသလားလို့။ ဥပမာကိုပြောအုံး။
frd: ဥပမာပေးတာတွေတွေ့ဖူးတယ်မဟုတ်လား။တရားမသိတပ်မက်တာပေါ့။
ယောက်ျားယူတာ ဘယ်လိုခံစားရလဲမေးတဲ့ ညီအမ ၂ ယောက်ဥပမာလေ။ အရသာကို သူကောင်းကောင်းသိတယ်။ ဒါပေမယ့် ညီမဖြစ်သူကို စကားလုံးတွေနဲ့ ရှင်းမပြတတ်ဘူး။
အဲလိုပေါ့။ ဒါဆို မောင် ## က ပိုနီးစပ်သွားပြီ။ ဟီး…
me: ဟားဟား။ အင်း ထားတော့။ သားပိုစ့်ကို ပြောအုံး။
frd: ပြောနေတယ်။ စောစောက စေတနာကိစ္စနဲနဲလေးပြောဦးမယ်။ ငါ့ဒါနက ငါ့ကို၊ ကောင်းကျိုးများများပေးပါစေဆိုတဲ့ ဆန္ဒနဲ့ပဲ လှူရင် အဲဒါ စေတနာ ဦးစီးတာမဟုတ်တော့ဘူး။
လောဘဦးစီးတာ။ အဲဒီတော့လည်း လယ်ယာမြေက ဘယ်လောက်ကောင်းကောင်း
ပျိုးချစဉ်က ဖြစ်ကရက်ဆန်းဆိုရင် အကျိုးကျေးဇူးကမကြီးနိုင်ဘူးပေါ့။
me: အင်း
frd: ရေများရာ မိုးရွာတဲ့စနစ်ကတော့ အဲလို လောဘဦးစီးတာတွေဖြစ်လိမ္မယ်။ ငါ့အလှူပစ္စည်းလေးရလို့ သူတို့ပြည့်စုံပါစေ၊ သူတို့ချမ်းသာပါစေ အဲဒီလိုစိတ်က ထားလို့မှ မရတော့တာကိုး။ ရေများရာမိုးရွာမှတော့ ကိုယ့်ပစ္စည်းက လျှံကျဖို့ပဲရှိတော့တယ်လေ။
me: အေးဗျ။ မြန်မာတွေအလှူကို ပြန်ဆန်းစစ်စေချင်တယ်။ ခဏ၊ ပြောအုံးမယ်။ ဈေးတွေ၊ လမ်းတွေမှာ သင်္ကန်းဝတ်နဲ့ အလှူငွေ တောင်းခံရဘူးလား။ သပိတ်ပါဘူးနော်။
frd: ငွေကြေးအလှူခံတာကိုပြောတာလား။
me: အင်း
frd: ဘုရားပညတ်ထားတဲ့ ၀ိနည်းတော်အရ ငွေကြေးက လုံးဝ မကိုင်ဆောင်ရဘူး။ မစီမံရဘူး။
အဲဒါ အာပတ်သင့်တယ်။ ဒါပေမယ့် ဖြေလို့ရတယ်။ အရမ်းကြီးလေးတဲ့ အပြစ်တော့မဟုတ်ဘူး။
me: သင်္ကန်းကိုကြည့်ပြီး ငြင်းရလည်းခက်။ ဘယ်လိုမှလည်း ခံစားလို့မရဗျာ။
frd: သူတောင်းစားလို့ ပြောလိုက်ရလည်း အခက်၊ သံဃာလို အရိုသေပေးရလည်းအခက်။
me: မပြောရက်တော့ဘူးလေ။
frd: လက္ဖက်ရည်ဆိုင်တွေမှာပိုဆိုးသေးတယ်။ လှူတဲ့သူတွေကလည်း ရိုရိုသေသေ မရှိကြတော့ဘူး။
me: ဟုတ်ပ
frd: အဲဒါတွေက ပြောရရင် ##ရေးတွေပါ ပါလာလိမ္မယ်။ တကယ်တော့ ##ရ က အသုံးမကျတာ။
me: ရပြီလေ ##ရေးပါဘူး။ ဒါတွေကတော့ အပျက်ကိုပြောတာပါ။
frd: သာသနာရေးဝန်ကြီးဌာနဆိုတာကြီးက သာသနာအားလုံးရဲ့ ၀ိနည်းတွေကို လေ့လာရမယ်။ သာသနာ့ဝန်ထမ်းအားလုံးကို ၀ိနည်းတော်နဲ့ အညီ သီတင်းသုံးနိုင်အောင် ကူညီရမယ်။ ဘာသာတရားအားလုံးအတွက်ပါ။ လုပ်ပေးသင့်တယ်။ ဗုဒ္ဓဘာသာကတော့ ပိုအေ၇းကြီးတာပေါ့။ ဗုဒ္ဓဘာသာက ပိုအရေးကြီးတယ်ဆိုတာ ကိုယ့်ဘာသာကို အထူး အရေးပေးစေချင်လို့မဟုတ်ဘူး။ ဗုဒ္ဓဘာသာသံဃာတွေက ဘုရားဝိနည်းအတိုင်းနေနိုင်ဖို့
ပတ်ဝန်းကျင်းကောင်းကောင်းအရမ်းအရေးကြီးတယ်။ ကိုယ့်စီးပွားကိုယ်မရှာရဘူး။ ငွေကြေး စီမံခန့်ခွဲမလုပ်ရဘူး။ ကိုယ့်ကျောင်းကိုမဆောက်ရဘူး။ တော်တော်များတယ်။
me: အင်း။ ဒါနဲ့ စကားမစပ် ကျွန်တော့်ပိုစ့်မှာ ဘာကိုအဓိက ဖမ်းမိလည်း။
frd:ေ၇များရာမိုးရွာမနေကြဖို့၊ လိုအပ်တဲ့နေရာတွေလှူကြဖို့၊ လူမှုရေးလုပ်ငန်းလေးတွေလုပ်ကြဖို့၊ လဘ်နည်းတဲ့ကျောင်းတွေကိုလည်း ပညာမတတ်တဲ့သူတွေ သီတင်းသုံးနေပစေဦး၊
သီလမရှိသူတွေ သီတင်းသုံးနေပစေဦး၊သမာဓိအလုပ်အားမထုတ်သူတွေ သီတင်းသုံးနေပါစေဦး လှူကြဖို့။ အဲလိုတွေလား။
me: အင်း နောက်တစ်ခုရှိသေးသဗျ။ ဘုရား။ ဘုရားနဲ့ လှူနေလိုက်တာ လူမှုရေး အလှူကျ အားနည်းနေရော။ ဟုတ်ဘူးလား။
frd: ဟုတ်ပါတယ်။
me: အဲဒါရော
frd: မောင် ## ပြောတာထောက်ခံပါတယ်။ လူအများစုက မျက်စေ့နား မပွင့်ကြဘူး။ အဲလိုပဲမြင်တယ်။ တချို့က ဘယ်တွေမှာလိုနေမှန်းကို မသိကြတာ။
me: သဘောက ဘိုးဘွားရိပ်သာကို လှူတယ်ဗျာ။ သာသနာအတွက်ဟုတ်ဘူး။ သာသနာအတွက် လှူတာနဲ့ဘာကွာမလည်း။
frd: ကွာတာတော့ ကွာတာပေါ့ဗျာ။ သာသနာတွက်လှူတော့ သာသနာတွက်ဖြစ်တာပေါ့။
ဒါပေမယ့် မလိုတာတွေတော့ မလုပ်နဲ့ပေါ့။ သာသနာတွက်လုပ်မှ ဒါနမှ မဟုတ်တာ။ ကျန်တာတွေလည်း ဒါနပါပဲ။ နိမ့်တဲ့သူကိုစွန့်မယ်၊ တန်းတူလူကို ပေးမယ်၊ မြင့်တဲ့သူကို လှူမယ်။ အားလုံးဒါနပေါ့။
me: ကိုယ့်အတွက်ဖြစ်လာမဲ့ ကုသိုလ် အကျိုးဆက်ခြင်းတူနိုင်ပါ့မလား။
frd: အဲဒါဆိုနေဦး။ တစ်ခုမေးမယ်။ မေးတာကို နောက်တော့ဖြေမယ်။ ဆွမ်းလှူကျိုးငါးပါက
အလှူခံပုဂ္ဂိုလ်ရတာလား၊ အလှူပေးပဂ္ဂိုယ်ရတာလား။
me: ဟုတ်ဘူး။ လှူတဲ့သူရတာ။
frd: အဲဒီကစမှားပြီ။ အဲဒါကြောင့် မောင် ## က အထက်က မေးခွန်းကိုမေးနေတာ။ အဲဒီသဘောကို ပေါက်ရင် အထက်ကဟာမမေးတော့ဘူး။
me: အင်း။ ရှင်းအုံး။
frd: အသက်ရှည်ခြင်းဗျာ။ ထမင်းစားမှ အသက်ရှည်မှာပေါ့။ ခွန်အားကြီးခြင်းဗျာ။ အာဟာရရမှ ခွန်အားဖြစ်မှာပေါ့။ အဲဒါဆိုငါးခုက စားလိုက်တဲ့ အလှူခံပုဂ္ဂိုလ်ကရသွားတာပေါ့။
me: ဟုတ်ပြီ။
frd: ငါလှူလိုက်တဲ့ ပစ္စည်းကြောင့် သူ့မှာ အဲဒီလို ချမ်းသာပါစေဆိုတဲ့ စေတနာလေး လှူတဲ့သူမှာရှိရတယ်။ အဲဒီစေတနာက ကိုယ့်ကို အကျိုးပြန်ပေးတာ။
me: ရေအကျိုးဆယ်ပါးလည်း ဒီသဘောပေါ့။
frd: အတူတူပဲပေါ့ဗျာ့။ ကိုယ်လှူလိုက်တဲ့ ပစ္စည်းအတွက် ကိုယ်က သူ့အပေါ်စေတနာထားပေးလိုက်လို့ အဲဒီစေတနာ အကျိုးပေးခါမှကိုယ်ကရမှာ။ ပထမရတာက အလှူခံပုဂ္ဂိုလ်။ ၅ ခုတို့ ၁၀ ခုတို့ဆိုတာ။
me: ဟာဒါဆိုမှားနေပြီ။ ကျွန်တော်တင်မဟုတ်ဘူး။ အတော်မျာများမှားနေပြီ။
frd: ကိုယ်က စေတနာထားတတ်အောင် ပြထားတာ။ အဲဒီကနေတခြားဟာတွေ စေတနာထားရင်လည်း တခြားအကျိုးတွေပေးဦးမှာပဲ။ ငါ့မှာ အဲဒီအကျိုးကျေးဇူးတွေရပါစေ လို့ ငွေတိုးပေးသလိုစိတ်မျိုးနဲ့လှူရင် ဘယ်မှာလှူလှူ အကျိုးက ကြီးမှာမဟုတ်ဘူး။ သူတို့လေးတွေ ပြည့်စုံပါစေလို့ စေတနာထားတတ်ရင် ဘယ်မှာလှူလှူ ကိုယ့်စေတနာက အကျိုးပေးမှာပဲ။ ပေးတာပေါ့။ ကိုယ်ကသူတို့ကို ပြည့်စုံစေချင်တာကိုး။ သူတို့ပြည့်စုံစေချင်တယ် ဆိုကတည်းက စေတနာပဲပေါ့။ အကျိုးပေးတော့ မှာပေါ့။
me: အော် အော်။ အဲဒီတော့ အလှူမှာ သာသနာနဲ့ မဆိုင်တဲ့ လူမှုရေးအလှူဟာလည်း အကျိုးပေးနိုင်တယ်ပေါ့။ သိကြားဖြစ်သွားတဲ့ ဦးမာဃတောင် လူ့ဘဝမှာ လမ်းတွေတံတားတွေ လှူလို့ဆို။ ဟုတ်လား။ နောက်ဆုံးဘဝဖြစ်ရင် ဖြစ်မှာပေါ့။
frd: မာဃ ၀တ္ထုထဲမှာတော့ အဲလိုပဲဖတ်ရတယ်။ ဦးမာဃကို ဘာဖြစ်လို့ နောက်ဆုံးဘ၀ ဖြစ်နိုင်တယ်လို့ပြောတာလဲ။
me: အော်၊ ဒီလိုပါ။ တစ်ဘဝတည်းနဲ့တော့ သိကြားဖြစ်မှာဟုတ်ဘူးလေ။ တခြား ကုသိုလ်တွေလည်း ပါအုံးမယ်ထင်လို့။
frd: မာဃ၀တ္ထုဖတ်ကြည့်ပါ။ ဦးရွှေအောင်ရေးတာတစ်ခုဖတ်ဖူးတယ်။ ကောင်းပါတယ်။ သူက အများကောင်းကျိုးတွေလုပ်တာ။ လူမှုရေးလုပ်ငန်းတွေပဲ။ အဲဒီဘ၀တစ်ခုတည်းတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ ဘ၀ အဆက်ဆက်က အဲဒီကုသိုလ်မျိုးတွေမှာ ၀ါသနာ အထုံ ပါလာတာဖြစ်မှာပေါ့။ ကို ##သူလိုပဲ၊ လူမှုရေးတွေလုပ်လို့ အဖမ်းင်္ဆီးတွေလည်းခံလိုက်၇သေးတယ်။
me: အင်း။ ဟားဟား။ အဲဒါတွေပါဘူးဆို။
frd: ဘ၀အဆက်ဆက်က အထုံဝါသနာ ပါလာတဲ့ အလုပ်ကို ဒီဘ၀မှာ ထိထိရောက်ေ၇ာက် လုပ်နိုင်လိုက်တာဖြစ်မှာပေါ့။ ဒါပေမယ့် သိကြားဖြစ်ဖို့က အခက်ကြီးတော့ မဟုတ်လောက်ပါဘူး။ နိဗ္ဗာန်ရောက်ချင်ရင်တောင် ခုဘ၀မှာတင်ဖြစ်နိုင်ပါတယ်လို့ ဆရာတော်ကြီးတွေအာမခံထားသေးတာပဲ။ ဟုတ်ဘူးလား။
me: အင်းပေါ့
frd: သံသရာ အရှည်ကြီး အားစိုက်နေရလောက်အောင် မခက်လောက်ပါဘူး။ ဖြစ်နိုင်ပါတယ်။
ကြိုးစားပေါ့။ ကို ##သူလိုပဲ အဖမ်းအဆီးတော့ခံရနိုင်တာပေါ့။ ရှင်ဇနက ဘိဝံသ စာအုပ်တွေဖတ်။ ကောင်းတယ်။ စောစောက ဆွမ်းအကျိုးငါးပါး မေးခွန်းက ရှင်ဇနကာဘိဝံသကနေ ဦးသုခကို မေးတာတဲ့။ သုခရဲ့ သုခ စာအုပ်ထဲမှာ ဖတ်လိုက်ရတာ။ ငယ်ငယ်က အဖေနဲ့ ဦးလေးတွေ ပြောတာကြားဖူးတယ်။ ဟိုတလောလေးကမှ စာအုပ်က ဖတ်လိုက်ရတာ။ ဦးသုခက မဖြေရဲလို့ မဖြေဘူး။ အမိန့်ရှိပါဘုရားဆိုပြီး တရားတောင်းတော့တာ။ အဲဒီတော့မှ ဘုန်းကြီးက ရှင်းပြတာ။ ပြောဦးမယ်။ သံဃာကို လှူတယ်ဆိုတာ သံဃာ့ဂုဏ်တော်တွေကို အာရုံပြုပြီးလှူတတ်မှသံဃာကို လှူရာရောက်တာ။ မောင် ## ရေးထားတဲ့အထဲမှာ အဲဒီအပိုင်းလေးက ဘုန်းကြီးတစ်ပါးချင်းပေါ် အာရုံရောက်နေလားလို့။ ယှဉ်ပြသွားတဲ့နေရာလေးမှာလေ။
me: အင်းဟုတ်တယ်။ လူတွေက အဲလိုတွေးနေကြတယ်လို့ ပြောချင်တာ။
frd: ဟုတ်။ နောက်ဆုံးတစ်ခုပြောဦးမယ်။ ပို့စ်ထဲကအကြောင်းနဲ့ ဆက်စပ်လားလို့။ သီးခံပေတော့။ သိက္ခာတော်ရတယ်ဆိုတာလည်း ကြည်ညိုစရာ။ ပညာတတ်တယ်ဆိုတာလည်း ကြည်ညိုစရာ။ သီလရှိတာလည်းကြည်ညိုစရာ
သမာဓိရှိတယ်ဆိုတာလည်းကြည်ညိုစရာ စသဖြင့်ပေါ့ဗျာ။ ကိုယ့်ရင်ထဲမှာ ကောင်းတယ်လို့ တွက်တာလေးတွေပေါ့။ ကြည်ညိုပြီးလှူတယ်ဆိုရင်လည်း ဒါနအကျိုးနဲ့ စေတနာနဲ့တော့ သိပ်မဆိုင်ဘူး။ ကိုယ့်ရင်ထဲက ကောင်းတယ်လို့ထင်တယ် ဆိုရင်၊ ဒါက ဂုဏ်တော်တပါးပဲပေါ့။
အမှန်တကယ်ကြည်ညိုလို့လှူတယ်ဆိုတော့ ဂုဏ်တော်ပွားရကျိုးနပ်ပါတယ်။ ဒါနမှာ အဲဒီအကျိုးပါတွဲပြီးရနိုင်တယ်။ ဂုဏ်တော်ပွားတော့ မိမိကိုယ်တိုင် သူ့ကိုအားကျတာ သူ့လိုဖြစ်ချင်တာ အဲဒါပါလာတယ်။ အဲဒါကြောင့် လှူတဲ့ အခါမှာ မိမိကိုယ်တိုင် ကြည်ညိုလို့ ရလောက်အောင် သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ် ရှိတဲ့ ဘုန်းကြီးကိုလည်းရွေးသင့်ပါတယ်။
အဲဒါမှ သူတို့လည်း အလုပ်ပိုလုပ်လာမှာပေါ့။ ကြည်ညိုလေးစားတဲ့သူကို လှူရမှလည်း သဒ္ဓါတရားက ပိုပြီးကြည်လင်တာပေါ့။ ပေါက်လား။
me: ခဏ။ စောစောက ခင်ဗျား ပြောသွားတယ် ကြည်ညိုစရာကောင်းတဲ့ သူကိုလှူမှလည်း ကောင်းတယ်ဆိုတဲ့ အချက်တွေ မဟုတ်ဘူးမပြောဘူးနော်။ အဲ၊ ဒါတွေကိုပဲ
လက်ကိုင်ပြုလာပြီဆိုရင် မကောင်းတော့ဘူး။
frd: မလိုအပ်တဲ့နေရာတွေစုပြုံပြီး ၀ိုင်းလှူနေတာမျိုး အားမပေးချင်ပါဘူး။ ဘုန်းကြီးဆိုတဲ့အနေနဲ့ ပုဂ္ဂိုလ်ရွေးရင်တော့ ကြည်ညိုလို့မရပဲ ဘာကို အာရုံပြုရပါ့။
me: အင်း။ ဥပမာ ဒါမှလည်း သူတို့ အလုပ်ပိုလုပ်လာမယ်ဆိုတာမျိုး။ သံဃာတွေ တပါးနဲ့တပါး ပြိုင်ဆိုင်ကုန်ရင် ခက်ဘူးလား။
frd: သီလ သမာဓိ ပညာ အရာမှာ ပြိုင်တာကောင်းပါတယ်။ အနိုင်ရလိုစိတ်နဲ့ မတရားနည်း မသုံးဖို့အရေးကြီးတာ။ ပြိုင်တာကောင်းတယ်။ ကိုယ့်ထက်သာရင် သာတယ်လို့ လက်ခံနိုင်ရမယ်။ ရဟန်းကောင်းကို မဟုတ်မမှန် စွပ်စွဲပြီး။ အာပတ်သင့်ပြီလို့ မဆိုရဘူး။ အဲဒါတွေက အစကတည်းက ၀ိနည်းမှာပါတယ်။ သံဃာဆိုတာ ဘုန်းကြီးတစ်ပါးချင်းကို ပြောလို့မရဘူး အဖွဲ့လိုက်ပြောမှရတာ။
me: အော် ဒီလို။ ကျွန်တော်တို့က ဘယ်လိုအဆင့်ကနေစပြီး သံဃာလို့သတ်မှတ်မှာလည်း။
frd: အဲလိုပြောမယ်ဆိုတော့ ကိုရင်၊ သီလရှင် ဖိုးသူတော်တို့ထိအောင်တောင် ထည့်ပြီးရေတတ်ကြတယ်။ ဘာမှထူးထူးခြားခြား သိက္ခာပုဒ်ကိုကျင့်တာမဟုတ်ဘူးနော်
ဖိုးသူတော်ဆိုတာညစာလည်းစားတယ်။ သူတို့က လူဝတ်ကိုစွန့်ပြီး သာသနာဝန်ကိုထမ်းတယ်
အဲဒါလောက်နဲ့ အဲဒီစာရင်းသွင်းထားတာ။
me: အင်း။ ခဏဗျာ။ ဒီလို။ သာမန် တရားမှတ် ဘုရားဝတ်ပြုနေတဲ့ ဦးပဇင်းတွေ။ ဘာမကောင်းမှုမှလည်းလုပ်ဘူး။ ဝိနည်းကို အတော်ညီတယ်ပေါ့။
frd: သံဃာစာရင်းဝင်ပါတယ်။ အဲဒါကြည်ညိုစရာတွေပဲလေ။ ကြည်ညိုရင်လှူတော့ပေါ့။
me: အင်း အင်း။ ကျွန်တော်က ဒါမျိုးတွေကိုပါ တန်းတူ မဟုတ်တောင်
frd: အင်း။ ဓမ္မာစရိယတွေ ဒေါက်တာတွေလောက်တော့လည်း သူတို့က လာဘ်မပေါကြဘူးပေါ့။ ဒါပြောမလို့လား။
me: လူတွေက သာမန်ပဲတွေးနိုင်ကြတယ်ဗျ။ အခု ကျွန်တော်တို့ အတွေးတွေ အနားလောက်ရောက်အောင် မကြာမကြာ တွေးဖူးမှ။
frd: မလိုအပ်ပဲ သူများလုပ်လို့ နောက်ကလိုက်ပြီး ပုံအောလုပ်နေတာတော့ ဘယ်ကောင်းမလဲ။ လေးစားကြည်ညိုလို့ ကိုယ်နဲ့ နုတ်နဲ့ စိတ်နဲ့ အရိုအသေပေးတာ ကောင်းပါတယ်။ အဲဒီဂုဏ်တော်ကို အားကျတဲ့စိတ်က ကိုယ့်စိတ်ကို ကြည်လင်စေတယ်။ သူ့လိုဖြစ်အောင် ကြိုးစားချင်စိတ်ဝင်တယ်။ ဒါနအကျိုးနဲ့မဆိုင်တဲ့ တခြားအကျိုးလို့ပြော၇မှာပေါ့။
me: အင်းပေါ့၊ အင်းပေါ့။ အင်း.. ဒါဟုတ်ပါတယ်။ ခက်နေတာက လူတွေက အလွယ်ပြောမယ်နော် နာမည်ကြီးမှ လှူချင်တာဗျ။ သာမန်နဲ့တက်မလာနဲ့ ငေါက်မလွှတ်ရင်ကဲကောင်း။
frd: အဲဒါက တကယ်ကြည်ညိုတာ လေးစားတာ အားကျတာမပါရင်၊ သူများရောင်လို့ ရောင်တဲ့သဘောပဲ။ ဘာအကျိုးကျေးဇူးမှ ကြီးကြီးမားမားရမှာမဟုတ်ဘူး။
me: စောစောကလို လေးစားစရာ ကြည်ညိုစရာဆိုတာက ရှားတယ်လေ။ သူတို့က ပါရမီရှင်တွေ။ အရေအတွက် အများစုက သာမန်တွေ။ ကဲဒီတော့ သာမန်တွေ အခက်တွေ့စရာ ရှိမနေဘူးလား။ အဲဒါကို ပြင်စေချင်တယ်။ နည်းနည်းဖြစ်ဖြစ်ပေါ့။
frd: အဲဒါကြောင့်ပြောတာပေါ့။ လူတွေက ပညာနဲ့ အတွေးအခေါ်နိမ့်နေတာပါဆို။ ခက်ပါတယ်ဗျာ။ ဘယ်လိုပြောရပါ့။ ကျွန်တော့်သဘောက လူတွေကို အပြစ်တင်ရင်မကြိုက်ဘူး။ လူတွေ ပညာနိမ့်နေတာ အတွေးအခေါ်နိမ့်နေတာ စနစ်ကြောင့်ပဲ။ အဲလိုပဲမြင်တယ်။ အဲဒီတော့ အမြင်မကျယ်ဘူး။
me: ရပြီ။ သားပြောချင်တာက စနစ်ဆိုတဲ့ သူတို့အလုပ်၊ သူတို့လုပ်လိမ့်မယ်။ သားတို့ကလည်း တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်ကိုအသိတွေ ပေးဖို့ပါ။ ဒါမျိုးလေးတွေပါ။ အဆုံးစွန်က လှမ်းမြင်နေရတယ်။ မပြောတော့ဘူးလေ။
frd: လူတွေကို အပြစ်ပြောရင် မောင် ## ကိုပြောမလို့။ အဲဒါခင်ဗျားအပြစ်လို့။ ဘာဖြစ်လို့လည်းဆိုတော့ သိတဲ့လူတွေက လူတွေကို လုံလောက်တဲ့ ပညာပေးမှုတွေမှ မလုပ်နိုင်တာ။ လုပ်နိုင်အောင်မကြိုးးစားတာကိုးလို့။
me: အဲဒါပြောတာ။ အရင်ဆုံးက သူတို့မှားနေတာလေးကို စပြောပြရမယ်။ မှားမှန်းသိသွားအောင်။ ပြီးရင်တတ်နိုင်သလောက် ပြင်ရမယ်။ တယောက်တတ်နိုင်ရင် တယောက်ဗျာ။ ဟုတ်ဘူးလား။
frd: ဟုတ်ပါ့
me: အဲဒီပိုစ့်က အဲလိုပြောချင်တာဗျ။ အဓိပ္ပါယ်တွေ ရောက်ဘူးထင်ပ။
frd: အဲဒီပို့စ်က ပေးချင်တာကို ရပါတယ်။ လက်ရှိအခြေအနေက လူတွေအများစု ပညာနိမ့်တယ်၊ အတွေးတိမ်တယ်၊ အမြင်မကျယ်ဘူး။ လိုတဲ့နေရာတွေမရောက်ဘူး။ ရေများရာမိုးရွာချင်တယ်။ သူများေ၇ာင်လို့ လိုက်ေ၇ာင်တာများတယ်။
me: ရှိသေးတယ်။ တွေးနေတဲ့လူဆို ဟာသလုပ်ချင်ကြသဗျ။
frd: အဲဒီလူတွေကလည်း ဗုဒ္ဓဘာသာ အမည်ခံထားသူတွေဆိုတော့ ဘာသာတရားကိုပါ အထင်သေးလာကြတယ်။ ဗုဒ္ဓအဆုံးအမတွေကြောင့် လူတွေ ခုလိုဖြစ်နေတယ်လို့ ပြောချင်လာကြတယ်။ ထည့်မပြောသေးရင်တောင် အဲလိုတွေဆိုချင်ကြတယ်။ အဲဒီထဲမှာ မောင် ## ပါနေမှာစိုးလို့ အလှူခံပုဂ္ဂိုလ်ရွေးတာနဲ့ပတ်သက်ပြီး အဲဒီလောက်ပြောပြနေရတာ။
me: ဟုတ်။ နားလည်ပါ၏။
frd: ဗုဒ္ဓကသင်ထားတဲ့ အလှူခံပုဂ္ဂိုလ်ရွေးနည်းက လူမှုရေးလုပ်ငန်း ပယ်ဖို့မပါဘူး။ လယ်မြေကောင်းရင် အကျိုးကျေးဇူးပိုကောင်းတယ်။ အဲဒါကိုပြောထားတာ။
ပို့စ်တစ်ခုဖတ်ဖူးတယ်။ ပညာရေးပို့စ်။ “ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အစဉ်အလာအရ သခင်ကျွန်ဆက်ဆံရေး ပညာစနစ် ထွန်းကားနေတယ်ဆိုလား” အဲလိုကြီးရေးလိုက်တာ။ တော်တော်လေးကို မကျေနပ်လို့၊ ရှင်းလိုက်ရတဲ့ဖြစ်ခြင်း။ ကွန်မန့်ကို အရှည်ကြီးပဲ ဗုဒ္ဓက သခင်ကျွန် ဆက်ဆံရေးတော့ မဆိုထားနဲ့ ဆရာတပည့်ဆက်ဆံရေးကို တောင် အားမပေးကြောင်း၊ မိတ်ဆွေသဘောထားလို့ဖြစ်ကြောင်း၊ သူလို အတုမရှိကိုယ်တော်တိုင်က ငါ့ကို မိတ်ဆွေကောင်းတစ်ယောက်လို့သဘောထားဖို့ ခွင့်ပြုဖူးကြောင်း၊ အဲလိုသဘောထားရုံနဲ့လည်း နိဗ္ဗာချမ်းသာရနိုင်ကြောင်း။ မြန်မာတွေလို့စုပြီး အဆိုခံရရင်တော်တော်မကြိုက်တာ ဗုဒ္ဓဘာသာဝင်တွေလို့ဆိုရင် မခံနိုင်တော့ဘူး။
me: ဟားဟား။ အေးဗျာ။ ခင်များတို့လို သိတဲ့သူတွေက စာကိုမလေးစေပဲ လူပြိန်းနားလည်အောင် ရေးကြဗျာ။ ကုသိုလ်လည်းရတယ်။ ဟုတ်ပလား။
frd: ရေးတာပေါ့ဗျာ။ ရေးချင်ပါတယ်။ ရေးဖို့လည်းစိတ်ကူးရှိပါတယ်။ အကြောင်းကြောင်းလေးတွေကြောင့် လောလောဆယ်ကျဲနေတာ။ ကဲကဲ ကောင်မလေးနဲ့ချက်တော့ တော်တော်ကြာ စိတ်ဆိုးသွားဦးမယ်။
me: အင်း။ ရတယ်။ စောစောကတည်းက၊ ဆိုးသွားပြီ။ ဟားဟား။...။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 12:05 AM 12 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အရောင်စုံ အတွေးများ . . . . .
Sunday, July 6, 2008
ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်
ကျနော်ဖန်တီးခဲ့တဲ့ ကျနော်ရဲ့ ရင်နှစ်သည်းခြာ အနုပညာဖြစ်သလို
တစ်ချိန်တည်းမှာပဲ
ကျနော်ရဲ့ သမ္မာကျမ်းစာ၊ကျနော့်ရဲ့ ကိုရမ်ကျမ်းစာလည်းဖြစ်ပါတယ်။
ယခု
တစ်စုံတစ်ရာမှသည် အစစအရာရာအတွက်
E-Journal သို့လက်ဆောင်ပေးပါသည်။
ပုတုညှက်၊ဝေမှူးသွင် နှင့် ကိုဖိုးချိုတို့ ကျေနပ်နှစ်သက်နိုင်ကြပါစေ။
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး။
အမြောက်ကျည်ဆန်ဟာ
ပန်းအိုးအဖြစ်နဲ့ပဲ
အရိုးထုတ်တော့မယ်တဲ့။
ဘ၀ရဲ့ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။
လိပ်ပြာလှလှနဲ့
အိပ်ရာထခဲ့ကြပါကွဲ့။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့်ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။
သီအိုရီအသေတစ်ခုနဲ့
လူ့မြေကို မပေကျံပါစေနဲ့ကွဲ့။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ-
ဘ၀ကို ရင်ခုန်သလိုအရင်းအတိုင်းနေပါ။
ဣတ္ထိယကို မှီဝဲပါ။
အာရုံကို ဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့။
စိတ်ရဲ့သိပ်သည်းမှုကို
သိပ္ပံပညာအန်မတုနိုင်ပါဘူးကွဲ့။
သီချင်းဆိုကြ မောင်တို့ရဲ့!
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ
ဥစ္စာဓနတွေနဲ့
ဘ၀ကိုမပုပ်သိုးပါစေနဲ့ကွယ်…
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး။
အမြတ်ဆုံးတရားများ
ကပ်သုံးပါးကျော်ရုံတင်မဟုတ်။
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျည်းကျလို့။
တို့တွေဟာ
ဒိုင်ယာရီထဲ နေထိုင်ကြတယ်။
အဲသည်လိုနဲ့
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။
အထူးထူးအပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန်သိခဲ့ပြီ။
ရန်အပေါင်းကြောင့်
ဉာဏ်ပိုကောင်းခဲ့ပြီ။
လူ့ဘ၀ကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။
နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်နဲ့ငါ
လာရောင်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။
သင်ကဗျာလည်းစပ်တတ်ရဲ့မဟုတ်လား။
ဘယ်လိုလဲဆိုတော့ကာ
အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသမျိုးလေ
ကဗျာတွေက သူ့ကိုယ်ပေါ်မှာ
သူငယ်ချင်းတို့ရေ! E-Journal ရေ !
ကျနော်တော့
တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။……….။
မာရေးသျှင်
Kind of Art : Collage
Material : ရထားကဗျာစာအုပ်(မောင်ချောနွယ်) ဒုတိယအကြိမ်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 1:42 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Saturday, July 5, 2008
Generous Myanmar people with their property!
ဒါနပါရမီအားကောင်းသော မြန်မာတွေ
ဘာသာရေးနဲ့ အတွေးအမြင်တချို့ကို ဆက်စပ်ကြည့်ဖို့ ကြိုးစားရာမှ ပေါ်ပေါက်လာသော အတွေးတချို့ပါ။ တရားစကား နေ့တိုင်းကြားသော်၊ စိတ်မှာလန်းဆန်း ကိုယ့်စိတ်ဖမ်း၍၊ အေးချမ်းသာယာပါစေသော်ဝ်ပေါ့။ ဒီလိုပြောလို့ ရွှေပြည်အေးသမားတွေကို မကြိုက်တတ်သူတွေက “လုပ်စရာရှိတာတွေကို လုပ်ကြစမ်းပါ။ ဒါတွေပြောနေ၊ ဒါတွေလုပ်နေရုံနဲ့ တို့တတွေ ဒီနေ့ကမ္ဘာ့ရွာမှာ လူရယ်လို့မှ ပီသပါအုံးမလား။ ဟင်။” ဒီလိုတွေမေးလာနိုင်ပါတယ်။ ဟုတ်ကဲ့၊ လုပ်စရာရှိတာတွေကို လုပ်ကြရာမှာ တရားဖက်စေချင်တာပါ။ အားလုံးဆံပယ်ကြမယ်။ တောထွက်ကြမယ်လို့။ မစည်းရုံးလိုပါဘူး။ မတိုက်တွန်းလိုပါဘူး။ ကျွန်တော့်လို (ဒါမှမဟုတ်လဲ ကျွန်တော်တို့လိုပေါ့) သာမန်လူသားလေးတွေ အတွက် ဗုဒ္ဓရဲ့အဆုံးအမတွေကို ဘဝလမ်းတစ်လျှောက်မှာ အကျိုးရှိနေရာတွေအတွက် အသုံးချနိုင်ဖို့ အတွေးတချို့ ဝေမျှဖို့ ကြိုးစားကြည့်ခြင်းပါ။
ကဲ… ဒီတော့ ဘာတွေပြောချင်တာလည်း။ ဟုတ်ကဲ့ ပြောချင်တာက ဒီလိုပါ။ ဗုဒ္ဓဘာသာဝင်လို့ ခံယူကြသူတိုင်း မရှောင်လွှဲနိုင်တဲ့ အလှူအကြောင်းပါ။ ကုသိုလ်ဒါနတွေပေါ့။ ဒါနဆိုတာကိုလည်း ဒါနပါရမီ ဆိုပြီး ပြောနေကြတာကြားဖူးတော့ ပါရမီအထုံတွေနဲ့လည်း သက်ဆိုင်မှာပေါ့။ ဒီနေရာမှာတော့ သာမန်အတွေး သာမန်အမြင်တွေပါပဲ။ ကျွန်တော်တို့ မြန်မာတွေရဲ့ အလှူကို ဘာသာရေးအရတော့ သံသရာကနေ မကျွတ်လွတ်သေးသရွေ့ လှည့်လည်ရာ သံသရာအဆက်ဆက်မှာ မြင့်မြတ်ရာကို ချဉ်းကပ်နိုင်ဖို့ အရင်းတည်တာလို့ပဲ မြင်ပါတယ်။ သံသရာမှ လွတ်မြောက်ရာကို ကြိုးစားမယ်ဆိုရင် အလှူပြုလုပ်ခြင်းဟာ အကူပစ္စည်းတစ်ခုလို နေရာမှာပဲရှိမှာပါ။ လွတ်မြောက်ရာကိုသွားရာ လမ်းကတော့ ဝိပဿနာအလုပ်လို ကျင့်စဉ်တွေမှာသာ ရှိတာပါ။ (ဒီအတွေးလေးက သူငယ်ချင်းတယောက်နဲ့ ပြောကြရင်းက ရလာတဲ့ အတွေးပါ။) လှူပါတယ်။ အတော်များများ ဘာသာဝင်တွေဟာ အခွင့်ကြုံတိုင်း လှူကြတန်းကြပါတယ်။ ဒါပေမဲ့ ဘာအစွဲတွေဝင်နေကြလည်း၊ ဘာကိုရည်မှန်းပြီး လှူနေကြလည်း၊ တွေးကြည့်လိုက်တော့ စိတ်မှာ ဘဝင်မကျတာတွေ တွေ့တယ်။
ဘုရားရှင်ရဲ့ ဟောကြားချက်တွေမှာကိုက လှူရတဲ့အလှူရဲ့ မြင့်မြတ်ပုံကို တဖြည်းဖြည်း ရှင်းပြသွားတာဟာ နောက်ဆုံးတော့ ဘုရားအမှုးရှိသော သံဃာကို လှူတာဟာ အမြတ်ဆုံးပါပဲတဲ့။ ဒီနေ့ခေတ်မှာ သံဃာအတုအယောင်တွေဆိုတာကို ခဏထားပြီး နာမည်ကြီး၊ သိက္ခာတော်ရ ဆရာတော်နဲ့ သာမန် ရဟန်းဘောင်ဝင်ပြီး တရားအလုပ်ကို ကြိုးစားပြီး လုပ်နေတဲ့ ဆရာတော်နှစ်ပါးကို စိတ်ကူးမှာ လှူဒါန်းကြည့်ကြပါဆို့ရဲ့။ ဒီနေရာမှာကိုပဲ ဘုရားရှင်ရဲ့ တပည့်သားခြင်းအတူတူ အလှူခံရရှိမှုက မတူညီတော့ပါဘူး။ သာမန်ဆရာတော်တွေမှာတော့ လိုအပ်ချက်တွေ ရှိနေပါရဲ့နဲ့ကို အလှူဟာ သူတို့ဆီမှာ မရှိပါဘူး။ ဥပမာ ကထိန်သင်္ကန်း အလှူလိုမျိုးတွေပေါ့။ ခင်းလိုက်ကြတဲ့ ကထိန်တွေ။ လှူလိုက်ကြတဲ့ အလှူတွေ နာမည်ကြီးကျောင်းတိုက်တွေမှာ သင်္ကန်းတွေကို အထပ်ထပ် သိမ်းနေရသတဲ့။ သာမန်ကျောင်းတိုက်တွေမှာတော့ ဆရာတော်တွေဟာ အချုပ်အလုပ်ကို သေသေသပ်သပ် လုပ်တတ်နေကြပါလေရောလား။
အလှူရှင်တွေဘက်ကနေပဲ ဝင်ပြောချင်တာဖြစ်တဲ့အတွက် ဆရာတော်တွေရဲ့ အပိုင်းမှာသိပ်မပြောလိုပါဘူး။ ဒီလို မညီမျှတဲ့ အလှူရှင်တွေများလာရင်တော့ သံဃာလောကမှာလည်း အမြင်မတော်တာတွေရှိလာမှာပါ။ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးမဲ့ သံဃာတွေသာ၊ အများစု အဆင်မပြေဘူးဆိုရင် သာသနာတော်ရဲ့ အရောင်ဟာလည်း မှေးမှိန်စရာတွေ ဖြစ်လာနိုင်ပါတယ်။ စာတတ်ပေတတ်နဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်မှ လှူဒါန်းစရာလို့မြင်မယ်၊ သာမာန်ရဟန်းအဆင့်ကိုကျော်တဲ့ ဆရာတော်မှ လှူဒါန်းစရာလို့ မြင်မယ်ဆိုရင် ကျွန်တော်တို့ ပြန်စီစစ်သင့်နေပါပြီ။ ငါတို့တွေကရော သာသနာတော်ကို တဘက်တလမ်းကနေ စောင့်ရှောက်ရာ ရောက်ရဲ့လား၊ မသိမသာများ ပျက်စီးရာကို ပို့နေမိလေမလား။ စဉ်းစားကြည့်ချင်စရာပါ။
ဒါက သံဃာကို လှူတဲ့အလှူကိုပြောတာပါ။ သာသနာကို စောင့်ရှောက်ရာမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျောင်းကန်ဘုရား အလှူမှာလည်း ဒီလိုပါပဲ။ တန်ခိုးကြီး စေတီတော်ကြီးတွေမှာ၊ တန်ခိုးကြီး ဆင်းတုတော်တွေမှာတော့ သပ္ပါယ်နေလိုက်တာ၊ ကြည်ညိုစရာ ကောင်းနေလိုက်တာဟာ ပြောမပြတတ်အောင်ပါပဲ။ ဒါပေမဲ့ စေတီတိုင်းဟာ စေတီပါ၊ ဆင်းတုတော်တိုင်းဟာ ဆင်းတုတော်ပါ။ ဒီနေရာက စေတီကိုလှူမှ၊ ဒီနေရာက ဆင်းတုတော်ကမှ ဆိုတဲ့ အစွဲလေးတွေပါလာရင်တော့ တစ်ခုခု ပြန်တွေးစရာ ရှိနေပြီထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့အလှူတွေမှာတော့ ဒါမျိုးတွေပဲ များပါတယ်။ ဒီနေရာမှာ တန်ခိုးကြီးဆိုတာလေးကို နည်းနည်းပြောပါအုံးမယ်။ ဘာသာတရားရဲ့ အယူအရတော့ ရတနာသုံးပါးကို စိတ်မှာစွဲနေဖို့က အဓိကပါ။ ဘုရားရှင်ကို စိတ်မှာရှိနေရင် ရှိခိုးကန်တော့လို့ ရပါတယ်။ နေရာဒေသ၊ အရပ်မျက်နှာမရွေးပါဘူး။ ဒါဆိုရင် တန်ကြီးဘုရားနဲ့ တန်ခိုးမကြီးကရော ဘာတွေကွာခြားတာလည်း။ မေးချင်စရာပါ။
ဘာသာတရားရဲ့ အဆိုအရတော့ နတ်ကောင်းနတ်မြတ်တွေဆိုတာ သီလသမာဓိကောင်းသူ၊ အရပ်ဒေသ၊ ဘုရားကျောင်းကန်တွေကို စောင့်ရှောက်တတ်ပါသတဲ့။ ဒါကိုလက်ခံမယ်ဆိုရင်တော့ တန်ခိုးကြီးနဲ့ သာမန်ကွာခြားချက်ကို အနည်းအကျဉ်းမြင်အောင် ကြည့်ဖို့ရာ နည်းလမ်းရှိမယ်ထင်ပါတယ်။ စေတီပုထိုးကတော့ အားလုံးအတူတူပါပဲ။ ဆင်းတုတော်တွေဆိုတာလည်း အားလုံးအတူတူပါ။ သူ့အမျိုးအစားနဲ့သူ ရှိနေကြတာပါ။ ဒီနေရာက ဆင်းတုက တန်ခိုးကြီးတယ်၊ ဒီနေရာက ဘုရားက တန်ခိုးကြီးတယ်ဆိုတာ ဘုရားရှင်က မျက်နှာလိုက် ဖန်ဆင်းတော်မူတာ မဟုတ်ပါဘူး။ သူတော်ကောင်းတွေ ပျော်မွေ့ရာဒေသ၊ ပျော်မွေ့ရာနေရာဖြစ်လို့ နတ်ကောင်းနတ်မြတ်တွေလည်း ပျော်စံရာဖြစ်တာပါ။ ဒီနေရာ ဒေသမှာ သာသနာတိုးတက်ရေးအတွက် လုပ်သူတွေကိုလည်း ရှိနေတဲ့ နတ်ကောင်းနတ်မြတ်တွေက ပိုပြီးစောင့်ရှောက်မိသွားတာပေါ့။ (ဒီအတွေးလေးကလည်း သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူဝေမျှတဲ့ အမြင်လေးပါ) ဒီလိုဆိုရင်တော့ ကွာခြားမှုက ရှိမှာပါ။ ဒါပေမဲ့ အဲဒီလိုသာ တန်ခိုးကြီးမှ လှူနေမယ်ဆိုရင် သာသနာပြုနေမယ်ဆိုရင် သာသနာရဲ့တိုးတက်မှုနဲ့ အနာဂတ်က မရေရာနိုင်ပါဘူး။
ဒါတွေက သာသနာတော်အတွက် လှူဖို့ကို စဉ်းစားစရာလေးတွေများလားလို့ ပြောကြည့်တာပါ။ တစ်ကယ်တော့ “ဒါနဟူသည် ပေးစွန့်ခြင်းပင် ဖြစ်လေရာ လှူဖွယ်ဝတ္ထုကို ပေးစွန့်မှသာ ဒါနမြောက်သည်မဟုတ်၊ အများကောင်းကျိုးအတွက် မိမိဘဝကို စတေးခြင်းသည်လည်း ဒါနမည်၏။”တဲ့။ ဘယ်ကမှန်း မမှတ်မိတော့လို့ အတိအကျတော့ ပြန်မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ အယူအဆလေးက နှစ်သက်စရာလေးပါ။ ဒီအယူအဆကတော့ မြန်မာတွေအတွက် မထွန်းကားသေးဘူးထင်ပါတယ်။ ကျွန်တော် ဘဝင်မကျတာ ဒီနေရာမှာလည်းရှိနေပါတယ်။ လူမှုရေးအလုပ်တွေကို လှူဒါန်းကြတာ၊ ကူညီကြတာတွေဟာ အတွေ့ရနည်းလွန်းလှပါတယ်။ ဘာသာတရားအရ အလှူအတန်းဟာ ဘာသာရေးနဲ့ပဲ ယှဉ်နေပါတယ်။ ဒါတွေကတော့ အစောပိုင်းမှာ ကျွန်တော်ပြောခဲ့သလို ရွှေပြည်အေးသမားတွေကို မကြိုက်သူတွေက ပိုတွေးမယ်ထင်ပါတယ်။ ဒါကလည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ လူမှုရေးတွေကို လစ်လျူရှုထားမယ်၊ တိုးတက်ဖို့ကို ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ တော်တော်နဲ့ လူလားမြောက်မှာမဟုတ်ပါဘူး။ သူ့နောက်လိုက်တွေပဲ ထွန်းကားနေပါလိမ့်မယ်။
သာသနာတော်ကို စောင့်ရှောက်တာလည်း စောင့်ရှောက်ပါ။ သံသရာအတွက်ပါအောင်၊ ကိုယ့်ဘဝ တိုးတက်အောင်မြင်အောင် ဆိုပြီး လှူကြတာလည်းလှူပါ။ အမျိုးကို စောင့်ရှောက်ခြင်း၊ အများအတွက် အကျိုးပြုလုပ်ငန်းတွေပြုလုပ်ခြင်း၊ အများအတွက် ကိုယ်ကျိုးစွန့်ခြင်းတွေ မှာလည်း ပါဝင်လှုပ်ရှားကြပါ။ လှူဒါန်းကြပါ။ ဥပမာအားဖြင့် တန်ခိုးကြီးလွန်းလို့၊ ကြည်ညိုစရာ ကောင်းလွန်းလို့ဆိုပြီး ခေတ်အဆက်ဆက် လှူလာလိုက်တဲ့ ရွှေတွေ၊ ကျောက်သံပတမြားတွေ အပုံအပင်ရှိနေတဲ့ သာသနာဆိုင်ရာ နေရာတွေ မနည်းပါဘူး။ ဒီကြွယ်ဝချမ်းသာမှုက လိုတာထက်ပိုနေရင် တခြားအကျိုးပြုလုပ်ငန်းတွေမှာ လှူလို့ရပါတယ်။ အလှူမှာ အရေးအကြီးဆုံးကတော့ အလှူရှင်ရဲ့ စိတ်ထားထင်ပါတယ်။ မျက်မမြင်ကျောင်းတစ်ခုကို လှူလိုက်တာဟာ ဘာသာရေးအရတော့ မြင့်မြတ်ချင်မှ မြင့်မြတ်ပါမယ်။ လူသားဆန်မှု၊ ရိုင်းပင်းကူညီမှုလို လက်တွေ့လူ့ဘဝအတွက်တော့ များလွန်းတဲ့ အကျိုးကျေးဇူးပါ။ အနည်းဆုံးတော့ မျက်မမြင်တွေရဲ့ ဘဝတွေ တိုးတက်လာပါမယ်။ သူတို့တွေအတွက် လူအချင်းချင်းကြားမှာ အားငယ်နေရတာတွေ လျော့ပါးလာမှာပေါ့။ ဒီလိုပါပဲ မိဘမဲ့ ကျောင်းတွေ၊ ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ။ ပြောရမယ်ဆိုရင်တော့ လူမှုဘဝအတွက် လိုအပ်တဲ့အလှူက ပိုလို့တောင်များမယ်ထင်ပါတယ်။
ဒီလိုတွေလိုက်လှူနေရလို့ နောင်သံသရာအတွက် မပါတော့မှာကိုလည်း သိပ်ပူနေရာ မလိုလောက်ပါဘူး။ ဒီလို အလှူမျိုးကိုလည်း အလှူခေါ်ထိုက်မှာပါ။ (ဒီနေရာမှာတော့ ဘာသာရေးနဲ့ သိပ်ပြီး မတွေးတတ်ပါဘူး။) လျှောက်၊ လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင် စိတ်ကောင်းရှိဖို့က ပထမပါ။ စိတ်ကောင်းမရှိဘဲနဲ့ ကတော့ ဘယ်အလှူဒါနမှ မြင့်မြတ်မယ်မထင်ပါဘူး။ စိတ်ကောင်းထားပြီး တစ်ပါးသူကို ကူညီတာဟာလည်း ကုသိုလ်တစ်ခု မဟုတ်လားဗျာ။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 4:47 PM 11 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အရောင်စုံ အတွေးများ . . . . .
Friday, July 4, 2008
အဆုံးစွန်
တိတ်တိတ်ငိုကြွေး
အခန်းလေးမှ
လျှံကျမျက်ရည်
ချောင်းဖြစ်စေ၍
ကျကြွေရွက်ဝါ
ငါမျောပါရင်း
ကြင်နာသူ့ကမ်း
သောင်တင်စမ်းချင်။……….။
မာရေးသျှင်
ကျန်သမျှ အားလုံးဖော်ပြရန်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 10:16 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Wednesday, July 2, 2008
သားကြီးမွေးနေ့နှင့် မိခင်ဆန္ဒ
သားလှရင်သွေး
အမေမွေးသည်
ငယ်သေးနီတာ
ယခုခါဝယ်
ပညာပြည့်ဝ
နှလုံးလှလျက်
ချမ်းမြအေးကြည်
နှစ်ရာချီ၍
သက်ရှည်စေကြောင်း
မေဆုတောင်းသည်
လွမ်းကြောင်းစာကိုစီလျက်။
အားထားကြသည့်
မိဘဆရာ
မျိုးသဟာတို့
အဝေးပို့ခြင်း
အကြောင်းရင်းကို
ထင်လင်းသေချာ
မှတ်ပိုက်ပါလျက်
ဘ၀တက်လမ်း
မျှော်ရည်မှန်း၍
အားခန်းအင်ကုန်ကြိုးပါလေ။
ဆယ့်ရှစ်နှစ်ရွယ်
အလွန်ငယ်သည့်
ချစ်ဖွယ်သားဦး
မခွဲဘူးလည်း
ဆန္ဒရူးကြောင့်
စိုးနှောင့်တွေဝေ
မရှိလေဘဲ ခွဲခဲ့သည်။
မွေးမေ့စိတ်ကူး
လောဘကျူးဟု
ထူးကဲ့ကဲ့ရယ်
ဆိုလွယ်ကြသား
မွေးမေကြားလည်း
ရေသားမထင် နားမ၀င်ခဲ့။
မေမွေးတဲ့သား
ပြည်တစ်လွှား၌
တင့်ကြွားအောင်မြင်
ပျံ့လွှင့်ထင်ပေါ်
အကြော်ဒေးယျဖြစ်ချင်တယ်။
မွေးမေမျက်ရှု
သားရွှေဥသည်
ရာစုမကြာ
ချိန်အခါ၌
စင်္ကြာစိုးမင်း ဖြစ်စေချင်။
မွေးမေ့ရင်သွေး
မကြာသေးခင်
စီပွားခွင်၌
ပျံ့လှိုက်ဝှန်ဆူ
ဇမ္ဗူထင်ရှား
သူ့အားတုပ
ပြိုင်မရသည့်
ကျားကသခင် ခေါ်စေချင်ခဲ့။
မွေးမေ့မျက်နှောင်
သာသနာဘောင်တွင်
စိတ်ပျော်ရွှင်လည်း
ဝိနည်းအဘိဓမ္မာ
ပြိုင်လာစမ်းတိုင်း
တုနှိုင်းမမှီ
ပဏ္ဍိမည်ချင် လွန်မထင်။
ဆန္ဒများပြား
မွေးမေအားလျင်
တရားမဲ့သူ ဆိုပါစေ။
တရားမရှာ
သားကိုသာလွမ်း
မေ့စိတ်နွမ်းကို
အောင်ပန်းဆူဆူ
ပန်ယူရွှင်ပြုံး
မယ့်နှလုံးကို
လုံးလုံးမြင်မှ
ပြေပါရမည်။
မကြာမရှည်
ပြန်လာမည့်သား
အောင်စကားကို
ထောင်နားကြိုလျက်
သားကိုမျှော်ရင်း
အားမာန်တင်းမည်
မေ့သား မာစေ၊သာပါစေ။
နှလုံးရွှင်လန်း ပန်းသို့လေ။
သက်တမ်းရာချီ ရှည်ပါစေ။
ဘမိဆွေမျိုး များကောင်းကျိုး
ဆတိုးဆောင်ရွက်နိုင်ပါစေ။
မိဘကျေးဇူး မြင့်မိုရ်ဦးကို
အထူးသိတတ် ဆက်နိုင်စေ။
မွေးမိဆန္ဒ တစ်ခုမျှလောက်
ထွန်းပေါက်အောင်မြင်
မြန်ပြည်ခွင်၌
ဝင့်ကြွားဂုဏ်ယူနိုင်စေသောဝ်။……….။
♦ လွန်ခဲ့တဲ့ဆယ်နှစ်၊ ကျနော်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာ
အမေလက်တန်းရေးလက်ဆောင်ပေးခဲ့တဲ့
မွေးနေ့လက်ဆောင်ကဗျာပါ။
ကျနော်ဟာ
ဒီအမေရဲ့သားဖြစ်ရတာတစ်ခုတည်းနဲ့တင်
ဒီကမ္ဘာတွင်ပျော်ရွှင်ဖို့လုံလောက်နေသူဖြစ်ပါကြောင်း…
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 12:02 PM 10 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
The Killer
သေနတ်သမား
သူ ရုတ်တရက်နိုးလာတော့ သူဘယ်သူလဲဆိုတာမသိဘူး၊ အဲ ဘာကိစ္စ ဒီလက်နက်ပစ္စည်းစက်ရုံထဲ ရောက်နေသလဲဆိုတာ နားမလည်ပါဘူး။ ကိုယ့်နာမည်ကိုတောင်မမှတ်မိ၊ ဘာတွေများလုပ်နေမိပါလိမ့်။ ဘာဆိုဘာမှကို မမှတ်မိပါဘူး။
စက်ရုံကအတော်အတန်ကြီးပါတယ်။ ပစ္စည်းတပ်ဆင်ရေးလိုင်း၊ ကွန်ဗိုင်ယာတွေ၊ ပစ္စည်းတပ်ဆင်သံတွေထွက်လို့ပါ။
သူ အဆင်သင့်လုပ်ပြီးသား သေနတ်တလက်ကို အော်တိုမက်တစ်ထုပ်ပိုးထားတဲ့ သေတ္တာထဲကနေ ဆွဲထုတ်လိုက်တယ်။ ယန္တယားတစ်ခုကို သူကိုင်တွယ်မောင်းနှင်ခဲ့တာ အခုတော့ ယန္တယားက ရပ်သွားပါပြီ။
သေနတ်ကို ဖြတ်ကနဲလှမ်းကိုင်လာတာ အသားကျနေတာပါပဲလား။ လမ်းသွယ်ကလေးကနေ စက်ရုံရဲ့အခြားဖက်ခြမ်းကို ထွက်လာတဲ့တယ်။ အဲဒီမှာ အခြားတစ်ယောက်က ကျည်ဆံတွေကို ထုပ်ပိုးနေတယ်။
“ငါဘယ်သူလဲ” သူ အသံခပ်တုန်တုန် လေးလေးကန်ကန်မေးလိုက်တယ်။
အဲဒီလူက အလုပ်ဆက်လုပ်နေတယ်။ လှည့်မကြည့်သလို ဘာမှမကြားသလို လှုပ်ရှားမှုလည်း ရှိပါဘူး။
“ငါဘယ်သူလဲ” “ငါဘယ်သူလဲ” လို့ အော်လိုက်တယ်၊ ဒါပေမယ့် စက်ရုံကြီးတခုလုံးမှာ သူ့အသံကြီးပဲ့တင်ထပ်သွားတာကလွဲပြီး ဘာမှထူးခြားမသွားပါဘူး။ လူတွေလည်း လှည့်တောင်မကြည့်ဘဲ အလုပ်ပဲဆက်လုပ်နေကြပါတယ်။
သူ ကျည်ထုပ်ပိုးနေတဲ့သူရဲ့ ခေါင်းကို သေနတ်နဲ့ မွှေ့လိုက်တယ်။ ဖျောင်းကနဲ အသံမြည်သွားပြီး ကျည်ထုပ်ပိုးနေတဲ့သူလည်း မှောက်ကျသွားပြီး ကျည်ဆံတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားတယ်။
ကျည်တစ်တောင့်ကို ကောက်ယူလိုက်တယ်။ အသင့်တော်ဆုံး ကျည်ဆံတခုထင်ပါရဲ့။ ကျည်တွေက အဆင်မပြေတွေဖြစ်တတ်တယ်။
သူ အပေါ်ဘက်က ခြေသံတချက်ချက်ကို ကြားရတယ်၊ လမ်းသွယ်လေးကနေ သူ့ဆီကိုလာနေတဲ့သူကို အဖြေကိုလုံးဝ မမျှော်လင့်ဘဲ “ငါဘယ်သူလဲ” ဆိုပြီး လှမ်းမေးလိုက်တယ်။
အဲဒီတစ်ယောက်လည်း အောက်ကိုငုံ့ကြည့်ပြီး ပြေးတော့တာပဲ။
သူလည်း သေနတ်ကို အပေါ်ထောင်ပြီး နှစ်ချက်လောက်ပစ်လိုက်တယ်။ ပြေးသွားတဲ့သူလည်း ရပ်ပြီး ဒူးထောက်ကျသွားပြီး လဲမကျခင်မှာဘဲ နံရံပေါ်က ခလုတ်အနီလေးကို နှိပ်လိုက်တယ်။
အချက်ပေး အသံတွေက ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်းပေါ်ထွက်လာတယ်။
“သေနတ်သမား သေနတ်သမား သေနတ်သမား ” ဆိုပြီး စပီကာတွေကနေ အချက်ပေးသံတွေထွက်လာတယ်။
ဘယ်အလုပ်သမားတွေကမှ လှည့်မကြည့်ကြပါဘူး။ အလုပ်ပဲ ဆက်လုပ်နေကြတာပါ။
သူ ပြေးတယ်၊ သတိပေးသံတွေထွက်နေတဲ့ စပီကာတွေကနေလွတ်အောင်ပေါ့။ တံခါးတစ်ပေါက်ကိုတွေ့တော့ အဲဒီဆီကို ပြေးသွားလိုက်တယ်။ တံခါးကပွင့်သွားတယ်၊ အဲ ယူနီဖောင်းမတူ လူလေးယောက်ရပ်နေတယ်။ သူတို့တွေက သူ့ကို အံ့ဖွယ်စွမ်းရည်မြင့်သေနတ်တွေနဲ့ ပစ်ခတ်လိုက်တယ်။ ခန္ဓာကိုယ်ပေါ်က ပစ္စည်းတချို့ပြုတ်ထွက်ကုန်တယ်။ သူက သုံးကြိမ်လောက် သေနတ်နဲ့ ပြန်ပစ်တော့ ဟိုလေးယောက်ထဲက တစ်ယောက်က သေနတ်ကြီး ပြုတ်ကျပြီး ကြမ်းပြင်ပေါ်မှောက်သွားတယ်။
သူတစ်ခြားတစ်ဖက်ကို ထွက်ပြေးပေမယ့် အဲဒီတခြားဖက်ကလည်း အဲသလို လူတွေ ထွက်လာကြတာပဲ။ ဘေးဝန်းကျင်ကိုကြည့်တော့ ဖက်ပေါင်းစုံကနေ သူ့ဆီကို ချဉ်းကပ်လာတာတွေ့ရတယ်။
လွတ်အောင်ပြေးမှဖြစ်မယ်။
သူ အထက်အမြင့်တွေရောက်အောင် အပေါ်ထပ်တွေကို တက်တယ်။ အပေါ်မှာလည်း သူတို့တွေနဲ့ သူပိတ်မိနေပြီ။ သူကျည်တွေ ကုန်သည်အထိ သေနတ်နဲ့ ပစ်လိုက်တယ်။
သူတို့တွေ သူ့ဆီကို အပေါ်တွေ အောက်ဖက်တွေကနေချဉ်းကပ်လာတော့ “ကျေးဇူးပြုပြီး ငါ့ကို မပစ်ခတ်ပါနဲ့၊ ငါဘယ်သူလဲဆိုတာကို သိချင်ယုံသက်သက်ပါ”
သူတို့ သူ့ကို ပစ်ခတ်လိုက်ပါတယ်၊ စွမ်းအင်မြင့်အရောင်တွေ ဖြာကျ၊ အရာအားလုံးပြီးဆုံးသွားပါတယ်…
///////
သူတို့တွေက သူ့ကိုကြည့်ပြီး တံခါးကို ၀ုန်းကနဲပိတ်လိုက်တယ်၊ ပြီးကုန်တင်ကားလည်း ထွက်သွားတယ်။ “သူတို့ထဲက တစ်ယောက်ယောက်ကတော့ ခဏခြင်း အဲသလိုတွေ ဖြစ်တတ်တယ်” အစောင့်တစ်ယောက်ကပြောတယ်။
“ငါက အဲဒါ နားကိုမလည်တာ”ဆိုပြီး ဒုတိယ အစောင့်က ခေါင်းကုတ်ရင်းပြောတယ်။
“အခုတစ်ယောက်ကိုပဲ ကြည့်၊ သူဘာပြောသလဲဆိုတော့ ငါဘယ်သူလဲဆိုတာလေးကိုပဲ သိချင်တာပါတဲ့။ အဲသလိုတွေပဲ၊ လူတွေနဲ့ သိပ်တူတာ။ သူတို့တွေက အဲဒီစက်ရုပ်တွေကို သိပ်ပြီး ကောင်းလွန်းအောင်လုပ်ထားတယ်လို့ ငါတော့ ထင်တယ်။”
အစောင့်နှစ်ယောက်သည် စက်ရုပ်တင်သွားသော ကုန်တင်ကား ကွယ်ပျောက်သွားသည်အထိ ငေးမောကြည့်နေကြလေသည်။
မူရင်း - The Killer by Stephen King
စက်ရုပ်လူသား သူငယ်ချင်းများသို့ အမှတ်တရ....
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:57 AM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အားယူနေဆဲ အဖူးအပွင့်များ, ကေဇက်