Saturday, August 22, 2009

၄၂ စစ်တမ်း


လွန်ခဲ့တဲ့ (၁၀)နှစ်တိတိက သြဂတ်လ (၂၂)ရက်နေ့မှာ
ကျနော့်ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အခန်းဖော်၊ ကျေးဇူးရှင် ဦးလေးတစ်ယောက်ရဲ့ (၄၂)နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ရေးပေးခဲ့တဲ့ ကဗျာလေးပါ။ ကျနော့်ဘဝရဲ့ တစ်ခန်းတစ်ဏ္ဍမှာ ထိုဦးလေးဟာ အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသက ပါဝင်ပေးခဲ့သူပါ။ အခုတော့ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ ကျနော်တို့ အဆက်အသွယ်ပြတ်တောက်နေတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဒီနေ့ ထိုဦးလေးရဲ့ (၅၂)နှစ်ပြည့်မွေးနေ့မင်္ဂလာမှာ သူ့ရဲ့ ကျေးဇူးတရားတွေကို ဦးထိပ်ထားပြီး ကံသုံးပါးတို့နဲ့ ပြစ်မှားကျူးလွန်မိခဲ့သည်များရှိရင် ခွင့်လွှတ်ပါလို့ ရည်စူးတောင်းပန်ရင်း အဲဒီကဗျာလေးကိုပဲ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် မျှဝေပါရစေ။ ဒီကဗျာလေးကို တခုတ်တရ သိမ်းထားပြီး တကူးတက ပြန်ပို့ပေးတဲ့သူကတော့ ထုံးစံအတိုင်း ကျနော်၏ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမေပါပဲ။



၄၂ စစ်တမ်း


၄၀ ကျော် ၅၀ တွင်း
ချဉ်းနင်းဝင်ရောက်
တည်ဆောက်ခဲ့သမိုင်း
ယဉ်သလား ...
ရိုင်းသလား ...
ထား ... ။

ခွဲခြားပိုင်းစစ်
လေးဆယ့်နှစ်မှာ
ဥစ္စာ
ပညာ
ဘာဝနာ
ဘယ်ဟာတွေ သင် ရခဲ့ပြီလဲ၊
ဘယ်ဟာတွေ သင် ရဦးမှာလဲ၊
ဘယ်ဟာတွေ သင့် နောက်ပါမလဲ၊
လဲ ...............
လဲ ..........
လဲ .....။

လဲ ပေါင်းများစွာ
မေးစစ်ခါဖြင့်
မကြာသေတွင်း
မသက်ဆင်းခင်
မှန်ခြင်းတရားကျင့်အပ်ပေ။...........။
ကျန်ကြွင်းမထားမြင့်မြတ်စေ။...........။


မာရေးသျှင်
22-AUG-1999(SUN)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 20, 2009

ယန္တရား


ချစ်သော E-Journal ကို မြင်သာမြင် မကြင်ရတာ ကြာပြီ။

ကျနော့်ဘဝ၏ တကယ်ပင် မအားလပ်သော ကာလများပါပေ။

ဤသို့သောကာလများတွင် ခွန်အားဖြည့်သံဝေဂ ဂါထာပမာ ကျနော့်စိတ်မှာ ရစ်ဝဲလာလေ့ရှိသော အမေ၏ကဗျာလေးကို ကွမ်းစားဆေးသောက်ချိန်လေးမှာ အပြေးအလွှားလာကာ ဝေမျှသွားပါရစေ။



ယန္တရား

အရုဏ်မိုးချုပ်
လက်တိုင်းလှုပ်မှ …..
နေ့ညမနား
မြဲလှုပ်ရှားမှ …..
ဝမ်းဝကြည်လင်
လူပီပြင်လိမ့်။………။


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, August 16, 2009

အုံ့ပုန်း (၂)


အုန်းအုန်းကျက်ကျက်
လှိုက်တက်ဆို့နင့်
မပွင့်အံခဲ
ရင်ထဲမျိုသိပ်
ကြိတ်မှိတ်အောင့်အည်း
ဆိုညည်းပွင့်အန်
ခေါ်ရန်မရဲ
ရင်ကွဲပွင့်နိုး
“စိတ်” စိုးမရ
တသသဖြင့်။..........။


မာရေးသျှင်
25-2-1997(TUE)





ဆက်ဖတ်မယ်ဆိုရင် ...

Saturday, August 8, 2009

စိတ်ဝင်စားစရာဦးနှောက်များ





လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။



“လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။)”

ဟဲ ဟဲ ကျနော်လည်း မှန်မကြည့်ဖြစ်တာကြာတော့ ကိုယ့်ကိုယ်ကို မမြင်ရဘူးဗျ။
ဒီနေ့ ကျနော့်တို့နိုင်ငံမှာ တာဝန်အရှိဆုံးသူတွေဟာ ဘယ်သူတွေလဲလို့ မေးရင် ဒီကနေ့ကျနော်တို့လူငယ်တွေပါပဲ။ ကျနော်တို့နိုင်ငံ ကောင်းတယ်ဆိုရင် ဒါ ကျနော်တို့တော်လို့ပါပဲ။ ကျနော်တို့နိုင်ငံ မကောင်းဘူးဆိုရင် ကျနော်တို့ညံ့လို့ပါပဲ။ တစ်ခြား ဘယ်သူတွေကြောင့်မှ မဟုတ်ပါဘူး။

“ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။”


အလေ့အထဆိုတာ ပြုစုယူလို့ ရတာပါ။ ကဲ လာဗျာ ကျနော့်တို့ စကြရအောင်။ ပညာတတ်တွေ မဟုတ်သော်ငြား၊ သာမန်ညောင်ညတွေမျှသာဖြစ်သော်ငြား … ကျနော်၊ ခင်များ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြရအောင်ဗျာ။

ခင်များကိုယ်တိုင်အဝင်အပါ ခင်များမိသားစုဝင်တွေဟာ ခင်များနိုင်ငံသားတွေပါ။
(ပြည်တွင်းမှာပဲဆိုရင်) ခင်များသူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ အခန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးနားချင်းတွေ သူတို့သူတို့ တစ်တွေဟာ ခင်များနိုင်ငံသားတွေပါ။

သူတို့တစ်တွေကို စောင့်ရှောက်ခြင်းသည်ပင်လျှင်၊ သူတို့ တစ်ဦးတိုင်း တစ်ယောက်တိုင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကို ရေရှည်ကြိုတွေးပြီး နူးညံ့စွာပြုပြင်ခြင်းသည်ပင်လျှင် ခင်များလူမျိုး၊ ခင်များနိုင်ငံကို စောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းပါပဲ။

နှမ်းတစ်လုံးတည်းနဲ့ဆီမဖြစ်သော်ငြား နှမ်းစေ့လေးတွေများပြားလာတဲ့အခါ ဆီဖြစ်လာမှာပါ။ တစ်စက်ကျများ ပြည့်သော်လားသို့ပေါ့ဗျာ။ အပင်မပေါက်သေးသော်ငြား အစေ့ထဲကအပင်တွေကို ကျနော်တို့မြင်အောင်ကြည့်ကာ မူးပဲအစနဲ့ ထူးကဲဘဝတွေ တည်ဆောက်ကြတာပေါ့ဗျာ။

ဒီတော့ လာဗျာ.. စာဖတ်ကြရအောင်။ ကိုယ့်အိမ်သားတွေ အဝင်အပါ သူများတွေ စာဖတ်တတ်လာအောင် စည်းရုံးသွေးဆောင်ကြရအောင်။ သူတစ်ပါးကို စည်းရုံးသွေးဆောင် ပြုစုပြိုးထောင်တယ်ဆိုတာ သွယ်ဝိုက်ခေါင်းဆောင်မှုက ပိုမိုထိရောက်တာ။ ဥပမာ “ဒီစာအုပ်လေးဖတ်ကွ”လို့ တိုက်ရိုက်ပြောတာမျိုးထက် အဲဒီစာအုပ်လေးကို သူဖတ်ချင်လာအောင် သူမြင်သာတဲ့နေရာမှာ မသိမသာချထားတာမျိုးပေါ့။ သူပြုပြင်ပြောင်းလဲလာသော်ငြား ခင်များရှိနေတာတောင် သူသိချင်မှသိမှာ။ တစ်ခါတစ်ခါ တိုက်ရိုက်ခေါင်းဆောင်မှုလိုတဲ့အခါတွေမတော့ တိုက်ရိုက်ခေါင်းဆောင်ကြတာပေါ့ခင်ဗျာ။

လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။ လက်ဖက်ရည်ဆိုင်ကလူငယ်တွေဟာ၊ အရက်ဆိုင်က လူငယ်တွေဟာ၊ ဂိမ်းဆိုင်က လူငယ်တွေဟာ၊ လယ်ကွင်းထဲက လူငယ်တွေဟာ စာသင်ခန်းထဲက လူငယ်တွေပမာ နိုင်ငံတော်ရဲ့ အနာဂတ်တွေပါ။


မှတ်ချက်အတွက်မှတ်ချက်။..........။ ဆရာသုရဲ့ပို့စ်ကို ဖတ်ပြီး ရေးတဲ့ မှတ်ချက်ပါ။ ဟဲ ဟဲ နည်းနည်းရှည်သွားလို့ဖြစ်မည် ..မိတ်ဆွေက ပို့စ်အဖြစ်တင်ဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။ ပို့စ်အဖြစ်ရည်ရွယ်ပြီးရေးခြင်းမဟုတ်ဘဲ အလွတ်သဘော မှတ်ချက်အဖြစ် လက်တန်းရေးထားခြင်းမျှသာဖြစ်ပါတယ်။

(Comment on The man who wanna talk HRD! ကို ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 6, 2009

အဖေ့မွေးနေ့


(၇)ရက်၊ သြဂတ်လ၊ ၂၀၀၉ (သောကြာနေ့)

ဒီနေ့ဟာ ကျနော်၏ချစ်ခင်မြတ်နိုးလေးစားကြည်ညိုရပါသော အနန္တကျေးဇူးရှင် အဖေရဲ့ (၆၂)နှစ်ပြည့် မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ အဖေ့မွေးနေ့မှာ အထိမ်းအမှတ် ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ် ကျနော်ရေးဖွဲ့ချင်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာ စကားလုံးများစွာ ပြွတ်သိပ်လာတဲ့အခါ တစ်လုံးမျှထွက်မလာတော့ပါ။

အခုတလော E-Journal မှာ ၁၉၉၇ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ကဗျာတော်တော်များကို ပြန်လည်ဝေမျှနေမိရာ ထိုနှစ်က အဖေ့ရဲ့မွေးနေ့မှာ ရေးဖြစ်ခဲ့တဲ့ကဗျာလေးကိုပဲ အမှတ်တရဖော်ပြဖို့ စိတ်ကူးရလာပါတယ်။

အဖေကတော့ ထုံးစံအတိုင်း ကျေနပ်ပျော်ရွှင်နေမှာ အသေအချာ။





သံသရာရှည်လျက်

အဆုံခက်သည့်

အမြတ်ဘာသာ

သာသနာတွက်

နှင်းဆက်အင်အား

သားကြိုးစား၍

သား၏ကိုယ်စား

သားညီဘွားကို

အင်အားဖေ့တွက်

သားနှင်းဆက်သည်

သာသနာထွန်းတောက်

ဖေဝမ်းမြောက်စေ။………..။

.

မာရေးသျှင်

7-8-1997(THU) 6:15am


(ဒီကဗျာကို ဖတ်ပြီးတဲ့အခါ ကျနော့်ကို သာသနာ့ဝန်ထမ်း လောကုတ္တရာနယ်ကရဟန်းများလား ထင်သွားစရာ ရှိပါတယ်။ မဟုတ်ပါဘူးခင်မျာ။ ကျနော်ဟာ လောကီနယ်ပယ်ထဲ တဝဲဝဲလည်နေဆဲ ကိလေသာအပူတောက လူချောတစ်ယောက်မျှသာဖြစ်ပါကြောင်း အခွင့်ကောင်းကြုံတုန်း ပြောပါရစေ။)




ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, August 4, 2009

သိမ်းထားတဲ့ကဗျာ (၂)



ကျနော့်မိတ်ဆွေ အစာအိမ်အူအတက်ပေါက်လို့ ခွဲထားရတယ်ဆိုတာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က သိခွင့်ရပါတယ်။ ကျနော်စိတ်မကောင်းပါ။ အဲဒီအခါ ဟိုး..... လွန်ခဲ့တဲ့ (၁၂)နှစ်ကျော်က သူ အစာအိမ်ရောဂါစဖြစ်စဉ်မှာ သူစိတ်သက်သာရာသက်သာကြောင်း သူ့ကိုရေးပေးခဲ့ဖူးတဲ့ကဗျာလေးကို သတိရလာပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်စုနှစ်တစ်ခုစာ မမေ့မပျောက်ရှိနေသေးတဲ့ ကဗျာလေးကို E-Journalမှာ သိမ်းထားဖို့ စိတ်ကူးရလာကာ အခု အကောင်အထည်ဖော်လိုက်တာပါ။ နောင် ရာစုနှစ်တစ်ခုစာ အဓွန့်ရှည်ကြာသော် ရှည်ကြာငြား ..... ကျနော့်မိတ်ဆွေအား အမှတ်တရအဖြစ်ပေါ့ခင်မျာ။
.
ထိုစဉ်က ခေါင်းစဉ်မပေးခဲ့သော ကဗျာကို ယခုအခါလည်း အမည်မတပ်ဘဲ ဆက်လက်သိမ်းထားခွင့်ပြုပါ။



စာအိမ်ရောဂါ
ဝင်လာနှောင့်ယှက်
စိတ်ပျက်လူ့ဘောင်
ဝတ်ကြောင်ကိုစွန့်
အဓွန့်ရှည်ကြာ
သာသနာအတွက်
ထမ်းရွက်သယ်ပိုး
ဖန်ဆိုးသင်္ကန်း
ဆင်မြန်းတော့မည်
တိမ်သည်မှဖြတ်
မိုက်ဇာက်ကိုရှင်း
မဂ်လင်းဖိုလ်ဉာဏ်
နိဗ္ဗာန်မျက်မှောက်
ဆိုက်ရောက်စေကြောင်း
ဆုတောင်းပန်ထွာ
ပြုကာသုံးသပ်
ဆုံးဖြတ်တဲ့အခါ
ညစာမွန်းလွဲ
စားလည်းမဖြစ်
အနှစ်ရတနာ
မြင်သာပေမယ့်
ဝါလဲ့သင်္ကန်း
ဆင်မြန်းမရဲ
လူထဲမှာပဲပျော်တော့မယ်။..........။

မာရေးသျှင်
14.1.1997(TUE)

ဆက်ဖတ်မယ်ဆိုရင် ...