Thursday, July 22, 2010

နှစ်ဆယ့်ခြောက်နှစ်အရွယ် သူမ …..

မိန်းကလေး တစ်ယောက်အဖို့ ချစ်သည်ဟု သူစိမ်းယောက်ျားလေး
တစ်ယောက်ကို အဖြေပေးရသည်မှာ စွန့် စားမှုတစ်ခုပင်ဖြစ်လေသည်
မဟုတ်လား။
သူမ…..
ဤမြို့ သူမဟုတ်။ သို့ သော် အလုပ်လုပ်နေသူတစ်ယောက်။ သူမမှာညီမတစ်ယောက်
ရှိသည်။ အတူနေ၏။ သူမ၏ အလုပ်သည် တစ်ပတ်မှာ နှစ်ရက်နားရ၏။ သူမဖြတ်လျောက်
နေကြ သဲခင်းလမ်းလေးသည် သူမ ကိုသိ၏။ ဤမြို့ ရဲ့လေးညင်းလေးများသည် သူမကို
ကြည်နူးစေ၏။ ကုက္ကိုပင်အိုကြီးသည် သူမကို မြင်လျင် အမြဲတမ်း ခေါင်းငြိမ့် လျက်
ကြည့်နေတတ်သည်။
ကောင်လေးတစ်ယောက်…..
တနေ့ ကောင်လေး တစ်ယောက်သည် ကုက္ကိုပင်အိုကြီး၏ ရင်ခွင်ထဲထိုင်၍ သူမကိုစိုက်
ကြည့်နေခဲ့၏။ ထိုနေ့ က သူမ တီရှပ်အဖြူတစ်ထည်ကိုဝတ်လာခဲသည့်နေ့ ။

ကောင်လေးသည် တွေတွေလေး သူမကိုစိုက်ကြည့်နေ၏။ မိန်းကလေး တစ်ယောက်
အဖို့ သူစိမ်းယောက်ျားလေး၏ တွေတွေလေး အကြည့်သည် ကိုယ့်ကိုယ်ကို သံသယ
ဝင်စေတတ်၏။ ခြေလှမ်းမှားတတ်၏။ ကျေနပ်သည့်အပြုံးနှင့် ခေါင်းလေးကိုပိုပြီးငုံ့ သွား
တတ်၏။ မကျေနပ်သည့်မျက်စောင်းနှင့် ကောင်လေးကို အသိအမှတ်ပြုတတ်၏။
တနေ့ ထိုကောင်လေးသည် သဲခင်းလမ်းတစ်လျောက် သူမ၏နောက်နဘေး ခပ်ခွာခွာ
လေး ကပ်လိုက်လာခဲ့လေသည်။ ထို့ နေ့ က သူမ အနက်ရောင်အစင်းကြောင်းပါသည့် တီရှပ်
ကိုဝတ်လာခဲ့သည့်နေ့ ။ မိန်းကလေးတစ်ယောက်အဖို့  သူစိမ်းယောက်ျားလေး၏
နောက်ယောင်ခံလိုက်ခြင်းသည် ခြေလှမ်းကို နှေးစေ၏၊ မြန်စေ၏။ ကိုယ်ယောင်
ဖျောက်တတ်၏။ ကျေနပ်သည့်မျက်စောင်းနှင့် ရန်လုပ်တတ်၏။
တနေ့ ထိုကောင်လေးသည် သူမကို လှသည်ဟု ပြောလာ၏။ ထိုနေ့ က သူမ
ပန်းအနီရောင် အနွေးထည်လက်ရှည်ကိုဝတ်လာခဲ့သည့်နေ့ ။ကောင်လေးကပြော၏။
“သိပ်လှတာပဲ” တဲ့ …မိန်းကလေးတစ်ယောက်အဖို့  ထိုစကားလုံးသည် စိတ်ကိုရွှင်စေ
၏။ ပြောသူကိုတိတ်တခိုးကျေးဇူးတင်၏။ ရှက်ပြုံးလေးနှင့် ငြင်းဆိုတတ်၏။
ဒီလိုနဲ့ ပေါ့….
တနေ့ ဟူသည့်နေ့ ပေါင်းများစွာသည် ကောင်လေးနှင့်ကောင်မလေးကို ပိုပြီးရင်းနှီး
သွားစေခဲ့သည်။ နွေ၊မိုး၊ဆောင်း တွင်သည့် ဥတုသုံးဦးသည် သူတို့ နှစ်ဦး၏ ခင်မင်ရင်း
နှီးမှုကို အသိမှတ်ပြုခဲ့ပြီ။ သူမကို တွေ့ တိုင်း ကောင်လေးသည် ရယ်စရာတွေပြော
တတ်၏။ အလိုက်သိ၏။ ဂရုစိုက်၏။ ကြင်နာ၏။နွေးထွေးမှုပေး၏။ ယုယတတ်၏။
ထို့ ကြောင့် သူမသည် ကောင်လေး အကြောင်းကို အလုံးစုံမသိသော်လည်း ကောင်
လေးနှင့် တွေ့ လျင် သူမ ပို၍ ပျော်ရွှင်မိသည်။ ကျေနပ်မိသည် မဟုတ်ပါလား။
သဲခင်းလမ်းလေးသည် သူတို့ နှစ်ဦး၏စကားသံကို တိတ်တိတ်လေး
နားစွင့်တတ်ခဲ့ပြီ။ လေညင်းလေးများသည် သူတို့ နှစ်ဦး၏ရယ်သံများကြား ကခုန်လျက်။
ကုက္ကိုပင်အိုကြီးသည်ကား သူတို့ နှစ်ဦးကို အကဲခတ်လျက် ပြုံးနေခဲ့သည်။
ဒီလိုနဲ့ ပေါ့…
အလုပ်နားသည့်တစ်ရက်၊ မှတ်မှတ်ရရ စနေ နေ့ ၊ တိမ်တွေ ငိုနေ၏။ ထိုနေ့ က သူမ၏
ခေါင်းပေါ် ထီးနီနီတစ်လက်ကို မိုးထားလျက် ကောင်လေးသည် စကားတစ်ခွန်းကို ခပ်
တိုးတိုးလေးပြောလာ၏။ “ငါ နင့်ကို ချစ်တယ်” တဲ့ …သံစဉ်သည် တိုးသက်ညက်ညော
ပေမယ့် သူမအတွက် တစ်ကိုယ်လုံးကို ပူရှိန်းရှိန်းဖြစ်သွားစေသည်။ အချက်မကျသည့်
နှလုံးသား၏ စည်းချက်ကြောင့် သူမကို မောဟိုက်စေပြီ။ နှုတ်သည် ဆွံ့ အလျက်
ခေါင်းလေးကို ပိုပြီး ငုံ့ သွားစေခဲ့သည်။ သူမ အရမ်းကို အံ့သြစေခဲ့သည့်နေ့ တစ်နေ့ 
ဖြစ်ခဲ့သည်မဟုတ်ပါလား။
အဲဒီနေ့ က …..
သဲခင်းလမ်းလေးသည် တိမ်တွေ၏ မျက်ရည်တွေထဲ နှစ်မြုပ်နေ၏။ လေညင်းလေး
သည် အလိုက်သိစွာ ငြိမ်သက်လျက်။ ကုက္ကိုပင်အိုကြီးမှာကား…….
မိန်းကလေးတစ်ယောက်၏ နှလုံးသားသည် လှပသည့်သံဇဉ်များနှင့် ရင်ခုန်ကြည်နူး
စေသည့် အသက်ရှိတေးတစ်ပုဒ်ကို ထပ်ခါထပ်ကြားရခြင်းဖြင့် သီဆိုသူကို စွဲလမ်း
တတ်စေသည်လား…..ဘာကြောင့်ကောင်လေးသည် သူမ၏ခင်မင်မှုကို အရင်းအနှီး
လုပ်ပြီး သူမ၏ နှလုံးသားကို သိမ်းပိုက်ချင်ရတာလဲ။ ခင်မင်မှုကို ဘာကြောင့် ချစ်တယ်
ဆိုသည့်စကားလုံးနှင့် အဆုံးသတ်ထိန်းကွပ်ချင်ရတာလဲ……ဟူသည့်အတွေးများနဲ့ ပေါ့။
သူမ….
သူမအတွက် ချစ်တယ် ဆိုသည့်စကားလုံးသည် သူမကို တာဝန်တွေ ပိုစေခဲ့ပြီ။
သူတကယ်ပဲ့လား …ဆိုသည့်အတွေးနှင့်ညတိုင်း ကောင်လေးကို သတိရခဲ့ပြီ။
သူမ နေ့ တိုင်းလုပ်ရသည့် အလုပ်တွေထဲ အလှပြင်ခြင်း ဆိုသည့်အလုပ်တစ်ခု
ပိုလာခဲ့ပြီ။ မိန်းကလေး တစ်ယောက်၏ ကျင့်ဝတ်ဆိုသည့် ခေါင်းစည်းတစ်ခုကို
ခေါင်းမှာ ပန်ဆင်ရင်း ကောင်လေးနှင့်တွေ့ တတ်ခဲ့ပြီ။ ကောင်လေးတစ်ယောက်၏
တန်ဖိုးထားချစ်သည်ဟု ပြောခံရသူ မိန်းကလေးတစ်ယောက်၏ ဘဝသည်
ပြောင်းလဲတတ်သည်လား သူမကိုယ်တိုင် မသိတော့။
မိုးကုန်သည့် ဆောင်းညတစ်ည၊ ဒီနေ့ က လပြည့်နေ့ မဟုတ်၊ ကြယ်တွေစုံနေ၏။
လောကတစ်ခုလုံး ငြိမ်သက်လျက်.. ညချမ်းအေးအေးမှာပေါ့….
သူမသည် ညီမ ကျူရှင်အပြန်ကိုစောင့်ရင်း
အိမ်ရှေ့ခုံတန်းလေးပေါ်ထိုင်ပြီး ကောင်လေးအကြောင်း တွေးနေမိသည်။
မနက်ဖြန်ကျရင် ကောင်လေးကို အဖြေပေးမည်။။။။သူမတွေးပြီးပျော်နေ၏။။။
ရုတ်တရက်လေအဝှေ့ ....အရက်နှံ့ တစ်ခု သူမနှခေါင်းထဲ တိုးဝင်လာသည်။
သူမ ဆက်ကနဲ ခြံတံခါးဝကို ကြည့်လိုက်၏်။ ပုံရိပ်တစ်ခု သူမကိုလက်ရပ်
ခေါ်နေသည်။ ညီမ ကျူရှုင်က ပြန်လာသည်ဟုထင်၏်။ သို့ သော်မဟုတ်…
သူမတွေးနေသည့်ကောင်လေး ခြံတံခါးဝနားရပ်နေသည်မဟုတ်ပါလား။
သူမ အံ့သြသွားမိ၏။ ခြံတံခါးအနား မရဲတရဲလေးကပ်ပြီး ကောင်လေးကို
မေး၏။ပြီး နှင်၏။ သို့ သော်…ကောင်လေးမသွား…ဗလုံးဗထွေးအသံနှင့်
ခြံထဲဝင်ချင်သည်ဟုပြောလာသည်။ ကောင်လေး အရက်တွေ အတော်မူးနေ
သည်လား သူမမသိ…သူ ခြံတံခါးကိုတွန်းဖွင့်နေပြီ။ သူမ ကြောက်ရွှံ့စွာနဲ့ 
ကောင်လေး ကိုမဝင်ဖို့ ပြော၏။ ထွက်သွားဖို့ နှင်၏။ သူတို့ နှစ်ဦးသည်
ခြံတခါးတစ်ခုကို အလည်၌ထားပြီး လိုချင်သည့်ဆန္ဒတစ်ခုစီကို ထုတ်ဖော်ပြော
ဆိုနေကြသည့်အချိန်……ညီမသည် ကျူရှင်ကနေ ပြန်လာခဲ့ပြီ။ ပြီးတော့…
ကြောက်သည့်မျက်လုံးတွေနှင့်စိုက်ကြည့်၏။ ထို့ နောက်အော်ငိုလေပြီ။
မိန်းကလေး တစ်ယောက်၏ အရှက်သည်ဒေါသနှင့်ပေါင်းစပ်ပြီး ငြိမ်သက်
နေသည့် လောကကို ပေါက်ကွဲစေတတ်၏်။ သူမ၏ အတွေးများနှင့် လှပနေသည့်
ညချမ်းလေးသည် ပတ်ဝန်းကျင်၏ အကြည့်များကြား ကျကွဲခဲ့ပြီ။
သူမ…သူမ…အခုတော့ နှလုံးသားအမာရွတ်တစ်ခုနှင့်……
မိုးဖွဲလေးတွေ ကျနေ၏။ သဲခင်းထားသည့်လမ်းကလေးသည် တိတ်ဆိတ်ငြိမ်သက်
လျက်။ ထီးနီနီဆောင်းထားသည့်ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေး
ရွေ့ လျားနေ၏်။ အေးချမ်းမှုတို့ သယ်ဆောင်လာသည့်လေညင်းလေးတစ်အုပ်
လစ်ကနဲ သူမကို ဖြစ်ကျော်တက်သွားသည်။ လမ်းနဘေးထိုင်နေသည့် ကုက္ကိုပင်အိုကြီး
သည် ဘာကြောင့်လဲမသိ ခေါင်းယမ်းလိုက်လေသတည်း။....

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, July 21, 2010

တရား ကျ ခြင်း


လောကဓံတရားရယ်
ဖြစ်ပျက်ဆဲ ဒီခဏ
ဖြစ်ပျက်မြဲ ဒီဘဝ
ဘာတွေကိုထောက်ထားလို့
ကြောက်အားပိုနေရမလဲ
မင်းနဲ့ငါ အပွဲပွဲနွဲဖို့
ကိုယ့်ကိုယ်ကိုယ်အသည်းခွဲပြီးတဲ့နောက်။..........။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, July 11, 2010

ပန်းလေး နှစ်ပွင့်အကြောင်း..

ပန်းဆိုသည်မှာ....နူးညံ့သည့်မျက်နှာပြင်လေးနှင့်ဖြူစင်သည့် နှလုံးသားတစ်ခုကို
ပိုင်ဆိုင်ထားသော သဘာဝ အလှတစ်ခုပါလားကွယ်....
အရောင်အသွေး စုံလင်လှသည့် ပန်းပွင့်လေးတွေကို ပြုစုပျိုးထောင်ပေးသော
မိခင်သူနာပြုကျောင်းတော်ကြီးသည် အေးချမ်းသည့်ဆောင်းမနက်ခင်းရင်ခွင်ထဲ၌ မြူနှင်း
တွေကို ခြုံရင်း အတိတ်ထဲက ပန်းကလေး နှစ်ပွင့် အကြောင်းကို တွေးနေမိသည်။
ပန်းပွင့်လေးတွေအတွက် သူနာပြုကျောင်းတော်ကြီးသည် မိခင်ဖြစ်၏။ ပြုစုပျိုးထောင်
ပေးသော ဥယျာဉ်မူးဖြစ်၏။ ပူလောင်မှု့ မရှိသော နွေရာသီမနက်ခင်းတစ်ခု၌ ပန်းလေးနှစ်ပွင့်
သည် ကျောင်းတော်ကြီးဆီသို့ ရောက်ရှိလာခဲ့၏။
မျက်နှာပေါ် လှပသောအရောင်တွေခြယ်သထားသည့် ရမ္မက်ပြင်းပြင်းပန်းတစ်ပွင့်....နှင့်
မျက်နှာပေါ် သဘာဝအရောင်လိမ်းခြယ်ထားသော တောရိုင်းပန်းတစ်ပွင့်။ ဤပန်းနှစ်ပွင့်သည
သိပ်ချစ်ကြသည့် သူငယ်ချင်းမိန်းကလေးနှစ်ယောက်ဖြစ်လေသည်။
သူတို့ နှစ်ဦး၏ သဘာဝသည် ဆန့် ကျင်နေ၏။ သို့ သော် အတူတူနေ၏။ ပွင့်လင်းကြ၏။
လိုက်ဖက်လှ၏။ သိပ်ချစ်ကြသည့် အရိုင်းနှင့်အယဉ်ပေါင်းစဉ်းနေသော အလှပိုင်ရှင်နှစ်ဦးပင်
တည်း။ သူတို့ နှစ်ဦးသည် စာအတူတူကျက်၏။ ထမင်းအတူတူ စား၏။ တစ်ခန်းတည်းအတူတူ
အိပ်၏။ သူနာပြုကျောင်းတော်ကြီး၏ ရင်ခွင်အတွင်း သူတို့ နှစ်ဦး၏သူငယ်ချင်းသံယောဇဉ်သည်
အခိုင်မာဆုံးဟု ကဗျည်း ထိုးထားခဲ့သည်မဟုတ်ပါလား။.......
အပူငွေ့ မပြယ်သေးသည့် ညနေခင်းတစ်ခုမှာ "မင်္ဂလာပါ...ကျွန်တော်ကျောင်းသား
အသစ်တစ်ဦးပါ " ဆိုသည့်လေပြေလေးနှင့် ကောင်လေး တစ်ယောက်သည် ပန်းလေး နှစ်ပွင့်
အကြားသို့ တိုးဝင်လာခဲ့လေသည်။ ပန်းလေး နှစ်ပွင့် ကလည်း ကြည်ဖြူစွာ ကျောင်းသားအသစ်
ကောင်လေး ကို သူငယ်ချင်းအဖြစ် လက်ခံခဲ့သည်။ သူတို့ သုံးဦးသည် သူငယ်ချင်းအဖြစ်အရမ်း
ခင်မင်ခဲ့၏။
ခင်မင်မှု့ ဟူသော ကြိုးတစ်ချောင်းစီဖြင့် ကျစ်ထားသော သံယောဇဉ်ကြိုးသည်
သူတို့ သုံးဦးကို ရစ်ပတ်ချည်နှောင်၍ အချိန်ရထားကြီးပေါ်တင်ဆောင်ရင်း နေ့ တွေ၊ ရက်တွေ၊
လတွေ၊ နှစ်တွေကို အတူတူ ဖြစ်ကျော်ခဲ့ကြလေသည်။ ဒီလိုနဲ့ ပန်းလေးနှစ်ပွင့်သည် စိတ်ထား
ဖြူစင်သည့်ကောင်လေးအပေါ် အားကိုးလာခဲ့သည်။ စိတ်ဝင်စားလာခဲ့ကြသည်။
ပန်းလေးနှစ်ပွင့်......သင်းကြိုင်သည့် ရနံ့ တွေနှင့်အတူ အလှတွေ ဖူးပွင့်လာခဲ့ပြီ။
နွေးထွေးသည့်ကောင်လေး၏ နှလုံးသား တစ်ခုကို ပိုင်ဆိုင်ချင်လာသည်။ ဘာကြောင့်လဲ
ပန်းလေးနှစ်ပွင့်  ...သူငယ်ချင်းဆိုသည့်အဖြူရောင်စည်းကိုကျော်ပြီး စိတ်ထားဖြူစင်သည့်
ကောင်လေး ကိုချစ်ခဲ့မိပြီမဟုတ်ပါလား။.......သို့ သော်.....ပန်းလေးနှစ်ပွင့်သည်
ကောင်လေး ကိုချစ်မိနေကြောင်း တစ်ဦးကိုတစ်ဦး မဖွင့် ပြောကြချေ။.....
ရမ္မက်ပြင်းပြင်းပန်းပွင့်လေးသည် နွေးထွေးသည့်နှလုံးသားပိုင်ရှင်ကောင်လေးကို
ချစ်မိနေကြောင်း မဖော်ပြဘဲ အချစ်စိတ်နှင့် ပူလောင်နေသည့်နှလုံးသားကို တတ်နိုင်သမျှ
ဖုန်းကွယ်ထားသည်။ အရိုင်းပန်းလေး မှာကား သည်လိုမဟုတ်။ ကောင်လေး ကိုချစ်မိသည့်
အကြောင်းနှုတ်က ဖွင့်မပြောပေမဲ့ သူမ၏လုပ်ဆောင်မှု အားလုံးသည် ကောင်လေး အပေါ်
ဘယ်လောက်ချစ်ကြောင်းကို ပြောပြနေသလို ပေါ်လွင်နေခဲ့လေသည်။...
ဒီလိုနဲ့ ပေါ့......သူတို့ သုံးဦး၏ အဖြူရောင်သံယောဇဉ်ကြိုးသည် အရောင်တွေ စွန်း
လာခဲ့သည်။ ပန်းလေးနှစ်ပွင့် ၏ ဖြူစင်သည့် နှလုံးသားတွေ ပူလောင်လာခဲ့ပြီ။ အရင်က လန်း
ဆန်းပွင့်လင်းသည့် အပြုံးများသည်လည်း ညိုးနွမ်းလာခဲ့ပြီ။ တစ်ဦး ကိုတစ်ဦး သံသယတွေနှင့်
ကြည့်တတ်လာပြီ။ ချိုသာသည့်စကားလုံးများတွင် မာနတွေထည့်သွင်းအသုံးပြုတတ်လာပြီ။
ပန်းလေးနှစ်ပွင့်သည် တစ်ဦးကိုတစ်ဦး နှုတ်ကထုတ်မပြောကြဘဲ မနာလိုမှု့ တွေနဲ့ အတူ ကျိတ်
ပြိုင်ဆိုင်ရင်း အရင်ကခိုင်မာခဲ့သည့် သံယောဇဉ်ကြိုးသည် အက်ကွဲလာခဲ့ပြီလေ။
အရိုင်းပန်းလေး သူမ သိပ်ချစ်၏။ ဘဝမှာ ပထမဦးဆုံးချစ်မိသည့် ချစ်သူအပေါ်
အစစအရာရာအနွံတာခံခဲ့၏။ အရင်က အချစ်ဆိုတာဘာလဲ...သူမလုံးဝမသိ။ ယခုတော့
နှစ်နှစ်ကာကာ စွဲလန်းမိပြီ။ အချစ်ကို ကိုးကွယ်မိခဲ့ပြီ။ အချစ်ကို ကိုးကွယ်မိတော့ အချစ်ရဲ့
စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်ခဲ့ပြီ။ ချစ်ရတဲ့သူ မျက်နှာနည်းနည်းလေးမှမငြိုးစေချင်။
ချစ်သူ ပြုံးပျော်နေတာကိုပဲ့မြင်ချင်သူ။ ချစ်ရတဲ့ သူအတွက်ဆို သူမတစ်ဘဝလုံးပေးအပ်နိုင်သူ။
သူမ.....အချစ်စိတ်တွေနှင့် လောင်ကျွှမ်းပူလောင်နေသော နှလုံးသားဟာ ချစ်ရတဲ့သူဆီက
နွေးထွေးသည့်လေပြေလေးတစ်ခွန်းဖြင့် ငြိမ်းသတ်နိုင်မည်ဟု မျှော်လင့်ယုံကြည်ထားသူ.....
ရမ္မက်ပြင်းပြင်းပန်းလေး....သူမ သိပ်ချစ်၏။ ဘဝမှာ ပထမဦးဆုံးချစ်မိသည့်
ချစ်သူအပေါ် ဘာမဆိုလုပ်ပေးချင်၏။ သို့ သော် ချစ်ရသူအပေါ် သူမ ချစ်တဲ့ အကြောင်းလစ်ဟ
ပြလိုက်လျင် သူမ၏ အချစ်ကို အထင်သေးသွားမှာကြောက်၏။ ပြီးတော့ သူမက စပြီး ချစ်သည့်
အကြောင်းလစ်ဟ ပြရမည်ကို ဝန်လေး၏။ ကိုယ့်ဖက်က မဖော်ပြပဲ သူ့ ဖက်က ချစ်တဲ့ အကြောင်း
ပြောလာမည့်နေ့ ကို လိုချင်၏။ သူ့ ကိုတော့ချစ်မိပြီ။ သို့ သော် ချစ်မိနေသည့်အကြောင်းကို လုံးဝ
လျှို့ ဝှက်ထားသူ.....
အချစ်မီးလောင်ကျွှမ်းနေသော နှလုံးသားကိုယ်စီနှင့် ပန်းလေးနှစ်ပွင့်သည် မာနတွေ၊
သံသယတွေ၊ ပြိုင်ဆိုင်မှုတွေနှင့်အတူ စစ်အေး တိုက်ပွဲဖြစ်နေခဲ့လေသည်။ သူတို့ နှစ်ဦး၏
ဆက်ဆံရေးသည် အေးစက်လာ၏။ ခြောက်သွေ့ လာ၏။ သို့ သော် အရင်ကလို အတူတူစား၏။
အတူတူစာကျက်၏။ တစ်ခန်းတည်းအတူတူအိပ်၏။ သို့ သော် ပွင့်လင်းမှုမရှိတော့ချေ။
တနေ့ ....ကျောင်းဆင်းချိန်......
အရိုင်းပန်းလေး ဆီသို့  ကောင်လေးက စကားတစ်ခွန်းလက်ဆောင် ပေးခဲ့သည်။
" မနက်အစောကြီး နင့်တစ်ယောက်တည်း တို့ ထိုင်နေကြ ဗန်ဒါပင် အောက်မှာစောင့်နေ...
ငါနင့် ကိုစကားတစ်ခွန်းပြောချင်လို့ " တဲ့...အရိုင်းပန်းလေး..ဘယ်လောက်ပျော်လိုက်မလဲ...
သူမ အရမ်းပျော်ခဲ့သည်။ ချစ်ရတဲ့ သူဆီက စကားတစ်ခွန်းဟာ သူမမျှော်လင့်နေသည့်
အလှပဆုံး အိပ်မက်ကမ္ဘာတစ်ခုသို့ ရောက်ရှိစေမည့် လမ်းစတစ်ခုမဟုတ်ပါလား။
အရိုင်းပန်းလေး စိတ်ကူး ကမ္ဘာထဲ လျောက်လည်ရင်း တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
ချစ်မိသူအတွက် ချစ်ရတဲ့ သူဆီက မျှော်လင့်မှု စကားတစ်ခွန်းဟာ အရာရာခွန်အား
ပြည့်စုံစေခဲ့သည်မဟုတ်ပါလား။
အလွမ်းတွေဝေနေသည့်မနက်ခင်းလေးမှာ ခြေသံလေးတစ်ခု ညင်ညင်သာသာလေး
တိုးထွက်လာသည်။ တမ်းတစိတ်နှင့် ဖြတ်ကနဲ လှည့်ကြည့်လိုက်၏်။ သြော်.............
လွမ်းမိုးနိုင်သူ ပုံရိပ်လေး မဟုတ်ပါလား...." ဟေ့...သူငယ်ချင်း ...စောလှချည်လား...
နင်ရောက်နေတာကြာပြီလား" တဲ့ ချိုမြကြည်လင်စွာ သူမနားထဲတိုးဝင်လာသည့်လေပြေလေး
ဟာ သူမရင်ထဲ ခါတိုင်းနေ့ တွေထက် ပိုပြီးလှပသာယာနေသလို၊ ဒါမှမဟုတ် ချားရဟတ်
အမြင့်ကြီးစီးရသလို၊ အသဲထဲအေးကနဲ နွေးကနဲဖြစ်သွားစေခဲ့တယ်လေ။
ကောင်လေး....သူမနဘေးမှာထိုင်လိုက်သည်။ ပြီးတောသူမ၏လက်ကို
ဆုပ်ကိုင်လိုက်၏။ အရိုင်းပန်းလေး မရုံးမိဘူး။ ခေါင်းလေ ငုံ့ နေသည်။ သူမ ရင်ထဲ
အတွေးတွေ ယောက်ယက်ခတ်နေ၏။ ကောင်လေး ကတိုးတိုးလေးပြော၏။
"နင့်ကို စကားတစ်ခွန်းပြောစရာရှိတယ်" တဲ့ အရိုင်းပန်းလေး ခေါင်းမမော့ရဲဘူးလေ။
ဒါပေမဲ့ သူမမျက်နှာလေးပေါ်မှာ နှင်းဆီအနီရောင်ပန်းတွေ အဖူးလိုက်အဖူးလိုက် .....
" ငါသူ့ ကို ချစ်မိနေပြီ " တဲ့  သူမ ကိုယ်လုံးလေး တုန်သွားသည်။ သေချာဖို့ ခေါင်းလေးကို
မော့လိုက်ပြီး လေသံ တိုးတိုးလေးနှင့် ဘယ်သူ့ ကိုလဲလို့ ထပ်မေးလိုက်သည်။
" ငါ....ရမ္မက်ပြင်းပြင်းပန်းလေးကို အရမ်းချစ်မိနေပြီ"တဲ့ " နင် သူ့ ကိုပြောပေးပါလား" တဲ့
သူမ...........
ကောင်လေးဆုပ်ကိုင်ထားသည့်သူမ၏လက်ကိုဆက်ကနဲရုံးလိုက်၏။ ကောင်လေး ကဆက်
ပြောသည်။ ဒါပေမဲ့ သူမ ဘာမှ မကြားတော့ဘူး။ ထိုင်နေရင်း ငြိမ်သက်သွားပြီ။ သူမ၏ နှလုံး
သားဟာ ပူလောင်မှုကြောင့်၊ နာကျင်မှုကြောင့် မျက်ဝန်းတွေထဲ နှင်းမိုးတွေရွာကုန်ပြီ။ သူမ
မျှော်လင့်ခဲ့သည်။ စိတ်ကူးတွေ ဖန်တီးခဲ့သည်။ ဒါပေမဲ့..............
ကောင်လေး....ငါနင့်ကို သိပ်ချစ်တယ်ဆိုတာ ငါနှုတ်က ဖွင့်ပြောစရာမလိုတော့
လောက်အောင် ငါ့ရဲ့အချစ်တွေကို နင်မြင်အောင်ဖော်ပြခဲ့ပြီးပြီ။ နင်မသိတာလား....
ဒါမှမဟုတ် မသိချင်ရောင်ဆောင်ခဲ့တာလား။ နင်ဟာ ငါ့ရဲ့အချစ်ဦးပါ...ငါလေ နင့်ကို
သိပ်ချစ်မိနေပြီလို့ ပြောချင်ခဲ့တယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့တန်ဖိုးဆိုတဲ့
ကျင့်ဝတ်အောက်မှာ နစ်မြုပ်မိခဲ့သည့်အတွက် နောင်တရမိတယ်....ငါ...နင့်ကိုမျှော်
လင့်ခဲ့တယ်။ ဘာကြောင့်နင် ငါ့ကို............
အရိုင်းပန်းလေး စိတ်ထဲကနေ ငိုနေသည့်နှလုံးသားတစ်ခုနှင့် ရင်ဖွင့်နေခဲ့ပေမယ့်
ကောင်လေးရဲ့စကားလုံးတွေဟာ သူမကိုပိုပြီးနာကျင်လာစေတယ်။ နာကျင်မှုကတဆင့်
အသက်ရူလို့ မဝတော့ဘူး။ ရှိုက်သံလေး တစ်ချက်ပေးရင်း......
.."ငါသွားတော့မယ် " ..
ဆိုသည့်စကားတစ်ခွန်းနဲ့ ကောင်လေးရဲ့ရှေ့ကနေ ရုန်းထွက်ခဲ့ရတယ်လေ။
အဲဒီနောက်ပိုင်းမှာတော့ ရမ္မက်ပြင်းပြင်းပန်းလေးနှင့်ကောင်လေးတို့ ချစ်သူတွေ
ဖြစ်သွားခဲ့ကြသည်။ အရိုင်းပန်းလေးတစ်ပွင့် အချစ်ကို ကိုးကွယ်ခဲ့သည်။ ယုံကြည်ခဲ့သည်။
မျှော်လင့်ခဲ့သည်။ နောက်ဆုံး အချစ်ရဲ့အောက်မှာကျဆုံးခဲ့ရသည်။ သူတို့ နှစ်ဦးပျော်နေချိန်
တွင် အရိုင်းပန်းလေးတစ်ပွင့် ငိုနေခဲ့သည်။ တိတ်တိတ်လေး တမ်းတစွာ ခိုးကြည့်သည်။
ဘာကြောင့်လဲဆိုတော့ အချစ်ဦးဆိုသည့် စကားလုံးကို သူမနှလုံးသားမှာ မြတ်မြတ်နိုးနိုး
သိမ်းထားတုန်းလေ။
အဲဒီနောက်ပိုင်း အရိုင်းနှင့်အယဉ် ပန်းလေးနှစ်ပွင့်ဟာ ဆက်ဆံရေးတွေကျဲသွား
ခဲ့သည်။ စကားတွေလည်းသိပ်မပြောကြတော့ဘူး။ ထမင်းလည်းအတူတူမစားတော့ဘူး။
အရိုင်းပန်းလေး ကတစ်ခြားအခန်းသို့ ပြောင်းသွားခဲ့သည်။ ဒီလိုနဲ့ ပန်းလေးနှစ်ပွင့်၏ နှလုံး
သားနှစ်ခုသည် သံသယတွေ အမုန်းတွေ ပေါက်ဖွားလာခဲ့ကြပြီး သူတို့ နှစ်ဦး မျက်နှာ
ခြင်း မဆိုင်ချင်လောက်အောင်ကိုမုန်းသွားကြတယ်လေ။
သြော်.....အချစ်ဆိုသည့်မီး.............
စွမ်းအားပျင်းလှ၏။ နုနယ်သည့်ပန်းလေးတွေ၏ နှလုံးသားတွေဟာ အချစ်ဆိုသည့်မီး
လောင်ကျွှမ်းမိရင် သူငယ်ချင်းဆိုသည့် ခိုင်မာသည့်အဖြူရောင်သံယောဇဉ်ကြိုးလည်း
အက်ကွဲကြွေမွှ ပျက်စီးရသည်ပဲ့မဟုတ်ပါလား.........
ပန်းလေးတွေရဲ့သဘာဝ ကိုလေ့လာရင်း အနာဂတ်မှာ ပန်းလေးတွေသင်းကြိုင်
သည့်ရနံ့ တွေနှင့်အတူ အစွမ်းကုန်ပွင့်လန်းဖို့  အသိဆိုသည့်ရနံ့ တွေထည့်ပေးဖို့ ။။။။
ပန်းလေးတွေရဲ့ နှလုံးသား ညိုးနွမ်းမှု မရှိရလေအောင် အချစ်ဆိုသည့်သင်ခန်စာလည်း
ဘာသာတစ်ခုအနေဖြင့် သင်ပြပေးရဦးမှာပါလားလို့  တွေးမိရင်း မိခင်သူနာပြုကျောင်း
ကြီးသည် တာဝန်တစ်ခု ပိုလာခဲ့ပြီမဟုတ်ပါလား၊................






ဆက်ဖတ်မယ်ဆိုရင် ...

Friday, July 9, 2010

ကမ္ဘာကြီး ပူနွေးလာသတဲ့လား - မြင့်သန်း



တုံးတယ်လိုပြောရင်လည်းခံရမှာပဲ။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို(ကျွန်တော့်အမြင် သက်သက်အရ ရေးရရင်) ခေါင်းထဲထည့်စဉ်းစားသင့်တဲ့ကိစ္စလို့ မထင်ဘူး။

အနောက်တိုင်း လူ့အဖွဲ့အစည်းထဲမှာ အလုပ်မရှိကြောင်ရေချိုးဖို့ လုပ်နေတဲ့လူတွေ၊ နိုင်ငံရေးအခြေခံနဲ့ တစ်စိတ်ကို တစ်အိတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးသမားတွေ၊ လူ့ပတ်ဝန်းကျင်ကြီးကို ကယ်တင်မယ်လို့ကြေငြာပြီး သဘာဝတရားကြီးကို ထိန်းသိမ်းကြပါ။ စောက်ရှောက်ကြပါလို့ ကြွေးကြော်ရင်း မိုဘိုင်းလ်ဖုန်း၊ အင်တာနက်စတာတွေ မရှိရင် မနေတတ်တဲ့ တံလျှပ်လိုပညာတတ်တွေ၊ အဲဒီလူတွေက စနစ်တကျလှုံ့ဆော်ထားတဲ့ လှုပ်ရှားမှုတစ်ခုပဲလို့မြင်တယ်။ ဒီနေရာမှာ နိုင်ငံရေးအခြေခံနဲ့ မဟာဗျူဟာအဖြစ် သုံးစွဲဖွဲ့ စနစ်တကျ လုပ်ဆောင်ထားပုံမျိုးကို ပုံပေါ်အောင်ကွက်တိဖော်ပြလို့ မဖြစ်နိုင်ဘူး။ ဒီတော့ ရေးတေးတေးမြင်အောင် Greenpeace ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုသာ ပြန်ပြီးဆင်ခြင်ကြည့်ကြပါ။ ပညာရှင်တစ်ဦးပြောသလို Global warming is a political, rather than an scientific creation.ဆိုသလိုဖြစ်နေတယ်။

ကျွန်တော်က သိပံ္ပပညာရှင်လည်းမဟုတ်ဘူး။ ဒီတော့ သိပံ္ပဆရာများက ဆဲရင်လည်း ခံရမှာပဲ။ လမ်းပေါ်က လူတစ်ယောက်အမြင်နဲ့ ဆွေးနွေးချင်တာပါ။ အဓိကထား ဆွေးနွေးချင်တာကတော့ “ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ အကြောင်းရင်းကတော့ လူတွေ ကြောင့်ပဲ” လို့ဆိုတဲ့စကားပဲ။ ဒီစကားကို လက်မခံလိုဘူးဆိုရင် ကျွန်တော်အနေဲ့ ထောက်ခံရုံပဲ။ ပြောတဲ့လူကိုယ်တိုင်က ဗြောင်လိမ်ဗြောင်စား။ ဒီစကားကို နှစ်ပေါင်းသိပ်မကြာခင်ကလေးတင်က အိမ်ဖြူတော်မှာ ပညာရှင်တွေကို ကလင်တန်က ပြောခဲ့တာ။ ရုပ်မြင်သံကြားကင်မရာတွေ၊ သတင်းစားဆရာတွေရဲ့ မျက်နှာတွေကို တည့်တည့်ကြည့်ပြီး ဗြောင်လိမ်ခဲ့ဖူးတဲ့လူမို့ လက်သင့်ခံနေစရာမလိုဘူးလို့ မြင်တယ်။ ကလင်တန်ပြောလို့မှမဟုတ်ဘူး။ လက်ခံစရာကို မကောင်းလို့ပါ။ ဒါပေတဲ့ အဲဒီစွဲချက်တင်ထားတာကို နည်းနည်းဆွေးနွေးချင်တယ်။ သိပ္ပံအခြေကလေး နည်းနည်းလောက်ရှိရင်ပဲ ကမ္ဘာကြီးပိုပြီး ပူနွေးလာတယ်ဆိုတာဟာ ဘာကြောင့်ရယ်လို့ သိနိုင်ပါတယ်။ ရာစုနှစ်တစ်ခုမှာ ဆယ်ဒီဂရီလောက်တိုးလာတတ်တာဟာ သဘာဝပါ။ ပိုမိုနွေးတဲ့ ဆောင်းဥတုတွေ၊ ပိုမိုအေးတဲ့ နွေဥတုတွေ ရှိခဲ့တာပဲ။ သူ့အရပ်နဲ့ သူဖြစ်ခဲ့တာတွေရှိခဲ့တာပဲ။ ဒါကြောင့် ကမ္ဘာကြီးရဲ့အပူချိန် ပြောင်းသွားတယ်လို့ မဆိုနိုင်ဘူး။ တစ်ခုမေ့လျော့ထားဖို့ မသိကျိုးကျွန်ပြုထားဖို့ မသင့်တာက သဘာဝတရားရဲ့ဖြစ်ပျက်နေခြင်းအကြောင်းပဲ။ နေရဲ့စွမ်းအင်ထုတ်လုပ်မှုအတိုင်းအတာ။ ကမ္ဘာကြီးလည်ပတ်နေပုံ။ ကမ္ဘာကြီးရဲ့ ရုတ်ခြင်းပြောင်းလဲတတ်တဲ့ သဘော။ အာကာသထဲမှာ ပဲ့ထွက်လာတဲ့ဂြိုလ်တွေ၊ အစိုင်အခဲတွေ … အဲဒါတွေအပြင် ငလျင်ကြောင့်၊ မီးတောင်တွေ ပေါက်ကွဲလာတာကြောင့် ပေါ်ပေါက်လာတဲ့ ဖုန်မှုန့်တွေကို မေ့ထားလို့ မရပါဘူး။ မီးတောင်တစ်ခုပေါက်ကွဲရာက ပေါ်ထွက်လာတဲ့ ဖုန်မှုန့်၊ မီးခိုး စတာတွေ လေထုထဲရောက်ရှိပြီး လေထုညစ်ညမ်းတာမျိုး၊ လေထုကိုညစ်ညမ်းစေဖို့ လူသားတွေက လုပ်မယ်ဆိုရင် ဆယ်နှစ်လောက်လုပ်ရမယ်လို့ ပညာရှင်တွေက လေ့လာတင်ပြခဲ့ကြပါတယ်။ မီးတောင်တွေ၊ ပင်လယ်တွေ၊ တိရစ္ဆာန်တွေကို မေ့ထားလို့ မဖြစ်ပါဘူး။

ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ဂရင်းဟောက်(စ)လို အကျိုးတရားမျိုးပေးဖို့(ဆိုလိုတာက Greenhouse effect ဖြစ်ဖို့)အတွက် အဓိကပဲလို့ ဆိုကြပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးပိုပြီးပူနွေးလာဖို ဆိုးကျိုးတွေပေးဖို့လို့ ဆိုကြတယ်။ ဒီတော့ သစ်ပင်တွေစိုက်ဖို့ ပြောကြပြန်တယ်။ သစ်ပင်က လေထုကို သန့်ရှင်းအောင် ကာဗွန်ဒိုင်အောင်ဆိုဒ်ကို စုပ်ယူတယ်လို့ ပြောကြတယ်။ တစ်ခုပဲ ချန်ပြီး ပြောကြတာကိုး။ သစ်ပင်ဟာ အရွယ်အရောက်ခင်(while growing ဆိုလိုတာပါ)အထိပဲ။ အရွယ်ရောက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မစုပ်ကြတော့ပါဘူး။( Give off carbon dioxide when fully Grown)။ သစ်ကိုင်းခြောက်တွေ၊ လဲပြိုနေတဲ့သစ်ပင်ခြောက်တွေကလည်း ကာဗွန်ဒိုင်အောင်ဆိုဒ် ထုတ်ပစ်လိုက်တတ်ကြတာပဲ။ ဒါကြောင့်လည်း တောင်ရိုးတောင်ကြောတွေပေါ်မှာ တစ်ခါတရံ မြူခြေဆိုင်းသလိုမျိုး တောင်ခိုးဝေနေတာတွေ(Haze)တွေ့ရတတ်တာပဲ။ ကမ္ဘာကြီးကိုရံတားပြီး ဒုက္ခပေးတယ်ဆိုတဲ့ ဂရင်းဟောက်(စ) အကျိုးတွေဖြစ်ဖို့ ကာဗွန်ဒိုင်အောင်ဆိုဒ်တစ်ခုတည်း မျက်နှာလွဲခဲပစ်ပြောနေကြရတာက တခြားတစ်ခုကိုဘာမှမလုပ်နိုင်ကြလိုပါ။ အဲဒါက ရေမှုန်(vapour)တွေပဲ။ နာဆာသုတေသနဌာနက water vapour is the predo-minant Greenhouse gas, and plays a crucial role in the grobal climate system လို့ တင်ပြခဲ့ဖူးတာပဲ။ ရေခိုးရေငွေ့ပျံရာက(Evaporation)ဖြစ်ပေါ်လာတာတွေ။ ဘာမျှမတတ်နိုင်ဘူး။ ဘာမှလုပ်လို့မရဘူး။ သဘာဝတရားရဲ့လုပ်ရပ်ပဲ။ တကယ်တော့ ဂရင်းဟောက်(စ) အကျိုးတရားဆိုတာကလည်း အထိုက်အလျောတော့ရှိရမှာပဲ။ အဲဒီလို ဂရင်းဟောက်(စ) အကျိုးတရားမရှိရင် ကမ္ဘာကြီးဟာ အင်္ဂါဂြိုလ်လို ဖြစ်သွားလိမ့်မယ်။ ဓါတ်ငွေ့အကြောင်း ဆွေးနွေးရင်း လူလုပ်ဓါတ်ငွေ့ဖြစ်တဲ့ စီအက်(ဖ)စီ(Chlorofluro-carbon)အကြောင်း နည်းနည်းတင်ပြဖို့ လိုမယ်။ ဒီစီအက်(ဖ)စီကြောင့် အိုဇုန်းအလွှာပါးသွားတယ် Ozone depletion ဆိုတဲ့အယူအဆ၊ တင်ပြချက်တစ်ခုပေါ်ခုဖူးတာ မှတ်မိကြပါလိမ့်မယ်။ အဲဒီတုန်းကလည်း သိပံပညာရှင် အတော်များများခမျာ ဘာပြောရမှန်းကို မသိဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ စီအက်(ဖ)စီ ဓါတ်ငွေ့ဟာ လေးတယ်။ အထက်က လေထုအလွှာထဲကို တိုးမဝင်နိုင်ဘူး။ ဒီပြင် စီအက်(ဖ)စီဓါတ်ငွေ့ကို ဘက်တီးရီးယားတွေက ဖြိုဖျက်ပစ်လိုက်နိုင်တယ်။(ဖျက်ထုတ်ပစ်လိုက်နိုင်တယ်)။ ဒီတော့အချက်အလက်ကို အပြည့်အစုံ မတင်ပြကြဘဲ လိုသလိုဆွဲယူပြီး(အရပ်စကားနဲ့ ဆိုရရင်တော့ “ဇာချဲ့တယ်လို့ပဲဆိုရလိမ့်မယ်) မျောက်ပြဆန်တောင်း လုပ်တာပဲ။ တစ်ခြားပြသနာတစ်ခုက အိုဇုန်းအလွှာဟာ ၁၉၂၆ ခုလောက်ကတည်းက ပါးလာတာ။ စီအက်(ဖ)စီ တစ်မျိုးလို့ခေါ်ရမည့် Freon က ၁၉၂၈ အထိ မပေါ်သေးဘူး။

အိုဇုန်းအလွှာပါးလာတယ် ဆိုတာကလေးလည်း အထိုက်အလျောက်စဉ်းစားကြည့်ဖို့လိုမယ်။ သဘာဝရဲ့ဖြစ်စဉ်ထဲက ကိစ္စတစ်ခုနဲ့လည်း ဆိုင်နေလို့ပါ။ ကမ္ဘာကြီးရဲ့တောင်ဖက်ခြမ်းနဲ့ မြောက်ဖက်ခြမ်းတောင် သိပ်မတူကြဘူး။ တောင်ဖက်ခြမ်းဆီမှာ ဝင်ရိုးစွန်းက(ရှိရင်းစွဲ)လေအေးတွေဟာ အနွေးပိုင်းကလာတဲ့ လေပူတွေကို အဲဒီဒေသဆီ တိုးဝင်မလာနိုင်အောင် တားထားကြပါတယ်။ ဒီတော့ အအေးဓာတ်ပိုကဲလာပြီး ရေခိုးရေငွေ့နဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေက တိမ်ဆိုင်တိမ်ခဲတွေဖန်တီး။ အဲဒီကနေ နှင်းကျလာတဲ့အခါ နိုက်ထရိုဂျင်ကိုသယ်လာ။ အဲဒီကနေ ကလိုရင်းဓာတ်ငွေ့ ဖွဲ့စည်းဖြစ်ပေါ်လာ။ အဲဒီရပ်ဝန်းဆီ အနွေးဓာတ်ပြန်ရောက်လာတာနဲ့ မိုးသားတိမ်ဆိုင်တွေက အခိုးပျံ။ အဲဒီတော့ ကလိုရင်းက လိုဇုန်းကို ပါးလွှာပစ်လိုက်တာပဲ။ အဲဒီလို ကမ္ဘာကြီးရဲ့တောင်ဖက်ခြမ်းမှာ ဖန်တလဲလဲဖြစ်ပျက်နေတာက ဇွန်လကနေ နိုဝင်ဘာလအထိပဲ။ နောက်ခြောက်လအတွင်းမှာတော့ အိုဇုန်းအလွှာကြီး ပြန်ပြီးပြည့်လာတတ်တယ်။ အဲဒီလို ဖြစ်တာကလည်း ကမ္ဘာကြီးရဲ့တောင်ဖက်ခြမ်းမှာ ပိုဖြစ်တယ်လို့ ဆိုကြတယ်။ မြောက်ဖက်ခြမ်းမှာ ခုလိုပုံစံမျိုးတစ်သားတည်းမဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ သူတို့ဆီက ပတ်ဝန်းကျင်ထိန်းကျောင်းရေးအေဂျင်စီရဲ့ ဇာချဲ့မှုတစ်ခုလို့တောင် ပြောလို့ရနိုင်တယ်။ ဒီလိုပြသနာမျိုးတွေကို အထိန့်တလန့် အဆန်းတကြယ်ဖြစ်အောင်မလုပ်ရင် သင်းတို့မှာ လုပ်စရာမှမရှိပဲကိုး(သင်းတို့ကြောင့်ပဲ သက္ကရာဇ်၂၀၀၀ မတိုင်ခင်ကလည်း Rondon ဓါတ်ငွေ့နဲ့ပတ်သက်လို့ တောပြိုသလို သံစုံထွက်ပြီး ထိတ်လန့်ခဲ့ကြရသေးတယ်။) NCDC (National Climatic Data Center) က သိပံ္ပပညာရှင်တွေရဲ့ အလိုအရတော့ ပြီးခဲ့တဲ့နှစ်တစ်ရာလောက်အတွင်းမှာ ကမ္ဘာကြီးရဲ့ ဥတုရာသီပြောင်းလဲမှုဆိုတာ ပြောပလောက်အောင် ပြောင်းလဲသွားတယ်လို့ မဆိုနိုင်ဘူးတဲ့။ အဲဒီလိုပဲ MITက ပညာရှင်လင်(ဒ)ဇင် Richard S Lindzen ကလည်း(သူပြောတဲ့စကားလုံးအတိုင်းရေးပြပါရစေ) We don’t have any evidence that global warming is aserious problem တဲ့။ ဒီတော့ သိပံပညာရှင်တွေနဲ့ ကမ္ဘာကြီးပူနွေးလာတယ်ဆိုသူတွေအကြားမှာ တစ်သားတည်းကျတဲ့ သဘောတူညီမှုမရှိသေးဘူးလို့ ဆိုရမယ်။ အမေရိကန်နိုင်ငံရဲ့ ရီပတ်ဗလစ်ကင်ပါတီ Republican party ကို အကြံပေး နေရတဲ့ လာန့်(C) Frank Luntz ကလေ့လာပြီး တင်သွင်းတဲ့ အစီရင်ခံစာထဲမှာတော့ သူတို့နိုင်ငံရေးသမားတွေပြောတာကို လူတွေကျလာအောင် ဘယ်လိုပြောရမယ်ဆိုတာ တင်ပြထားဖူးတယ်။ ဆိုလိုတာက သူတို့ အကျိုးစီးပွားအတွက် ပြောနေတာတွေကို လူတွေနားယုံလာအောင် ဘယ်လိုပြောရမယ်ဆိုတဲ့ လမ်းညွှန်မှုတောင်ရှိတယ်။ ဒီတော့ ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတဲ့နေရာမှာ သံယောင်မလိုက်မိကြဖို့တော့ လိုလိမ့်မယ်။

ဒီမှာ ကျွန်တော်တင်ပြချင်တဲ့ အဓိကအချက်ဟာဒါပဲ။

ကျွန်တော်တို့ဆီက ပညာရှင်၊ ပညာရှိ၊(ထည့်ချင်ရင်ကဗျာဆရာတွေတောင် ထည့်လို့ရမယ်။ မဆီမဆိုင် ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ မြန်မာကဗျာကို ရှာကြံဆက်တတ်ကြတာကိုး။) တွေနဲ့ တစ်ပတ်ရစ် ဂျာနယ်လစ်တွေက ထစ်ကနဲဆို အနောက်က တစ်ခုခု အသံထွက်လာရင် အတင်းအဓမ္မ ဦးအောင်ဘာသာပြန် အပင်းသွင်းနေကြတာကို အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးပါတယ်။ ဒီကိစ္စမှာလည်း ဘယ်ရွေ့ဘယ်မျှ ဆီပုလင်းခါးချိတ်ပြီး ရှေ့ နေလိုက်ခဲ့ကြပြီလဲဆိုတာတော့ ကျွန်တော်မသိဘူး။ ရန်ကုန်မှာ အမှတ်မထင် လမ်းကြုံတာနဲ့ ကျောင်းနေဖက်တစ်ယောက် အိမ်ဝင်တွေ့တော့ သူ့သားဘွဲ့လွန်ကျောင်းသားနဲ့လည်းတွေ့ရတယ်။ သူ့အဖေနဲ့က ဒီလောက် စကားမပြောရဘူး။ သူနဲ့ပိုပြောရတယ်။ သူ့စကားထဲမှာတော့ ကမ္ဘာကြီးပိုပူနွေးလာတယ်ဆိုတဲ့ ကိစ္စက အများကြီးပဲ။ သူ့ကြည့်ရတာလည်း အတော့်ကို စိတ်မချမ်းသာပုံရတယ်။ “နည်းနည်းသိတာဟာ အန္တာရာယ်များတယ်” ဆိုတာမျိုးပဲ။ ဒီတော့ ကျွန်တော်လည်း လက်လှမ်းမီလို့ သိရတာလေးတွေ ပြောပြရတယ်။ အထူးသဖြင့် နိုင်ငံရေးအရ တင်ကူးလုပ်ဆောင်ရမယ့် ဗျူဟာ အကြောင်းလည်းတိုးတိုး ပြောပြရတယ်။ ကုလသမဂ္ဂရဲ့အစီရင်ခံစာတစ်ခုက နွားတွေအီးအီးပေါက်တာကထွက်တဲ့ ဓါတ်ငွေ့ Cattle emissions ဟာလူသုံး ပို့ဆောင်ဆက်သွယ်ရေးကိရိယာတွေက ထွက်တဲ့ဓါတ်ငွေ့ထက် များတယ်ဆိုတာလည်း အသိပေးလိုက်ရသေးတယ်။ “ကမ္ဘာကြီးဟာ ပိုပြီးအေးလာလိမ့်မယ်ဆိုတဲ့ လှန့်လုံးရောမင်းကြားဖူးသလား”လို့ မေးကြည့်မိတယ်။ သူမကြားဖူးလောက်ဘူးဆိုတာ ကျွန်တော်ရိပ်မိတယ်။ သူက အသက်သုံးဆယ်မှ မပြည့်တတ်သေးဘဲကိုး။ ကမ္ဘာကြီးဟာ ပိုပြီးအေးလာမယ်ဆိုတဲ့ လှန့်လုံးဟာ ၁၉၇၀ ခုနှစ်ကာလတွေ အတွင်းက ပေါ်ခဲ့ဖူးတယ်။ ခုလိုပဲ လန့်တဲ့သူတွေက အတော်လန့်ခဲ့ကြတာ။ အဲဒီတုန်းကတော့ ရှနိုက်ဒါ Stephen Schneider ဆိုတဲ့ ငနဲက ကမ္ဘာကြီးဟာ လေထုမသန့်ရှင်းမှုတွေမှာ အခြေခံပြီးရေခဲခေတ်လို ပြန်ဖြစ်သွားမယ်လို့ ဆိုဖူးတယ်။ ဟော အခုတော့ အဲဒီရှနိုက်ဒါပဲ ကမ္ဘာကြီးပူနွေးလာမယ်လို့ ကြွေးကြော်တဲ့ ကျွမ်းကျင်သူပညာရှိ(အပ်စပတ်ကြီး)ဖြစ်လာတော့တယ်။ ဟိုစဉ်ကတည်းက ရှနိုက်ဒါက လှန့်ပေးဖို့လိုတယ်ဆိုတာပြောဖူးတယ်။(မူရင်းအတိုင်းရေးပြပါရစေ).....
To capture public imagination, we have to offer up scary scenarios, make simplified dramatic statements and little mention of any doubts one might have. Each of us has to decide the right balance betewwn being effective and being honest.

ရှနိုက်ဒါအနေနဲ့ ဟိုစဉ်က ကမ္ဘာကြီးဟာ ရေခဲခေတ်ပြန်ဖြစ်သွားမယ်လို့ ပြောရတာက ၁၉၄၀ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်အကြားမှာ ကမ္ဘာကြီးက အတော်ကလေးအေးတယ်။ ကမ္ဘာကြီးဟာ ပူလိုက်၊အေးလိုက်ဖြစ်တတ်တာ၊ သူ့သဘာဝပါ။ ကမ္ဘာ့သမိုင်းမှာ အလယ်ခေတ်ကာလအတွင်း ပူနွေးချိန်ရယ်ဆိုပြီး ခေါ်ခဲ့ကြတာ(so-called Medieval Warm period) တောင်ရှိခဲ့သေးတာပဲ။ သက္ကရာဇ် ၁၁၀၀ နဲ့ ၁၄၀၀ အကြားကာလပါ။ သိပံ္ပပညာရှင်တွေအနေနဲ့ ကမ္ဘာကြီးပူနွေးလာရတာနဲ့ ပက်သက်လို့ ယတိပြတ်အကြောင်းမပြနိုင်သေးပေတဲ့၊ သဘာဝတရားအခြေခံနဲ့ ကမ္ဘာကြီးဟာ ပူနွေးခဲ့ဖူးတယ်ဆိုတာကတော့ သမိုင်းမှာရှိခဲ့တာပဲ။ တကယ်လို့သာ ဒီနေ့ကာလမှာ အလှန့်ခံထားရတဲ့အတိုင်း ကမ္ဘာကြီးပိုမိုပူနွေးလာတာဟာ ကမ္ဘာကြီး ပျက်သုန်းသွားလောက်အောင် ဆိုးရွားသွားမယ်ဆိုလို့ကတော့သိပ်မပူပါနဲ့ ၊ ဘယ်သူမှ မတားနိုင်ပါဘူး။ ပူနေလို့ အပိုပဲ။ ဖတ်ချင်ကြရင်ဖြင့် ရှာကြံဖတ်ကြည့်ဖို့ စာအုပ်တစ်အုပ်နာမည် ပေးပါရစေ။ စာအုပ်နာမည်က The Politically Incorrect Guide to Global Warming and Environmentalism ပဲ။ ရေးတာက Christopher C . Horner ဆိုသူပဲ။(Horner ဟာလူသူလေးပါး အလေးထားရတဲ့ ပညာရှင်တစ်ဦးပါ။)

အခုတော့ ကလင်တန်တင် မဟုတ်တော့ဘူး။ သူ့လက်အောက်မှာ လုပ်လာတဲ့ အဲလ်ဂေါ Albert Amold Gore ကပါ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို အခြေခံပြီး ကမ္ဘာကြီးကိုခါးပိုက်ထောင်ထဲထည့်ဖို့ လုပ်လာပြန်တယ်။ ကမ္ဘာအနှံ့ လျှောက်သွား။ တရားဟော၊ အင်တာဗျူးလုပ်(ဒီနေရာမှာ သူ့ ထမင်းသူစားပြီး စေတနာဝန်ထမ်း လုပ်နေတာ မဟုတ်ဘူးဆိုတာလေးတော့ သတိရကြပါ။) မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးတောင် ရိုက်လိုက်သေးတယ်။ ဒါပေမဲ့ အဲလ်ဂေါက သူထင်ရာသူပြောပြီး သူ့အကျိုးစီးပွားလုပ်နေတာပဲ(သူထင်ရာသူပြောနေတဲ့နောက်မှာ ရည်ရွယ်ရင်းတွေ အကျိုးဆက်တွက်ဆထားမှုတွေ စတာတွေအများကြီးပါ)။ ကံအကြောင်းသင့်ရင် ဒီလုပ်ရပ်ကြောင့် သမ္မတောင်တက်ဖြစ်နိုင်သေးတာကိုး။ သူထင်ရာ သူပြောတယ်ဆိုတာကလည်း ဒီလိုပါ။ ဥပမာ အဲလ်ဂေါက လေမုန်တိုင်းတွေ၊ လေနီးကြမ်းတွေ တိုက်တာဟာ ကမ္ဘာကြီးပိုပြီးပူနွေးလာလို့ရယ်လို့ ဇွတ်ပြောတယ်။ ကမ္ဘာကျော်မိုးလေဝသာပညာရှင် ဒေါက်တာ ဝေလျာမ်ဂရေး William Gray ကတော့( သူ့စကားအတိုင်း ဖော်ပြပါရစေ) The degree to which you believe global warming is causing major hurricanes is inversely proportional to your knowledge about these storms လို့ပြောပါတယ်။ ဒီပြင် Discover အမည်ရှိတဲ့မဂ္ဂဇင်းထဲမှာ “ကမ္ဘာကြီးပူနွေးလာတာဟာ လူတွေကြောင့်ပဲ ဆိုတာကတော့ မတော်မတရားချဲ့ထွင်ပြောတာပဲ။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာကို ကျုပ်မငြင်းပါဘူး။ ၁၉၃၀ နဲ့ ၁၉၄၀အကြားမှာ အတော်ပူနွေးခဲ့တာပဲ။ ၁၉၄၀ ခုနှစ် အလယ်ပိုင်းလောက်ကျတော့ ဖြည်းဖြည်းပြန်အေးလာတာ ၁၉၇၀ ခုနှစ်တွေ အထိပဲ။ ကျုပ်နဲ့ အပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်တွေကတော့ ဒီကိစ္စကို သံသယ ဖြစ်မိတယ်။ ကျုပ်တို့ကိုတော့ ဘယ်သူကမှ လာမမေးဘူး”လို့ရေးထားတယ်။ နာဆာက သိပ္ပံပညာရှင် စပင်စာ Roy Spencer ကတော့ အဲလ်ဂေါ ဖြီးလုံးတွေနဲ့ ပတ်သက်လို့ “Questions for All Gore” လို့တောင်ရေးခဲ့ဖူးတယ်။(ဖတ်ချင်ကြရင် အင်တာနက်မှာ ကြည့်ပါ။ http://www.tcsdaily.com/article.aspx?id=052506C)။ လင်(ဒ)ဇင်ကလည်း ခုလို ပြောပြန်တယ်။(သူပြောခဲ့တဲ့စကားတွေအတိုင်းတင်ပြပါရစေ)……

A general characteristic of Mr. Gore’s approach is to assiduously ignore the fact that the earth and its climate are dynamic; they are always changing even without any external forcing. To treat all change as something to fear is bad enough; to do so in order to exploit that fear is much worse.

ဒီတော့ အဲလ်ဂေါဟာ သူ့အထင်နဲ့ လိုရာဆွဲပြောနေတယ်။ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာမျိုးဖြစ်အောင် လုပ်နေတယ်ဆိုတာ ပေါ်လွင်လာတယ်။

တကယ်တော့ သူလုပ်နေတာက သူ့အကျိုးစီးပွားကိုး။ သာမန်လူတွေ(သာမန်လူဆိုတာထဲမှာ ရုပ်ရှင်မင်းသား မင်းသမီးတွေလည်းပါတယ်) ဆီကိုသာ လှည့်ပြီးတောပြောတောင်ပြောပြောနေတာ။ တကယ့်ပညာရှင်တွေနဲ့ ထိပ်တိုက်တွေတော့ ရှောင်တယ်။ ဒိန်းမတ်နိုင်ငံရောက်တော့ အမျိုးသားသတင်းစာ Iylland-Posten နဲ့ အင်တာဗျူးလုပ်ဖို့ သဘောတူတယ်။ အင်တာဗျူးလုပ်မယ့်လူစာရင်းထဲမှာ လော(မ)ဘု Bjorn Lomborg ကိုလည်းတွေ့ရော ချက်ချင်းငြင်းတော့တာပဲ။ လော(မ)ဘုက ကမ္ဘာကျော်ဝေဖန်ရေးပညာရှင်။ တရားသေကြတဲ့ အယူအဆတွေကို ဝေဖန်နေတဲ့ပါမောက္ခတစ်ဦး။ အဲလ်ဂေါက မရင်ဆိုင်ရဲဘူး။ မရင်ဆိုင်ရဲဆို အဲလ်ဂေါက အချက်အလက်အနေနဲ့ ထောက်ပြနေတာတွေက တစ်လွဲချည်းပဲ။ ဥပမာ ကမ္ဘာကြီးပူနွေးလာလို့ ငှက်ဖျားရောဂါတွေ ပိုဖြစ်လာကြမယ်လို့ပြောပြီး နိုင်ယာရိုဘီ Nairobi မှာ ဖြစ်နေတာမျိုးရယ်လို့ ထောက်ပြတယ်။ ဒါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာတင်ပြချက်နဲ့ လုံးလုံးမတူဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီနေ့ကာလ နိုင်ယာရိုဘီမှာ ငှက်ဖျားမရှိတော့ဘူး လို့ဆိုတယ်။ ၁၉၂၀ ခုနှစ်ကာလ၊ ၁၉၃၀ ခုနှစ်ကာလတွေက ရှိခဲ့တာ။ အဲဒီတုန်းက ခုထက် အများကြီးအေးတယ်တဲ့။ ဒီတော့ တကယ့်အချက်အလက်နဲ့ အဲလ်ဂေါပြောနေတာတွေနဲ့ တလွဲစီပဲ။ နောက်ဥပမာ တစ်ခုပြရလျှင် အဲလ်ဂေါရဲ့ ရုပ်ရှင်ကားမှာ တောင်ဝင်ရိုးစွန်းက အင်တာတိတ်ကား Antarctica ကိုပြတယ်။ တစ်ခုလုံးမဟုတ်ဘူး။ ၂ရာခိုင်နှုန်းလောက်ရှိတဲ့ ပူနွေးတဲ့အပိုင်းကိုပြတာ။ ကျန်တဲ့ ၉၈ ရာခိုင်နှုန်းရှိတဲ့ အပိုင်းကို မပြဘူး။ အဲဒီအပိုင်းက လွန်ခဲ့တဲ့ ၃၅ နှစ်တာ ကာလအတွင်းမှာပိုအေးလာတဲ့အပိုင်း။ ကုလသမဂ္ဂရဲ့ လေ့လာသူပညာရှင်များကတော့ အင်တာတိတ်ကာဟာ ဒီရာစုနှစ်ကာလအတွင်းမှာ နှင်းတွေတောင် ပိုလာဦးမယ်လို့ ဆိုကြတယ်။ အဲလ်ဂေါက မြောက်ဖက်ခြမ်းက ပင်လယ်တွေ ဆီမှာရေခဲတွေ လျှော့ပါးသွားတယ်လို့ဆိုပေတဲ့၊ တောင်ဖက်ခြမ်းမှာ ရေခဲတွေ တိုးလာတာကိုဘာမှမပြောဘူး။ သူသာ စိတ်ရင်းကောင်းနဲ့ အမှန်ကိုပြောမယ်ဆိုရင် ဘာကြောင့်အခုလို ချန်လှပ်ထားစရာလိုမှာလဲ။ တတိယ ဥပမာတစ်ခုပေးပါရစေဦး။ အဲလ်ဂေါက ကမ္ဘာကြီးပူနွေးလာလို့ ပင်လယ်ရေမျက်နှာပြင်ဟာ ပေ၂၀ အထိမြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းသတဲ့။ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း IPCCက နောက်နှစ်တစ်ရာအတွင်းမှာ ၁၇(တစ်ဆယ့်ခုနှစ်)လက်မ တက်မယ်လို့ဆိုတယ်။ IPCC ဆိုတာက ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNEP အောက်ကပါ။ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာ။

ကောင်းပြီး။ ကမ္ဘာကြီးပူနွေးလာတယ်။ ဒါမှမဟုတ်ရင်ပိုမိုပူနွေးလာတယ်။ ကြိုက်သလိုပြောနိုင်ပါတယ်။ လက်ခံချင်ရင် လက်ခံနိုင်ပါတယ်။ လက်မခံလည်း အရေးမကြီးဘူး။ ကလင်တန်တို့၊ အဲလ်ဂေါတို့ အလုပ်မရှိ ကြောင်ရေချိုးပေးချင်သူတွေကတော့ စားလို့သောက်လို့ကောင်းနေမှာပဲ။ ကျွန်တော်တို့မှာ ဘာအကျိုးထူးလာသလဲ။ တစ်ပတ်ရစ်ဂျာနယ်လစ်တွေ ကောင်းမှုကြောင့် သူများက “သမိုင်းကြီးပြီးဆုံးသွားပြီ” ဆိုတာနဲ့ ကိုယ်ကလည်း ဘုမသိဘမသိ အူကြောင်ကြောင်နဲ့ “ပြီးဆုံးဖူးပြီ” ပဲ။ ဂေဟယ်ပြောတာ တကယ်မသိဘဲ ဖူကူးယာမရဲ့ ဆိုလိုရင်းမသိဘဲ “ပြီး” ထည့်လိုက်ဖူးတယ်။ သောကတွေ ပွားဖူးတယ်။ ခြေခြေမြစ်မြစ်မရှိဘဲ ငြင်းခုန်ခဲ့ကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုပြန်တော့လည်းမဆီမဆိုင် အညာက ကဗျာဆရာကတောင် မြန်မာကဗျာကို ကလိုဘယ်လိုက်ဇေးရှင်းနဲ့ ပေးစားဖူးတယ်။ ဒေါ်လာစားရတဲ့သူတွေက မစားရဝခမန်းနဲ့ လက်ဆပ်(စ) သံလွင်ပင်ကို မျှော်မှန်းကြည့်ခိုင်းကြတယ်။ “ ကမ္ဘာအပြားကြီး”ဆိုတော့လည်း လိုက်ပြီး ယောင်တောင်တောင်နဲ့ ပြားကြည့်ခဲ့ကြတယ်။ တကယ်တော့ ဖွံ့ဖြိုးစနိုင်ငံတွေ တတိယကမ္ဘာက နိုင်ငံတွေကလူတွေ အဲဒီလိုဖြစ်လာလေလေ သူတို့အတွက် ကောင်းလာလေလေပဲ။ တည့်တည့်ပြောရရင် ဒီလိုမရေရာနဲ့ နားယောင်မှုတွေဟာ ပဋိပက္ခတိုးပွားစရာ လမ်းစတွေချည်းပဲကိုး။ တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေက ဒုံရင်းပဲ။ ခြေအေး ဝမ်းရောင်၊လသာ တုတ်ခြစ် ….ထက်မပိုဘူး။ ကျွန်တော်အမြင်(သက်သက်)ဆိုရရင် ကျွန်တော်တို့တတွေဟာ သံယောင်လိုက်ရင်း သူများအကျိုးစီးပွားအတွက် ဝိုင်းပြီး ညာသံပေးနေမယ့်အစား၊ ကိုယ်လုပ်သင့်တာ၊ ကိုယ်လုပ်နိုင်တာ လုပ်ဖို့ကောင်းတယ်လို့ ထင်မိ မြင်မိတယ်။ အိုဇုန်းအလွှာပါးသွားတာကိုထိုင်ပြီး ပူနေမယ့်အစား၊ ကိုယ်နေတဲ့ လမ်းထဲကလမ်းမှာ ချိုင့်ဖြစ်သွားတာကလေးကို ထပြီးဖို့။ ပညာတွေ သိပ်တတ်နေကြရင် ကလေးတွေ ကိုပညာလက်ဆင့်ကမ်း။ ပိုက်ဆံတွေပိုနေရင် မိဘမဲ့ကလေးတွေ၊ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေး။ အလကား ပညာသင်ပေး။ အရိပ်ရချင်လို့ သစ်ပင်စိုက်ချင်ရင်စိုက်။ ကမ္ဘာကြီးကယ်တင်ဖို့ရယ်၊ ဘာရယ်၊ ညာရယ် ပြောမနေနဲ့။ ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်လာလို့ ပင်လယ်ရေမျက်နှာပြင် တက်လာမှာတွေးကြည့်နေမယ့်အစား တာလမ်းပေါ်က သစ်ပင်အောက်မှာ သောက်ရေအိုးထဲရေနည်းနေရင်ရေသွားဖြည့်။ ဘာမှမလုပ်ချင်ရင်တောင် ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာကို ထိုင်ပြီးပူနေမယ့်အစား သတ္တဝါအများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့သာ မေတ္တာပို့နေ။ ပို့တဲ့ဆီ မေတ္တာရောက်မယ်၊ မရောက်ဖူးတော့ အာမ မခံနိုင်ဘူး။ အကုသိုလ်စိတ်တော့ နည်းမယ် ထင်တယ်။

မြင့်သန်း

ဆွေးနွေးခြင်း၊ ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၁၆)၊ မေလ၊ ၂၀၀၇

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, July 8, 2010

ဝမ်းနည်းမိသည် သခင်.....

အိုလောကသားတို့ .....
သမိုင်းထဲကွယ်ပျောက်ခဲ့သည့် ညီနောင် နှစ်ဦးအကြောင်း ပြောပြပါရစေ...
-သူတို့ ညီနောင်သည် သခင်ဘယ်သွားသွား ဖဝါးနဲ့ ထပ်ကြပ်မကွာ လိုက်ပါခဲ့သည်။
-သူတို့ ညီနောင်သည် သခင်အတွက်အရိပ်ပမာ ကိုယ်ရံတော်ဖြစ်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့် အတူ ဥတုရာသီ ဘယ်လောက်ကြမ်းကြမ်း မငြီးမညူ
ဖြစ်ကျော်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် အားကိုးရာ အဖော်ကောင်းဖြစ်ခဲ့သည်။
-သူတို့ ညီနောင်သည် သခင်နှင့် အတူ သမိုင်းတွင်သည့်တိုက်ပွဲတွေဆင်နွဲခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် အသက်စွန့် ပြီးလုံခြုံမှုပေးခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ လောကဓံရဲ့လှည့်ကွက်ထဲ အကြိမ်ကြိမ်သက်
ဆင်းခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် အကြိမ်ကြိမ်လမ်းပြပေးသူဖြစ်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ လောက ရဲ့ထိုးနှက်မှု့ ကို ခါးစီးခံခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်အတွက် ကြိတ်ပြီး မျက်ရည်ကျခဲ့ဖူးသည်။
အို.....လောကသားတို့ ........
-သူတို့ ညီနောင်သည် သခင်နှင့်အတူ လှပသည့်နန်းတော်ထဲ လျှောက်လည်ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ ခမ်းနားသည့် ညစာ စားပွဲတက်ရောက်ဖူးသည်။
-သူတို့ ညီနောင်သည် သခင်နှင့်အတူ ကမ္ဘာအနှံ့ ခြေဆန့် ခဲ့ဖူးသည်။
-သူတို့ ညီနောင်သည် သခင်ပျော်ရင်ကျေနပ်၏။ သခင်ဝမ်းနည်းလျင်မျက်ရည်စို့ ၏။
သခင်ဒေါသ ထွက်လျင်ဖြေလျော့ပေးချင်၏။ သခင် စိတ်ဓါတ်ကျလျင် အားပေးစကား
ပြောချင်၏။
အို......လောကသားတို့ ........
လောကသည် ပြောင်းလဲခဲ့ပြီလား.......ယခု သူတို့ ၏သခင်သည် သူတို့ ညီနောင်အား
လှပသည့်နန်းတော်ထဲ လည်ပတ်ဖို့ မခေါ်တော့....ခမ်းနားသည့် ညစာ စားပွဲတက်ရောက်
ဖို့ မခေါ်တော့....ပြီ....သခင်သည် သူတို့ ညီနောင်ကို လျစ်လျူရှုထားခဲ့ပြီလား....
သခင်သည် ညီနောင် နှစ်ဦးကို မှောင်မှဲတိတ်ဆိတ်သည့်အခန်းငယ်လေး တစ်ခုအတွင်း
မှာအကျဉ်းချထားခဲ့ပြီလား...ဒါမှမဟုတ် မေ့လျော့နေတာများလား....မေးခွန်းပေါင်းများစွာ
နဲ့ သူတို့ ညီနောင်သည် အရွယ်အိုမင်းခဲ့ပြီ။ အရင်က သန်စွမ်းကြံ့ခိုင်သည့်ခန္ဒာလည်း
ပွန်းပဲ့ ချည့်နှဲ့ ခဲ့ပြီ..သခင်သည်ကား သူရည်မှန်းခဲ့သည့်နေရာတစ်ခုသို့ ရောက်ရှိခဲ့ပြီမဟုတ်
ပါလား......
" ဤညီနောင်ကား ငါတန်ဖိုးထားသည့် အရာများထဲက အဖိုးတန်ဆုံးတည်း....
သူတို့ ညီနောင်သည် ငါ့ဘဝ၏ အဖော်ကောင်းဖြစ်သလို ငါမရှိသည့်နောက်
ငါ့၏ ကိုယ်စား အတွေ့ အကြုံများကို ပြောပြနေမည့် သမိုင်းဝင်သက်သေတည်း....."
ဟူသည့် သခင်ရဲ့ချီးမြောက်စကားကြားချင်ခဲ့ပေမဲ့ သခင်ထားရာနေ သခင်စေရာသွား
သခင်ရဲ့စကား မြေဝယ်မကျနားထောင်ရင်း ပြောချင်သည့်စကား ပြန်မပြောနိုင်သည့်
ဖိနပ်အိုတစ်ရံ ဖြစ်နေခဲ့ပြီမဟုတ်ပါလား...ကွယ်.......
...... အဖေ မစီးတော့သည့် ဖိနပ် တစ်ရံအကြောင်း ခံစားမိ၍
ရေးသားမိပါသည်..


ဆက်ဖတ်မယ်ဆိုရင် ...